Wednesday, January 15, 2014

**အမိုး မဲ့ မေတ္တာအိမ် (တစ်ခြမ်းပဲ့ ကောင်းကင် )**

January 15, 2014 at 5:41am
ကျွန်မ ကလေးဘ၀ သူငယ်ချင်းတွေနဲ့ ဆော့လို့ ဒူးကွဲ ပွန်းပဲ့ ဒဏ်ရာတွေနဲ့ ငိုယိုပြီး အိမ်ပြန်လာတိုင်း ဂရုတစိုက်နဲ့ ထွေးပွေ့ နှစ်သိမ့်မယ့် ရင်ခွင်တစ်ခုမျှော်လင့်ခဲ့ဖူးတယ် ။
ကျောင်းက သူငယ်ချင်းတွေ သရဲအကြောင်းပြောတဲ့နေ့ ကြောက်ရွံ့ မှုတွေနဲ့ ညဘက် မအိပ်ရဲတဲ့ကျွန်မတစ်စုံတစ်ယောက်ရဲ့ရင်ခွင်မှန်းပြီး ငိုကြွေးခဲ့ဖူးတယ် ။

ကျွန်မဆယ်ကျော်သက်ဘ၀ လောကအကြောင်းဘ၀အကြောင်းတွေလေ့လာရင်း ဒီလမ်းကအကောင်းဒီလမ်းကအဆိုး ဆိုပြီးဖေးမလမ်းညွှန်ပေးမယ့် လက်တစ်စုံတမ်းတမိခဲ့တယ်
ကျွန်မ နှစ်ဆယ်ကျော်သက်အရွယ် ပညာစုံလို့ ဘ၀လမ်းလျှောက်တော့ တစ်ခါတစ်လေ လောကဓံကြောင့် နာကျင်ကြေကွဲစရာတွေ ကြုံလာတိုင်း ထွေးပွေ့  အားပေးမယ့်စကားသံလေး ကြားချင်မိခဲ့တယ် ။
အခု ကျွန်မ သုံးဆယ်ကျော် ဘ၀ရဲ့လမ်းကို ဖေဖေ့ကျေးဇူးကြောင့်ဒုက္ခကင်းကင်းနဲ့ မားမားမတ်မတ်ရပ်တည် နေနိုင်ပြီမို့ ကျွန်မ ရဲ့ကျေးဇူးရှင် ဖေဖေရယ် မေမေရယ် တစ်ယောက်လက်တစ်ယောက်တွဲပြီး ဘုရားအတူသွား ကျောင်းအတူတူ တက်စေချင်ခဲ့တယ်
မေမေကျွန်မတို့ သားအဖကို စွန့် ခွာသွားတာ အနှစ် ၃၀ တောင်ရှိပြီ အိမ်ထောင်သစ်မှာ မေမေအဆင်မပြေဘူးဆိုတဲ့ သတင်းတွေကြားတိုင်း ဖေဖေက ဟားတိုက် ရယ်မော နေတဲ့ အချိန်မှာ သမီးတိတ်တိတ်လေး ငိုကြွေးနေခဲ့တာ ပါ ၊ သမီးဘ၀မှာ ဖေဖေ့ကျေးဇူးကြောင့် မတောင့်မတ မကြောင့်မကြ ဒုက္ခကင်းကင်းနဲ့ နေနိုင်ပေမယ့် မိခင်ရင်ခွင် ငတ်မွတ်ခြင်းသောက ဆိုတာအရွယ်နဲ့ မလိုက်အောင် မမျှခဲ့ပါဘူး မေမေ
မိသားစုဆိုတဲ့ မေတ္တာအိမ်လေးမှာ ဖေဖေက ဘေးရန်တွေ ကာဆီးပေးမယ့် ခိုင်ခံ့တံ့ နံရံလေးဘက်ဆိုရင် မေမေက သောကမိုးတွေ လောကဓံ လေပြင်းတွေ ကိုဖယ်ရှားပေးမယ့် ခေါင်မိုးလေးပါ မေမေ။

ဖေဖေနဲ့မေမေ မေတ္တာ မျှလို့ အတူလက်တွဲခဲ့ တာပါ ဖေဖေနဲ့မေမေ တည်ဆောက်ထားတဲ့ မေတ္တာအိမ်လေးမှာ သမီးက ကံကောင်းလို့ ခိုလှုံခွင့်ရခဲ့တာပါ အဲ့ဒီမိသားစု ဆိုတဲ့ မေတ္တာအိမ်လေးမှာ ခေါင်မိုးနဲ့ တူတဲ့ မေမေမရှိဘဲ ကြီးပြင်းလာခဲ့ ရတာ မေမေ့အတွက် အရေးမပါ မလိုအပ်ဘူးထင်ပေမယ့် မြေဇာမြက် ဖြစ်တဲ့ သမီးအတွက် ကောင်းကင်ပြိုသလိုပဲ မေမေ။

ဒီနေ့ ဟာ အများသူငါသတ်မှတ်ထားတဲ့ အမေများ နေ့ တဲ့
သမီးအတွက် အမေနေ့ ဆိုတာ သမီးကို သေမင်းနဲ့ ပြိုင်ပြီး လူ့ လောကထဲရောက်အောင်မွေးထုတ်ပေးတဲ့ နေ့ ဟာ ကျေးဇူးကြီးမားတဲ့ ဂုဏ်သိက္ခာရှိတဲ့အမေ့ နေ့ ပါမေမေ ။
အဲ့ဒီလိုပဲ လောကမှာ ရှိရှိသမျှ အမျိုးသမီးတိုင်း ဂုဏ်သိက္ခာရှိတဲ့နေ့ဟာ ကိုယ်တိုင်က မိခင်ဘ၀ရောက်မယ့်နေ့ပါ အဲ့ဒီနေ့ လေးကို ဂုဏ်ယူတယ် ဆို ကိုယ်တိုင်က မိခင်ဘ၀မရောက်ခင်မှာ ကိုယ့်ဘ၀ကို အလေးအနက်တန်ဖိုးထားပါ ငါဟာမိခင်လောင်းတစ်ယောက်ဖြစ်နေပါလား လို့ အသိလေးထာပါ မိခင်ဘ၀ရောက်ရင်တော့ ငါဟာ မိသားစုဆိုတဲ့မေတ္တာအိမ်လေးမှာ အရေးကြီးတဲ့ ခေါင်မိုးတစ်ခုလိုပါလား လို့ အသိလေးထားပြီး သားသမီးတွေအတွက် နွေးထွေးလုံခြှုံမှုမေတ္တာအပြည့်ပေးနိုင်ကြပါစေ။

ကမ္ဘာပေါ်ရှိ မိခင်ကောင်းဖြစ်မယ့် အမျိုးသမီးများအားလုံးကို လေးစားဦးညွတ်လျှက်
Written By ရွာသူလေးချမ်းချမ်း(ရင်တွင်းဖြစ် ) 03:35PM 13.1.2014 
http://www.haymonchan.blogspot.com/ http://www.facebook.com/yourthulay

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...