Tuesday, March 25, 2014

မတူညီတဲ့ဓလေ့တွေထဲက ဘဝနိဂုံးများ

မမေ့နိုင်စရာ အငှားကားစီးခရီးတခု- ကင့်နာဘန်း

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က ကျနော်အငှားကာမောင်းပြီးအသက်မွေးခဲ့ရတယ်။ တခါမှာတော့ ( ကြိုတင်ဆက်သွယ်မှာကြားချက်အရ ) ညလယ်သန်းခေါင်လောက်မှာ အောက်ထပ်မှာမီးလေးတပွင့်သာဖွင့်ထားပြီး မဲမှောင်တိတ်ဆိတ်နေတဲ့ အဆောက်အဦးတခုကို ခရီးသည်ကြိုဖို့ရောက်ခဲ့ရတယ်။
ဒီလိုအခြေနေမျိုးမှာ တော်ယုံအငှားကားသမားဆို ဟွန်းလေးတချက်တီး အချက်ပေး တမိနစ်လောက်စောင့်ပြီးထွက်သွားလိုက်မှာပါ။ ကျနော်ကတော့ ခုလိုအချိန်မျိုးမှာ အငှားကားကလွဲလို့ အားကိုးစရာမရှိတဲ့ သာမန်ဆင်းရဲသားတွေရဲ့အခြေနေကိုလဲ သိထားတာကြောင့် အန္တရာယ် အငွေ့ အသက်သာမရှိရင် မှာထားတဲ့အိမ်ခန်းတံခါးဝထိသွားလေ့ရှိတဲ့အတိုင်း တံခါးကိုခေါက်လိုက်ပါတယ်။



“တမိနစ်လောက်” ဆိုတဲ့သက်ကြီးတယောက်ရဲ့တိုးညှင်းဖျော့တော့တဲ့အသံတသံပေါ်လာတယ်။
တခုခုကို ကြမ်းပြင်ပေါ်ဒရွတ်တိုက်ဆွဲလာတဲ့အသံပေါ်လာပြီး တအောင့်လောက်နေတော့ တံခါးပွင့်လာပြီး အသက်ရှစ်ဆယ်ကျော်လောက်ရှိမဲ့ ကြုံလှီပါးလျလျအမျိုးသမီးကြီးတယောက် ကျနော့ရှေ့မှာပေါ်လာတယ်။ ဆေးဆိုးပန်းရိုက်ထည်အဝတ်အစားနဲ့ ဇာဖုံးလေးကိုပင်အပ်နဲ့ထိုးတပ်ထားတဲ့ဦးထုပ်ကလေးဆောင်းထားပုံဟာ ၁၉၄၀ကျော်ကာလ ရုပ်ရှင်တွေထဲကခုန်ထွက်လာသလိုပါဘဲ။ သူ့နံဘေးမှာတော့ နိုင်လွန်နဲ့လုပ်ထားတဲ့လက်ဆွဲသေတ္တာလေးတလုံး။

လှမ်းမြင်လိုက်ရတဲ့ အခန်းရဲ့အသွင်အပြင်က နှစ်ပေါင်းများစွာလူမနေပဲ ပစ်ထားတဲ့ပုံစံ၊ ပရိဘောဂတွေက အညစ်အကြေးဖုံတွေတက်နေပြီး နံရံမှာလည်းနာရီချိတ်မထား၊ ကောင်တာခုံပေါ်မှာလဲ ဘာအသုံးအဆောင်မှရှိမနေ။ ထောင့်တနေရာမှာတော့ ဓါတ်ပုံတွေနဲ့ဖန်ထည်ပစ္စည်းတွေထဲ့ထားတဲ့ ကတ္ထူသေတ္တာတခုလှဲလှောင်းလျက်။

အဖွားအိုကမေးလာတယ် “မင်းငါ့သေတ္တာကိုသယ်ပေးနိုင်မလား” ကျနော်သေတ္တာကိုသယ် ကားထဲထဲ့ပြီး ချက်ချင်းပြန်လှည့်လာပြီး သူကိုတွဲကူခေါ်လိုက်တယ်။ အဖွားအို အမျိုးသမီးကြီးကတော့ ကျနော့ကို ကျေးဇူးတင်ကြောင်းအထပ်ထပ်ပြောနေရှာတယ်။

ကျနော်က “ကိစ္စမရှိပါဘူး၊ ကျနော့ခရီးသည်တွေကို ကျနော့အမေလိုဆက်ဆံနေကျပါ”
“ မင်းဟာတကယ့်လူကောင်းတယောက်ပေဘဲ” လို့ပြောရင်းကားထဲဝင်ထိုင်ပြီးတာနဲ့ သွားရမဲ့နေရာလိပ်စာပေလာတယ်။ ပြီးတော့ “မြို့လယ်လမ်းမကနေမောင်ပေးနိုင်မလား” လို့ဆိုလာတော့ “ အဲဒါဆိုလမ်းကမနီးတော့ဘူး” ကျနော်ချက်ချင်းပြန်ပြောမိတယ်။
ဒီတော့ “ကိစ္စမရှိပါဘူး၊ ငါအလျင်မလိုပါဘူး” တဆက်တည်း “ ငါအခုလူအိုနလန်ထရုံ ဟော့စပီးကိုသွားနေတာ” ( hospice- လူအိုနလန်ထရုံဆိုပေမယ့် လက်တွေ့ကတော့ လူအိုလူနာသေအံ့ဆဲသူများအတွက်နောက်ဆုံးနားနေရန် ပြုစုစောင့်ရှောက်ရာဌာန၊ အိမ်။ များသောအားဖြင့် လူမှုရေးနဲ့ ဘာသာရေးအသင်းအဖွဲ့တွေကစီမံတတ်တယ်)

နောက်ကြည့်မှန်ကတဆင့်တချက်လှမ်းကြည့်မိတော့ အဖွားမျက်ဝန်းဟာ မျက်ရေခိုးတွေနဲ့လက်နေတယ်။
“ ငါ့မှာဆွေမျိုးသားချင်းတယောက်မှမကျန်တော့ဘူး” ဆက်ပြီး “ဆရာဝန်ကပြောတယ်ငါလည်း သိပ်ကြာကြာမနေရတော့ဘူး” တဲ့။
ကျနော်တိုးတိုးတိတ်တိတ်နဲ့ အငှားမီတာကိုပိတ်လိုက်ပြီး “ ဘယ်လမ်းကမောင်းရမလဲ” လို့မေးလိုက်တယ်။

နောက်နှစ်နာရီလောက်ကြာအောင်မြို့ထဲပတ်မောင်းကြတယ်။ လမ်းမှာ အဖွားက သူဓါတ်လှေခါးမောင်းသမလုပ်ခဲ့တဲ့ အဆောက်အအုံကိုပြတယ်၊ သူနဲ့သူခင်ပွန်းသည်တို့လက်ထပ်ပြီး စ နေခဲ့ကြတဲ့ လူနေရပ်ကွက်ထဲမောင်းဝင်ကြည့်တယ်။ ပြီးတော့အဖွားပျိုရွယ်စဉ်က ကခဲ့တဲ့ တချိန်က ကပွဲရုံခုတော့ ပရိဘောဂအလုပ်ရုံဖြစ်နေတဲ့ အဆောက်အအုံရှေ့မှာခဏရပ်ကြည့်ကြတယ်။

တချို့နေရာတွေ ထောင့်ချိုးတွေရောက်ရင် အရှိန်လျော့ခိုင်းလိုက် စကားမပြောပဲ အမှောင်ထဲကိုရီဝေငေးမောနေလိုက်။
မိုးကုပ်စက်ဝိုင်းမှာ နေရာင်ခြည်တွေစတင်ရစ်သန်းလာချိန်မှာတော့ “ ငါပမ်းသွားပြီ၊ သွားကြစို့” လို့ရုတ်တရက်ပဲဆိုလာတယ်။
သူပေးတဲ့လိပ်စာအတိုင်းတိတ်ဆိတ်စွာမောင်းလာခဲ့တယ်။

လူအိုနလန်ထရုံလေးက ခေါင်မိုးနိမ့်နိမ့်အိမ်လေး၊ ပေါ်တီကိုအောက်ကဖြတ်ဝင်သွားတဲ့လမ်းလေးအတိုင်းမောင်းဝင်ပြီး ရပ်လိုက်တာနဲ့ အလုပ်ကိုသပ်ယပ်သေချာပုံရတဲ့အလုပ်သမားနှစ်ယောက်ထွက်လာတယ်။ အဖွားအိုရောက်လာမှာကိုအသေအချာသိပြီးစောင့်နေဟန်ရှိတဲ့သူတို့ဟာ အဖွားအိုရဲ့ လှုပ်ရှားမှုတိုင်းကိုဂရုတစိုက်လိုက်ကြည့်နေတယ်။ ကျနော်နောက်ဖုံးကိုဖွင့်ပြီး လက်ဆွဲသေတ္တာကို တံခါးဝမှာထားပြီးချိန်မှာတော့ အဖွားက လက်တွန်းလှည်းပေါ်ရောက်နေပြီ။

သူ့ရဲ့ပိုက်ဆံအိတ်ကိုနှိုက်ရင်း “ ငါမင်းကိုဘယ်လောက်ပေးရမလဲ”
ကျနော်” ဘယ်လောက်မှပေးစရာမလိုပါဘူး” အဖွားက “မဟုတ်ဖူးလေ၊ မင်းရဲ့ဝမ်းရေးအလုပ်လေ”
“ကျနော့မှာတခြားခရီးသည်တွေရှိပါတယ်” လို့ပြန်ပြောပြီး ဘာမှကြိုတင်မစဉ်းစား ရည်ရွယ်မထားပဲ ကျနော်ခါးညွတ်ကုန်းပြီးအဖွားကိုဖက်လိုက်တယ်၊ အဖွားကပြန်ပြီးတင်းတင်းဖက်လာတယ်
“ မင်းက အဖွားအိုတယောက်ကို တဒင်္ဂ ပီတိသုခလေးပေလိုက်တာပဲ၊ ကျေးဇူးပါကွယ်”
ကျနော်သူလက်ကိုတချက်ဖျစ်ပြီး ဝိုးတဝါးမနက်အလင်းရောင်ထဲလျောက်ပြန်ခဲ့တယ်။
ကျနော့ကျောဖက်မှာ တခါးတချပ်ပိတ်သွားတဲ့အသံထွက်လာတယ်၊ ဒါဟာဘဝတခုရဲ့ နိဂုံးအဆုံးသတ်တဲ့အသံ။

အဲဒီတခေါက်မှာကျနော်ဘယ်ခရီးသည်မှမတင်တော့ဘူး၊ အတွေးနယ်မှာနစ်မျောပြီး ကားကိုဦးတည်ရာမရှိမောင်းနေမိတယ်။ တနေကုန်စကားလည်း ဟဟ မပြောနိုင်။ အကယ်၍ဒီအဖွားအိုဟာ စိတ်တိုတတ်တဲ့ ကားသမား၊ ကိုယ်အလုပ်ချိန်ပြီးဖို့ပဲစိတ်စောပြီး သည်းမခံနိုင်တဲ့ကားသမားမျိုးနဲ့ကြုံကြိုက်ခဲ့ရရင်၊ ကျနော်သာသူပြောသလို ပတ်မောင်းမပေးခဲ့ရင်၊ ဟွန်းလေးတချက်တီးပြီး မတင်ပဲမောင်းပြေးသွားခဲ့ရင် ဘဝရဲ့နောက်ဆုံးအချိန်ကိုဖြတ်သန်းနေတဲ့ အဖွားခမျာဘယ်လိုဖြစ်လေမလဲလို့သာ စဉ်းစားနေမိတယ်။

ကျနော်ပြုခဲ့တာက ကျနော့ဘဝအတွက်ဘာမှသိပ်ကြီးကြီးကျယ်ကျယ်မဟုတ်ပါ၊ ဒါပေမယ့်ကျနော်တို့ဘဝတွေဟာ ကြီးကျယ်ခန်းနားတဲ့ဖြစ်စဉ်တွေထဲမှာကျင်လည်နေရတယ်။ ဒါပေမယ့် ကျနော်တို့ဟာ လူတကာကအသေးအဖွဲတွေပါလို့ ထင်မြင်သတ်မှတ်ထားတဲ့အရာတွေထဲမှာ သေသပ် လှပစွာသိမ်းထုပ်ဖုံးကွယ်ထားတဲ့ ကြီးမြတ်ခန်းနားတဲ့အရာတွေကို ဖမ်းဆုပ်နိုင်ခဲလှတယ်လို့ ဆင်ခြင်နေ မိတော့တယ်။

-AMEP သြစတြေးလျ သက်ကြီးအင်္ဂလိပ်စာကျောင်းသင်ခန်းစာမှ Kent Nerburn ရဲ့ The Cab Ride I’ll Never Forget ကိုပြန်ဆိုသည်။

ရဲဘော်ကျော်သန်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...