Theory of Apple & Mind Process On Mango
နေ့လည် က ကဗျာလေးတစ်ပုဒ် ရေးမိတော့ ကဗျာရဲ့ အောက်မှာ အကိုကြီး Mar Ga က စကားလေးတစ်ခု မှတ်ချက်ပြုသွားတယ် ။
" ပရမတ်ကိုမသိရင် နိဗ္ဗာန်မရောက်နိုင်ဘူး ၊ ပညတ် ကို မသိရင်တော့ ငရဲကျတတ်တယ် " တဲ့ ။
ဒီစကားလေး နဲ့ ပက်သက်ပြီး ဖီလိုဆိုဖီ သင်ခန်းစာ အချိန်တွေကို ပြန်သတိရမိတယ် ။ ကျွန်တော်တို့ က နည်းပညာ နဲ့ ပက်သက်ပြီး ဖီလိုဆိုဖီ ကိုသင်ရတာဖြစ်ပါတယ် ။
ဖီလိုဆိုဖီ က အဓိက ဘာသာရပ်မဟုတ်ပါဘူး ။ ဒါကြောင့် ကျွန်တော်တို့ ကို လက်ချာပေးတဲ့ခါ History of Philosophy and Science ဆို တဲ့ ခေါင်းစဉ်ရဲ့အောက်မှာ လက်ချာပေးပါတယ် ။ မူလပထ မတော့ အတွေးခေါ် ပညာရပ် ရဲ့ သမိုင်းအစ ကို ပြန်လှန်ပြတာပေါ့ လေ ။
အတွေးခေါ် ပညာရှင်တွေရဲ့ ဘိုင်အိုဂရပ်ဖီတွေ သူတို့ရဲ့ တွေးခေါ် ယူဆ မှုတွေပေါ့ ။ နောက် ပိုင်း တော့ တဖြည်းဖြည်း တက်လာပြီး သိပ္ပံပေါ် မှာ အတွေးခေါ် ပညာရှင်တွေ မြင်ခဲ့ကြတဲ့ အမြင်တွေ ၊ သူတို့ရဲ့ logic တွေ ၊ အရာဝထ္ထုတစ်ခု ၊ ပညာရပ်တစ်ခု ပေါ် မှာ လူရဲ့ သိမှုတွေ ၊ နားလည်မှုတွေ ၊ အလွယ်ကူဆုံး နဲ့ အကျစ်လစ်ဆုံး ဖြစ်အောင် ချုံ့ယူမှုတွေ သတ်မှတ်မှုတွေ ၊ အများသူငှာနားလည်နိုင်အောင် definition ဖွင့်ဆိုမှုတွေ ၊ terminology ဆိုတာတွေ ၊ သီအိုရီ ဖြစ်ပေါ်လာမှု တွေ အဆင့် ဆင့် တက်သွားတယ် ။
အဲဒီ သင်ခန်းစာတွေ သင်နေရင်းမှာ ကျွန်တော် သတိထားလာမိတာ က ... ပညတ်.. ဆိုတဲ့ အရာပဲ ။
ဘာလို့ လဲ ဆိုတော့ ... အတွေးခေါ် ပညာရှင်တွေရဲ့ သမိုင်းကို သင်ရတဲ့ခါ ဟိုး ရှေ့ပိုင်း အတွေးခေါ် ပညာရှင် တွေဟာ ...ရေဆိုတာဘာလဲ ၊ စိတ်ဆိုတာ ဘာလဲ ၊ မရှိခြင်းဆိုတာ ဘာလဲ ၊ ကမ္ဘာဆိုတာ ဘာလဲ ... စသဖြင့်ပေါ့ လေ ။ သူတို့ ရဲ့ ကိုင်ပိုင် ယူဆချက်တွေ နဲ့ သူတို့ ငြင်းခုန် ကြရတယ် ၊ ရေကို ရေလို့ နာမည်ပေးဖို့ ၊ စိတ်ကို စိတ်လို့ သတ်မှတ်ဖို့ ၊ အဲဒီသတ် မှတ်ချက်ကိုလည်း အများက နားလည်သဘောပေါက်ပြီး လက်ခံ လာဖို့ အတွေးခေါ် ပညာရှင်တွေ က ကြိုးစား ကြရတယ် ။ ဒါ ဟာ ဘာလဲ ဆိုရင် ပညတ် တွေ အစပျိုးခြင်း ပါပဲ ။ ဒီ ပုဂ္ဂိုလ်ကြီးတွေ ပတ်ဝန်းကျင်မှာ ရှိခဲ့ တဲ့ ပညတ်တွေ နဲ့ နှစ်ပေါင်း ၃၀၀၀ လောက် ကွာပြီး လူဖြစ်ကြတဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ပညတ်တွေ နဲ့ အတော်ကို ကွာခြား နေပါလိမ့်မယ် ။
ဘာနဲ့ အလားသဏ္ဍန်တူလဲဆိုတော့ ... ကျွန်တော်တို့ လူသားတွေ ဟာ အပြောကျယ်လွန်းတဲ့ သမုဒ္ဒရာကြီးထဲ က ကျွန်းလေးတစ်ခုမှာ ရောက် နေ သလို မျိုးပါပဲ ။ အကြောင်း ရာလေး ၊ ပစ္စည်းလေး ၊ အသိလေး တစ်ခုခု ကို အသစ်သိလာတဲ့ခါ ... အဲဒီ အသိ ပညတ် ဆိုတဲ့ ကျောက်တုံးလေးတစ်တုံး ကို သမုဒ္ဒရာကြီးထဲ ချပြီး ... ကျွန်တော်တို့ ကျွန်းလေးကို ချဲ့ ချဲ့ လာခဲ့ကြတယ်ပေါ့ ။
ပညတ် နဲ့ ဆောက်တဲ့ ကျွန်းလေး ဟာ တစ တစ ကျယ်လာတဲ့ခါ ... နောက် မွေးလာ တဲ့ လူသားတွေ ဟာ ကမ်းစပ်ကိုမရောက်ဖူးကြတော့ဘူး ။ သမုဒ္ဒရာကြီး ရှိသေးမှန်းလည်းမသိကြတော့ဘူး ။ ဒီ ကျွန်းကလေးမှာ ပဲ ကျင်လည် အသက်ရှင်ရင်း သေဆုံး သွားခဲ့ကြတယ် ။ ဒါ က ကျွန်တော်မြင် မိတဲ့ အမြင်ပါ ။
အဲဒီ သင်ခန်းစာတွေ သင်နေရင်း ပဲ တစ်ရက်တော့ ဖီလို ဆရာကနေ theory of apple ဆိုတဲ့ ဥပမာ လေးကို ပြောပြတယ် ။ ကျွန်တော့်ရဲ့ လက်ထဲ ကို အရာဝထ္ထုလေးတစ်ခုရောက်လာမယ် ။ လက်သီးဆုပ်လောက်ဟာလေး ။ လုံးလုံး ချောချောလေး ။ နီရဲရဲအရောင်လေး ။ မာမာ ကလေး ။ ထိတွေ့ ကြည့်တယ် ။ ကိုင်တွယ်ကြည့်တယ် ။ စမ်းသပ်ကြည့် တယ် ။ ပြီးတော့ ကျွန်တော် နမ်းကြည့်လိုက်တယ် ။ မဆိုးဘူး မွှေးတယ် ။ ကျွန်တော် စမ်းကိုက်ကြည့်လိုက်တယ် ။ ကိုက်လို့ရတယ် ။ စားကြည့်တယ် ။ ချို့ စိမ့် တဲ့ အရသာလေးရှိတယ် ။ ဟုတ်ပြီ ။ ဒါ properties တွေ ဟာ အရာဝထ္ထုလေးတစ်ခုပေါ်မှာ ကျွန်တော် နားလည်လိုက်တဲ့နားလည်မှုပါ ။ သို့ ပေမဲ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကို
" လက်သီးဆုပ်လောက်ရှိတဲ့ အသီး ၊ လုံးချောချောလေးဖြစ်နေတဲ့ အရာ ၊ အနံ့ မွှေးပြီး အနီရောင်ရှိတဲ့ အရာ ၊ စားလို့ ကောင်းတဲ့ အရာ " လို့ ပြောပြမလား ။ အဲလို ဆိုရင် ရော လွယ်ကူပါ့ မလား ။ မလွယ်ကူပါဘူး ။ အဲဒီအတွက ကျွန်တော် ပညတ် တစ်ခုပေးလိုက်တယ် ။ ပန်းသီး လို့ ။
" လက်သီးဆုပ်လောက်ရှိတဲ့ အသီး ၊ လုံးချောချောလေးဖြစ်နေတဲ့ အရာ ၊ အနံ့ မွှေးပြီး အနီရောင်ရှိတဲ့ အရာ ၊ စားလို့ ကောင်းတဲ့ အရာ " ...ဆိုတာ .... တစ်နည်းအားဖြင့် ပန်းသီးရဲ့ definition ပါပဲ ။ ပန်းသီး ဆိုတာ ပညတ်ပြီးတဲ့ နောက် ကျွန်တော် တို့ ထက်သိချင်လာမယ် ။ မေးခွန်းတွေ ထက်ပေါ်လာမယ် ။ ပန်းသီးဆိုတာ ဘယ်က ရတာလဲ ။ နွယ်ပင်က သီးတာလား ။ သစ်မြစ်က ဥတာလား ။ ပန်းသီး ဟာ အနီရောင်ပဲရှိတာလား ။ အရသာ ကရော အမြဲတမ်းချိုနေတာလား ။ ပန်းသီး ကို စားရင်လူ့အတွက်ဘာဖြစ်တတ်သလဲ ။ စားရုံပဲလား ၊ တခြားနေရာသုံးလို့ရသေးလား ။
စသဖြင့် အမေးတွေကို ဖွေရှာ ရင်း ကျွန်တော်တို့ လူသားတွေ အဖြေတွေ ပိုပိုသိလာမယ် ။ အကြောင်းရာတွေများလာမယ် ။ အဲဒီ အခါ သီအိုရီ ဆိုတာ ဖြစ်လာရတော့တာပဲ ။ ဒါဟာ လူတစ်ယောက်ရဲ့ သိမှု ၊ ပညတ် ၊ terminology ၊ definition ၊ theory စတတွေရဲ့ ဆက်စပ်နေမှုပါ ။
ဒါက အတွေးခေါ် နဲ့ သိပ္ပံ ပညာ က ပြဆိုတဲ့ Process တစ်ခုပေါ့ ။ ဗုဒ္ဓရဲ့ အဘိဓမ္မာမှာလည်း ဒီ အခြေနေ နဲ့ ခပ်ဆင်ဆင် အကြောင်းရာတစ်ခု ရှာ တွေ့ ပါသေးတယ် ။ စိတ်ရဲ့ ဖြစ်စဉ် (ဝီထိ) လို့ခေါ်ပါတယ် ။
အဲဒီ ဝီထိရဲ့အကြောင်း ရှင်းပြထားတဲ့ ဥပမာလေးကြည့်ကြည့် ပါ ။
♦လူတစ်ယောက် သရက်ပင်အောက်မှာ ခေါင်းမြီးခြုံပြီး အိပ်နေတယ် ။
( အတီတဘဝင် )
♦အဲဒီအချိန်မှာ သရက်သီးတစ်လုံး ပြုတ်ကျလာပြီး လူက
လန့်ဖြန့်သွားတယ်၊ ခန္ဓာကိုယ်တွေလှုပ်သွားတယ် (ဘဝင်္ဂစလန)
♦ လူ ဟာ အိပ်ရာကနေ နိုးသွားတယ် (ဘဝင်္ဂုပစ္ဆေဒ)
♦ခေါင်းမြီးခြုံကို ဖွင့်ကြည့်တယ် (ပဉ္စဒွါရာဝဇ္ဇန်း)
♦သရက်သီးကို မြင်တယ် (စက္ခုဝိညာဏ်)
♦သရက်သီးကို လက်နဲ့ ကောက်ယူလိုက်တယ် (သမ္ပဋိစ္ဆိုန်း)
♦မှည့်၊ မမှည့် လက်နဲ့ နှိပ်ပြီး စမ်းကြည့်တယ် (သန္တီရဏ )
♦မှည့်တဲ့အသီးပဲလို့ သိလိုက်တယ်၊ ဆုံးဖြတ်လိုက်တယ် (ဝုဋ္ဌော)
♦သရက်သီးကို စားတယ်။ အရသာကို ခံစားတယ် (ဇော - ၇ - ကြိမ်)
♦နှုတ်ခမ်းသပ်၊ လျှာလျပ်ပြီး တံတွေး မျိုချလိုက်တယ် (တဒါရုံ (၂) ကြိမ်)
♦ပြီးတော့ ပြန်အိပ်သွားတယ်
အပေါ်မှာ ပြောခဲ့ တဲ့ Theory of Apple နဲ့ Mind Process On Mango ကို နှိုင်းယှဉ်ကြည့်ပါ ။ ဆက်စပ် နေတာ တွေ့ သလို ။ ဘာသာရဲ့ Value နဲ့ Science ရဲ့ Value ကွာခြား ပုံကိုလည်းမြင်နိုင်မယ်ထင်တယ် ။ ပြီးတော့ မတူညီတဲ့ Interest ပေါ့ ။
ဒီဖြစ်စဉ် ၂ ခုမှာ လူတွေရဲ့ သိမှု ဖြစ်ပေါ်လာပုံ တွေ တူညီတယ် ။ ပညတ်ရဲ့ အဓိပ္ပါယ် ဖွင့် ပုံတွေ တူညီတယ် ။ ဗုဒ္ဓဘာသာ ရဲ့ Interest နဲ့ value သည် လူ နဲ့ လူ့စိတ်ဖြစ်စဉ်ဖြစ်ပြီးတော့ ၊ သိပ္ပံရဲ့ Interest သည် အရာဝထ္ထု နဲ့ Value သည် ဒီအရာဝထ္ထု ကနေ ဆက်စပ် ဖြစ်ပေါ်လာမဲ့ ကောင်းကျိုးဆိုးကျိုးတွေ ၊ လူ့သားအတွက်အသုံးဝင် မှုတွေ ပဲ ဖြစ်ပါတယ် ။
မေတ္တာဖြင့်
~ရုပ်ဆိုး~
0 comments:
Post a Comment