Thursday, February 20, 2014

Three Monks' Show (အနာဂတ္တိညွှန်း ၀တ္ထုတို)

Kyaw Ba Thit

၂၀၁၅ အရောက်မှာ နိုင်ငံရပ်ခြားကနေ ပညာတွေ တစ်ပွေ့တစ်ပိုက်ကြီး သင်ပြီး ပြန်ကြွလာတဲ့ ဆရာတော်သုံးပါးဟာ ပြည်တွင်းလူမှုရေးလုပ်ငန်း အသီးသီးမှာ တက်တက်ကြွကြွ ပါဝင် လုပ်ဆောင်လာကြတယ်။

(၂၀၁၅ မတိုင်ခင်က ရဟန်းတစ်ချို့နဲ့ နိုင်ငံရေးအသုံးချသူတစ်ချို့ ဒွေးရော ယှက်တင် ဖြစ်အင်တွေကို မြင်ပြီးသံဝေဂပွား (၀ါ) အကြောက်တရား ရသွားကြရာကနေ အခုလိုမျိုး နိုင်ငံရေးမဖက် လှုမှုရေးသက်သက်ဘက် ဦးလှည့်ပြီး လုပ်နေကြတာလည်း ဖြစ်နိုင်ပါတယ်။)


အဲဒီအထဲက သီရီလင်္ကာပြန် ဆရာတော် Yoema Alinnဟာဆိုရင် ပြည်တွင်းမှာ Quitcohol Network ကို တည်ထောင်တယ်။ အရက်ပြတ်ရေး ကွန်ယက်ပေါ့။ စာရင်းဇယားတွေအရ ပြီးခဲ့တဲ့နှစ်နှစ်ဆယ်အတွင်းမှာ အရက်ကြောင့်သေတဲ့ မသာတွေ ကြောက်ခမန်းလိလိ တက်နေတယ်။ ဘာသာခြားကို လက်ထပ်လို့နဲ့ လူမှောင်ခိုကူးခံရလို့ ဒုက္ခရောက်ကြရတာထက် ယောက်ျားတွေ အရက်ဖြူတွေ သောက်၊ သေကုန်လို့ အမျိုးသမီးတွေ မုဆိုးမဖြစ်၊ ကလေးတွေ ဖတဆိုးတွေ ဖြစ်ကျန်ရစ်... စတဲ့ ဒုက္ခက ပိုပြီး ကြီးမားတဲ့အကြောင်း သဘောပေါက်မိတဲ့ ဆရာတော်ရိုးမဟာ ဒီအရက်ကြီးတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှော့ချသွားဖို့ အင်တိုက်အားတိုက် လုပ်ဆောင်နေတာပါပဲ။

နောက်တစ်ပါးကတော့ ထိုင်းမှာစာသင်ပြီး ပြန်လာတဲ့ P Nanda Myaing ဆိုတဲ့ ဆရာတော်ပါပဲ။ မြန်မာပြည်မှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်း လူတွေ မွဲရခြင်းအကြောင်းရင်းထဲမှာ သုံးလုံးထီဆိုတာလည်း အဓိကပါတယ်။ ဘန်ကောက်၊ ဆနမ်းမ်လွန်ကွင်းနားက ထီရုံးမှာ သူတို့ဟာသူတို့ ဂေါ်လီလုံးနှိုက်ပြီး ဖောက်တဲ့ထီကို ဒီကလူတွေက ကလင်ဒါတွေ၊ ဂွင်တွေ၊ ဘိုးတော်ရဲ့ အတိတ်နိမိတ်တွေနဲ့ စီးပွားဖြစ်လုပ်နေကြတာကို ဒီအတိုင်း ကြည့်မနေရက်တဲ့ ဦးဇင်းပီဟာ သုံးနှစ်အတွင်းမှာ သုံးလုံးကင်းစေရမည်.. အဓိဋ္ဌာန်ပြီး သူ့အသင်းအဖွဲ့နဲ့သူ ဆောင်ရွက်နေတယ်။

သီရိလင်္ကာပြန် Ashinvicittalanka ကျတော့ တစ်မျိုး။ နဂိုတည်းက ဘုန်းကြီးပေမယ့် ကိုယ့်ဘာသာအပြင် တစ်ခြား ခရစ်ယာန်၊ ဟိန္ဒူ၊ မွတ်ဆလင်၊ ဘာသာမဲ့၊ ဖရီးသင့်ကာ အားလုံးနဲ့ပါပေါင်း၊ အတွေးအခေါ် ပေါင်းစုံကို ထောင်းထောင်းကျေအောင် လေ့လာလာခဲ့တာဆိုတော့ အဲဒါတွေအကုန်ချပြပြီး လူတွေကို ခေါင်းကိုက်အောင် လိုက်လုပ်နေတာပါပဲ။ ပြည်တွင်းမှာကလည်း ဆယ်စုနှစ်အတော်များများ စာအုပ်စာပေတစ်ချို့ကို ပိတ်ထား၊ ဘာသာခြား၊ အတွေးအခေါ်ခြားတွေနဲ့လည်း အထိအတွေ့ နည်းပါးဆိုတော့ လူများစုက အမှန်တရားတစ်ခု၊ သေချာခြင်းတစ်ခုထဲမှာ ခေါင်းတွေ ၀ှက်ပြီး အိပ်မောကျနေကြတယ်။ အဲဒါကို အနှီဆရာတော်က ခေါင်းတွေကို ဇွတ်အတင်းလိုက်ဖော်ပြီး သေချာနေတာတွေကို မသေချာအောင် ပြန်လုပ်ခိုင်း၊ လက်ခံပြီးသားတွေကို မေးခွန်းထုတ်ခိုင်းနဲ့ တစ်ပြည်လုံးကို တရားရေနွေးနဲ့ တဖျောဖျော တိုက်ဆေးနေတာပါပဲ။

အဲဒီလို ဆရာတော်သုံးပါး နယ်ပယ်အသီးသီးမှာ ရွပ်ရွပ်ချွန်ချွန် လှုပ်ရှားနေကြတဲ့အချိန်မှာပဲ တစ်နေ့မှာတော့ ၄င်းဆရာတော်သုံးပါးရဲ့ အထူးတရားပွဲကြီး သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းကြီးမှာ ကျင်းပဖို့ ကြုံလာပါတယ်။

ပွဲစီစဉ်သူကလည်း တစ်ခြားမဟုတ်။ ဆရာတော်အရှင်ဝိစိတ္တဆီမှာ ခေါင်းကိုက်ကမ္မဌာန်းစီးဖြန်း၊ ပီနန္ဒဆီမှာ ချဲဒိုင်လုပ်ငန်းကို (လက်ကျန်ဘောင်ချာတွေပါ) အပ်နှံ၊ ဆရာတော်ရိုးမအလင်းဆီမှာ အရက်ကို (လက်ကျန်ဗောဒကာတစ်စိတ်ပါ) လှူပြီး သူတော်ကောင်းဖြစ်လာတဲ့ ဒကာကြီး Kyaw Ba Thit ပါပဲ။

တရားပွဲနေ့မှာ ဗီနိုင်းကြောငြာမှာ စာလုံးမဲကြီးနဲ့ ရေးထားတာက V.E.N (Three Monks’ Show) ဆိုတော့ တစ်ချို့ကလည်း Reason, Wanted, Big Bag, Idiot တို့ S.I.R အဖွဲ့လိုမျိုး ရော့ခ်အဖွဲ့ ဖရီးရှိုးထင်ပြီး ရောက်လာကြတယ်။ နားမှာလည်း နားကွင်းတွေနဲ့၊ ခါးမှာလည်း ပုလင်းတွေနဲ့။ အားကစားကွင်းအပြည့် ကြိတ်ကြိတ်တိုး စည်ကားလို့ပေါ့။ ကိုယ်တိုင် မလာနိုင်တဲ့ ပရိသတ်တွေအတွက်တော့ SkyNet ကနေ တိုက်ရိုက်ထုတ်လွှင့်ထားတယ်။

ဘုန်းကြီးသုံးပါးဟာ ပွဲစလို့ မိုက်ကိုင်မိကြတယ်ဆိုရင်ပဲ အတွဲညီညီ၊ ပါဠိပါဌ်သား၊ အကိုးအကားတွေ အာပေါက်အောင် ရွက်ရွက်ပြပြပီး အသီးသီး၊ အသကအသက ဟောကြပါလေတော့တယ်။

"အရက်ဟာ ဘာသာရေးအရလည်း အပြစ်ဖြစ်သတဲ့လကွာ၊ လူမှုရေး၊ စီးပွားရေးအတွက်လည်း ကောင်းကျိုးမပေးဘူးတဲ့လကွာ"၊ “နင်တို့ပုလင်း၊ အရှင်းကြီးရှင်းကြ၊ နင်မရှင်းရင်၊ ငါ ရှင်းမည်” (ဆိုတော့ စောစောက ခါးထိုးလာတဲ့ကောင်တွေလည်း ပုလင်းတွေကို နီးစပ်ရာအမှိုက်ပုံတွေထဲ လွှင့်ပစ်လိုက်ကြရ)။

“သုံးလုံးထိုးတာဟာ ဗုဒ္ဓအလိုကျ ဘောဂဗေဒမဟုတ်၊ sustainable economic မဖြစ်။ မှန်ကန်သော အသက်မွေးမှုလည်း မမည်"၊ “ချဲပေါက်လို့ လှူတဲ့ဆွမ်းစားရတာ တစ်စားပွဲလုံးသာ ကုန်သွားတယ်၊ ဦးဇင်းဘုရားတို့မှာ အာဟာရ လုံးလုံးမဖြစ်” (သူက ဆွမ်းဘုန်းပေးပြီးသွားရင် အဲဒီလိုမျိုးလည်း ပြောရဲတယ်)၊ “သုံးလုံးစွဲရင် ဘုန်းဘုန်းဆဲမယ်” (ဆိုတော့ တီဗီကြည့်နေတဲ့ လူတွေခမျာ ကြောက်ပြီး ဖျာအောက်က ဘောင်ချာတွေထုတ်၊ ချက်ချင်း မီးရှို့လိုက်ကြရ)။

“ဗုဒ္ဓကိုယ်တိုင်လည်း ၀ိဘဇ္ဇ၀ါဒီ၊ ခင်ဗျားတို့လည်း တရားတွေကို ဝေဖန်ဆန်းစစ်ကြ…၊ ကိုယ့်ဟာကိုယ်ပဲ အမှန်လို့ထင်တာဟာ အတ္တ၀ါဒုပါဒါန်ပဲ” ၊ “ခေါင်းမကိုက်ရင် ချောင်းရိုက်မည်” စသဖြင့် စသည်ဖြင့် သူ့စတိုင်အတိုင်း ခပ်မာမာ ဟောကြားလိုက်တော့ ပရိသတ်ထဲက ခါးပတ်ကြိုးမှာ တွဲတိတွဲလောင်းတွေ ဆွဲလာတဲ့ ရော့ကာစတိုင်နဲ့ လူငယ်တွေတောင် ဖင်ဗူးတောင်း တစ်ထောင်ထောင်နဲ့ ဦးတွေချလို့။

ဒီလိုနဲ့ တရားပွဲကြီး ပြီးဆုံးတော့ အောက်ကပရိသတ်ကြီးက သံပြိုင်အော်ကြတယ်..၊
“အရက်၊ သုံးလုံး၊ ခေါင်းကိုက်” ၊ “အရက်၊ သုံးလုံး၊ ခေါင်းကိုက်”။
ပြီး.. ရေသန့်ဗူးတွေနဲ့… လိုက်....၊
ဆရာတော်တွေကို ပြေးကပ်ကြ။

အတိုချုပ်ပြောရရင်တော့ ဒီတရားပွဲကြီးဟာ သမိုင်းတွင်အောင်ကို အောင်မြင်တယ်။ တစ်နိုင်ငံလုံးမှာ အရက်ပြတ်သူတွေ ပြတ်သွား၊ သုံးလုံးတွေကို တစ်သက်တာ စွန့်လွှတ်သူတွေ စွန့်လွှတ်၊ လွတ်လပ်သောဗုဒ္ဓစ် ဖြစ်တဲ့သူတွေ ဖြစ်ကုန်။

ပြီး ဆရာတော်အသီးသီးလည်း နာမည်အကြီးကြီးတွေ ကြီးသွားကြတယ်.. "အရက်ဆရာတော်"၊ "သုံးလုံးဆရာတော်"၊ "ခေါင်းကိုက်ဆရာတော်"… တဲ့။

ဒီပွဲစီစဉ်သူကိုလည်း "အဂ္ဂမဟာမဏိဇောတဓရဘွဲ့" ဒေါ်အောင်ဆန်းစုကြည်က ချီးမြှင့်တယ်။ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...