Saturday, March 22, 2014

"ကျနော့် နာမည်ပြောင်များ"

"ကျနော့် နာမည်ပြောင်များ"

လူတိုင်းတော့ အမေမွေးတုန်းကပေးထားတဲ့ နာမည်လေးတွေ ကိုယ်စီရှိကြတာပဲ။
မဟာဘုတ်တိုင်တွေဘာတွေ ထောင်တာပေါ့...
'အောင်လံထူ စစ်သူကြီးသား ကြီးပွား" ဘာညာဆိုပြီး အသက် ၁၂၀ ရှည်အောင် နာမည်လေးတွေ ရွေးပေးကြတယ်။
တချို့လည်း အဲဒီနာမည်လေးအတိုင်း ဘဝတစ်သက်လုံး တည်မြဲကြပေမယ့် တချို့ကျတော့ ပတ်ဝန်းကျင်က ချီးမြှင့်တဲ့ နာမည်ပြောင်တွေ ရရှိသွားတတ်ကြတယ်။
အဲဒီထဲက ကျနော်တခုတ်တရ မှတ်မိနေတဲ့ နာမည်ပြောင်လေးတွေကို ပြောပြချင်မိတယ်။

==============
1. အမျိုးတွေခေါ်တဲ့ နာမည်
==============
ကျနော်တို့ငယ်ငယ်က အဖေက အရက်တော်တော်သောက်တယ်။
ညနေတိုင်ဆို 'ပလောင်ထင်း' ပုလင်းထောင် ပြီ။
ဒါကို ဆွေမျိုးတွေက အဖေ့ကိုကွယ်ရာမှာခေါ်တယ်... 'အရက်ပုလင်း' တဲ့။
ကံများမကောင်းပုံက...
ဦးအရက်ပုလင်းက သားဦးလေးမွေးတယ်၊ ကျနော်ပေါ့။
'အဖေက အရက်ပုလင်းဆိုတော့ သားက ဖန်ခွက်'... ဆိုပြီး ကျနော့်ကို တဆွေလုံးတမျိုးလုံးက ခေါ်တယ်... .... "ဖန်ခွက်" တဲ့။
ဘယ်အရပ်ဘယ်ဌာနေမှာဖြစ်ဖြစ် အမျိုးတွေနဲ့ တွေ့လို့ကတော့ ဖန်ခွက် ဖန်ခွက် နဲ့ အခေါ်ခံရတာချည်းပဲ
တခါက အမျိုးတွေရှိတဲ့ မလှိုင်ဘက်ကို သွားလည်တော့ အကိုဝမ်းကွဲတွေနဲ့ ဘီယာဆိုင်ကို သွားကြတယ်။
ထိုင်လို့မှ မကြာသေးဘူး ကျနော့်နောက်ဝိုင်းက လှမ်းအော်တာ ကြားလိုက်ရတယ်... ...
"ဟေ့... ဖန်ခွက်၊ ဖန်ခွက်"... တဲ့။
အင်း... င့ါအမျိုးတွေကတော့ လုပ်ပြီ၊ လူကြားထဲမရှောင် ဘာမရှောင် နာမည်ပြောင်လာခေါ်နေတယ်ဆိုပြီး စိတ်တိုတိုနဲ့ လှည့်ပြီးထူးလိုက်တယ်... ...
"ဘာလဲ... ဗျ"
အဲဒီမှာ တဖက်ဝိုင်းက လူက သူ့ကို ရန်စပါတယ်ဆိုပြီး ထိုးမယ်ကြိတ်မယ်လုပ်လို့ မနည်း တောင်းပန်ခဲ့ရတယ်။
သူက ဘီယာသောက်ဖို့ စားပွဲထိုးဆီမှာ 'ဖန်ခွက်' ထပ်တောင်းတာလေ... 
ကံကောင်းလို့...

==============
2. ဆယ်တန်းတုံးက နာမည်
==============
တခါ...
ကျနော်ကိုးတန်းရောက်တော့ Hydrocele ဖြစ်တယ်။
သိပ်အဆိုးကြီးမဟုတ်တာရယ်၊ ခွဲရစိပ်ရမှာ ကြောက်တာရယ်ကြောင့် ဘာမှ မလုပ်ဖြစ်ဘူး။
အဲ... ဆယ်တန်းရောက်တော့ ချင်းပြည်နယ် ပလက်ဝကို အဖေ့တာဝန်အရ ပြောင်းခဲ့ရတယ်။
ကုလားတန်မြစ်ဘေးက မြို့ငယ်လေးဆိုတော့ ရေချိုးရင် မြစ်ထဲဆင်းချိုးရတာလေ။
အဲဒီမှာ ယောက်ျားလေးဘာသာဘာဝ သူငယ်ချင်းတွေနဲ့ လူလစ်တဲ့နေရာ မြစ်ထဲ ရေးဆင်းချိုးကြတာဗျာ....
အဲဒီနောက်တော့ ရေအတူတူချိုးတဲ့ ရခိုင်သူငယ်ချင်းတွေက ကျနော့်ကိုခေါ်တယ် ... 'လထုပ်ကီး' တဲ့။
ခုထိ ဘာပြောမှန်း မသိပါဘူး... ဂယ်ဘဲဗျ။

==================
3. သူငယ်ချင်းလေးခေါ်တဲ့ နာမည်
==================
GTI ကနေ YIT ပေါင်းကူးရလို့ သွားတက်တော့ ကြားထဲမှ Gap က ၈ နှစ်ကြာတယ်။
ဆိုတော့... YIT လည်းရောက်ရော တချို့ဆရာတွေက ကိုယ့်ထက် အသက်ငယ်တယ်။
ကျောင်းသားငယ်ငယ်လေးတွေကြားထဲ လူက အသက်ကြီးကြီး ထိုးထိုးထောင်ထောင်နဲ့ အဆင်ပြေလှတာ မဟုတ်ဘူး။
ကိုယ့်အတန်းထဲက သူငယ်ချင်း မိမော်က ကျောင်းသားရေးရာမှာ ဘာကိစ္စလည်းမသိဘူး သွားရှင်းစရာရှိလို့ ဆိုပြီး ကျနော့်ကို အဖော်ခေါ်တယ်။
အတန်းလည်း အားနေတာနဲ့ လိုက်သွားပေးလိုက်ပါတယ်။
ခက်တာက ကျောင်းသားရေးရာက စာရေးမကြီးလေ
ကျောင်းသူနဲ့ အတူပါလာတဲ့ ကျနော့်ကို မော့ကြည့်ပြီး မိမော်ကို ပြောတယ်... ...
"ဒီကိစ္စက မိဘခေါ်လာစရာ မလိုပါဘူး သမီးရဲ့"... တဲ့။
ငါနော်.... ကတောက်စ်
အဲဒီက နောက်တော့ မိမော်က ကျနော့်ကို ခေါ်တယ်.... "ဖေဂျီး" လို့။
ဟွင်း... ဒီက ဖေဂျီးတော်ချင်တာ မဟုတ်ပါဘူးဆိုမှ ဆိုမှ... 

==============
4. ဆရာမက ခေါ်တဲ့နာမည်
==============
အဲဒီ YIT မှာပါပဲ
တရက်က ကျနော်ကျောင်းနောက်ကျတယ်။ ဆရာမက စာသင်နေပြီ။
ခက်တာက အတန်းထဲဝင်တဲ့ အပေါက်က စာသင်ခန်းရှေ့မှာ။
ဆရာမက ဘလက်ဘုတ်မှာ စာရေးလိုက်၊ အတန်းဘက်လှည့်ပြီး ရှင်းပြလိုက်နဲ့ လုပ်နေတာ။
ကျနော်က ဆရာမ နောက်ကြောပေးပြီး စာရေးတဲ့ အချိန်မှာ အပေါက်ကနေ အလစ်ခြောင်းပြီး ဝင်ဖို့လုပ်တယ်။
ဆရာမကလှည့်လာတော့ မဝင်သေးဘဲ ကွယ်နေလိုက်တယ်။
ဝင်မလို့ ပြင်လိုက် ဆရာမကလှည့်လာလိုက် ပြန်ကွယ်လိုက်နဲ့ လုပ်နေတာ တခန်းလုံးက မြင်နေရတာ
ကြာတော့ ကျနော့်အဖြစ်ကို မြင်တဲ့ အတန်းဖော်တွေက ခိုးခိုးခစ်ခစ်ရယ်နေကြပြီ။
ရီသံတွေကြားတော့ ဆရာမက အတန်းကို လှည့်ကြည့်တယ်။
ပြီးတော့ သူ့ဟာသူမလုံဘူး ဖြစ်လာတယ် သူ့များရီနေတာလားပေါ့
အင်္ကျီတွေဆွဲချ၊ သူ့ကိုယ်သူ ငုံ့ကြည့်၊ နဲ့ ဘာဖြစ်လို့ ဖြစ်မှန်းမသိ ဇဝေဇဝါနဲ့...
"မင်းတို့ ဘာရီနေကြတာလဲ"
"ခစ်.. ခစ် ခိ"
"ဟဲ့... မေးနေတယ်လေ... ဘာရီတာလဲ ပြောစမ်း"

... ဆိုတော့ ပြောတော့ ပြောတယ်.... "အတန်းပေါက်မှာ ဧည့်သည်ကြီး တစ်ယောက် ရောက်နေတယ် ဆရာမ"... တဲ့။

ဒါနဲ့ ဆရာမက အတန်းပြင်ထွက်လာပြီး ကျနော့်ကိုတွေ့တော့ မေးတယ်... ...
"ဦးလေး... ဘာကိစ္စလဲရှင့်၊ ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲ"
"ဂျာ... ချရာမ၊ အနော်က ဒီအတန်းက ကျောင်းသားပါခည"
"ရွှမ်.... ဦးလေးက  အဲ ရှင်က ရှင်က အဲလေ... မင်းက ... အင်း ဒါလဲ မဟုတ်သေးပါဘူး၊ ဘယ်လိုများ ခေါ်ရပ့ါ"
အဲဒီမှာ ကျောင်းသားတွေက ဝိုင်းအော်တယ်... ...
"ဧည့်သည်ကြီး... လို့ ခေါ်ပါ ဆရာမ".... တဲ့။
YIT ကျောင်းသားဘဝက ကျနော့်နာမည် 'ဧည့်သည်ကြီး' ... ပါ။

နာမည်ပြောင်တွေအကြောင်း ဆက်ရေးပါအုံးမယ်။

သန်၎ကို-ပေါက်ကရရေးသည်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...