Monday, March 24, 2014

လေယာဉ်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း မလေးရှားအစိုးရအတည်ပြု


 
မတ်လ ၂၄ ရက်က ဘေဂျင်းမြို့ လီဒိုဟိုတယ်တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ရုပ်သံသတင်း ကိုကြည့်ရှုပြီးနောက် မလေးရှားလေကြောင်း MH 370 လေယာဉ်ပေါ်ပါ ခရီးသည်တစ်ဦး၏ မိသားစုဝင်တစ်ဦး သတင်း ထောက်များအား အော်ဟစ်ကြိမ်းမောင်းနေသည်ကို တွေ့ရစဉ်။ ယင်းမတိုင်မီတွင် ပျောက်ဆုံးလေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာထဲတွင် ခရီးလမ်းဆုံးသွားခဲ့သည်ဟု မလေးရှားဝန်ကြီးချုပ်က ကြေညာခဲ့သည်။ (ဓာတ်ပုံ− ရိုက်တာ)
မလေးရှားဝန် ကြီးချုပ်နာဂျစ်ရာဇာတ်က လေ ယာဉ်သည် အိန္ဒိယသမုဒ္ဒရာတွင်း သို့ပျက်ကျခဲ့ ခြင်းဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပြီး နောက် အသက်ရှင်ကျန်ရစ်သူ ရှိလေဦးမလားဆိုသည့် မိသားစု ၀င်တို့၏ မျှော်လင့်ချက်များ ကုန်ဆုံးသွားခဲ့ရသည်။
ဗြိတိသျှ ဂြိုဟ်တုကုမ္ပဏီ နှင့် မတော်တဆမှုလေ့လာ စုံစမ်း ရေးမှ ဂြိုဟ်တုအချက်အလက်များအပေါ် သုံးသပ်ချက်များကိုအခြေခံ၍ မလေးရှားဝန်ကြီး ချုပ်နာဂျစ်ရာဇာတ်က ကြေညာလိုက်ခြင်းဖြစ်သည်။ သို့သော် ယင်းသုံးသပ်မှု လုပ်ပုံလုပ်နည်းကိုမူ ၎င်းကရှင်းပြသွားခြင်းမရှိပေ။
လေယာဉ် ဆင်းသက်နိုင်သည့် နေရာများနှင့် ဝေးကွာလှသော ပင်လယ်ပြင်တွင် လေယာဉ်ကို နောက်ဆုံးတွေ့ခဲ့သည်မှာ သေချာကြောင်းကိုသာ ၎င်းက ပြောဆိုခဲ့သည်။
ရုပ်ဝတ္ထုပစ္စည်းအထောက်အထားမရှိခြင်းအတွက် ဖြေသိမ့်နိုင်ရန်ခက်ခဲ့သည်ဟု လေယာဉ်ခရီးသည် ဖိလစ်ဝုဒ်၏ လက်တွဲဖော် မစ္စစ်ဆာဘက်ခ်ျကဆိုသည်။
အခြားလူများကလည်း အာဏာပိုင်များအနေဖြင့် ယခုကဲ့သို့ ကောက်ချက်ဆွဲလိုက်ရခြင်းနှင့်ပတ်သက်၍ ထပ်မံ၍ သတင်းအချက်အလက်ထုတ်ပြန်ရန် တောင်းဆိုနေကြသည်။
‘‘လေယာဉ်အပျက်အစီး တွေ့တယ်လို့ အတည်ပြုတာမရှိဘူးဆိုတော့ ဒီကိစ္စအမှန်တကယ် မပြီးသေးဘူး’’ ဟု မစ္စစ်ဘက်ခ်ျကဆိုသည်။
ဘေဂျင်းစံတော်ချိန် ည ၉ နာ ရီ ၄၆ မိနစ်တွင် ဘေဂျင်းမြို့ရှိ လီ ဒိုဟော်တယ်ကွန်ဖရင့်ခန်းမတွင် စာသားမက်ဆေ့ခ်ျပို့သော ဖုန်းသံများမြည်လာပြီး မက်ဆေ့ခ်ျမှာ တရုတ်ဘာသာစကားဖြင့်မဟုတ် အင်္ဂလိပ်ဘာသာဖြင့်ဖြစ်သည်။
၁၆ ရက်ကြာ သံသယ၊ မယုံ ကြည်မှုများနှင့် မလေးရှားအာဏာပိုင်များအပေါ် အကြီးအကျယ်ဝေဖန်မှုများ ရှိခဲ့ပြီးနောက် ဖုန်းစာသားမက်ဆေ့ခ်ျမှာ နောက်ဆုံးစော်ကားမှုဖြစ်သည်ဟု တရုတ်မိသားစုများကဝေဖန် သည်။
သတင်းကို အတည်ပြုရန် အခန်းအတွင်းရှိ ရုပ်သံဖန်သားပြင်များပေါ်တွင် မလေးရှားဝန်ကြီးချုပ်ပုံပေါ်ထွက် လာသော အခါ စူးစူးဝါးဝါးအော်ဟစ်သံများ၊ ငိုကြွေးသံများစတင် ပေါ်ထွက်ခဲ့သည်။
လေယာဉ်ပေါ်တွင် ခရီးသည်အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး စုစုပေါင်း ၁၅၂ ဦးလိုက်ပါခဲ့သည်။
တရုတ်ဂြိုဟ်တုက ယင်းနေရာတွင် အရာဝတ္ထုအချို့ကို တွေ့ရှိကြောင်း ပြောဆိုခဲ့သော်လည်း မတ်လ ၂၄ ရက်က သွားရောက်ခဲ့သည့် အမေရိကန် ရှာဖွေရေးအဖွဲ့က တစ်စုံတစ်ရာ မတွေ့ရှိခဲ့ပေ။
ထို့နောက် သြစတြေးလျအရာရှိများက အနောက်အိန္ဒိယသမုဒ္ဒရာတွင် အရာဝတ္ထုနှစ်ခုကို တွေ့ရှိကြောင်း ထပ်မံပြောဆိုလိုက်ပြီးနောက် မလေးရှားဝန်ကြီးချုပ်က အတည်ပြုချက်ထုတ်ပြန်လိုက်သည်။
ယင်းပစ္စည်းများမှာ မီးခိုးရောင် (သို့) အစိမ်းရောင်ခပ်ဝိုင်းဝိုင်း အရာဝတ္ထုနှင့် လိမ္မော်ရောင်လေး ထောင့်ပုံရှိ ပစ္စည်းဖြစ်သည်ဟု ဆိုသည်။ ယင်းတို့မှာ လေယာဉ်ပျက်မှဖြစ်နိုင်ဖွယ်ရှိသော နောက်ဆုံးတွေ့ရှိထားသည့် ပစ္စည်းများ ဖြစ်သည်။ သို့သော် လေယာဉ်မှ အကြွင်းအကျန်ဟု ကံသေကံမ ပြောဆိုနိုင်ခြင်းတော့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ယင်း ပစ္စည်းများကို ဝေဟင်မှ တွေ့ရ ခြင်းဖြစ်ပြီး လက်ဝယ်ရရှိနိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။
လက်ရှိတွင် နိုင်ငံအသီးသီး မှ ရှာဖွေရေးအဖွဲ့များက ဂြိုဟ်တုမှ နောက်ဆုံးမြင်တွေ့ရသည့် ပစ္စည်းများကို ရရှိရန် ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ပြီး လက်ဝယ်အပျက်အစီးမရှိ၍ စိစစ်နိုင်ခြင်းမရှိဘဲ ခန့်မှန်းချက် အဖြစ်သာ ရှိနေဦးမည်ဖြစ်သည်။
နောက်ဆုံးအကြိမ် လေယာဉ်နှင့် လေကြောင်းထိန်းသိမ်း သူများအဆက်သွယ်ရခဲ့ချိန်မှာ ဗီယက်နမ်လေကြောင်းပိုင်နက်အတွင်းသို့ စတင်ဝင်ရောက်ချိန်ဖြစ် ပြီး အမြင့်ပေပေါင်း ၃၅၀၀၀ မှ ပျံသန်းနေခဲ့သည်။ ထိုအချိန်မှာပင် အနောက်ဘက်ကို ထောင့်ချိုးကွေ့ပြီး မာလက္ကာ ရေလက် ကြားဆီသို့ ဦးတည်ပျံသန်းသွား ကြောင်း စစ်တပ်ရေဒါက ဖမ်းယူရရှိခဲ့သည်။ ရေဒါမှ ပျောက်ကွယ် မသွားမီ လေယာဉ်သည် ပေ ၁၂၀၀၀ အထိနှိမ့်ပြီး ပျံသန်းခဲ့သည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ နှင့် နီးစပ်သည့် သတင်းရပ်ကွက်က စီအင်န်အင်န်သို့ ပြောဆိုခဲ့ သည်။
‘‘အရင်က နားမလည်နိုင်ခဲ့တာတွေက အခုဆက်စပ်နေတာ တွေ့ရပါတယ်။ လေယာဉ်က ရုတ်တရက်ပြန်ကွေ့ပြီး ပေသုံး သောင်းငါးထောင်ကနေ ပေတစ် သောင်းနှစ်ထောင်အနိမ့်မှာ ပျံ သန်းတယ်ဆိုတာက လေယာဉ် ပေါ်မှာ ဆိုးဆိုးဝါးဝါးတစ်ခုခုဖြစ်တယ်။ မီးလောင်တာ ပေါက်ကွဲတာဆိုတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် လေယာဉ်မှူး က ပေအနိမ့် ကနေပဲ လေယာဉ်ကွင်းတစ်ခုခုဆီကို ပြန်မောင်းပြီး အကူအညီရအောင် ပြန်လှည့်ဖို့ ကြိုးစားတာပါပဲ’’ ဟု အမေရိကန် ကူးသန်းသွားလာရေးဝန်ကြီးဌာနမှ ယခင်စုံစမ်းရေးအရာရှိနှင့် လေ ကြောင်း သုံးသပ်သူ မေရီရှိအာဗို ကရှင်းပြသည်။
သို့သော် အချို့လေ့လာသူများက နောက်ဆုံးရရှိသည့် သတင်းအချက်အလက်များအပေါ် ယုံကြည့်စိတ်ချနိုင် မှုရှိ၊ မရှိနှင့် ယင်းတို့၏ မှန်ကန်မှုအပေါ် သံသယရှိနေဆဲဖြစ်ပြီး ကောက်ချက်ဆွဲရန် မသင့်သေးဟုဆိုသည်။

အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ဇုန်ကို ဘာကြောင့်ရှာဖွေရသနည်း။
ဂြိုဟ်တု အချက်အလက်များအရ အိန္ဒိယသမုဒ္ဒရာတွင် သြစတြေးလျနိုင်ငံနှင့် မိုင် ၁၄၃၀ အကွာ တွင် မျောနေသော အပျက်အစီးတွေ့ရကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေကပြောဆိုသည်။ ယင်းကို မလေးရှား အာဏာပိုင်များထံသို့ ပေးပို့ခဲ့သည်ဟုလည်း ဆိုသည်။
အစောပိုင်းသြစတြေးလျနှင့် တရုတ်အာဏာပိုင်များကလည်း အလားတူ ဂြိုဟ်တုပုံများကို ထုတ်ပြန်ခဲ့သည်။ တရုတ် ဂြိုဟ်တုပုံအရ ၇၄ ပေနှင့် ၄၃ ပေအရွယ်ရှိ အရာဝတ္ထုကို တွေ့ရှိရသည်။ သို့သော် သြစတြေးလျ ရှာဖွေရေးအဖွဲ့က အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းတွင် မတ် ၂၂ ရက်အထိ တစ်စုံတစ်ရာမတွေ့ခဲ့ရပေ။

ရှာဖွေသည့်နေရာ တကယ်မှန်ကန်ပါသလား။
အသေအချာတော့လည်း မ ပြောနိုင်ပေ။ အားလုံးက ခန့်မှန်းချက်နှင့် အနီးစပ်ဆုံးရှာဖွေနေခြင်း သာဖြစ်သည်။ ရေပြင်တွင် မျော နေသော သစ်ခံပြားနှင့် အခြားပစ္စည်းများကို တွေ့ရုံမျှဖြင့် လေ ယာဉ်အစိတ်အပိုင်းဟု မပြောနိုင်ကြောင်း လေ့လာသူများကဆိုသည်။ နောက်ဆုံး တွေ့ရှိထားသော အရာဝတ္ထုနှစ်ခုကို လက်ဝယ်ရချိန်တွင် ပို၍တိကျသော အဖြေတစ်ခုခု ထွက်လာနိုင်ပါသည်။
လက်ရှိတွင်မူ ဂြိုဟ်တုမှပုံများနှင့် ဝေဟင်မှပုံများကို အခြေခံပြီး ဖြစ်နိုင်ခြေများကို ခန့် မှန်းနေရချိန်သာ ရှိနေသေးသည်။ မလေးရှားဝန်ကြီးချုပ်က သမုဒ္ဒရာအတွင်းသို့ လေယာဉ်ပျက်ကျ ကြောင်း အတည်ပြုချက်ထုတ် ပြန်ခဲ့သော်လည်း လေယာဉ်ခရီးသည် မိသားစု အားလုံးကမူလက်မခံကြသေးပါ။ ဆက်လက်ရှာဖွေနေဆဲ အဖွဲ့တစ်ခုခုက တိကျသော အထောက်အထားရရှိချိန်အထိ ဆက်လက်စောင့်မျှော် နေကြဦးမည်ဖြစ်ပါသည်။
(နိုင်ငံတကာ သတင်းဌာနများ၏ ရေးသားချက်များကို ခင်မေဇော် နှင့် ရဲမင်း စုစည်းဘာသာပြန်ဆိုသည်)
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...