Sunday, March 30, 2014

“ခါနွေဆန်း”

Soe Min March 30, 2014 at 10:42am
            တစ်ခါတစ်ခါတော့လည်း ချဉ်စပ်ခေါက်ဆွဲကြော်ငြာထဲက ဖွေးဖွေးမောင်လေးလို “ပူတယ် အိုက်တယ်။ ပူတယ် အိုက်တယ်။ ပူတယ် အိုက်တယ်။” လို့အော်ပြီး စွေ့စွေ့ခုန် ပတ်ပြေးနေရမလား မသိပါဘူး။ ရန်ကုန်က တော်တော်အိုက်တာပဲ။ ဒါတောင် တပေါင်းကူးလို့ တန်ခူးကျွံရုံရှိသေးတာ။ တန်ခူးကုန်လို့ ကဆုန်ဆန်းတဲ့အခါ ဘယ်လိုနေမယ် မသိဘူး။ မှတ်သားမိသလောက် ရန်ကုန်ရဲ့ အပူဆုံးကာလတွေက ကဆုန်ညောင်ရေသွန်းချိန်နားလောက်မှာ ရှိတယ်။ ဥတုကပဲ အပူကဲလာလို့လား ကိုယ်ကပဲ တောင်ကြိုတောင်ကြား အနေများခဲ့လို့ အအေးကြိုက်သွားတာလား မပြောတတ်ပါဘူး။ ရာသီပူလာရင် ထမင်းမစားနိုင်တော့ဘူး။ ရေတွေချည့် လှိမ့်သောက်ပြီး ဗိုက်ကြီးကယ်နေရော။ ခါတိုင်း ထမင်းစားပြီး ရေတစ်ခွက်နဲ့ တင်းတိမ်တတ်သူကထမင်းမစားခင်ကတည်းက ရေတစွပ်စွပ်သောက် တာ ရေသန့် တစ်ဗူးနဲ့မလောက်တော့ဘူး။
မနက်တစ်ခါ ညတစ်ခါ ရေချိုးပေမယ့်လည်း နေ့လည်နေ့ခင်းမှာ ရေချည့်ပဲ ချိုးချင်နေတယ်။ မီတာခ အကုန်ဆုံးလ၊ ဓါတ်ဆီဖိုးအကုန်ဆုံးလတွေပေါ့။ အဲယားကွန်းဖွင့်တာကိုး။ မီးမလာပဲ နွေခါရေရှားတဲ့အရပ်တွေမှာဆို ဘယ်လိုများလုပ်ရပါ့ လို့ တွေးမိရင်း “အမယ် အဲ့လို အရပ်မျိုး နေခဲ့ဖူးပါသော်ကော” လို့ သတိရသွားပါတယ်။ “အမ်း”မှာလေ။ “အမ်း”မှာပေါ့။ မီးကလည်း တစ်ညနှစ်နာရီပဲလာတာ။ နွေဘက်ဆိုရင်လည်း အင်မတန် ရေရှားတဲ့ မြို့ကလေး။

            အမ်းမှာနေတုန်းက ခုလို အပူတပြင်း ညည်းညည်းညူညူ မရှိခဲ့ဘူး။ ပူတာတော့ ပူတာပေါ့။ ဒါပေသိ အရိပ်ထဲတော့ အေးတယ်။ လေလေးတဖြူးဖြူးနဲ့။ နေပူထဲသွားရင်သာ ဂေါက်ထီးအကြီးကြီးတစ်လက်နဲ့ သွားတာ။ နေ့ခင်းထမင်းဆိုင်သွားတာပဲ ရှိပါတယ်။ တော်ရုံကိစ္စမှန်သမျှ နေအေးတော့မှ အပြင်ထွက်တယ်။ ဆေးရုံက အလုပ်သမားလေးတွေကို ဆိုင်ကယ်သော့ပေးပြီး ထမင်းချိုင့်ယူခိုင်းလို့လည်း ရတာပဲ။ သည်လိုပဲ ကိုယ့်ဘာသာကိုယ် အေးရာအေးကြောင်း ကြံဖန်နေရတာပေါ့။ သည်ချိန်ဆို အမ်းမှာ ကလေးတွေစာမေးပွဲပြီးပြီမို့ အလှူလေးအတန်းလေးတွေ စပြီ။ အကျွေးအမွေးတွေစားသောက်ပြီး မမေ့မလျော့ ကမ်းတာလေးယူဖြစ်တာကတော့ ယပ်တောင်ရောင်စုံကလေးတွေပေါ့။ အိမ်ရှေ့ အိမ်နောက်၊ အိမ်အောက် ဆေးရုံ၊ ရောက်လေရာအရပ် လက်တကမ်းအမီမှာ ယပ်တောင်ကလေးတွေ ရှိတယ်။ လူနာကြည့်လည်း တရုတ်သိုင်းကားထဲက မင်းသားများလို “မြင်နိုင်ပါတယ်ဗျာ ယပ်တောင်လေးခပ်လို့”  မေးမြန်းစမ်းသပ်တယ်။

            နေ့လည်လူနာပါးတဲ့အချိန်ကျတော့ အိုဂျီဝဒ်ကို သွားလည်တယ်လေ။ သူငယ်ချင်းဆရာဝန်ကြီးက (သူတို့ခေါ်ကြတာ အိုဂျီမကြီးတဲ့) အိမ်ကစားနပ်ရိက္ခာ အပြည့်အစုံနဲ့ တက်လာတာဆိုတော့ လူလည်းတတ်တယ်။ လ္ဘက်သုပ်ရော၊ ဂျင်းသုပ်ရော၊ ကော်ဖီပါမကျန် တတ်တယ်။ အကောင်းဆုံးကတော့ သူ့အဆောင် ဆရာဝန်ဆရာမထိုင်တဲ့အခန်းလေးက လေသာပြူတင်းလေးနဲ့တည့်ပြီး ယပ်တောင်လွတ် လေညှင်းခံလို့ရတယ်။ လေပြေလေညှင်းကလေးရဲ့ အရသာဆိုတာ ရန်ကုန်မှာ မရှိဘူး။ အမ်းမှာပဲ ရှိတယ်။ တအောင့်နေတော့ ဆေးရုံပေါ် လာနေကျ မုန့်သည်အဖွားကြီးကိုမျှော်ကြတယ်။ ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး။ ဖရဲသီးစိတ်လောက် ဖြစ်ရင်ဖြစ်၊ ပြောင်းဖူးပြုတ်၊ မြေပဲပြုတ်လောက်ဖြစ်ရင်ဖြစ်မှာ။ ဘာစားရရင် ကောင်းမလဲ မစဉ်းစားနဲ့။ တစ်မျိုးပဲ ပါမယ်။ သူလည်း အသက်ကြီးပြီ။ အဆင်ပြေရာတစ်မျိုးကို တစ်နိုင်ပဲ သယ်ရောင်းတာ။ နေပူထဲလှည့် မရောင်းနိုင်ဘူး။ ဆေးရုံတစ်ပတ်ပတ်၊ ကုန်ရင်ပြန်ရော။ တခါတလေတော့ ထန်းညက်ရည်ကျဲကျဲလေးနဲ့ ရခိုင်မုန့်လုပ်ဆောင်းသည် လာတတ်တယ်။

             ညနေနေအေးတော့ အမ်းချောင်းထဲဆင်း ရေချိုးကြတာပေါ့။ အိမ်ကရေက သုံးဖို့ထားရသေးတာ မဟုတ်လား။ အဲသည်အချိန်တော့ အမ်းချောင်းဟာ ရွှေစက်တော်က မန်းချောင်းလောက်နီးနီး စည်တယ်။ ရေချိုး အ၀တ်လျှော် ဆိုင်ကယ်ဆေး အလုပ်သုံးခု တပြိုင်နက်ပြီးတာကိုး။ ကောင်းတာက ညနေ နေ၀င်သွားရင် နေ့ခင်းက အပူတွေ မကျန်ခဲ့ဘူး။ သူခိုးသူဝှက် မကြောက်လို့ အမြဲတိုးလျှိုဖွင့်ထားတဲ့ ပြူတင်းပေါက်ကလေးတွေက လေတဖြူးဖြူးတိုက်တယ်။ မီးတွေမှိတ်သွားလို့ လရောင်ကလေးပဲ ရှိတဲ့အချိန်ဆို ပိုအေးတယ်။ မျက်စိမစူးဘူး။ လေငြိမ်လို့ အိုက်နေလည်း ညကြီးသန်းခေါင် ရေချိုးခန်းထဲဝင်ပြီး တ၀ုန်းဝုန်း လောင်းချိုးပလိုက်တာပေါ့။ အရိပ်ထဲမှာ အုတ်ကန်ကလေးနဲ့ လှောင်ထားတဲ့ရေမို့ အေးနေတာပဲ။ ဒါကြောင့်မို့ နွေခေါင်ခေါင်ကြီး အမ်းမှာ “အမေ ပူလားအမေ။” လို့ လာမမေးပါနဲ့။ “သားရေ။ ပူဘူးတော့။” လို့ပဲ ဖြေကြလိမ့်မယ်။

             နေ၀င်ချိန် တိမ်တောက်တဲ့အခါ ရွာလမ်းနံဘေးမှာ ဆိုတဲ့ကာလရောက်ရင်တော့ အိမ်ထဲကနေ အိမ်ပြင်ကိုထွက်ပြီး ခဏစတေးရှောင်ရတယ်။ အဲဒီအချိန်က ခြင်ကိုက်တဲ့အချိန်၊ အိမ်အပြင်မှာတော့ မကိုက်ဘူး။ ဆရာဝန်တိုက်တန်းလျားရှေ့မှာ လေညှင်းခံလမ်းသလားကြ၊ ဟိုအိမ်ကကလေး သည်အိမ်ကကလေး ချော့လိုက်စလိုက် ချီလိုက်ပိုးလိုက်နဲ့ မီးလာတော့ အိမ်ထဲဝင်ကြတာပေါ့။ ဂျီပီရှိတဲ့ဆရာတွေကတော့ လူနာလာရင် ၀င်လိုက်ထွက်လိုက်လုပ်ကြရတယ်။ သူ့လူနာကိုယ့်လူနာ စားစရာသောက်စရာတွေ လာပေးထားထားရင် တစ်ယောက်တည်းစားလို့လည်း ကုန်တာ မဟုတ်တော့ သည်လိုပဲ တစ်အိမ့်တစ်အိမ် ဝေကာမျှကာ စားကြတယ်။ ဘေးအိမ်က ဆရာမေ့ကတော်ရယ်၊ အစွန်ဆုံးအိမ်က ဆရာကြီးကတော်ရယ်က အိမ်မှာ ကိုယ်တိုင်ချက်ပြုတ် စားသောက်တဲ့သူတွေဆိုတော့ အဲဒီချိန်ဆို ဟင်းခွက်လာလာကမ်းကြတယ်။ သည်က ကိုရင်လေးကလည်း အိမ်ရှေ့ထွက်ပြီး လူမြင်အောင် ညိုမြလုပ်ရတာပေါ့လေ။

            အမ်းစာတွေ မစားရတာ ကြာတော့ ဟိုတလောဆီက မင်းလမ်းမုန့်တီဆိုင် တစ်ယောက်တည်း သွားထိုင်စားပလိုက်တယ်။ ရန်ကုန်ဆိုတာ မရတာ ဘာမှ မရှိဘူးလေ။ ဈေးကတော့ မေးပါနဲ့အေ။ ကမာတစ်ပွဲကို လေးထောင့်ငါးရာတဲ့။ ပုဇွန်ကင်သုံးချောင်းက ခြောက်ထောင်တဲ့။ အဲ့ဒါတွေ အမ်းမှာ အလကားစားခဲ့ရလို့လား မသိဘူး။ အရသာပိုရှိတယ်။ ဒီမှာ ငရွှေ လို့ခေါ်တဲ့ဟာကို သူတို့ဆီမှာ သင်ပေါင်းထိုးတဲ့။ အပြားလိုက်ကလေး ကျပ်တင်ထားတာ။ ကိုယ်က မချက်တတ်တော့ အိမ်ရှေ့ လက်ဘက်ရည်ဆိုင်အပ်လိုက်ရင် သူတို့က ကင်ပွန်းချဉ်ရွက်ကလေးနဲ့ အာပူချက် စပ်စပ်ကလေးချက်တဲ့အခါချက်၊ ငရုပ်သီးကြက်သွန် ဆီချက်ကလေးနဲ့ ခြောက်ခြောက်စပ်စပ်ကလေး ကြော်ပေးတဲ့အခါ ကြော်ပေးတယ်။ ဆေးရုံကို အပ်လိုက်ရင် ရခိုင်မုန့်တီတစ်အိုး ထွက်လာလိမ့်မယ်။ တောဝက်သားဆိုရင် ဆင်ခရမ်းချဉ်သီးကလေးနဲ့ မချိုမချဉ်ချက်တယ်။ ဆတ်သားကတော့ အခြောက်တွေကို သည်ဘက်ပို့တော့ ဟိုမှာ အစိုပဲ အစားရများတယ်။ “ဆရာ ဒူလာရှိသလား။” လို့ မေးရင် အဲ့ဒါ ချေသား (ဂျီသား) ပေးမလို့။ တစ်နေလောက်ပြပြီး ကြော်စားရင် တအားမွှေးတာပဲ။

           ခုရာသီကတော့ ပဲဟင်းချက်တဲ့ရာသီဗျ။ “မောင်မခေါ်ပဲ” တဲ့။ ပဲကြီးလောက် မကြီးဘူး။ ပဲကြီးထက်ဆိမ့်တယ်။ ဆူးပုပ်ကလေးတွေလည်း ပေါ်ပြီ။ ပဲနဲ့နှပ်လိုက်၊ ဘဲဥနဲ့ကြော်လိုက်။ သင်္ဘောသီးသုပ်၊ သခွားသီးသုပ်လေးတွေလည်း လုပ်စားကြတယ်။ သူတို့က ငပိနည်းနည်းထည့်သုပ်တယ်။ သည်ချိန်မှာ လူကြိုက်အများဆုံး အမ်းစာကတော့ ကြက်သောက်ဆမ်းနဲ့ ကျည်ထောက်ထိုးပဲ။ ကြက်တစ်ကောင်ဝယ် အသားနဲ့ အသည်းအမြစ်တွေကို ဘူးသီးနဲ့ ကာသလားချက်ချက်သလို အရည်သောက်ချက်တယ်။ ဒါပေမယ့် အာပူရွက်တွေခပ်ထားလို့ နှာရည်ယိုရွှဲ တပို့တွဲ ပြန်ရောက်သွားမယ်။ အရိုးတွေကို ငပိ၊ အာပူရွက်၊ ဟိုအရွက် သည်အရွက်တွေနဲ့ ၀ါးကျည်တောက်ထဲထည့်ထောင်းတာက ချင်းစာ။ ၀ါးစိမ်းနံ့လေးပါ သင်းနေတယ်။ အမ်းမှာက ကိုယ်တစ်ယောက်တည်းနေတာဆိုတော့ အိမ်မှာ ကိုယ့်ဘာသာချက်စားရင် တစ်နပ်က နှစ်နပ်အပြင်လည်း ပိုမစားနိုင်ဘူး။ စားရတာလည်း ပျင်းခြောက်ခြောက်နဲ့။ တခါတလေလေး ဆေးရုံကို ပိုက်ဆံပေးပြီး ချက်ခိုင်းလိုက်ရင် ကိုယ်လည်း ကောင်းကောင်းစားရတယ်။ သူတို့လည်း ၀ိုင်းလုပ်ဝိုင်းစား ပျော်ပျော်ပါးပါး ရှိတယ်။ အဲဒါနဲ့ ကိုယ်တို့ဆရာဝန်တွေ ဘာမှလုပ်စရာမရှိရင် ဆေးရုံမှာ ထမင်းချက်စားဖို့ ခေါင်းစဉ်ရှာလို့ချည့်နေတယ်။ ရန်ကုန်ကို ပြန်မလို့ အိမ်က အခြောက်အခြမ်းလေးတွေ ကုန်အောင်ချက်စားတာ၊ ရန်ကုန်က လာခါစမို့ ပါလာတဲ့ အစားအသောက်လေးတွေ ဖွင့်ပွဲလုပ်တာ စသည်ဖြင့်ပေါ့။ ဟုတ်တယ်။ ဟိုမှာတော့ ရန်ကုန်စာဆိုတာ တကူးတကပဲ။ သမားတော်မမပြန်လာရင် လေဆိပ် Oriental House က ဒင်းဆမ်းတွေ ပါလာမယ်။ အိုဂျီမမ ပြန်လာရင် J Donut က ဘာတာကိတ် စားရမယ်။ (လက်ချည့်ပဲ ပြန်ပြန်လာတာတော့ ဆာဂျင်တစ်ယောက်ပဲ ရှိမယ်) လူ့စိတ်ကိုက တိုရေရှားရေမှ အရသာရှိတယ် ထင်တာ။ ဘုန်းပေါလအောဆို စားကောင်းတယ် မထင်ဘူးကိုး။

            ရန်ကုန်ကထွက်ပြီး ကိုယ်နေခဲ့ဖူးတဲ့ တောင်ပေါ် သုံးနေရာမှာ အမ်းဟာ အစားအသောက်အပေါဆုံးပဲ။ ပစ္စည်းလည်းပေါတယ်။ ဈေးလည်းပေါတယ်။ သွားရေးလာရေး ခက်ခဲနေလို့ ဖြစ်မယ် ထင်ပါရဲ့။ လမ်းပန်းဆက်သွယ်ရေးကောင်းသွားရင် အဲဒါတွေ ရှားပါးသွားမှာ အမှန်ပဲ။ ဂဏန်းတွေကို ကြည့်လေ။ ရန်ကုန်နဲ့အမ်းသာ ကြာတာ။ အမ်းကနေ မူဆယ်ကို နေ့ချင်းရောက်တယ်။ နေ့ကူးရင် ဂဏန်းတွေ သေကုန်လို့ မရောက်ရောက်အောင် မောင်းကြတာ။ အရင်တုန်းက အမ်းမှာကျတဲ့ ကလေးဆရာဝန်ဟာ သူ့မိန်းမက မူဆယ်မှာမို့ အဲသည်ဂဏန်းကားတွေစီးပြီး ရှင်မွေးလွန်း နဲ့ မင်းနန္ဒာဇာတ်ကို ကတယ်။ နောက်ဆို ကျောက်ဖြူ ကူမင်းရထားလမ်းကြီး ဖြစ်လာရင် အမ်းကလူတွေ ပါးစပ်ဟောင်းလောင်း နေကြရတော့မလား မသိဘူး။ လမ်းပွင့်လာလို့ ဒေသခံတွေ စီးပွားရေး ပြေလည်သွားတာထက် အရပ်တပါးက လုပ်ငန်းရှင်ကြီးများ လက်တစ်ဆုံး ၀င်ဝင်နှိုက်တာက ပိုနေမလားပဲ။ တပ်တောင်က ဂဏန်းဒိုင်တွေဆို ပိုင်ရှင်က တရုတ်တွေများတယ်။ ရွာခံက ဂဏန်းကြိုးတုပ်ရတာ။ အလုပ်အကိုင်တော့ ပေါပါရဲ့။ ကလေးတွေ ကျောင်းမတက်ပဲ ဂဏန်းဒိုင်ဝင်လုပ်ကြတာ ရေရှည်တော့ ဘယ်ကောင်းမလဲ။ ပုဇွန်ကန်မှာ ကာရီလုပ်ရင်  တစ်နှစ် တစ်နှစ်ကို ဆယ့်ငါးသိန်း သိန်းနှစ်ဆယ် ၀င်တာတော့ မြင်တယ်။ ပညာမတတ်တော့ စုစုဆောင်းဆောင်းလည်း မရှိဘူး။ နာရေးဖျားရေး ရှိလာတော့ လမ်းစားရိတ် ဆေးကုစားရိတ်နဲ့  ထမင်းစားကျွန်ခံ တစ်ကပြန်စရတယ်။

              အဲယားကွန်း၊ ပန်ကာ နဲ့ ရေခဲသေတ္တာ အလုပ်မလုပ်တဲ့ အရပ်ပေမယ့်လည်း လေဆိပ်ဘေးက ရိုးမချစ်သူမှာ စည်ဘီယာအေးအေးတွေ ရပါတယ်။ ရံဖန်ရံခါတော့ ထိုင်နိုင်သားပေါ့။ ဂျပန်မှာတုန်းက ဂုံးဟင်းချိုဆိုပြီး အခွံလိုက်ကြီး သုံးကောင်တိတိ တူနဲ့ကလော်စားရတဲ့အခါ ငါတို့အမ်းမှာဆိုရင် အခွံလွတ် ပန်းကန်ပြားနဲ့မောက်မောက်ကြီး သုပ်စားကြတာ လို့ လွမ်းမိပါတယ်။ မီယားဂျီမားဂူရှိမှာ ကမာကောင်တွေကို အခွံနဲ့တကွ အရှင်လတ်လတ် မီးကင်စားတာမြင်တော့လည်း လူနာက ကြံချောင်းအိပ်ကြီးနဲ့ တထမ်းတပိုးသယ်လာတာ သတိရမိသေး။ အကုသိုလ်ကြောက်လို့ ခဏခဏ မစားဖြစ်ပေမယ့် စားဖူးတယ်ရှိအောင် မြည်းကြည့်တဲ့ ပျားကြော်ကလေးတွေကလည်း တော်တော် ဆိမ့်တာပါ။ ရေကြက်၊ ဘ၀ဲ၊ ရေခူ၊ အကုန်ပေါချောင်ကောင်းရတယ်။ အရင်က နံလို့မစားပဲ သူတို့ဆီရောက်မှ ကြိုက်တတ်သွားတာက ခံတက်ချဉ်သုတ်ပါ။ သူတို့က သရက်သီးစိမ်းတွေကိုလည်း သင်္ဘောခြစ်နဲ့ခြစ်ပြီး သုပ်စားတတ်တယ်။ ရန်ကုန်မှာ မရှိပဲ အမ်းမှာပဲ ရတာက အာပူရွက်။ သူနဲ့ဆို ငရုတ်ကောင်းတောင် မလိုဘူး။ စားသောက်ပြီး မီးမှိတ်လို့ ပြန်လာရင် ဆိုင်ကယ်လေးစီးပြီး လေတဟူးဟူးနဲ့။ အဲ့လိုကျတော့လည်း အမ်းက ဘယ်မှာ ပူလို့လဲနော့။

              “အဲသလောက်တောင် အမ်းကိုလွမ်းနေတဲ့အကောင် ဆရာကြီးဝန်ကြီးရယ်။ ဒင်းကို အမ်းပြန်ပို့ပြီး တသက်လုံးသာ ထားလိုက်စမ်းပါ။ ဒါဆို နောက်ဆရာဝန်တွေလည်း ဒုက္ခမရောက်တော့ဘူး။ ဆရာကြီးတို့လည်း ခဏခဏ အလုပ်မရှုပ်တော့ဘူး။” လို့ အကြံကောင်းပေးယ့်သူတွေ တပုံကြီးနေမှာပဲ။ ဟုတ်တာပေါ့။ အဲ့ဒီလိုဆို လူသာဓုခေါ် နတ်သာဓုခေါ်၊ အနည်းဆုံးတော့ ခွဲစိတ်ဆရာဝန်အငယ်တွေ အားလုံးက သောင်းသောင်းဖျဖျ သာဓုခေါ်ကြလိမ့်မယ်။ သူတို့အတွက် မိုင်းတစ်မိုင်းလျော့သွားတာကိုး။ ခုတော့ သူတို့မှာ မသွားချင်ပဲ သွားရတဲ့အထဲ သည်ကရေးတဲ့ ပလီစိခြောက်ချက်စာတွေ ဖတ်ရရင် ကိုယ့်ချည့်ပဲ လှိမ့်ဆဲချင်နေကြရော့မယ်။ ကိုယ်မနေချင်လို့ ဥစ္စာစောင့်များလို လူစားရအောင် လှည့်စားပြီး ရေးနေတာ မဟုတ်ပါဘူး။ သူ့ဟာသူ ပြောင်းချိန်တန်လို့သာ ပြောင်းလာတာ အမ်းမှာနေရတဲ့အချိန်တွေမှာ တကယ်ပျော်ပါတယ်။ ကိုယ့်အိမ်က မိသားစုက “အမ်းမှာလားမောင်ရဲ့ ဝေးတယ်ရှင်” ဆိုပြီး မလိုက်နိုင်လို့သာ။ (အဓိက မလိုက်နိုင်တာကတော့ မီးမလာလို့လို့ သမီးကပြောတယ်) တကယ်လို့များ အမ်းကို မလွှဲသာမရှောင်သာ ရောက်သွားတဲ့ ဆရာဝန်ကလေးတွေများရှိရင် စိတ်တွေဆင်းရဲပြီး ချိုးလက်ရေ ခါခါပြောင်း လုပ်နေမယ့်အစား ဘယ်နေရာ ဘယ်သွားလို့ ဘာတွေစားနိုင်ရင် ကောင်းမယ့်အကြောင်း ဂိုက်ဘုတ်အုပ်ကြီး ရေးထုတ်လိုက်တာပါလေ။ ရသစာပေဆိုတာ ဒါမျိုးမှအစစ်။ ရေးရင်းရေးရင်းနဲ့တောင် ဗိုက်ဆာလာတယ်။

              ကိုယ့်အဖို့မှာတော့ အမ်းကိုရောက်တာ တန်တယ်လို့ပဲ ပြောရမှာပဲ။ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ စစ်တွေအထိ တော်တော်နှံ့သွားတယ်။ ရခိုင်တွေအကြောင်းလည်း တော်တော်သိသွားတယ်။ သူများတွေထင်နေကြတာက ရခိုင်တွေဟာ Xenophobic ဖြစ်တယ်။ သူတို့ကလွဲရင် တခြားလူကို မဆက်ဆံချင်ကြဘူးတဲ့။ အဲ့ဒါ ရခိုင်အကြောင်း မသိတဲ့သူတွေ ပြောတာပါ။ တကယ်တော့ တခြားသူတွေကသာ ရခိုင်တွေစိတ်ရင်းအမှန်ကို သိအောင်မကြိုးစားပဲ အပေါ်ယံအမြင်နဲ့ ဆုံးဖြတ်တာပါ။ ရခိုင်မှာ ဖြစ်ပျက်သမျှအားလုံးဟာ အကြောင်းရှိလို့ ဖြစ်လာတဲ့ အကျိုးဆက်တွေချည့်ပဲ။ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ အကြောင်းရင်းကို မကိုင်တွယ်သရွေ့ သည်ကိစ္စ အမြစ်ပြတ်မယ် မထင်ဘူး။ ရခိုင်ကို ကာကွယ်ဖို့ဆိုတာ ကမ်းမြှောင်ဒေသ ကျဉ်းကျဉ်းကလေးကိုပဲ မှတ်မနေပါနဲ့လေ။ ဘင်္ဂလားပင်လယ်အော်ကြီးတစ်ခုလုံးပါတယ်။ ရုရှားလို နိုင်ငံအကြီးကြီးတောင်မှ ပင်လယ်ထွက်ပေါက်အတွက် အရှေ့ဥရောပနိုင်ငံသေးသေးကလေးတွေကို ကျားကုတ်ကျားခဲ အသည်းအသန် ဖြစ်နေတာကို မြင်ရင် ရခိုင်ကိုကြည့်တဲ့အခါလည်း “သည်ပြည်နယ်မှာ ဘာတွေရောင်းစားလို့ ရနိုင်သလဲ” ထက်ပိုပြီး မြင်တတ်ဖို့ လိုမယ် ထင်ပါတယ်။ မိကျောင်းမင်းကြီးတွေက ပိုသိပါလိမ့်မယ်လေ။

               အလုပ်ဝင်ကတည်းက ရန်ကုန်မှာ ဆယ်နှစ် ဆယ့်တစ်နှစ်လောက် အသားကျ ပျော်ပါးခဲ့တယ်။ နယ်ကိုသွားရမယ်ဆိုတော့ ဖြစ်မှဖြစ်ပါ့မလား တွေးပူမိတယ်။ ဒါပေမယ့် ရန်ကုန်မှာနေခဲ့တဲ့ ကိုယ့်ဘ၀ဟာ လိပ်ပြာမဖြစ်ခင် ဘောက်ဖတ်ဘ၀နဲ့ပဲ တူတယ်။ ပလူမွှေး ပလူတောင်လောက်မှ မရှိဘူး။ နယ်ကိုရောက်တော့မှ လိပ်ပြာတောင်ပံခတ်လို့ရတယ်။ လောက်ကိုင်ကိုရောက်တော့ ကိုးကန့်ဘ၀ကို စိတ်ဝင်စားတယ်။ တရုတ်ယဉ်ကျေးမှုနဲ့ ယဉ်ပါးတယ်။ ဘူတန်မှာ သူတို့ဘ၀ ထူးထူးဆန်းဆန်းကလေးကို တအံ့တသြ လိုက်ကြည့်ဖြစ်တယ်။ အိန္ဒိယတီဗီလိုင်း ၃၀ ကျော် နေ့တိုင်းကြည့်ပြီး “ကူးချိ ကူးချိ ဟူတာဟိုင်း” တတ်လာတယ်။ အမ်းမှာ ရခိုင်ဇာတ်သွင်းလိုက်သလို ဖြစ်သွားတယ်။ သိပ်စိတ်ဝင်စားဖို့ ကောင်းတာပဲ။ အဲဒီနယ်တွေ မတွက်ဖြစ်ရင် ကိုယ်တော့ စာတစ်လုံးတောင် ရေးနိုင်မှာ မဟုတ်ဘူး။ ရန်ကုန်ကဘ၀က အိမ်၊ အလုပ်၊ ကားပေါ်မှာ ပိုက်ဆံနဲ့ သံသရာလည်ရတဲ့ ဘ၀အသေကြီး။ နောက်ထပ် ဘယ်နယ်တွေကိုရောက်ဦးမလဲ ဆိုတာလည်း စိတ်ဝင်စားတယ်။ ဘယ်လိုလူတွေနဲ့ တွေ့ရဦးမလဲဆိုတာလည်း ရင်ခုန်တယ်။ စာရေးစရာကုန်ကြမ်းတွေလည်း အများကြီး ရလာဦးမယ် မဟုတ်လား။ (သူများတွေလို ဘက်ဆယ်လာဖြစ်ဖို့ ထောင်အကြောင်းတန်းအကြောင်းတော့ မရေးပျစီနဲ့)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...