Thursday, February 13, 2014

ဘ၀ပေါင်းများစွာ ထိခိုက်စေနိုင်သောအလွဲများ (ကျော်ကိုကို)

February 11, 2014 at 7:31am
လက်ရှိနိုင်ငံရေးအခြေအနေကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ပါမှ ကျွန်တော်တို့ ကြိုးပမ်းအားထုတ်
ခဲ့သမျှ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ အောင်အောင်မြင်မြင်ဖြစ်ဖို့  သေချာမှာပါ။ နှစ်ပေါင်းများစွာ
အချိန်တွေအကြာကြီး ကုန်ဆုံးသွားအောင် ထောင်တွေထဲမှာ အကျဉ်းချခံရတဲ့ နိုင်ငံရေးသမားတွေ
အားလုံးဟာ ဘ၀တလျှောက်လုံး ကိုယ်ကျိုးကို စွန့် လွှတ်ပေးဆပ်ခဲ့ကြပါတယ်။ သူတို့ ရဲ့ 
ဘ၀တွေတင်မက သူတို့ ရဲ့ သက်ဆိုင်ရာမိသားစုဘ၀တွေ၊ ပတ်ဝန်းကျင်လူထုရဲ့ ဘ၀တွေ၊
အမျိုးသားထုတစ်ရပ်လုံးရဲ့ ဘ၀တွေအားလုံးဟာ လွတ်လပ်ခွင့်ရဖို့  တိုက်ပွဲဝင်ရင်းနဲ့ ဘဲ
တစတစ အထိအရှများလာခဲ့ပါတယ်။ အောင်ပွဲရလိမ့်မယ်ဆိုတဲ့ စိတ်ဓာတ်ကို အခြေခံပြီး
ကိုယ်ဘယ်လောက်နာသွားသလဲဆိုတာကို ပြန်မကြည့်ဘဲ ဆူးတောထဲကို နာနာကျင်ကျင်နဲ့ 
ရှေ့ ဆက်တိုးရဲတဲ့သတ္တိတွေ သူတို့ မှာ အပြည့်အ၀ရှိပါတယ်လို့  ကျွန်တော်တို့ လက်ခံယုံကြည်
ထားပါတယ်။


ရေဆုံးရေဖျားအထိ ဇွဲကောင်းကောင်းနဲ့  ဆက်ချီတက်ရမယ့် ခရီးလမ်းမှာ အမှားအယွင်း
နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်နိုင်မှ ပင်ပန်းရကျိုးနပ်မှာဖြစ်ပါတယ်။ ဗမာပြည်ရဲ့ 
ပကတိနိုင်ငံရေးအခြေအနေကို ကိုယ်ထင်သလိုခန့် မှန်းပြီး ကောက်ချက်စောစောချတာမျိုး၊
ဒီလိုစိတ်ဆန္ဒအစွဲအပေါ်မှာ အခြေခံပြီး လမ်းကြောင်းအလွဲကြီးကို ခေါ်ဆောင်သွားတာမျိုး
လုပ်တတ်တဲ့ နိုင်ငံရေးသမားတွေရှိရင် အဲဒီနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ဟာ
ဘယ်တော့မှ အောင်မြင်မှာမဟုတ်တော့ပါဘူး။ စိတ်ဆန္ဒစွဲအပေါ် အခြေခံလာရင် အတိအကျ
အချက်အလက်တွေကို လျစ်လျူရှုလိုက်သလိုဖြစ်ပြီး တဖြည်းဖြည်းနဲ့ ကိုယ်ဖြစ်ချင်တာကိုဘဲ
လုပ်မယ့်လမ်းနောက် ရောက်မှန်းမသိ ရောက်ရောက်သွားတတ်ပါတယ်။ တကယ်ဖြစ်သင့်တဲ့
လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ မကြိုးစားတော့ဘဲ ပြည်သူလူထုရဲ့ အနေအထားကို
ပြန်လှည့်မကြည့်ဘဲ ကိုယ်သွားချင်ရာသွားတာမျိုး ဖြစ်လာတဲ့အတွက် လူထုနဲ့ ကင်းကွာလာတာ
မျိုးလည်းဖြစ်တတ်ပါတယ်။

အဲဒီထက်ပိုဆိုးတာက လူထုကြီးကို ကိုယ်သွားရာနောက် ကောက်ကောက်ပါလိုက်ဖို့  စည်းရုံးတာမျိုး
လုပ်တဲ့အခါ ဦးဆောင်သူသွားနေတဲ့လမ်းက လွဲချော်နေရင် လူထုအတွက်လည်း ပင်ပန်းပြီးအကျိုးမရှိ
ဖြစ်ရတတ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ စစ်အာဏာရှင်စတဲ့ စနစ်ဆိုးတွေကို တော်လှန်ဖို့ အတွက်
ပြည်သူလူထုမှာ အမြဲတမ်းအရန်သင့်ဖြစ်နေတဲ့ စိတ်ဓာတ်မျိုး ပိုင်ဆိုင်ထားသင့်ပါတယ်။
တော်လှန်ပြောင်းလဲမှုတစ်ခုဟာ လူထုကိုယ်တိုင်က လက်မလျှော့သေးမချင်း မအောင်မြင်စရာ
အကြောင်းမရှိပါဘူး။ လူထုကိုယ်တိုင်က “ငါတို့ အနေနဲ့ ဘယ်လောက်လုပ်လုပ် မအောင်မြင်နိုင်ပါဘူး။
ခက်ခဲတဲ့လမ်းကို မလိုက်ဘဲ လွယ်လွယ်ကူကူလုပ်လို့ ရတာဘဲလုပ်ကြစို့ ” ဆိုတဲ့ အလျှော့ပေးရေး
စိတ်ဓာတ်တွေ ၀င်လာရင်တော့ အဲဒီတိုင်းပြည် နာလန်မထူနိုင်အောင် အရှုံးကြီးရှုံးပြီ ဖြစ်ပါတယ်။

တိုင်းပြည်ဟာ တကယ့်ပြောင်းလဲမှုအစစ်အမှန်ကို မရသေးဘဲ အပေါ်ယံသာ၊ ဟန်ဆောင်ပန်ဆောင်
ပြောင်းလဲမှုတွေသာ ဆီလိုဝေ့ပြီးတက်လာတုန်းဘဲရှိပါသေးတယ်။ ဒါကို ပြည်သူတွေက တကယ်ဘဲ
သိထားပြီးသားဖြစ်ပါတယ်။ ကိန်းကြီးခန်းကြီး ဟိတ်ကြီးဟန်ကြီးနဲ့  တည်ဆောက်ပြထားတဲ့
လွှတ်တော်အဆောက်အအုံကြီးရှိပေမယ့် အထဲမှာ အိပ်ငိုက်နေကြတာတွေဟာ ပြည်သူလူထု
အကျိုးစီးပွားဖြစ်ထွန်းဖို့  ဝေးကွာနေဆဲပုံရိပ်များသာဖြစ်ပါတယ်။ သန့် ရှင်းသော သောက်သုံးရေ
ရရှိဖို့ အတွက် နိုင်ငံတကာလှုပ်ရှားမှုတွေ၊ ကမ္ဘာ့ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ အစည်းတွေက
စီမံချက်တွေချပြီး လုပ်ဆောင်နေတဲ့ခေတ်ကာလမှာ ကျေးလက်ဒေသဖွံ့ ဖြိုးရေးဝန်ကြီးဖြစ်သူက
စိတ်ဆိုးမာန်ဆိုးနဲ့  သူ မလုပ်ပေးလည်းရတယ်ဆိုတဲ့ သဘောထားကို ရွာသားတွေကြားထဲ အော်ဟစ်
ပြောသွားတာကို ကြည့်တဲ့အခါ ဗမာပြည်နိုင်ငံရေးအခြေအနေဟာ ပိုမိုဆိုးဝါးလာနေပါလားလို့ 
သတိထားမိလိုက်ရပါတယ်။ ဆိုလိုတာက ပြည်သူတွေအနေနဲ့ သိသိကြီးနဲ့ ဆက်သည်းညည်းခံတယ်
ဆိုတာ ရှိမှာမဟုတ်ပါဘူး။ မကောင်းမှန်းသိရင် ကောင်းအောင်ပြောင်းအောင် တောင်းဆိုလှုပ်ရှားရမယ်။
ဒါဟာ သိအိုရီအရ တရားမျှတတဲ့တိုက်ပွဲကို ဆင်နွှဲတာဘဲဖြစ်ပါတယ်။ ကိုယ့်ရပိုင်ခွင့်ကို တောင်းဆိုတာဘဲ
ဖြစ်ပါတယ်။ ကိုယ့်မွေးရာပါ အခွင့်အရေးကို ခုခံကာကွယ်တာဖြစ်ပါတယ်။ ပြည်သူတွေကတော့
ဘ၀ပေါင်းများစွာကို လျှော်ဖွတ်ဖို့  လွတ်လပ်မှုကိုဘဲ အရယူမှာဖြစ်ပါတယ်။ စောစောက ကျွန်တော်
ထောက်ပြသလို စိတ်ဓာတ်ပိုင်းအရ အလျှော့ပေးခြင်းအားဖြင့် ရသလောက်ယူပြီး ငြိမ်တိတ်လုပ်ချင်ကြတဲ့
နိုင်ငံရေးသမားတွေရဲ့ အပြုအမူကတော့ ပြည်သူလိုလားတာနဲ့  ဆက်ကျင်ဘက်ဖြစ်နေမှာ အမှန်ပါဘဲ။

လူထုလိုချင်တာရဖို့  အေးအေးသာသာပြောနေ၊ ချိုချိုသာသာတောင်းနေရုံနဲ့  မပေးဘူးဆိုတာ
သိပါလျက်နဲ့ လူထုလှုပ်ရှားမှုတွေ ဖြစ်ပေါ်မလာအောင် တားဆီးနေတာက တခြားသူတွေဟုတ်ပါရဲ့ လား။
တချိန်က လူထုကိုယ်တိုင်ကို အားထားပြုခဲ့ဖူးသူတွေဘဲပေါ့။ အဲဒီလို တားဆီးနေကြသူတွေဟာ
အတွေးအခေါ် အယူအဆအရ မသိမသာဖြစ်စေ၊ သိသိသာသာဖြစ်စေ ပြောင်းလဲသွားခဲ့ပြီလို့ 
ကျွန်တော်တို့ သတ်မှတ်ထားရပါလိမ့်မယ်။ အခုလို ပြောင်းလဲသွားကြပြီလို့ ကျွန်တော်ပြောတာ ရမ်းသမ်း
စွပ်စွဲနေတာမျိုးမဟုတ်ပါဘူး။ တိကျတဲ့ အခြေအနေ၊ အချက်အလက်တွေကို ထောက်ပြဥပမာပေးပြီး
သုံးသပ်တင်ပြသွားမှာဖြစ်ပါတယ်။

လူထုနဲ့ အစိုးရအကြားဖြစ်တဲ့ ပြဿနာတွေကို စုံစမ်းစစ်ဆေးဖို့  ကော်မရှင်တွေဖွဲ့ တဲ့အခါ ပြည်သူတွေ
ယုံကြည်ကိုးစားတဲ့ ခေါင်းဆောင်အချို့ ကို တာဝန်ပေးအပ်တာမျိုးတွေ ပြုလုပ်လေ့ရှိပါတယ်။
အဲဒီလို စုံစမ်းစစ်ဆေးရေးကော်မရှင်တွေမှာ နိုင်ငံရေးခေါင်းဆောင်တွေကို ရုပ်ပြသာသာထားပေမယ့်
လက်တွေ့ မှာ ဆုံးဖြတ်ချက်ချမှတ်ဖို့ ရာ အခက်အခဲတွေ တပြုံကြီးရှိနေပါတယ်။ ရဲဝန်ထမ်းတွေက
ပြည်သူ့ အပေါ် အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ လက်ပံတောင်းတောင် တန်ဆောင်မုန်းလပြည့်ည တိုက်ခိုက်မှုလို
ကိစ္စမျိုးမှာတောင် ပွင့်ပွင့်လင်းလင်း ဝေဖန်ရှုတ်ချတာမျိုးကို ကော်မရှင်အစီရင်ခံစာတွေမှာ မတွေ့ ရပါဘူး။
မီးလောင်ဗုံးလို့  လူတိုင်းက ပြစ်တင်ပြောဆိုနေတဲ့ကြားက စုံစမ်းစစ်ဆေးရေးကော်မတီ တာဝန်ရှိသူတွေက
မီးခိုးဗုံးပါလို့  ဇွတ်ငြင်းသွားတဲ့အတွက် ပြည်သူလူထုကြားမှာ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ပုံရိပ်ဟာ
အများကြီးထိခိုက်နစ်နာသွားခဲ့ရပါတယ်။

နောက်တချက်ထပ်ပြီးထောက်ပြချင်တာက ဒီမိုကရေစီအထိမ်းအမှတ် အခမ်းအနားပွဲတွေ
ကျင်းပတဲ့အချိန်မှာ အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို ဖိတ်ကြားတာမျိုးတွေ အကြိမ်ကြိမ်အခါခါ
တွေ့ လာရပါတယ်။ ဒီမိုကရေစီရရှိရေးအတွက် သက်စွန့် ဆံဖျား ကြိုးပမ်းလာကြတဲ့ ရဲဘော်တွေ
အချင်းချင်းကြားမှာ မလိုလားအပ်တဲ့ သဘောကွဲလွဲမှုတွေ ဖြစ်ပွားလာအောင် အစိုးရဘက်က
တာဝန်ရှိသူတွေနဲ့ ခရိုနီတွေက အထိမ်းအမှတ်အခမ်းအနားတွေကို အကြောင်းပြုပြီး ငွေကိုပုံအော
ထုတ်ပေးနေတာကိုလည်းတွေ့ ရပါတယ်။ အပြန်အလှန်အားဖြင့် စစ်တပ်နဲ့ အစိုးရအဖွဲ့ က ကျင်းပတဲ့
အခမ်းအနားတွေမှာ နိုင်ငံရေးထိပ်သီးခေါင်းဆောင်တွေကို ဖိတ်ကြားတက်ရောက်စေတာဟာလည်း
ပြည်သူနဲ့ ခေါင်းဆောင်ပိုင်းကို သွေးကွဲအောင် စနစ်တကျပြုလုပ်နေတာဘဲဖြစ်ပါတယ်။
ဒီကနေ့ ဒီအချိန်အထိ တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ အဖြစ် မောင်ပိုင်စီးထားတဲ့ စစ်တပ်ရဲ့ 
စစ်ရေးပြအခမ်းအနားတွေကို သွားတက်တဲ့အထိ အစွန်းသိပ်ထွက်သွားတာဟာ နိုင်ငံရေးခေါင်းဆောင်ရဲ့ 
ပုံရိပ်ကို အကြီးအကျယ် ပျက်ပြားသွားစေပါတယ်။

လက်ရှိအနေအထားအရ အစိုးရနဲ့ ပူးပူးကပ်ကပ်ဆက်ဆံတဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ
၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ ပက်သက်လာရင် ပြတ်သားတဲ့သဘောထားမျိုး မရှိတော့တာကို
တွေ့ ရပါတယ်။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို တစုံလုံးဖျက်သိမ်းပစ်ရမယ်ဆိုတဲ့ အဆိုမျိုးကို
ပြည်သူတွေအတွက် ထုတ်မပေးနိုင်တော့ဘဲ ပြင်စရာရှိတဲ့ အချက်အလက်တွေလောက်ဘဲ ကွက်ပြီး
ပြင်ဆင်ကြရမယ်ဆိုတဲ့ အားပျော့တဲ့လိုင်းသာ ထွက်ပေါ်လာပါတယ်။ ဒီထက်ပိုဆိုးတာက
၂၀၀၈ ဖွဲ့ စည်းပုံကို လုံးဝမပြင်ရင်လည်း လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို မဖြစ်မနေ၀င်ပြိုင်မယ်ဆိုတဲ့
စကားကို ထုတ်ပြောသည်အထိ အလျှော့ပေးလာတာကိုလည်း တွေ့ ရပြန်ပါတယ်။ ၂၀၀၈ ဖွဲ့ စည်းပုံနဲ့ 
ပက်သက်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ သဘောထားဟာ လူထုရဲ့ သဘောထားနဲ့ ဘယ်လိုမှ
ထပ်တူထပ်မျှ မဖြစ်နိုင်တော့ပါဘူး။ လူထုအားနဲ့ လမ်းပေါ်ထွက်ပြီး ပြင်ဖို့ တောင်းဆိုရမယ့်အစား
လူထုမပါဘဲ စစ်ခေါင်းဆောင်အဟောင်းအသစ်တွေနဲ့  ညှိုနှိုင်းပြင်ဆင်ဖို့ ဘဲ တောင်းဆိုနေတာကို
ကြည့်တဲ့အခါ လက်ရှိနိုင်ငံရေးခေါင်းဆောင်တွေရဲ့  အမြင်ေ၀၀ါးချွတ်ချော်မှုကို ကွက်ကွက်ကွင်းကွင်းကြီး
မြင်နိုင်ပါတယ်။ တကယ်လို့  နိုင်ငံရေးခေါင်းဆောင်တစ်ဦးဦးသာ သမ္မတဖြစ်ခဲ့ရင် ဒါမှမဟုတ်
လက်ရှိ ကြံ့ဖွံ့ အစိုးရနဲ့  အတိုက်အခံ နိုင်ငံရေးပါတီတွေ ညွန့် ပေါင်းအစိုးရဖွဲ့ ခဲ့ရင်တောင်
ပြည်သူတွေ စိတ်တိုင်းကျအုပ်ချုပ်ရတဲ့ အစိုးရတစ်ရပ်ဖြစ်ပေါ်လာဖို့  အလားအလာလုံးဝမရှိပါဘူး။

ရန်ကုန်မြို့ မှာဖွင့်လှစ်ထားတဲ့ ဗြိတိသျှကောင်စီစာသင်ကျောင်းမှာ နိုင်ငံရေးသိပ္ပံပညာသင်တန်းတစ်ခု
တက်ရောက်ဖို့  ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းထဲက လူငယ်တွေကို ခေါ်ယူခဲ့ဖူးပါတယ်။
အဲဒီသင်တန်းအစပိုင်းမှာ သင်ကြားနေတဲ့ဆရာက ဗမာပြည်အပြောင်းအလဲဖြစ်ဖို့ အတွက်
အရပ်ဖက်လူ့ အဖွဲ့ အစည်းတွေ အားကောင်းဖို့ လိုသလား ဒါမှမဟုတ် အစိုးရကိုယ်တိုင်က
အပြောင်းအလဲလုပ်ဖို့ ဆန္ဒရှိနေလို့  ပြောင်းတာလားဆိုပြီး မေးခွန်းတစ်ခု ထုတ်ခဲ့ဖူးပါတယ်။
အဖြေချင်းမတူတဲ့လူတွေကို အုပ်စုခွဲပေးပြီး သူ့ အယူအဆ ကိုယ့်အယူအဆ အပြန်အလှန်
ဆန်းစစ်လေ့လာနိုင်ပါတယ်။ ကျွန်တော်တို့ အယူအဆအရ အရပ်ဖက်လူ့ အဖွဲ့ အစည်းတွေဘဲခေါ်ခေါ်
တက်ကြွလှုပ်ရှားသူအင်အားစုတွေဘဲခေါ်ခေါ် အားကောင်းစွာဖွဲ့ စည်းပြီး ဖိအားပေးမှ ပြောင်းလဲမယ်လို့ 
ရပ်ခံတင်ပြခဲ့ပါတယ်။ တချို့ နိုင်ငံရေးအကျဉ်းသားဟောင်းလူငယ်တွေကတော့ ဒီနိုင်ငံအစိုးရကိုယ်တိုင်က
ပြောင်းလဲလိုတဲ့ဆန္ဒရှိလို့  ပြောင်းလဲနေတာပါဆိုပြီး သူတို့ အယူအဆကို ဖော်ထုတ်ခဲ့ကြပါတယ်။
ဒီအဖြေဟာ အင်မတန်အံ့သြစရာကောင်းတဲ့အဖြေတစ်ခု ဖြစ်နေပါတယ်။ သူတို့ တကယ်ဘဲမသိလို့ 
ပြောတာလားတော့ ကျွန်တော်နားမလည်နိုင်ပါဘူး။

ဘယ်နိုင်ငံမှာမဆို စစ်အစိုးရတရပ်ရပ်က စိတ်ကောင်းစေတနာနဲ့ ပြောင်းလဲသွားပြီး ဒီမိုကရေစီပေးတယ်
ဆိုတာ မရှိပါဘူး။ မပြောင်းမဖြစ် အနေအထားရောက်အောင် ပြည်သူတွေ တရစပ်ဖိအားပေးမှ
ပြောင်းလဲတတ်တာမျိုးချည်းပါဘဲ။ အစိုးရဘက်က သူ့ အလိုအလျောက် ပြောင်းလဲသွားမယ်လို့ 
ယူဆတဲ့  အစုအဖွဲ့ တွေဟာ ဦးသိန်းစိန်အစိုးရအနေနဲ့  အပြောင်းအလဲတွေ ဖော်ဆောင်နေပြီး
ဒီမိုကရေစီလမ်းကို တကယ်လျှောက်နေတယ်လို့  ယုံကြည်နေကြပါတယ်။ ဒီလို ယုံကြည်မှုကနေတဆင့်
အစိုးရကို ဝေဖန်ပြောဆိုပြီး တိုက်ခိုက်နေတာထက် ပူးပေါင်းဆောင်ရွက်တာဟာ ပိုထိရောက်တယ်ဆိုတဲ့
အဆိုတစ်ခုကို လူထုကြားမှာ ထင်ထင်ရှားရှား တင်သွင်းနေပါတယ်။ ဒီအယူအဆအတိုင်းလည်းဘဲ
သူတို့ ကိုယ်တိုင် လိုက်လံအကောင်အထည်ဖော်နေကြတာတွေ့ ရပါတယ်။ အစိုးရသွားတဲ့လမ်းကြောင်းကို
အခုချက်ချင်းလက်ခံလိုက်ကြသူတွေဟာ တချိန်တုန်းက န၀တ၊ နအဖရဲ့  လမ်းပြမြေပုံ (၇)ချက်ကို
အသည်းအသန် ဆန့် ကျင်ခဲ့ကြသူတွေဘဲဖြစ်ပါတယ်။ မျက်လှည့်ပြသလို မြန်ဆန်လွန်းလှတဲ့
ပူးပေါင်းဆောင်ရွက်ရေး စပိဒ် (အရှိန်အဟုန်)ဟာ ဒီမိုကရေစီအင်အားစုတွေကြားမှာ ပျံ့ နှံ့ တိုက်စားနေတဲ့
ကင်ဆာဆဲလ်တွေလို ဖြစ်လို့ လာပါတယ်။

ပူးပေါင်းဆောင်ရွက်လိုသူတွေဟာ စစ်တပ်ကိုစည်းရုံးလို့ ရမယ်လို့  စိတ်ကူးယဉ်အိပ်မက် မက်နေကြတာဘဲ
ဖြစ်ပါတယ်။ အဲဒိလို ပူးပေါင်းဆောင်ရွက်တဲ့ရလဒ်ကတော့ ပြည်သူတွေအားလုံး လိုလားတောင်းဆိုပြီး
တိုက်ပွဲဆင်နွှဲနေကြတဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ဘ၀ရပ်တည်ရေးဆိုင်ရာ အသေအရှင်ကိစ္စတွေ
အားလုံးကို တဖြည်းဖြည်းမေ့ပျောက်ပစ်လိုက်ဖို့  အလွယ်တကူ ဆုံးဖြတ်ချက်ချလိုက်ကြတာဘဲဖြစ်ပါတယ်။
ဒါကြောင့် ပူးပေါင်းဆောင်ရွက်စပြုနေပြီဖြစ်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို မဖြစ်မနေ ဝေဖန်ဖို့ 
လိုလာပါပြီ။ စစ်အာဏာရှင်တွေရဲ့ အတွေးအခေါ်အရ သူတို့ နဲ့ ပူးပေါင်းဆောင်ရွက်သူတွေ အားလုံးနီးပါးကို
ရာထူးခပ်ကြီးကြီးပေးပြီး စည်းရုံးနေကြတာကိုတွေ့ ရပါတယ်။ တချိန်က ပြတ်ပြတ်သားသားတော်လှန်တဲ့
လမ်းကြောင်းလိုက်ခဲ့သူတွေတောင် အခုသမ္မတနားမှာ အကြံပေးနေတဲ့ အချိန်ကာလတစ်ခုကို ရောက်ရှိလို့ 
သွားပါပြီ။ အရင်က သံယောဇဉ်တွေနဲ့  ရဲဘော်ရဲဘက်တွေဖြစ်ခဲ့ဖူးလို့  ထောက်ထားပြီး မဝေဖန်တာမျိုး၊
ကိုယ့်ခေါင်းဆောင်တွေမို့  ငဲ့ညှာပြီး စောင့်ကြည့်ပေးနေတာမျိုး၊ ဒါမှမဟုတ် အဆိုးဝါးဆုံးမဖြစ်သေးသရွေ့ 
ဝန်းရံပေးဦးမယ်လို့  ဆုံးဖြတ်တာမျိုးဟာ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စ မဟုတ်ပါဘူး။ ဘ၀ပေါင်းများစွာကို
နစ်နာစေမယ့် အလွဲမျိုးစုံကိုတော့ တွေ့ ရင်တွေ့ သလို ဝေဖန်ထောက်ပြပြီး ပြည်သူ့ ဘက်ကို
ပြန်တည့်မတ်လာအောင် စည်းရုံးမှသာ ကျွန်တော်တို့ လည်း ယောင်ပြီး သမိုင်းတရားခံဖြစ်မယ့်ဘေးက
ကင်းဝေကြလိမ့်မယ်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ကျော်ကိုကို

(Venus News ဂျာနယ် အတွဲ ၅၊ အမှတ် ၂၉ တွင် ပါရှိသော “ဘ၀ပေါင်းများစွာ ထိခိုက်စေနိုင်သော
အလွဲများ” မှ ကူးယူဖော်ပြပါသည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...