Friday, February 7, 2014

ချစ်ခြင်း မုန်းခြင်းနှင့် စိတ်

ကျွန်တော်တို့သည် လူသားများဖြစ်သောကြောင့် ကျွန်တော်တို့အဖွဲ့အစည်းသည် လူများစွာတို့ဖြင့်ဖွဲ့စည်းထားသောလူ့ အဖွဲ့အစည်း ကြီးတစ်ခုဖြစ်သည်။ လူ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်သောကြောင့် လူပေါင်းများစွာ ပတ်ဝန်းကျင်ပေါင်းများ စွာဖြင့် ပေါင်းသင်းဆက်ဆံရတတ်သည်။ လူဆိုသည်ကား လူ့အကြိုက်နတ်မလိုက်နိုင်၊ လူများလေ ချီးများလေ ဆိုသည့်အတိုင်း အဖွဲ့အစည်းများ သူတစ်ပါးနှင့် ဆက်ဆံလုပ်ကိုင်ရသည့်အခါတိုင်း ၊ပြောဆိုဆက်ဆံရသည့်အခါတိုင်း စိတ်ဝမ်းကွဲခြင်း နားလည်မှုလွဲမှားခြင်းတို့ အမြဲကြုံတွေ့ရတတ်ပေသည်။ ငါလုပ်သည်သာ အမှန် ငါ ပြောသည်သာ အကောင်းဟုတွေးထင်တတ်သည့် သဘောသဘာဝရှိသည့် အလျှောက် မိမိ၏စိတ်ခံစားမှုကို အခြေခံကာ အခြားသူတို့နှင့် ဆန့်ကျင်ဘက်ကိုရောက်ရောက် သွားတတ်သည်။
ထိုစိတ်ကြောင့်ပင် ညီကိုမောင်နှမချင်း ချစ်သူငယ်ချင်းအချင်းချင်း မိသားစုအချင်းချင်း စိတ်ဝမ်းကွဲမှုကိုဖြစ်ပေါ်စေနိုင်သည်။ ထို အရာတို့သည် တင်္ဒဂ စိတ်ခံစားချက်ကို ဦးစားပေးမှုတို့ကြောင့် ဖြစ်ပေါ်လာခဲ့သော အကျိုး တရားတို့ဖြစ်သည်။ ဖြစ်ပေါ်လာခဲ့သော အကျိုးတရားတို့၏ နောက်ကွယ်တွင်ခိုင်မာသည့် အကြောင်းတရားဆိုသည်ကရှိစမြဲပင်။ ထို့ကြောင့်လူ့အဖွဲ့အစည်းတွင် မိမိဖြစ်ချင်သည့် လုပ်ချင်သည့် မှန်သည်ထင်သည့် အရပ်ရပ်တိုင်းအား မိမိသဘော တစ်ခုတည်းဖြင့် ဆုံးဖြတ်ခြင်းထက် အခြားသူတို့ ကန့်ကွက်သည်မှာ အဘယ်ကြောင့် ကန့်ကွက်သနည်း၊ အဘယ့်ကြောင့် မိမိအား မှားသည်ဟု ထောက်ပြသနည်းဟု မိမိကိုယ်ကို ဆန်းစစ်တတ်ရန်လိုအပ်လှပေသည်။ မတူညီသည့် အရာများကို အမုန်းတရားဖြင့်ဖြေရှင်းခြင်းထက် တူညီသည့် အရာကို စစ်မှန်သော ချစ်ခြင်းမေတ္တာဖြင့် ပေါင်းစည်းလုပ်ဆောင်က လှပသော ပတ်ဝန်းကျင် တစ်ခုကိုတည်ထောင်နိုင်မည်ဖြစ်ပေသည်။ ကိုယ်တွေ့ အဖြစ်အပျက်လေးတစ်ခုကိုတင်ပြချင်ပါသည်။ စာရေးသူ ငယ်စဉ်ဘ၀က ဆင်းရဲလှသည် မဆိုသာသော်လည်း မပြည့်စုံစွာဖြင့် ငယ်ဘ၀များကိုဖြတ်သန်းခဲ့ရသည်။ အထက်တန်း ကျောင်းသားဘ၀တွင် အတော်အတင့် လှပသော ၊ အတော်အသင့် ချမ်းသာသော မိန်းကလေးတစ်ဦးနှင့် ရည်ငံကာချစ်သူဘ၀သို့ရောက်သည်။ထိုကာလတွင်ကား ကျွန်ုပ်၏ချစ်သူသည် တာဝတိသာမှ နတ်သမီးလေးတစ်ပါးဖြစ်ခဲ့ကာ စစ်ပွဲ တိုင်းကို အနိုင်တိုက်နိုင်ခဲ့သော စစ်သူကြီးပမာ သူငယ်ချင်းများကြားတွင် ၀ံ့ကြွားခဲ့သည်။ ချစ်သူ သက်တမ်း၆ လအကြာတွင် ကျွန်ုပ်ချစ်ရသော ချစ်သူသည်ကား ပိုက်ဆံချမ်းသာသော ကျွန်ုပ်၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်သူငညို နှင့် ခိုးရာလိုက်ပြေးသွားခဲ့လေတော့သည်။ ထိုသတင်းကြားလိုက်ရသော အခိုက်အတန့် တွင် ဖြစ်ပေါ်လာသောဒေါသကား မြင်းမိုရ်တောင်ထက်ပင် ကြီးမည်ဟုထင်သည်။ တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းလိုက် သတ်လိုက်ချင်သည်။ ကျွန်ုပ်ချစ်သူ၏ အကြောင်းပြချက်ကား ကျွနုပ်ကဆင်းရဲသောကြောင့်ဟု နောင်သော်သူငယ်ချင်းများကပြန်ပြောပြကြသည်။ နောက်ရက်များတွင်ကား သူတို့လက်ထပ်လိုက်ကြသည်။ ကျွန်ုပ် သူတို့လက်ထပ်ပွဲသို့မသွား။ ငညိုတို့ စုံတွဲကွဲ မြင်လေ ကျွန်ုပ်ဒေါသတို့ပိုကြီးလာလေဖြစ်သည်။ ထို့ကြောင့် ငညိုတို့ ဒီလမ်းကလာလျှင် ကျွန်ုပ်က ဟိုဘက်လမ်းကသွားသည်။ ငညိုတို့ ဒီဆိုင်ထိုင်လျှင် ကိုယ်က ဟိုဘက်ဆိုင်သွားထိုင်သည်။ ငညို့ကိုလုံးဝစကားမပြောဖြစ်တော့။ မလွှဲသာလမ်းမှာတွေ့ချိန် ငညိုက ပြုံးပြလျှင်ပင် ထိုအပြုံးသည် ကျွန်ုပ် အဖို့ လှောင်ပြုံးဟုခံစားမိသည်။ ငညို ဘာလုပ်လုပ် ကျွန်ုပ်အဖို့ မသတီစရာတွေချည်းဖြစ်နေသည်။ ထိုသို့ တစ်မြို့တည်းနေ အချစ်ဆုံးသူငယ်ချင်း နှစ်ဦး မကားမပြောမဆိုဖြစ်ကြတော့ပဲ အထက်တန်းပြီးသည့်နောက် ကျွန်ုပ်က ရန်ကုန်သို့ အလုပ်ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။ ထိုသို့ပြောင်းရွှေ့လုပ်ကိုင်ရင်း ဆယ်စုနှစ် တစ်ခုကျော်ကြာပြီးနောက် ကျွန်ုပ်လဲ အိမ်ထောင်ရက်သားကျခဲ့သည်။
ငညိုတို့လဲ သားလေးတစ်ယောက်ပင် ရနေပြီဟုသတင်းကြားသည်။ မနေ့က နယ်မြို့လေးသို့ပြန်ဖြစ်တော့ ငွေဇင်ယော် လ္ဘက်ရည်ဆိုင်တွင် ငညိုတို့ ဇနီးမောင်နှံကိုတွေ့ရသည်။ အစက မမှတ်မိ ။ ငညိုက စတင်စကားလာပြောသောကြောင့်သာ။
" သူငယ်ချင်း စိတ်ဆိုးမပြေသေဘူးလား .မင်းကွာ ငါတို့ကို နဲနဲလေးတောင် အဆက်အသွယ်မလုပ်ဘူး.. ဟိုမှာလေ ငါ့မိန်းမ မင်းမှတ်မိလား" ဆိုတော့မှ လှည့် ကြည့်ဖြစ်သည်။ အထက်တန်းကျောင်းသားဘ၀ က လွန်စွာလှပကာ အသားအနက်နုရောင်နှင့် ရွှေ့မင်းသမီးဟု ထင်ရသော ချစ်သူဟောင်းသည်ကား အခုတော့ အသားအနက်ရင့်ရောင်ဖြင့် အလွန်တရာဝဖိုင့်သောကိုယ် ဖြင့် ကလေးငယ်တစ်ဦးအား မုန့်ဟင်းခါးခွန့်ကျွေးနေသည်ကိုတွေ့ရသည်။ ငယ်ငယ်ကလှပခြင်း တို့အလျှင်းမရှိတော့။ အဆီတစ်ရစ် အသားတစ်ရစ်တို့ ခုံပေါ်တွင် ဆောင့်ကြောင့်တင်ထားသော ၀က်မဲ အကြီးစားကြီးနှင့် တူလေတော့သည်။ငညိုကိုမတွေ့ပဲ သူ့ကိုသာတစ်ယောက်တည်းတွေ့ပါက လုံးဝမမှတ်မိနိုင်။ ကျွန်ုပ်သည်လည်း ဇနီးသည်ကိုတလှည့် ငယ်ရည်းစားဟောင်း ကိုတလှည့်ကြည့်ရင်း အို...ငါမှားသွားပြီ။ ခဏတာထွက်ပေါ်လာခဲ့သောဒေါသ အဟုန်ကြောင့် တစ်ဦးတည်းသာ ရှိသော အချစ်ဆုံးသူငယ်ချင်း ငညိုကိုစကားမပြော အဆက်အသွယ်မလုပ်ခဲ့သည်မှာ ဆယ်စုနှစ်ကျော်ပင်ရှိချေပြီ။ ဘ၀တွင် သူငယ်ချင်း အပေါင်းအသင်း မရှိပဲ အထီးကျန်စွာဖြင့် နေခဲ့ရသည်မှာ ဆယ်စုနှစ်ကျော်ခဲ့ပြီ။ တကယ်တော့ ငညိုသည်ကား ကျွန်ုပ်၏ ကျေးဇူးရှင်ပါတကား။ ငညိုသာအထက်တန်းကျောင်းသား ဘ၀က ထိုသို့ မလုပ်ခဲ့ဘူးဆိုလျှင် ယခု အနားတွင် ထိုင်နေသည့် ချစ်ရသည့် ဇနီးသည် ပင်ရှိနေနိုင်ပါ့အုံးမလား ၊ ချစ်ရသော ဇနီးသည်ဝမ်းတွင်လွယ် ပိုးထားရသော ကလေးငယ်သည်လည်းရလာနိုင်ပါ့ အုံးမလား။ ဇနီးသည်ကားဘာမျှသိပုံ မပေါ်။ မုန့်နှင့် လ္ဘက်ရည်ကိုသာ ငုံ့စားနေသည်။ ကျွန်ုပ်သည်လည်း ဇနီးသည်ကိုတလှည့် ၊ သားလေးလား သမီးလေးပင်မသိရသေးသော ဇနီးသည် လွယ်ထားသော ရင်သွေးကိုတလှည့်ကြည့်ရင်း
" ငညို ... ငါမှားခဲ့ပါတယ်ကွာ ..ငါ့ကိုခွင့်လွှတ်ပါ.. ငါကတဒင်္ဂဒေါသကြောင့် အချစ်ဆုံးသူငယ်ချင်း မင်းကိုတောင်စကားမပြောနိုင်လောက်အောင်မုန်းတီးမိခဲ့တယ်။ခုတော့ မင်းဟာငါ့ ကျေးဇူးရှင်ဖြစ်မှန်းငါသိလိုက်ရပါပြီကွာ..မင်းတို့သာ အဲဒီလို မလုပ်ဖြစ်ခဲ့ရင် ငါ ဒီချစ်ရတဲ့မိန်းမနဲ့ ငါ့ရင်သွေးလေးကိုရနိုင်ပါ့မလားတောင်မသိဘူး ..တောင်းပန်ပါတယ်သူငယ်ချင်းရယ်..ငါသာ အဲဒီအချိန်က ဒီလိုတွေ တွေးခဲ့မိရင် ခုလိုအချစ်ဆုံးသူငယ်ချင်းနှစ်ယောက် စိတ်ဝမ်းမကွဲရတော့ဘူးပေါ့ကွာ..အဲဒီအချိန်တုန်းက ငါတကယ်ဥာဏ်နည်းခဲ့တယ်"
" ရပါတယ်သူငယ်ချင်းရယ်..ငါလဲတောင်းပန်ပါတယ်မင်းကို..အဲဒီအချိန်တုန်းက ငါလဲမှားခဲ့တာပဲ.. လောကမှာ ဘယ်အရာမှမမှားဘူးဆိုတာ ရှိမှမရှိတာ.. အရေးကြီးတာ က မှားပြီဆိုတာ သိတာနဲ့ ချက်ခြင်း ၀န်ချတောင်းပန်ရဲတဲ့သတ္တိကအရေးကြီးတာကွ..မှားမှန်းသိရက်နဲ့ ဆက်မှားနေတာကမှ ကိုယ့်ကိုကိုယ် ဖြည်းဖြည်းချင်း သတ်သေနေတာနဲ့ အတူတူပဲကွ...ခုတော့ မင်းစိတ်ထား ကတကယ်ကြီးမြင့်လာပြီပဲကွ.. ဖခင်တစ်ယောက်ဖြစ်ရတော့မှာမို့နဲ့တူတယ်... ကဲ.. ငါတို့လဲရောက်နေတာကြာပြီ ဆိုင်ဖွင့်ဖို့ ပြန်ရအုံးမယ် ..မင်းမပြန်သေးရင် ငါ့အိမ် ညနေဘက် လာခဲ့အုံးလေကွာ ငါကြားတောရ ၂ လမ်းမှာနေတယ် ..အချစ်ဆုံးသူငယ်ချင်းတွေ ပြန်ဆုံတဲ့ အထိမ်းအမှတ် ပွဲလေးလုပ်ကြတာပေါ့"
" အေးပါကွာ ညနေငါလာခဲ့မယ်.. ငါကအရက်အမြဲတမ်းတော့ မသောက်တတ်ဘူး ..အပေါင်းအသင်းတွေဆုံမှ သောက်တတ်တာ.. အပေါင်းအသင်းတွေဆုံအောင်လဲ သူတို့ရှိနေတဲ့ဆိုင် နေ့တိုင်းသွားတာလောက်ပါပဲကွာ"
" ဟား ဟား ဟား ဟား"
သူငယ်ချင်းနှစ်ဦး ဘာအာဂတ မှမရှိတော့ပဲ လွတ်လပ်ပေါ့ပါးစွာ ရယ်မောပစ်လိုက်ကြသံကား ငွေဇင်ယော် ဆိုင် အတွင်းညံသွားသည်။
ရင်ထဲပေါ့သွားသည်။ နှစ်ပေါင်းများစွာ မျိုသိပ်ခဲ့ရသော အစိုင်အခဲသည် မြူမှုန်ပမာ လွင့်ပျောက်သွားပြီ။ အချစ်ဆုံးသူငယ်ချင်းကိုလဲ ခွင့်လွှတ်နိုင်သည့် စိတ်ကြောင့် ပြန်ရပြီ။ မိတ်ဆွေ တစ်ထောင်ရှိခြင်းထက် ရန်သူတစ်ယောက်လျှော့နည်းခြင်းက သာလွန်ကောင်းမွန် လှပေ၏။ အညှိုးကြီးကာဒေါသဖြင့် မုန်းတီးတတ်တာလဲ ဒီစိတ်၊ ခွင့်လွှတ်တတ်တာလဲ ဒီစိတ်ပဲပင်တည်း။ မိမိစိတ်ကိုထိန်းချုပ်ကာ ရုတ်တရက်ထွက်ပေါ်လာသောဒေါသကိုမေတ္တာတရားဖြင့် အောင်နိုင်ရန် လွန်စွာ အရေးကြီးလှပေသည်။
ထိုကြောင့် ကျွန်ုပ်တို့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက စစ်ပွဲ အထောင်အသောင်းကို အနိုင်ရသော စစ်သူကြီးတစ်ယောက်ထက် မိမိစိတ်ကိုအနိုင်ရသော သူကသာပြီး မြတ်သည်ဟု မိန့်ကြားတော်မူခဲ့သည်မဟုတ်ပါလား။
လူအချင်းချင်းမုန်းတီးခြင်းကင်းရှင်းကြပါစေ......။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...