Monday, March 24, 2014

အချစ် မွေးနေ့မှာ ဖတ်ဖို့စာ

March 24, 2014 at 7:22am
အချစ်ရေ…

ဘ၀မှာ လက်ချိုးရေတွက်လို့ရတဲ့ သူငယ်ချင်း အရင်းအချာတွေ (ကိုယ်ပြောနေကျ စကားနဲ့ဆို inner circle) စာရင်းထဲမှာ အချစ်က ဟိုးထိပ်နားမှာ ရှိနေခဲ့တာ။ မူလတန်းကျောင်းသူဘ၀ထဲက စပြီး သူငယ်ချင်းဖြစ်ခဲ့ ရတာဆိုတော့ အဲဒီတုန်းက ကိုယ်တို့အသက် ဆယ်နှစ်ပဲထား၊ အခု ပြန်တွက်ကြည့်ရင် တစ်ယောက်ကို တစ်ယောက် သိကျွမ်း ခင်မင်လာခဲ့ကြတဲ့ သူငယ်ချင်းသက်တမ်းဟာ သုံးဆယ့်ငါးနှစ်တောင် ရှိခဲ့ပြီ။
မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းသူဘ၀တွေမှာ စာသင်ခန်းတစ်ခန်းထဲမှာ နီးနီးကပ်ကပ်နေခဲ့ရတဲ့နှစ်တွေ ရှိသလို တစ်ယောက် တစ်ခန်းစီ ကွဲနေခဲ့တဲ့ နှစ်တွေလည်းရှိပေါ့…။ ဒါပေမဲ့လည်း ဆယ်တန်းကို တစ်နှစ်တည်းအောင်၊ တစ်ကျောင်းတည်းထွက် ငယ်သူငယ်ချင်းတွေမို့ ရင်းနှီး ခင်မင်မှုအတိုင်းအတာကို အထူးပြောစရာ လိုမယ်မထင်ပါဘူး။

ဆယ်တန်းအောင်ပြီးတော့ တက္ကသိုလ်ရောက်တော့ အချစ်နဲ့ကိုယ် တစ်ကျောင်းစီ ဝေးသွားခဲ့ကြပေမဲ့ သူငယ်ချင်းတွေ ပြန်ဆုံကြတဲ့ပွဲတွေတိုင်းမှာ၊ နှစ်စဉ်ကျင်းပတဲ့ ဆရာကန်တော့ပွဲတွေတိုင်းမှာ တရင်းတနှီး ပြန်တွေ့ကြစမြဲ။ စလို့ နောက်လို့ ရယ်စရာတွေပြောလို့ ပေါ့ပါး ပျော်ရွှင်ကြစမြဲ။ အင်မတန် ပျော်တတ်ပြီး သွက်လက် ပေါ့ပါးတဲ့၊ ရယ်စရာတွေ ဟာသတွေ ပြောတတ်ပြီး ပွင့်လင်းစွာနဲ့ခင်မင်စရာကောင်းတဲ့ အချစ်ကို သူငယ်ချင်းအားလုံးက ချစ်ကြ ခင်ကြတယ်။ ငယ်ငယ်က သူငယ်ချင်းဘ၀မှာ အချစ်နဲ့ ပတ်သက်လို့ ကိုယ် မှတ်မိနေတာတစ်ခုကတော့ ပန်းချီစာလုံးလေးတွေလို လှလှလေး ရေးတတ်တဲ့ အချစ်ရဲ့ လက်ရေးပါ။

နောက် ဘယ်တော့မှ မမေ့၊ အမြဲတမ်းသတိရ၊ သတိရလိုက်တိုင်းလည်း အမြဲ ပြုံးပျော်စေတဲ့အချိန်တစ်ခုကတော့ သူငယ်ချင်း ဆယ့်သုံးယောက် အတူတူသွားခဲ့ရတဲ့ နှစ်ညအိပ် သုံးရက် ချောင်းသာခရီးပါပဲ။ အဲဒီခရီးဟာ သူငယ်ချင်းအချင်းချင်း ပိုပြီး နီးကပ်၊ တစ်ယောက်အကြောင်းကို တစ်ယောက် ပိုသိပြီး ရင်းနှီးမှုတွေ တိုးလာတဲ့ ခရီးပဲ။ အဲဒီခရီးမှာ အချစ်နဲ့ ပတ်သက်လို့ မှတ်မှတ်ထင်ထင်ရှိခဲ့တာတွေကတော့ အချိန်တိုင်း လွတ်လပ် ပေါ့ပါးပြီး ချစ်စရာကောင်းတာ၊ အသံကောင်းပြီး သီချင်းတွေအများကြီး ဆိုတတ်တာ၊ ပြောစရာရှိရင် ဟောဟောဒိုင်းဒိုင်း ပွင့်လင်းစွာ ပြောတတ်တာ၊ ဘာပြောပြော စိတ်မဆိုးတတ်ပဲ ပြေလည်ပြီး သိပ်လည်း သဘောကောင်းတတ်တာတွေပါ။

အဲဒါပြီးတော့ အချစ်နဲ့ ကိုယ်ရေစက်ပါတာမို့ ဒီကျွန်းပိစိမှာ ပြန်ဆုံကြပြန်တယ်။ အဲဒီတုန်းက အချစ်က ဟိုး အရှေ့ဖက်အစွန်မှာ နေတာနော်။ ကိုယ်နေတာက အနောက်ဖက်မှာ၊ ခရီးက နည်းနည်းလှမ်းတော့ မကြာခဏမတွေ့နိုင်ကြပေမဲ့ အဆက်အသွယ်တော့ မပြတ်ခဲ့ဘူး။ နောက်တော့ အချစ်တို့ အနောက်ဖက်ကို ပြောင်းလာတယ်။ အရင်ကထက် ပိုတွေ့ဖြစ်တယ်။ နောက်ထပ် သူငယ်ချင်း အရင်း နှစ်ယောက် ဒီကိုထပ်ရောက်လာတယ် (အခုတော့ တစ်ယောက် ပြန်သွားပြီ)။ ကိုယ်တို့ အရင်ကထက် ပိုပြီးနီးလာကြတယ်။ မကြာခဏလည်း ဆုံဖြစ်ကြတယ်။

ကိုယ်တို့နှစ်ယောက်ရဲ့  အနီးကပ်ဆုံးအချိန်ကိုပြပါ ဆိုရင်တော့ အချစ်ကို ဘလော့ဂ်လေးတစ်ခု လုပ်ပေးဖြစ်ပြီး ချစ်ကြည်အေး ဆိုတဲ့ နာမည်နဲ့ အချစ် စာစရေးတဲ့ အချိန်ပါပဲ။ သားသား စားချင်တာ စားလို့ရပြီ ဆိုတဲ့ ဦးမိုးဒီရဲ့ စကားလို အချစ်ကလည်း မီးမီး ရေးချင်တာ ရေးလို့ရပြီ လို့ ထအော်တော့ မတတ် ပျော်တယ်လို့ပြောခဲ့တာ ခုထိ မှတ်မိနေတုန်းပဲ။ အချစ်နဲ့တွေ့တိုင်း ဒါမှမဟုတ် ဖုန်းပြောကြတိုင်း ဘလော့ဂ်ရေးရာ အကောင်း အဆိုး အဖြာဖြာကို တိုးတိုးဖေါ် တီးတိုး တိုင်ပင်ဖေါ် တိုင်ပင်ဖက်တွေ အဖြစ်နဲ့ မမောနိုင် မပမ်းနိုင် ပြောဖြစ်ခဲ့ကြတာ အခုချိန်အထိပါပဲ။ (မှတ်ချက် - အတင်းများ ပြောခြင်း လုံးဝမဟုတ်၊ သတင်းများ ဖလှယ်ခြင်းသာ ဖြစ်၏)

ကိုယ်တို့အဲလိုတွေ တတွတ်တွတ်နဲ့စကားကောင်းနေတိုင်း သူငယ်ချင်း သီသီက နင်တို့ဟာတွေ နောက်မှ ပြောဟာ… လို့ စိတ်တိုချင်ယောင်ဆောင်ပြီး ပွစိပွစိ လုပ်တတ်သေးတာ သတိရတော့ ရယ်မိတယ်။

အဲဒီနောက်ပိုင်းမှာတော့ စာရေးအားသိပ်ကောင်းပြီး စိတ်ကူး အတွေး သိပ်ကောင်းတဲ့၊ ဟာသဥာဏ်ရွှင်တဲ့၊ အဖွဲ့အနွဲ့၊ ဇာတ်လမ်း ဇာတ်ကွက် အချိတ်အဆက်ကောင်းပြီး သရုပ်ဖေါ် သိပ်ပိုင်နိုင်တဲ့ အချစ်ရဲ့လက်ရာတွေကို အများကြီး ဖတ်ခဲ့ရတယ်။ မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာလည်း အချစ်ရဲ့လက်ရာတွေ အများကြီး တွေ့လာရတယ်။ အချစ်က ဘာပဲလုပ်လုပ် ကောက်ရိုးမီးလို ဟုန်းကနဲ တောက်ပြီး ခဏနေရင် ငြိမ်သွားတတ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောလေ့ရှိခဲ့ပေမဲ့ စာရေးတဲ့ အလုပ်အပေါ်မှာတော့ အချစ်ဟာ ဘယ်တော့မှ ကောက်ရိုးမီး မဟုတ်ပါဘူးလို့ ကိုယ်ရဲရဲကြီး ပြောနိုင်ပါတယ်။ ပြောရရင် စာရေးရုံမက ဓါတ်ပုံရိုက်တာ၊ ပန်းချီဆွဲတာ၊ ဂစ်တာတီးတာ၊ သီချင်းဆိုတာ အားလုံး အချစ် ကောင်းကောင်း အောင်မြင်အောင် လုပ်နိုင်ခဲ့တာပါ။ ကိုယ်က အချစ်ကို ဘေးကနေ သဘောတကျ ကြည့်နေရတာ…။

နောက်တစ်ခုကတော့ အချစ်မှာရှိနေတဲ့ မဟုတ်မခံ စိတ်ကလေး၊ ပြောစရာရှိရင် ဘယ်တော့မှ စိတ်ထဲမှာ သိမ်းမထားပဲ Do or Die ချက်ကျ လက်ကျ ပြန်ပြောတတ်တဲ့ သတ္တိလေးနဲ့ ရဲရဲဝံ့ဝံ့ ရှိတတ်တာလေးကိုလည်း အင်မတန် သဘောကျခဲ့ရတာ။ ကိုယ်က မပြောရဲ မဆိုရဲနဲ့ တစ်ခုခုဆို ကြောက်ဖို့ပဲ သိတဲ့သူလေ…။ ဒါကြောင့် ကိုယ်က အချစ်ကို အားကိုးတာ… အဟိ

တကယ်ပါ… အချစ်က တကယ် သတ္တိရှိတာပါ။ ပြီးတော့ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာကိုလည်း မဖြစ်ဖြစ်အောင် လုပ်တတ်သူပါ။ စိတ်သွားတိုင်း ကိုယ်ပါတဲ့သူ၊ ကုသိုလ်လည်း ကောင်းတဲ့သူပါပဲ။ အခုဆိုရင် အချစ်က ဘ၀မှာ အမှတ်တရရယ်လို့ ညွှန်ပြစရာ စာအုပ်လေး တစ်အုပ်ကိုလည်း အောင်အောင်မြင်မြင် ထုတ်ပြီးပြီ။ နောက်ကိုလည်း အချစ်ရဲ့လက်ရာတွေကို စာအုပ်ကလေးတွေအဖြစ်နဲ့ ထပ်မြင်ရဖို့ မျှော်လင့်နေပါတယ်။

အဟဲ… ပြီးတော့ အချစ်ရဲ့လက်ရာစစ်စစ် နောက်တစ်ခုကိုလည်း ကိုယ် သိပ်ကြိုက်တာ။ အဲဒီလက်ရာလေးနဲ့ မကြာခဏ တွေ့ရဆုံရဖို့ကိုလည်း မျှော်လင့်နေတယ်ဆိုတာ ယုံပါ။ အဲဒါကတော့ အချစ် မကြာခဏ လုပ်ကျွေးတတ်တဲ့ အစုံသုပ်နဲ့ ဘူးသီးဟင်းခါး ပူပူလေး ပါ…။ (ခေါင်းလေးငုံ့ရင်း ခပ်တိုးတိုးပြော)

အစုံသုပ်တို့ ထုံးစံအတိုင်း အမျိုးအမည်စုံလင်လှတဲ့ ပါဝင်ပစ္စည်း အားလုံးကို စိတ်ရှည်လက်ရှည် မပျင်းမရိနဲ့ လှလှပပ လှီးချွတ်ပြီး အချဉ်ရည်များများနဲ့ သုပ်ထားတဲ့ အချစ်ရဲ့ လက်ရာ။ အဲဒီ အချဉ်ရည် များများကိုမှ ကိုယ်နဲ့ ဗစ်နဲ့က အချစ် မသိအောင် အချဉ်ရည်တွေကို ဟင်းရည် ဆမ်းသလို ရွှဲနေအောင် (ဇွန်းနဲ့ ခပ်သောက်လို့ မရရုံတမယ်) ထပ် ဆမ်းစားကြသေးတာ သတိရတယ်။ အခု ဒီစာကိုရေးနေတဲ့အချိန်မှာတောင် မျက်စိထဲ ပြန်မြင်ပြီး စားချင်နေတာ သိလား…။ (ဤကား စကားခေါ်ခြင်း)

မနက်ဖြန် မတ်လ ၂၅ ရက် အချစ်ရဲ့မွေးနေ့အတွက် မွေးနေ့လက်ဆောင်အဖြစ် ဒီစာလေးကို အမှတ်တရ ရေးဖြစ်ပါတယ်။

ကိုယ်ချစ်တဲ့ အချစ်ရဲ့ ၄၅နှစ်မြောက် မင်္ဂလာမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်
အခုလိုပဲ နုပျိုလန်းဆန်း လှပ သွက်လက်ပြီး ဘ၀မှာ အလိုရှိအပ် တောင့်တအပ်တဲ့ ဆန္ဒမှန်သမျှ ပြည့်စုံဖို့၊
စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံဖို့၊
အနားမှာရှိတဲ့ ပါရမီဖြည့်ဖက် လက်တွဲဖေါ်နဲ့အတူ ကျန်ရှိနေသေးတဲ့ ဘ၀ တလျှောက်လုံး ချစ်ခင်ကြင်နာစွာ အတူ လက်တွဲ လျှောက်လှမ်းသွားနိုင်စေဖို့၊
အချစ်က ချစ်ပြီး အချစ်ကို ချစ်တဲ့သူငယ်ချင်း မိတ်ဆွေတွေနဲ့လည်း အခုထက် ပိုတိုးပြီး ချစ်ခင်နိုင်စေဖို့၊
အခုထက်ပိုပြီး သပ်ရပ်လှပတဲ့ စာကောင်းပေမွန်တွေ အများကြီး ရေးနိုင်စေဖို့၊
အခုထက်ပိုပြီး အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာမကြီးတစ်ယောက် ဖြစ်လာစေဖို့
လှိုက်လှိုက်လှဲလှဲ ဆုတောင်းတယ်နော်…။



Happy Birthday အချစ်….!!!

ချစ်တဲ့

သက်

(၂၄ မတ် ၂၀၁၄)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...