Saturday, February 1, 2014

တရားကျင့်ခြင်း


ဒါနဉ္စ ဓမ္မစရိယာ စ၊
ဥာတကာနဉ္စ သင်္ဂဟော။
အန၀ဇ္ဇာနိ ကမ္မာနိ၊
ဧတံ မင်္ဂလ မုတ္တမံ။
ဘုန်းတော်ကြီး မြတ်စွာဘုရားက နတ်သားတစ်ပါး အမေးရှိလို့ နတ်ပရိတ်သတ်တွေကို ဖြေပေးတဲ့ တရားစကား မင်္ဂလသုတ္တန် တရားတော်မြတ်ကြီးပါ။

ဒါနဉ္စ - အလှူပေးတာလည်း မင်္ဂလာပါပဲ။ ဓမ္မစရိယာစ - တရားကျင့်တာလည်း မင်္ဂလာပါပဲ။ အန၀ဇ္ဖာနိကမ္မာနိ - အပြစ်ကင်းတဲ့ အလုပ်တွေ လုပ်တာလည်း မင်္ဂလာပါပဲ။ ဒီဂါထာမှာ မင်္ဂလာတရားသုံးမျိုးပြပါတယ်။

ကြီးပွားချမ်းသာ တိုးတက်အောင်မြင်စေရင် ဒါမင်္ဂလာတရားတွေပဲ။ ကြီးပွားချမ်းသာ တိုးတက်အောင်မြင်ဖို့ရာ အကြောင်းတွေလည်း မင်္ဂလာတရားပါပဲ။ ဒီဂါထာတော်မြတ်မှာ ဘုန်းတော်ကြီး မြတ်စွာဘုရားက မင်္ဂလာသုံးပါး ဟောထားတော်မူပါတယ်။

ဒါနဉ္စ - ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်းဟာလည်း ဒါန။ ပြီးခဲ့တဲ့အပတ်က ဒါနအကြောင်း ပြောခဲ့ပြီးပြီး။ ဒါနအကြောင်းပြောလို့ကတော့ မကုန်နိုင်ပါဘူး။ ဒါနဆိုတဲ့ မင်္ဂလာမည်ပုံဟာ အကုသိုလ်တွေကို ပယ်နိုင်ရင် မင်္ဂလာပါပဲ။ နီဝရဏတွေကို ပယ်နိုင်ရင် မင်္ဂလာပါပဲ။ ကိလေသာတွေကို ပယ်နိုင်ရင် မင်္ဂလာပါပဲ။ ဒုက္ခပေးမယ့် ဆိုးကျိုးဒုက္ခတွေကို ပယ်နိုင်ရင်လည်း မင်္ဂလာပါပဲ။ ဒါန ပေးကမ်းစွန့်ကြဲလှူဒါန်းတာလည်း မင်္ဂလာပါပဲ။

ပြီးတော့ ဓမ္မာစရိယာစ - တရားကျင့်တာလည်း မင်္ဂလာတရားပါပဲ။ တရားကျင့်တာနဲ့ ပတ်သက်ပြီးတော့ ဘုန်းတော်ကြီး မြတ်စွာဘုရားရဲ့ အလိုကျပြောရရင် တရားကျင့်တယ်ဆိုတာ လောကမှာ တရားကျင့်တာရှိတယ်။ မတရားကျင့်တာရှိတယ်။ မတရားကျင့်တာတွေ မလုပ်ဘူးဆိုရင် တရားကျင့်ဖြစ်နေတာတဲ့။

သီလ၊ သမာဓိ၊ ပညာဆိုတာတရားကျင့်စရာသူတော်ကောင်း သိတ္တိတွေပါ။ သူ့အသက် သတ်၊ သူ့ဥစ္စာခိုး၊ သူများအိမ်ရာ လွန်ကျူး၊ မဟုတ်တမ်းတရမ်းပြော၊ လိမ်ညာဝါကြွားပြော၊ ကုန်းချောကြမ်းတမ်းတဲ့စကားတွေဆို၊ သူများပစ္စည်းကို လိုချင်၊ အလကားနေရင်းလိုချင်၊ သူများကိုပျက်စီးစေချင်၊ အယူဝါဒဆိုးလို့ ပြောရလောက်အောင် စိတ်ဓာတ်တွေမဖြောင့်မှန်ရင် ဒါ မကောင်းတဲ့ မတရားတဲ့၊ မကောင်းတဲ့အကျင့် ဒုစရိုက်ဆယ်ပါးလို့ ခေါ်ပါတယ်။

အဲဒီလို မကောင်းသဖြင့်ကျင့်တာကို ဒုစရိုက်လို့ခေါ်ပါတယ်။ မတရားကျင့်တယ် ခေါ်ပါတယ်။ အဲဒါရဲ့ အပြန်အားဖြင့် မကောင်းတာမလုပ်ရင် သုစရိုက်ကျင့်တယ်။ တရားကျင့်တယ် ခေါ်ပါတယ်။ သုစရိုက်ကျင့်တယ်ဆိုတော့ မကောင်းတဲ့အကျင့် မကောင်းတာကျင့်တာတွေကို မလုပ်တော့ဘူး။ တခုရှောင် တစ်ခုသုစရိုက် ဖြစ်တာပဲ။ နှစ်ခုရှောင် နှစ်ခုသုစရိုက်ဖြစ်တာပဲ။ ဆယ်ခုရှောင် ဆယ်ခုသုစရိုက် ဖြစ်တာပါပဲ။ အဲဒိလို သုစရိုက်ဖြစ်အောင် ကျင့်တာမျိုးကို ဓမ္မာစရိယလို့ခေါ်ပါတယ်။

ပြောထားခဲ့တဲ့ မင်္ဂလာတရားတော်တွေနဲ့ ပတ်သက်ပြီးတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ မင်္ဂလာရှိသွားတယ်။ လုပ်ရပ်ပိုင်းဆိုင်ရာ မင်္ဂလာရှိသွားတယ်၊ အကျိုးပေးနဲ့ဆိုင်ရာ မင်္ဂလာရှိသွားတယ်။ အဲဒီလို မင်္ဂလာနဲ့ပတ်သက်ပြီး အဆင့်ဆင့်ခွဲပြီး ပြောခဲ့တာ ရှိပါတယ်။ ဘုန်းတော်ကြီးမြတ်စွာဘုရားဟောထားတဲ့ “ဓမ္မစရိယတရားကျင့်တယ်၊ တရားကျင့်တဲ့သူကို တရားက စောင့်ရှောက်တယ်။ မတရားကျင့်တဲ့သူကိုတော့ မတရားကပဲ ဖျက်ဆီးတယ်” လို့ဒီလိုပြောခဲ့ဖူးတာ ရှိပါတယ်။

တရားက စောင့်ရှောက်တယ်ဆိုကတည်းက ကောင်းကျိုးချမ်းသာတွေ ပေးနေတယ်။ အကျိုးပေးမင်္ဂလာတွေ ပြည့်စုံတယ်။ တရားကစောင့်ရှောက်နေမှတော့ ဘယ်ဘေး၊ ဘယ်ရန်၊ ဘယ်အန္တရာယ်မျှ ရောက်မလာတော့ပါဘူး။ အဲဒါမကောင်းကျိုးတွေ မဖြစ်တော့ပါဘူး။ တရားကျင့်ချင်တယ်ဆိုရင် သုစရိုက်ဆယ်ပါးကို ကျင့်လိုက်ကြပါ။ ဒုစရိုက်ဆယ်ပါးကို ရှောင်လိုက်ကြပါ။

လောကမှာ တရားဓမ္မလို့ သတ်မှတ်ထားတာတွေ အများကြီးပါ။ ဘုန်းတော်ကြီးမြတ်စွာဘုရားအနေနဲ့ ဓမ္မကိုပြောရင်တော့ ဒါန၊ သီလ၊ ဘာဝနာ၊ ဝေယျာဝစ္စ၊ အပစာယျာန၊ ဓမ္မဒေသနာ၊ ဓမ္မဿဝန၊ ပတ္တိဒါန၊ ပတ္တာနုမောဒနာ၊ ဒိဋ္ဌိဇုကမ္မလို့ ဒီလိုကုသိုလ်ဓမ္မဖြစ်ကြောင်း တရားဆယ်ပါး ရှိပါတယ်။ အဲဒီ ကုသိုလ်ဖြစ်ကြောင်းကိုလည်း ဓမ္မတရားတဲ့ အလုပ်တွေ ကုသိုလ်ဖြစ်မယ့် အလုပ်တွေ၊ ကောင်းကျိုးပေးမယ့် အလုပ်တွေ၊ အကုသိုလ်ပယ်မယ့် အလုပ်တွေ ကုသိုလ်ဖြစ်မယ့်အလုပ်တွေ၊ ကောင်းကျိုးပေးမယ့် အလုပ်တွေ၊ အကုသိုလ်ပယ်မယ့်အလုပ်တွေ ဖြစ်တဲ့အတွက် သူတို့ဟာလည်း မင်္ဂလာအလုပ်တွေလို့ ခေါ်ပါတယ်။

စိတ်ဓာတ်ရေးရာအနေနဲ့ မင်္ဂလာရှိရုံတင်မကဘူး။ အလုပ်လည်း တကယ်မင်္ဂလာရှိအောင် လုပ်ရပါတယ်။ လှူလည်း လှူရတယ်။ သီလလည်းစောင့်ရတယ်။ ဘာဝနာတရားတွေလည်း ပွားများရတယ်။ ဒီအလုပ် ဆယ်မျိုးကို ကုသလကမ္မပထ ဆယ်ပါး၊ ကုသိုလ်ဖြစ်ကြောင်း မင်္ဂလာဖြစ်ကြောင်းဆယ်ပါးကို လုပ်ရ ကျင့်ရတာပါ။ ကုသိုလ်ရအောင်လုပ်ရမယ့် လုပ်ငန်းဆယ်ပါးကို အဲဒါ ဓမ္မစရိယာလို့ ပြောတာပါ။

တရားကျင့်တယ်ဆိုတာ အဲဒီ ဆယ်မျိုးကိုကျင့်တာ။ တစ်မျိုးကျင့်နိုင်ရင် တမျိုးကျင့်၊ ကျေးဇူးများတာပါပဲ။ နှစ်မျိုးကျင့်နိုင် နှစ်မျိုးကျင့်၊ ကျေးဇူးများတာပါပဲ။ ဆယ်မျိုးကျင့်နိုင် ဆယ်မျိုးစလုံးကျင့်၊ ကျေးဇူးများတာပါပဲ။ မင်္ဂလာ တကယ်ရှိချင်တယ်။ ကြီးပွားချင်တယ်။ တိုးတက်ချင်တယ်၊ အောင်မြင်ချင်တယ်ဆိုရင် ဒီဆယ်မျိုးလုံး ကျင့်ကြပါ။

ကြီးပွားစရာတွေကလည်း အများကြီးပါပဲ။ မင်္ဂလာဆိုတာ ကောင်းကျိုးချမ်းသာကို ပေးတယ်။ အမင်္ဂလာကို ပယ်တယ်။ ဆိုးကျိုးတွေ မလာဘူးလို့ ဒီလိုတစ်ခုပြောရုံတင် မကဘဲနဲ့ ပစ္စည်းဥစ္စာချမ်းသာချင်တဲ့ ပုဂ္ဂိုလ်က ဒါနကျင့်ရမှာပဲ၊ လှူရမှာ။ တချို့က ဘယ်လောက်ပဲ ပစ္စည်းဥစ္စာ ချမ်းသာ ချမ်းသာ သီလမပြည့်စုံဘူး။ အဲဒီလို ဓမ္မာစရိယ သီလအကျင့်ကို မကျင့်တဲ့ပုဂ္ဂိုလ်ဟာ အသက်မရှည်ဘူး။ အနာရောဂါများမှာပါပဲ။

ကုသိုလ်တရားအလုပ်ကို ဆယ်ပါးခွဲလိုက်တယ်။ ဒီဓမ္မကျင့်စရာ အကျင့်ခွဲလိုက်တာဟာ အကျိုးပေးတွေ ဆယ်မျိုးကို ပြန်ခွဲတာပါပဲ။ အကျိုးပေးမင်္ဂလာနဲ့ပတ်သက်ပြီး အမျိုးမျိုးရှိကြတဲ့အထဲမှာ ဆယ်မျိုးရှိတယ်လို့ နှလုံးသွင်းပြီးတော့ လုပ်ရမယ့်အလုပ်ဆယ်မျိုး ခွဲလိုက်တာပါ။

လှူရင် ချမ်းသာတဲ့ အကျိုးရမှာပဲ။ ချမ်းသာတဲ့ မင်္ဂလာရှိမှာပဲ။ ပစ္စည်းဥစ္စာချမ်းသာတယ်။ ကိုယ့်ကသူများကို လှူရင် ကိုယ့်ကိုလည်း သူများက ပြန်လှူမှာပဲ။ ကိုယ်က သူများကို ကူညီရင် ကိုယ့်ကိုယ်လည်းသူများက ပြန်ကူညီမှာပဲ။ ဒါတွေကတော့ ဓမ္မသဘောတွေပါ။ တရားက တရားရှိတဲ့သူကို စောင့်ရှောက်တယ်ဆိုတဲ့အတိုင်း စောင့်ရှောက်တာပါပဲ။ ဒါတွေကလည်း နည်းနည်းလိုချင်ရင် နည်းနည်းကျင့်ကြည့်မှ သိရမယ့်တရားသဘောတွေပါ။ များများလိုချင်လည်း များများကျင့်ကြည့်မှ သိရမှာပါ။ လိုချင်တယ်ဆိုတဲ့စကားထက် များများကျင့်လေလေ များများ ပိုသိလာလေ ပါပဲလို့ ပြောချင်သုံးချင်ပါတယ်။

ဒါနပြီးတော့ သီလ။ ဘယ်လောက်ပဲလှူလှူဒါနအကျိုးကြောင့် စီးပွားဥစ္စာပြည့်စုံတယ်။ ဒါပေမဲ့လို့ သီလအားနည်းတဲ့ ပုဂ္ဂိုလ်များကျတော့ ကျန်းမာရေး မကောင်းတာတွေ တစ်ပုံကြီးရှိတတ်ပါတယ်။ အသက်တိုသွားကြတာတွေ တစ်ပုံကြီး။ “ဟာ - ဘုန်းသာကြီးတယ်ကွာ အသက်မရှည်ဘူး” ဆိုတာမျိုးတွေပေါ့။ “ဟာ - အသက်သာရှည်တယ်ကွာ၊ စားစရာ သောက်စရာမရှိဘူး” ဆိုတာမျိုးတွေပေါ့။ လောကမှာ ဓမ္မသဘောတွေက တစ်ကဏ္ဍစီ တစ်ကဏ္ဍစီ အကြောင်းအကျိုး ဆက်စပ်ပြီး ဖြစ်နေတာ။ ဒီလောကမှာကျင့်တဲ့ အကျင့်တရားတွေဟာ တခုကျင့်ရင် တစ်ခုကောင်းကျိုးရတယ်။ ရောထွေးတာမဟုတ်ဘူး။ တစ်ခုစီ တစ်ခုစီ ရှင်းနေပါတယ်။

ဘာဝနာတရား ပွားများတာမှာ သမထ ဘာဝနာပွားများရင် စိတ်ကြည်တယ်။ ၀ိပဿနာဘာဝနာပွားများရင် ဥာဏ်ကောင်းတယ်။ ဟုတ်တယ်။ တချို့ချမ်းသာတယ် လှူခဲ့လို့။ ဒါလည်း တရားကျင့်ခဲ့လို့ပါပဲ။ တချို့က ကျန်းမာရေးကောင်းတယ်။ ဒါလည်းသီလတရား ကျင့်ခဲ့လို့ပါပဲ။ ဒါပေမဲ့ ဥာဏ်မကောင်းရှာဘူး၊ စိတ်ကြည်တာ စိတ်မကြည်တာနဲ့ မဆိုင်တော့ဘူး။ တချို့မျက်ရည်နဲ့မျက်ခွက် ဖြစ်နေရတဲ့ ပုဂ္ဂိုလ်တွေအများကြီးပဲ။

သမထတရား ပွားများအားထုတ်ရင် စိတ်ကြည်တဲ့ အကျိုးရတယ်။ မျက်ရည်နဲ့မျက်ခွက်က လွတ်တယ်ပေါ့။ တချို့ကျတော့လည်း အသိဥာဏ်နည်းလိုက်တာ။ မဆုံးဖြတ်တတ်ရှာဘူး။ မဆောင်ရွက်တတ်ရှာဘူး။ မစီစဉ်တတ်ရှာဘူး။ ၀ိပဿနာတရားကို အားထုတ်ရင် အသိဥာဏ်ကောင်းလာပါတယ်။ ချမ်းသာတာနဲ့ စီစဉ်တတ်တာနဲ့ မဆိုင်ပါဘူး။ တစ်ခုစီ တစ်ခုစီ တခြားစီပါပဲ။ အဲဒီလိုပဲ အကျိုးပေးတွေက ကွာခြားသွားပါတယ်။

မင်္ဂလာရှိရင်ပြီးတာပဲလို့ ဆိုတာမျိုးကတော့ ဟုတ်ပါတယ်။ ကောင်းကျိုးချမ်းသာတွေကိုတော့ ရတာပါပဲ။ ကောင်းကျိုးချမ်းသာတွေကိုတော့ ရတာပါပဲ။ အကျိုးပေးမင်္ဂလာတွေနဲ့ ပတ်သက်ပြီးကောင်းကျိုးပေးတာတွေ အများကြီးရှိပါတယ်။ ဆယ်မျိုးခွဲပြထားတယ်။ ဝေယျာဝစ္စနဲ့ ပတ်သက်ပြီးတော့ ကိုယ်က ပစ္စည်းဥစ္စာချမ်းသာတယ်။ သူများကို ပေးကျွေးနေတယ်။ ဝေယျာဝစ္စတော့လုပ်မပေးဖြစ်ပါဘူး။ ကိုယ့်ကို ဝေယျာဝစ္စ ပြန်ပြီးလုပ်ပေးမယ်လို့မတွက်ပါနဲ့။ ကိုယ်က သူတို့ကို ဝေယျာဝစ္စလုပ်ပေးနေ၊ လုပ်ပေးခဲ့ဖူးမှ သူတို့ကလ်း ဝေယျာဝစ္စ ပြန်လုပ်ပေးတာတွေ ရှိလာမှာပါ။

အပစာယန - လူကြီးသူမတွေကို ရိုသေတယ်။ ကိုယ်က လူကြီးသူမကို မရိုသေဘူးဆိုရင် ကိုယ့်ကိုလည်း ကိုယ့်သားသမီး ဘယ်တော့မျှ မရိုသေပါဘူး။ ကိုယ်က သူများကို ရိုသေတဲ့မင်္ဂလာက ကိုယ့်ကိုသူများက ပြန်ရိုသေတဲ့ အကျိုးပေးမင်္ဂလာကို ရရှိစေပါတယ်။

ဒီသူတော်ကောင်းဓာတ်တွေက တစ်ခုစီ တစ်ခုစီ အကြောင်းအကျိုး ပြန်လှန် ဆက်စပ်နေသလို ဒီ တရားဓာတ်က တရားရှိတဲ့သူကို စောင့်ရှောက်တယ်ဆိုတာ အဲဒီလိုပါပဲ။ အပစာယန - လူကြီးသူမကို ရိုသေတယ်။ ဘုရား တရား သံဃာကို ရိုသေတယ်။ ကိုယ့်လည်း ရိုသေသမှု ပြုတာခံရတာပါပဲ။

နောက်တရားဟောပေးတယ်။ ကိုယ်က သူများကို တရားဟောပေးတယ်။ တရားဟောပေးတယ်ဆိုတော့ ခုလို ပလ္လင်ပေါ်တက်ပြီး ဟောတာမျိုးလည်း တရားဟောတာပါပဲ။ သူတစ်ဦးတစ်ယောက်နားလည်အောင် စာပေသင်ကြားပေးတာလည်း တရားဟောတာပါပဲ။ ကိုယ်ကသူများကို စာတွေပေတွေ စိတ်ပါလက်ပါ သင်ကြားပေးရင် ကိုယ်အတတ်ပညာသင်ရတာ လွယ်တာပေါ့။ ကိုယ်သူများကို ပြောပေးတယ်။ ကိုယ့်ကိုသူများက တရားဟောပေးတဲ့အခါမှာ သေသေချာချာ တရားနာတယ်။ သူများ ဆုံးမပေးတဲ့အခါ သူများအဆုံးအမတွေကို သေသေချာချာ နားထောင်တယ် ဆိုလို့ရှိရင် ကိုယ့်အလှည့်ကျလည်း ကိုယ်ပြောရင် သူများတွေက သေသေချာချာ နားထောင်ပေးပါတယ်။

တကယ်တမ်းကျတော့ တရားတော်တွေက သတ္တိ တစ်ခုစီ တစ်ခုစီခွဲလိုက်ရင် မင်္ဂလာဆိုတာ တစ်ခုတည်းဆိုပေမဲ့ အခု မင်္ဂလာဖြစ်ကြောင်း ဓမ္မစရိယာစ တရားအကျင့်ဆယ်မျိုးမှာ သူ့အပိုင်းသူ့အပိုင်း သူ့ကဏ္ဍစီ ဖြစ်သွားကြ၊ ရှိသွားကြတာပါ။

ကိုယ်ကသူများကို စာပေတွေ ဒီလောက်သင်ပေးလျက်နဲ့ ကိုယ့်စကားကို ဘာလို့ နားမထောင်တာတုံးဆိုရင် ကိုယ်က စာသင်ပေးတာ သက်သက်ပဲ။ ကိုယ်ကသူများကို စာသင်ပေးတယ်။ ကိုယ်က သူများကို ဆုံးမတယ်ဆိုလို့ရှိရင် ကိုယ့်ကိုစာသင်ပေးမယ့်သူ ဆုံးမပေးမယ့်သူပေါ်တာပါပဲ။ ရှိတာပါပဲ။ ဒါပေမဲ့သူများက ကိုယ့်ကို ဆုံးမတယ်။ စာသင်ပေးတယ်။ ကိုယ်က သေသေချာချာ နားမထောင်ဘူးဆိုရင် ကိုယ့်ကျတော့လည်း ဘယ်သူမျှ သေသေချာချာ နားမထောင်ပါဘူး။ ဓမ္မဿဝန တရားနာတာရဲ့ အကျိုဆက်တွေပါ။

ဓမ္မဒေသနာ - တရားဟောတာပါ။ တရားဟောပေးတယ်။ တရားနာတယ်။ ဒါလည်းပဲ ဓမ္မာစရိယာ တရားအကျင့် ကျင့်တာပါပဲ။ မတရားကျင့်တာ မဟုတ်ဘူး။ ပြီးကြတော့ အမျှဝေတယ်၊ ပတ္တိဒါန။ ကိုယ်ပြုထားတဲ့ ကုသိုလ်ကောင်းမှု အစုစုတွေကို သူများတွေကိုလည်း ရစေချင်လို့စိတ်နဲ့ နှုတ်နဲ့ ဝေငှပေးတာပါ။ လုပ်ရပ်လည်း အမြင်ကောင်းတယ်။ မင်္ဂလာပါပဲ။ စိတ်ဓာတ်လည်း စေတနာကောင်းတယ်။ မင်္ဂလာပါပဲ။ အကျိုးပေးလည်း မင်္ဂလာပဲ လာမှာပေါ့။

သူများရဲ့ အသိပညာတွေ သူများရဲ့ ကုသိုလ်တွေ ကိုယ့်ကို အမျှဝေပေးမှာပဲ။ ကိုယ်ကသူများတစ်တွေကို အမျှပေးဝေရင် ကိုယ်က၀မ်းမြောက်ဝမ်းသာ သာဓုခေါ်သလို သူများလုပ်ရပ်ကို ချီးမွမ်းပြီး သာဓာခေါ်သလို ကိုယ့်လုပ်ရပ်ကိုလည်း သူများတွေက ချီးမွမ်း သာဓုခေါ်မှာပါပဲ။

နောက် အယူလေးဖြောင့်မှန်တာ၊ စိတ်ထားဖြောင့်တာပါ။ အယူဝါဒ ဖြောင့်တာပါ။ ဒီသမ္မာဒိဋ္ဌိလို့ခေါ်တဲ့ စိတ်ထားဖြောင့်တာလေး ရှိကြတဲ့အခါကျတော့ ဇဝေဇ၀ါ မတွေးရတော့ဘူး။ ဒီလိုလေးလား။ ဟိုလိုလေးလား။ ဒီလိုလုပ်ရင် ကောင်းမလား။ ဟိုလိုလုပ်ရင် ကောင်းမလားလို့ တွေးကို မတွေးးရတော့ဘူး။

အဲ့ဒိစိတ်ထားဖြောင့် ကုသိုလ်ဖြစ်အောင် သူများကို ကူညီခဲ့ဖူးတယ်။ မင်္ဂလာရှိအောင် သူမျာကို ကူညီပေးတယ်။ ကိုယ့်စိတ်ကလေး ဖြောင့်ဖြောင့်လေးလို့ အောက်ထစ်ဆုံး အဲဒီလောက်ကလေးထားကြည့်။ အယူဝါဒ သမ္မာဒိဋ္ဌိဖြောင့်တာ ခဏထား။ ဒိဋ္ဌိဇုကမ္မ - စိတ်ဖြောင့်ဖြောင့်လေး ထားကြည့်။ ကိုယ့်ဖြောင့်ဖြောင့်စင်းစင်း ရိုးရိုးသားသားလေးနဲ့ ကူညီခဲ့တယ်ဆိုရင် ကိုယ်ကိုလည်းပြန်ပြီး ကူညီတဲ့သူကလည်း ဖြောင့်ဖြောင့်စင်းစင်းလေး ရိုးရိုးသားသားလေးနဲ့ ပြန်ကူညီမှာပါပဲ။ အဲဒါဓမ္မတရား ဆယ်ပါး၊ ကုသလကမ္မပထ တရားကုသိုလ် မင်္ဂလာဖြစ်ကြောင်း ဆယ်ပါးတွေပါပဲ။

အဲဒိ အကျင့်တွေကို ကျင့်ရတာမင်္ဂလာဖြစ်ပါတယ်။ မင်္ဂလာရှိပါတယ်။ မင်္ဂလာရပါတယ်။ အဲ့ဒိအကျင့်တွေကို တစ်ခုစီကျင့်ရင်တောင် မင်္ဂလာရှိပါတယ်ဆိုရင် ဆယ်ခုစလုံးကျင့်နိုင်ရင်တော့ အလွန်ကောင်းပါတယ်။ အလွန့်အလွန်ကို မင်္ဂလာနဲ့ပြည့်စုံနိုင်ပါတယ်။ ဘယ်လောက်ထိ ပြည့်စုံလာသလဲဆိုတော့ ကိုယ့်ရဲ့စိတ်ဓာတ်ရေးရာ မင်္ဂလာတွေတအား အားကောင်းလာပါတယ်။ အဲဒိ စိတ်ဓာတ်ရေးရာ မင်္ဂလာတွေ အားကောင်းလာရင် စိတ်ဓာတ်ရေးရာ မင်္ဂလာလို့ခေါ်တဲ့ ကိလေသာနီဝရဏတွေ ကင်းလာပါတယ်။ လုပ်ရပ်ရေးရာမင်္ဂလာတွေ အားကောင်းလာရင် ကိုယ့်လုပ်ရပ်လည်း အကုသလိုလ် အမင်္ဂလာ လုပ်ရပ်ဆိုးတွေ မဖြစ်တော့ပါဘူး။ အကျိုးပေးတာတွေက ကောင်းသထက် ကောင်းလာတော့တာပါပဲ။

ဒါကြောင့်မို့ ဓမ္မစရိယာ မင်္ဂလာအနေနဲ့တရားကိုကျင့်ပါ။ တရားကကိုယ့်ကို စောင့်ရှောက်တယ်။ ကိုယ်သိုလ်ကောင်းမှုဖြစ်ကြောင်း ဆယ်မျိုးကိုပြုပါ။ အဲဒီ ကုသိုလ်ကောင်းမှုတွေက ကိုယ့်ကိုစောင့်ရှောက်တယ်။ ဒုစရိုက် မကျင့်သင့် မလုပ်သင့်တဲ့အဓမ္မတွေကို သုစရိုက်စပဲ ပယ်နိုင်ပါတယ်။

သုစရိုက်တရားဆယ်ပါး ကျင့်ကြံ ကြိုးကုတ်အားထုတ်နိုင်သဖြင့် စိတ်ဓာတ်လည်း မင်္ဂလာရှိ လုပ်ရပ်လည်း မင်္ဂလာရှိပြီး၊ ကောင်းကျိုးချမ်းသာမင်္ဂလာတွေ ကြီးပွားတိုးတက် အောင်မြင်တဲ့၊ နိဗ္ဗာန်တိုင်ထိ အောင်မြင်တဲ့၊ နိဗ္ဗာန်ချမ်းသာကို ရနိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ ကုန်သတည်း။ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...