Tuesday, January 21, 2014

ဇနီးကို ပစ်သတ်သူ မြန်မာအမျိုးသား သေဒဏ်အထိ ကျနိုင်

မိခင်သေဆုံး၍ ဖခင်က လူသတ်မှုဖြင့် အဖမ်းခံရပြီး သားသမီး သုံးဦး မိဘမဲ့ ဂေဟာသို့ ရောက်စေသော လူသတ်မှု မဖြစ်ပွားမီ မိသားစု နေထိုင်ခဲ့သော နေအိမ် ဖြစ်ပါသည်။

 လင်မယား စကားများ ရန်ဖြစ်ရာမှ ဇနီးကို သေနတ်ဖြင့် ပစ်သတ်လိုက်သော မြန်မာအမျိုးသား ဝင်းမင်းထွတ်သည် ပင်ဆီလ်ဗေးနီးယား ပြည်နယ်ဥပဒေအရ သေဒဏ်အထိ အပြစ်ပေးခံရဖွယ် ရှိပါသည်။ ၎င်း၏ အမှုကို ယနေ့၊ ခရစ်စမတ်အကြို ဒီဇင်ဘာ ၂၄ ရက်၊ နံနက် ၁၀း၁၅ နာရီတွင် အကြို ကြားနာ စစ်ဆေးရန် ဒေသတရားသူကြီး ရော့ဒ် ဘက်ခ်က ရုံးချိန်းပေးထားပါသည်။
ဝင်းမင်းထွတ်က ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုထားသည်။
မိခင်သေဆုံး၍ ဖခင်က လူသတ်မှုဖြင့် အဖမ်းခံရပြီး သားသမီး သုံးဦး မိဘမဲ့ ဂေဟာသို့ ရောက်စေသော လူသတ်မှု မဖြစ်ပွားမီ မိသားစု နေထိုင်ခဲ့သော နေအိမ် ဖြစ်ပါသည်။
လူသတ်မှု ကျူးလွန်သူ ဝင်းမင်းထွတ်သည် မိသားစုနှင့် တွေ့ခွင့်မရှိ၊ အိမ်သို့ လာခွင့်မပြုသော ထိန်းချုပ် ကန့်သတ်မိန့် ချမှတ်ခံထားရစဉ် ကာလအတွင်း အိမ်သို့လာကာ ဇနီးကို သေနတ်ဖြင့် ပစ်သတ်လိုက်ခြင်း ဖြစ်၍ ပြည်နယ်ဥပဒေအရ ပြစ်မှုထပ်ပေါင်းကာ သေဒဏ်အထိ အပြစ်ပေးခံရဖွယ် အခြေအနေ ရှိပါသည်။ သို့သော်၊ အမှုလိုက် ဥပဒေအရာရှိ ဂျင်မ် မာတင်က ထိုမျှ ကြီးလေးသော ပြစ်ဒဏ်ကို ဥပဒေရုံးအနေဖြင့် တောင်းဆိုမည်ဟု ပြောဆိုရန် အချိန်စောလွန်းနေကြောင်း သတင်းဌာနများသို့ ပြောကြားသည်။
အမှုမှာ ပင်ဆီလ်ဗေးနီးယားပြည်နယ်၊ ဘက်သလီဟမ်တွင် ဒီဇင်ဘာ ၁၇ ရက်နေ့ ညနေက ဖြစ်ပွားခဲ့သည့် ကိုဝင်းမင်းထွတ်က သားသမီး သုံးဦး၏ မိခင် မသီတာမြင့်ကို ကလေးများရှေ့တွင်ပင် ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်လိုက်သော မှုခင်း ဖြစ်၏ ။
အသတ်ခံရသူ မသီတာမြင့် (၃၇ နှစ်) ၏ လျှောက်ထားချက်အရ ခင်ပွန်း ကိုဝင်းမင်းထွတ် (၃၇ နှစ်) အား မိသားစုအနီးနှင့် နေအိမ်သို့ မလာရန် ထိန်းချုပ်ကန့်သတ်မိန့်ကို တရားရုံးမှ နိုဝင်ဘာ ၁၈ ရက်နေ့က ထုတ်ဆင့်ခဲ့သည်။ အမိန့်ထုတ်ဆင့်သည့် တစ်လပြည့်သော ဒီဇင်ဘာ ၁၇ ရက်တွင် ၎င်းအမိန့်ကို တရားရုံးမှ နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်ရာ ထိုနေ့ ညနေမှာပင် လူသတ်မှု ဖြစ်ပွားခြင်း ဖြစ်၏။
ဒေါသကုမာရ်မင်းသား
ခင်ပွန်းဖြစ်သူ ကိုဝင်းမင်းထွတ်သည် တစ်အိမ်လုံးကို သတ်ပစ်မည့် အန္တရာယ်ရှိသည်ဟု တရားရုံးသို့ မသီတာမြင့်က တင်ပြကာ PFA ခေါ် ဒုက္ခအန္တရာယ်မှ ကာကွယ်ပေးရန် အမိန့်ကို လျှောက်ထားခဲ့သည်။
လျှောက်ထားရသည့် အကြောင်းမှာ မသီတာမြင့်နှင့် အသက် ၁၆ နှစ်ရှိ သမီးအကြီးဆုံးတို့သည် ကောလိပ် ပညာသင်စရိတ်ကိစ္စ ပြောဆိုရင်း သမီးက ငိုယိုခဲ့ရာ ကိုဝင်းမင်းထွတ်က ဒေါသပေါက်ကွဲ ရမ်းကားခြင်းကြောင့် ဖြစ်သည်။ ယခင်က ဆူရှီးဆိုင် အလုပ်လုပ်ခဲ့သော ကိုဝင်းမင်းထွတ်သည် အိမ်တွင်နေရင်း စတော့ရှယ်ယာ အရောင်းအဝယ် လုပ်နေကြောင်း အမှုမှတ်တမ်းအရ သိရသည်။
"ကျွန်မတို့ ကံဆိုးသည့်အတွက် သူ့အလုပ်မှ ဝင်ငွေမရရှိပါ" ဟူ၍ မသီတာမြင့်၏ လျှောက်ထားမှုတွင် ဖော်ပြထား၏။ ထိုနေ့က ကိုဝင်းမင်းထွတ်သည် ဒေါသအကြီးအကျယ်ထွက်ကာ သမီးကြီး၏ ဦးခေါင်းအနီးမှ နံရံကို အပေါက်ဖြစ်အောင် လက်သီးနှင့်ထိုးပြီး မီးဖိုထဲတွင် ဖန်ခွက်များ ပေါက်ခွဲပစ်ခဲ့သည်။ ကိုဝင်းမင်းထွတ်သည် တစ်ပတ်လျှင် နှစ်ကြိမ် သုံးကြိမ် စိတ်ဆိုးဒေါသထွက်ပြီး တစ်အိမ်လုံးကို အော်ဟစ်ဆူပူခြင်း၊ ပစ္စည်းများ ခွဲပစ်ခြင်းတို့ ပြုလုပ်ကြောင်း မသီတာမြင့်က တင်ပြထားသည်။
ထိုနေ့က ရုန်းရင်းဆန်ခတ် ဖြစ်ပွားစဉ် သမီးကြီးက အိမ်အောက်ထပ်သို့ တိတ်တဆိတ် ပြေးဆင်းက 911 သို့ ဆက်၍ ရဲကို ခေါ်ယူခဲ့သည်။ ရဲက ကိုဝင်းမင်းထွတ်ကို ထိုညတွင် အိမ်မှထွက်ခွာရန် ညွှန်ကြားကာ မသီတာမြင့်ကို နောက်နေ့တွင် တရားရုံးသို့ သွား၍ ဒုက္ခအန္တရာယ်မှ ကာကွယ်ပေးသည့် အမိန့်လျှောက်ထားရန် မှာကြားခဲ့သည်။ မသီတာမြင့်သည် ဘာသာစကား အခက်အခဲကြောင့် သမီးကြီးက စကားပြန်လုပ်ပေးရပါသည်။
တရားရုံးမှား၍ ဘာသာစကားလည်းခက်
မသီတာမြင့်သည် မိမိနေထိုင်ရာ ခရိုင်မဟုတ်ပဲ အခြားခရိုင်တရားရုံးတစ်ခုသို့ မှားယွင်း လျှောက်လွှာ တင်သွင်းမိသည့်အတွက် သက်ဆိုင်ရာ တရားရုံးသို့ ပြန်လွှဲရန် အချိန်ကြန့်ကြာခဲ့သည့်အပြင် တရားရုံးက ကြားနာရန် မြန်မာဘာသာပြန် အကူအညီ ခေါ်ယူခဲ့ရသောကြောင့် နှောင့်နှေးခဲ့ပြန်သည်။
၎င်းတို့ မိသားစု နေထိုင်သောအိမ်မှာ ယခင်နှစ်က ကိုဝင်းမင်းထွတ်၏ နာမည်ဖြင့် ဝယ်ယူထားခြင်း ဖြစ်သော်လည်း တရားရုံးက ၎င်းအား ထိုအိမ်သို့ လာခွင့် ပိတ်ပင်လိုက်သည်။
ထိန်းချုပ်ကန့်သတ်မိန့် ထွက်ပြီး နောက်တစ်နေ့မှာပင် ခရိုင်ရဲအရာရှိများက ကိုဝင်းမင်းထွတ်၏ သေနတ်တစ်လက်ကို သိမ်းယူခဲ့သည်။ အမှုဖြစ်ပွားစဉ် ကိုဝင်းမင်းထွတ် အသုံးပြုခဲ့သော သေနတ်ကို အိမ်ရှေ့ မြေအောက် ရေမြောင်းပိုက်အတွင်းမှာ ရဲက တွေ့ရှိခဲ့ပြီး ၎င်း၏ နာမည်ဖြင့် လိုင်စင်မဟုတ်ပဲ မည်သည့်နေရာမှ ရရှိလာသည်ကို မသိရသေးပေ။
မှုခင်းဖြစ်ပွားသောနေ့က လာခွင့်မရှိသော အိမ်သို့ ကိုဝင်းမင်းထွတ် ရောက်လာကာ လင်မယား စကားများ ရန်ဖြစ်ကြပြန်သည်။ ကိုဝင်းမင်းထွတ် စိတ်ဆိုးပြီး နောက်က လိုက်သောကြောင့် မိန်းမနှင့် သားသမီးများ အိမ်ပြင်သို့ ထွက်ပြေးကြရာတွင် အိမ်ရှေ့လမ်းပေါ်မှာ မသီတာမြင့်၏ ဦးခေါင်းကို သေနတ်ဖြင့် တစ်ချက်တည်း ပစ်သတ်လိုက်ခြင်း ဖြစ်သည်။
သမီးကြီးက 911 ကို ဖုန်းဆက် ခေါ်ယူသဖြင့် ရဲများ ရောက်ရှိလာချိန်တွင် အိမ်ရှေ့လမ်းပေါ် နှင်းထဲမှာ လဲနေသော မိခင်ကို ဖက်၍ ငိုယိုနေသည့် သမီးကြီးနှင့် သားလတ်ကို တွေ့ရပြီး အငယ်ဆုံး ၃ နှစ်သမီးလေးကို ကိုဝင်းမင်းထွတ်က ဆွဲခေါ်သွားသည်ဟု ဆိုသည်။ နောက် ၁၅ မိနစ် အကြာတွင် ရဲက ၎င်းတို့ကို တွေ့ရှိပြီး ကိုဝင်းမင်းထွတ်ကို ဖမ်းဆီးလိုက်သည်။
ကိုဝင်းမင်းထွတ်သည် လွန်ခဲ့သော ၁၀ နှစ်က အမေရိကန်နိုင်ငံသို့ ရောက်ရှိလာ၍ မသီတာမြင့်မှာ ၇ နှစ် ရှိပြီဖြစ်သည်။ ကိုဝင်းမင်းထွတ်၏ မိဘများလည်း တစ်မြို့တည်းဖြစ်သော ဘက်သလီဟမ်တွင်ပင် နေထိုင်ပြီး ဆူရှီးဆိုင် လုပ်ကိုင်ကြောင်း သိရသည်။ မသီတာမြင့်၏ မိဘဆွေမျိုးမှာ အမေရိကတွင် မရှိပဲ  မြန်မာနိုင်ငံတွင် နေထိုင်ပါသည်။
၎င်းတို့ ဇနီးမောင်နှံတွင် အသက် ၁၆ နှစ် သမီးကြီး၊ ၁၀ နှစ် သားလတ်၊ ၃ နှစ် သမီးငယ်တို့ ကျန်ရစ်ခဲ့သည်။ လူသတ်မှုဖြစ်သောနေ့ နံနက်က ထိန်းချုပ်ကန့်သတ်မိန့်ကို ၆ လ သက်တမ်းတိုးစဉ် တရားသူကြီးက ချွင်းချက်တစ်ခု ခွင့်ပြုခဲ့ပါသည်။ နောက်နှစ်ရက်အကြာ၊ ဒီဇင်ဘာ ၁၉ ရက်တွင် ကျင်းပမည့် သမီးကြီး၏ အမေရိကန်နိုင်ငံသား ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ ကိုဝင်းမင်းထွတ်ကို တက်ရောက် ခွင့်ပြုခဲ့သော်လည်း သမီးအနီးသို့ ပေ ၁၀၀ ထက် နီးကပ်အောင် မချဉ်းကပ်ရန် ကန့်သတ်ထားသည်။
ယခုအခါ သားသမီး သုံးဦးကို လီဟိုင်းခရိုင်၊ ကလေးသူငယ်နှင့် လူငယ်စောင့်ရှောက်ရေး ဂေဟာတွင် ပို့ဆောင်ထားပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...