A Chain Of Lames
Kyaw Ba Thit February 14, 2014 at 8:48pm
ဘ၀သံသရာ
၁။
သူခိုးကြီးတစ်ယောက် ကွယ်လွန်ခါနီးတော့ သူ့သားကို မှာတယ်...၊
“ငါ့သား..၊ ခိုးစားရတဲ့အလုပ်ဟာ မကောင်းဘူး၊ risk (အန္တရာယ်) များပြီး အကျိုးအမြတ် နည်းတယ်။ နေ့မနား၊ ညမနား ခိုးနိုင်ပါမှ ဖျန်းမျှ တစ်နေ့ ၁၅၀ လောက်ပဲ ကျန်တယ်။ တကယ်လို့ လူမိရင်လည်း နာမည်ပျက်ဦးမယ်။ ဒီတော့ ငါ့သားလက်ထက်မှာ ခိုးမစားနဲ့တော့၊ ခိုးတာထက် ပိုတွက်ခြေကိုက်တဲ့ အတိုးပေးစားတဲ့အလုပ်ကို ပြောင်းလုပ်ပေတော့”
“အဖေရယ်...၊ ကျွန်တော်တို့မှာ အရင်းအနှီးမှ မရှိတာပဲ၊ ဘယ်လိုလုပ် အတိုးပေးမလဲ။ အဖေ့လက်ငုတ်လက်ရင်း စောရ career ပဲ ဆက်ထိန်းသိမ်းတာ ကောင်းပါတယ်ဗျာ”
“မပူနဲ့ ငါ့သား၊ အိမ်နောက်ဖေး မကျီးပင်ကြီးအောက်မှာ အဖေတစ်သက်တာ စုဆောင်းလာခဲ့တဲ့ ရွှေ (၁၅) ပိဿသာမြုပ်ထားတာ ရှိတယ်၊ အဲဒီရွှေအိုးကို တူးဖော်၊ ထုခွဲ၊ ရောင်းချပြီး အတိုးပေးစားပေတော့ငါ့သား”
သူခိုးအဘိုးကြီး ကွယ်လွန်ပြီးတဲ့နောက် ကျန်ခဲ့တဲ့သူ့သားလည်း သူ့အဖေမှာခဲ့တဲ့အတိုင်း မကျီးပင်ကြီးအောက်က ရွှေအိုးကြီးတစ်လုံး ကောက်ရ၊ ထုခွဲ၊ ရောင်းချပြီး အတိုးပေးစားလာလိုက်တာ နောက်ဆုံးမှာ ရွာထဲမှာ အချမ်းသာဆုံး သူဌေးကြီးတစ်ယောက် ဖြစ်သွားပါတော့တယ်။
၂။
အတိုးပေးစားတဲ့အဘိုးကြီး ကွယ်လွယ်ခါနီးတော့ သူ့သားကို မှာတယ်...၊
“ငါ့သား...၊ အတိုးပေးစားတဲ့အလုပ်ဟာ ခိုးစားတာထက် တွက်ခြေကိုက်တာတော့ အမှန်ပဲ။ တစ်နေ့ကို ၃၀၀ လောက်တော့ စီတာပေါ့ကွာ။ ဒါပေမယ့် အခုလက်ရှိ ငွေကြေးဖောင်းပွမှုနှုန်းနဲ့ဆို ငါ့သားလက်ထက် မှာ ဒီဈေးကွက်လောက်နဲ့ ထပ်ပြီးကြီးပွားဖို့ မလွယ်တော့ဘူး၊ ဒီတော့ ဒီလိုလုပ် ငါ့သား”
"အဖေရယ်.... ဒီရွာထဲမှာ ဒီလူဦးရေပဲ ရှိတဲ့ဥစ္စာ၊ ဘာ ထပ်လုပ်ရဦးမလဲ"
"မပူနဲ့ ငါသား၊ အဖေ မကျီးပင်ကြီးအောက်မှာ မြှုပ်ထားတဲ့ ရွှေပိဿသာ ၃၀ ရှိတယ်၊ အဲဒီရွှေအိုးကို ထုခွဲရောင်းချပြီး ရွာနီးနားဝန်းကျင်၊ လူမြင်တဲ့နေရာမှာ ဘုရားတည်၊ ကျောင်းဆောက် လုပ်ပြလိုက်၊ ဒါဆို ရွာနီးနားဝန်းကျင်ကလူတွေ အကုန်လုံး မင်းဆီ ရောက်လာကြလိမ့်မယ်။ ပစ္စုပ္ပန်ဘ၀မှာလည်း လူအထင်ကြီး၊ တမလွန်အတွက်လည်း အတိုးချပြီးသား ဖြစ်၊ ဒီထက်ကောင်းတဲ့အကြံ ဘာရှိဦးမလဲ ငါ့သား"
အတိုးပေးတဲ့အဘိုးကြီး ကွယ်လွန်ပြီးတော့ သူ့သားလည်း သူ့အဖေရဲ့ အမြော်အမြင်အတိုင်း လိုက်လုပ်တယ်။ ဈေးကွက်ရဲ့ တောင်းဆိုချက်အရ သူ့လက်ထက်မှာ အတိုးပေးရုံမက အပေါင်ခံတဲ့အလုပ်ပါ တိုးချဲ့လုပ်ကိုင်လိုက်တယ်။ နောက်ဆုံး ရွာနီးချုပ်စပ်မှာ အအောင်မြင်ဆုံး အတိုးပေး၊ အပေါင်ခံလုပ်ငန်း ပိုင်ရှင်ကြီး ဖြစ်လာတဲ့အထိပါပဲ။
၃။
အတိုးအပေါင်လုပ်ငန်းပိုင်ရှင် အဘိုးကြီး ကွန်လွန်ခါနီးတော့ သူ့သားကို ခေါ်ပြီး ဆုံးမစကား ပြောပြန်တယ်...၊
"ငါ့သား...၊ အရာရာဟာ ဘာမှ အမြဲဘူး၊ အဖေတို့ အခုလုပ်နေတဲ့ လုပ်ငန်းလည်း ဒီအတိုင်းဆို မြဲဖို့ မလွယ်ဘူး။ လူများစုကြီးက ဘာမှ မသိလို့ လည်စင်းခံနေပေမယ့် လူတစ်ချို့က ကွန်ပလိန်းတက်စ ပြုလာ ကြပြီ။ အဲတော့ အနာဂတ်အတွက် ခေါင်းကြီးကြီးထား စဉ်းစားဖို့လိုပြီ ငါ့သား"
"ဒါဆို သား ဘာလုပ်ရမလဲအဖေ"
"လူဆိုတာ လောဘသားတွေပဲ ငါ့သား၊ အဲဒီလောဘကို အခြေခံပြီး ဈေးကွက်ကို ဆက်ထိန်းဖို့ ကြိုးစားရမယ်။ အဖေစုဆောင်းထားတဲ့ ရွှေပိဿာ ၃၀၀ အိမ်နောင်ဖေးက မကျီးပင်ကြီးအောက် မှာ မြှုပ်ထားတယ်၊ အဲဒါကို ထုခွဲရောင်းချပြီး မင်းလက်အောက်မှာ လူတိုင်းလူတိုင်း သမ္မာအာဇီဝနဲ့ အသက်မွေးလို့ မရအောင်၊ လူတိုင်းလူတိုင်း မကောင်းတဲ့အမှုတစ်ခုခုမှာ တစ်နည်းမဟုတ်တစ်နည်း ပါဝင်ပတ်သက်နေအောင် လုပ်ထားလိုက် ငါ့သား။ ဒါဆို ကွန်ပလိန်းတက်လိုသူတွေလည်း သူတို့အစာအိမ်၊ သူတို့အခြေအနေတွေ ငဲ့ကွက်ပြီး အလိုလို နှုတ်ပိတ်သွားကြလိမ့်မယ်"
ဘုရားဒကာ၊ ကျောင်းဒကာ၊ အတိုးအပေါင်လုပ်ငန်းပိုင်ရှင် အဘိုးကြီးဟာ သူ့ကိုယ်သူ ကွယ်လွန်တော့မယ် အထင်နဲ့ သူ့သားကို အဲဒီလို မှာပြီး နိုင်ငံခြားမှာ ဆေးသွားကုတယ်။ တစ်လလောက်နေတော့ အကောင်းအတိုင်း ပြန်ဖြစ်၊ ဆေးရုံကဆင်း၊ လေယာဉ်ပျံကြီး စင်းလုံးငှားပြီး ရွာကို ပြန်ချလာတယ်။
သူ အခုလို ကျန်းမာပကတိ၊ ချမ်းသာစွာရှိလျှက် ရွာပြန်လာတာ တွေ့ရတော့လည်း ရွာသားတွေခမျာ ၀မ်းသာမဆုံးပေါ့။ ။

0 comments:
Post a Comment