Thursday, January 16, 2014

ကျွန်တော်မွေးထားတဲ့ စာကလေးလေး

<<<<<((( ကျွန်တော်မွေးထားတဲ့ စာကလေးလေး )))>>>>>

နံနက်ခင်းနေရောင် စမြင်ရလောက်တဲ့ အချိန်မှာ ဒီစာကလေးလေးတွေက ဆူညံနေပြီ။

`` ဗိုက်ဆာတယ်၊ ဗိုက်ဆာတယ်၊ အစာကျွေးပါ´´လို့ ပြောနေသလိုပါဘဲ။ 

ဆန်လေးတွေကို မြေပေါ်ကို ကျဲပက်ပြီး ကျွေးလိုက်တော့လည်း ပျော်ရွှင်စွာ၊ ပိုပြီးတော့ ဆူညံစွာ လုယက် စားသောက်ကြတော့တယ်၊ 

နံနက်ခင်းရဲ့ လှပတဲ့ လှုပ်ရှားမှုလေးတွေပေါ့၊  နေ့စဉ် ဒီလိုစာကလေးလေးတွေကို အစာကျွေးရင်းနဲ့ မနက်ခင်းလေးတွေ  ဖြတ်ကျော်ခဲ့တာ ကြာခဲ့ပြီလေ။

ဒီကောင်လေး စ  ရောက်လာကာစက အတောင်အလက် မစုံသေးတဲ့ အပျံသင်စ စာကလေးပေါက်စလေးပေါ့။  ကောင်လေးလား၊ ကောင်မလေးလားတော့ အဲဒီတုန်းက သေချာ မသိခဲ့ပါဘူး။

မျက်စိလည်ပြီးတော့ မိုးရေထဲမှာ ကျလာတာ၊  ကောက်ယူပြီးတော့ အင်္ကျီလေးထဲ ထည့်ထားခဲ့ရတယ်၊ သူချမ်းနေလို့လေ...။

တိရိစ္ဆာန်လေးတွေကို အရင်က မမွေးဖူးဘူး၊ ချစ်ရကောင်းမှန်းလည်း မသိခဲ့ဘူး၊ အခု သူရောက်လာမှ ကိုယ့်မှာလည်း ကြင်နာတတ်တဲ့ စိတ်ကလေး ရှိနေပါလားလို့.... ကိုယ်တိုင် အံ့သြခဲ့ဘူးတာပေါ့။

ဒီစာကလေးလေးအတွက် အုန်းခွံလေးကို လှလှပပလေး ဖြတ်တောက်ပြီး အိမ်လေးတစ်လုံး ဆောက်ပေးလိုက်တယ်။ သူဝင်လိုက် ထွက်လိုက်လုပ်နေတာကို ကြည့်ရင်းနဲ့လည်း အရမ်းကျေနပ်ခဲ့ဘူးတယ်...၊ ကျွန်တော် ဆောက်ပေးလိုက်တဲ့ တိုက်အသစ်လေးက သူ့အတွက်တော့ နန်းတော်ကြီးလိုပါပဲ....။

နောက်တော့ သူ အတောင်အလက်စုံပြီး ဟိုနားသည်နား ပျံသန်းတတ်လာတယ်၊ ကြည့်နေရင်းနဲ့လည်း ကြည်နူးနေတတ်ခဲ့ပါတယ်၊ 

ဒါပေမယ့် အချိန်တန်တော့လည်း သူအိမ်ကို ပြန်လာတယ်၊ ကျွန်တော်ကတော့ ညနေစောင်းရင် သူ့ကို မျှော်တတ်ပြီ။ 

ပြန်မလာမှာကို စိတ်ပူတတ်နေပြီ သူပြန်ရောက်လာပြီး အိမ်ရှေ့မှာ ဟိုနားသည်နား ပျံကြည့်နားကြည့်ပြီးရင် သူ့ရဲ့ နန်းတော်ကြီးထဲကို ၀င်သွားတယ်၊ 

ဒါဆိုကျွန်တော်လည်း ဒီနေ့အတွက် တစ်ခုတည်းသော သောကလေးကို ခွါချလို့ နားချင်လည်းနား၊ သွားစရာရှိလည်းသွားပေါ့၊ အဲဒီအချိန်လေးတွေမှာတော့ အပူအပင်လေးတွေ ကင်းနေတတ်တာကိုလည်း သတိထားမိခဲ့ပါတယ်။

သိပ်မကြာခင်မှာ သူ့ဆီကို အဖော်ရောက်လာတယ်၊ သူ ဟိုဟိုသည်သည် သိပ်ပြီး မသွားတော့ဘူး၊ နံနက်မိုးလင်းတာနဲ့ သူတို့ စကားပြောနေကြပြီ၊ 

ကျွန်တော်သူတို့ကို ကြည့်ရင်းနဲ့ သူတို့လေးတွေလည်း ချစ်တတ်ကြတာပါလား၊ သူတို့လည်း အဖော်နဲ့နေတတ်ကြ တာပါလားလို့ တွေးဖြစ်ခဲ့ပါတယ်၊

နောက်တော့ နှစ်ကောင်ဖြစ်လာတဲ့ သူတို့အတွက် အစားလေးတွေကို ၀လေင်အောင် တကူးတက  ကျွေးတတ်လာတယ်၊ 

သူတို့ကိုကြည့် ရင်းနဲ့ စိတ်ထဲမှာ သူတို့လို ပျော်ရွှင်စရာကောင်းတဲ့ အဖော်ရှိရင် ကောင်းမှာဘဲလို့ မသိမသာလေး  တွေးတတ်လာခဲ့တယ်လေ။

တကယ်တော့ သူတို့ ပျော်ရွှင်နေတဲ့ အသံလေးတွေက ဆူညံမနေဘူး.. ပျော်စရာကောင်းနေတယ်လို့ ထင်မိခဲ့ပါတယ်။

=====================

မေမေနဲ့ တူတူ ငြိမ်းချမ်းတဲ့ ဘ၀လေးထဲမှာ အေးချမ်းစွာ နေထိုင်လာခဲ့ရင်းနဲ့ တစ်နေ့တော့ မီးမီး အိမ်ကိုရောက်လာတယ်၊ 

မီးမီးဆိုတာက ကျွန်တော်တို့ ငယ်ငယ်က ရပ်ဆွေရပ်မျိုး ဖြစ်ခဲ့တဲ့ အသိ(အဒေါ်လို ရင်းနှီးတဲ့အသိ) တစ်ယောက်ရဲ့ သမီးလေးလေ...။

မီးမီးက ကျွန်တော့်ထက် (၈)နှစ်လောက်ငယ်တယ်၊ ကျောင်းတက်မယ်ဆိုတဲ့ အကြောင်လေးနဲ့ ရောက်လာပြီး သူ ကျွန်တော်တို့ အိမ်ကနေ ကျောင်းတတ်တယ်၊

မေမေကတော့ပျော်နေတာပေါ့၊  နေ့လည် ကျွန်တော် အလုပ်သွားရင် မေမေက တစ်ယောက်ထဲလေ၊  အခု မီးမီးက ကျောင်းချိန် မတိုင်ခင် မေမေနဲ့ အိမ်မှာ ၀ိုင်းလုပ်၊ ဈေးအတူတူသွား၊ နောက် နေ့လည်ကျောင်းပြန်ချိန်ဆိုရင်လည်း မေမေနဲ့ တူတူစား၊ မေမေလည်း အလုပ်တစ်ခုပိုလာတယ်၊ 

ကျွန်တော်က စာကလေးတွေကို အစာကျွေးတဲ့ မပျက်တဲ့အလုပ်ကို လုပ်နေသလို... မေမေလည်း မီးမီးကို ထမင်းကျွေးတဲ့ အလုပ်တစ်ခုကို မပျက်မကွက် လုပ်တတ်လာတယ်။ မေမေနဲ့ မီးမီး အကြောင်းကို ကျွန်တော် တွေးမိတော့ တစ်ယောက်ထဲ သဘောကျလို့ ပြုံးဖြစ်ခဲ့သေးတယ်၊

မီးမီးက ဒုတိယနှစ်ရောက်တော့  သူ အပျိုမကြီး တစ်ယောက်လို အလှသွေးတွေ ကြွယ်လာတယ်၊ 

ကျွန်တော့် မီးမီးကို ကြည့်ရင်းနဲ့ နှိုင်းယှဉ်ဖြစ်ခဲ့တယ် ကျွန်တော်ရဲ့ စာကလေးလေးနဲ့ တူတယ်လို့လေ...။

အခုမီးမီးကို စိတ်ဝင်စားတဲ့ ကောင်လေးတွေ လာလာပြီး ဟန်ရေးပြနေကြတယ်၊ မလှမ်းမကမ်းမှာ ဂစ်တာတွေ ဘာတွေ လာတီးနေကြပြီ၊ 

ကောင်လေးတွေရဲ့ အပြုအမူကို မီးမီးလည်း ကျေနပ်နေပါတယ် ကျွန်တော့်ကို တွေ့ရင်တော့ မီးမီး သတိထားတယ်၊ မျက်နှာက အစလေ...။

တစ်လလုံးနေလို့မှ ကျွန်တော်မီးမီးကို  စကားတစ်ခါ မပြောဖြစ်ဘူး၊ သူလွတ်လပ်နေစေချင်လို့ပါ။ စကားရောဖောရော မလုပ်ပေမယ့်လည်း အကိုကြီးစတိုင်နဲ့တော့ နေဖြစ်ခဲ့ပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ မီးမီးက အရွယ်ရောက်နေတဲ့ ကောင်မလေးတစ်ယောက် ဖြစ်နေခဲ့လို့ပါ။

နောက် တတိယနှစ်မှာတော့ မီးမီး အသွင်အပြင်တွေ ပြောင်းလဲလာတယ်၊ အလှပန်းလေးတစ်ပွင့်လိုပါပဲ။ ပြီးတော့ ဟန်အမူအယာကလည်း ချစ်သူရနေပြီဆိုတဲ့ ပုံစံမျိုးလေး၊ တစ်ခုခုကို အမြဲကျေနပ်နေတတ်တဲ့ မျက်နှာလေးနဲ့လေ...။

====================

သိပ်မကြာခင်မှာ ကျွန်တော် အိပ်မက်တစ်ခု မက်ခဲ့တယ်၊ မီးမီးက သူ့ရဲ့ ချစ်သူကောင်လေးနဲ့ ပန်းခြံတစ်ခုမှာ ချိန်းတွေ့နေတာတဲ့။ သူတို့ကို ကျွန်တော်တွေ့တော့ မီးမီးကို ဘာမှမပြောဖြစ်ပေမယ့် ကောင်လေးကို လက်သီးနဲ့ ထိုးလိုက်မိတယ်၊ 

ဘာကြောင့်မှန်းလဲ မသိဘူး၊ ဘာမှလဲ မပြောဖြစ်ခဲ့ဘူး၊

အိပ်မက်က နိုးလာတော့လည်း ဟိုလိုလို သည်လိုလို ဖြစ်နေတယ်၊ ရှက်ကိုးရှက်ကန်းလိုလို၊ စိတ်ပူသလိုလိုနဲ့ ရင်ထဲမှာလည်း ဟာတာတာကြီးနဲ့လေ...။

အဲဒီနေ့က ကျွန်တော် မနက်အစောကြီးနိုးနေတယ်။ 

စာကလေးလေးတွေကို အစာမကျွေးခင် ကျွန်တော် ကော်ဖီသောက်နေတုန်း မီးမီး ရောက်လာတယ်လေ.... တစ်နေရာရာကို သွားမယ်ဆိုတဲ့ သဘောနဲ့ အလှလည်း ပြင်ထားတယ်၊ 

အော် စကားမစပ် မေ့နေလို့... ပြောပြရဦးမယ်၊ ဒီကြားထဲမှာ ကျွန်တော့်ရဲ့ စာကလေးလေးက အများကြီး ဥပြီး၊ အများကြီး ထပ်ပေါက်ထားတာ အခုစာကလေးတွေ အများကြီးဖြစ်နေပြီဗျ။  

ကျွန်တော် ထိတ်ကနဲဖြစ်သွားတဲ့ စိတ်ကို ထိန်းရင်း ``အစောကြီး ဘယ်သွားမလို့လဲ´´ လို့ မေးလိုက်တယ်။ 

မီးမီးက ``သူငယ်ချင်းတွေနဲ့ လျှောက်လည်မလို့ပါ.. ကြီးကြီးမေကို ခွင့်တောင်းထားတယ်´´  တဲ့၊ မ၀ံ့မရဲလေးဖြေတယ်၊ 

``ပန်းခြံတွေ ဘာတွေပါသေးလား´´ လို့ မေးလိုက်မိတယ်၊ တကယ်တော့ ကျွန်တော့်ရဲ့ အိပ်မက်က ကျွန်တော့်ကို ခြောက်လှန့်နေလို့ပါ။ ဘယ်လို မေးလိုက်မိမှန်းတောင် သေသေချာချာ  မသိလိုက်ဘူး၊ 

မီးမီးလည်း ယောင်နနနဲ့ ဖြစ်နေတုန်း မေမေရောက်လာပြီးတော့ ``သမီးလေးသွားတော့လေ နောက်ကျနေမယ်´´လို့ ပြောရင်း ပွဲကို ၀င်ထိန်းလိုက်တယ်။

မီးမီး ထွက်သွားတော့  မေမေ ကျွန်တော့်ကို သေသေချာချာ ကြည့်နေတယ်၊ ကျွန်တော် မသိသလို ရုပ်တည်နဲ့နေလိုက်တယ်၊ ခပ်တည်တည်ပေါ့လေ၊ ဘာမှ မဟုတ်သလိုနဲ့ပေါ့။

ဒီနေ့မနက်မှာ ကျွန်တော် စာကလေးတွေကို အစာကျွေးနေတုန်း မေမေရောက်လာတယ်၊ 
``သားအိမ်ထောင်ပြုချင်စိတ် မရှိဘူးလား´´တဲ့... ကျွန်တော် ခေါင်းခါပြလိုက်တယ်၊ 

ခဏကြာတော့  မေမေကဆက်ပြောတယ်။

``သားရေ စာကလေးလေးတွေကို ချစ်တာ မေတ္တာတရားကွဲ့.... အတ္တမဟုတ်ဘူး၊ မမှားစေနဲ့.. ´´တဲ့ ပြောပြီး မေမေ အိမ်ထဲဝင်သွားတယ်၊ 

ကျွန်တော်လည်း အစာကျွေးရင်း အတွေးတွေနဲ့ ကျန်ရစ်တယ်။ မေမေပြောသွားတဲ့ စကားလေးတွေထဲမှာ ကာရံ မညီတဲ့ ကဗျာကောင်းလေး တစ်ပုဒ်ကို ကျွန်တော် ကြားလိုက်ရပါတယ်...။

ဒီကဗျာလေးက ကျွန်တော့်ရဲ့ မသိစိတ်ထဲမှာ တစ်စုံတစ်ယောက်အတွက် တိတ်တခိုးလေး ရေးဖွဲ့ထားတဲ့ ကဗျာလေးကို မေမေက သူ သိသလောက် ကူးရေးပေးထားတာနဲ့ တူနေသလိုပါပဲ။

ဖြစ်နိုင်ရင် စာကလေးလေးတွေရဲ့ ပျော်ရွှင်တဲ့ ဘ၀လေးတွေရယ်၊ အဆင်သင့် စားသုံးခြင်းတွေရယ်၊ အနှောင့်အယှက်ကင်းတဲ့ မိသားစု ဘ၀လေးတွေရယ်ကို မီးမီးကို ပေးချင်လိုက်တာ။

ဒါဟာ တကယ်တော့ မီးမီးအပေါ်ထားရှိတဲ့ ကျွန်တော့်ရဲ့ မေတ္တာဘဲ ဖြစ်မှာပါ။ သိပ်မသေချာပေမယ့်လည်း  မေမေကတော့ပြောသွားတယ်။

စာကလေးလေးတွေကို ချစ်တာ မေတ္တာတရားတဲ့.... အတ္တမဟုတ်ဘူးတဲ့လေ...။

(ကွန်ဆူးမား)(၁၆-၁-၂၀၁၄)
(၁၇-၈-၂၀၁၁)ရက်နေ့တွင် ရေးဖြစ်ခဲ့သော ပို့စ်လေးအား ပြင်ဆင်ရေးဖွဲ့ပါသည်။ နံနက်ခင်းနေရောင် စမြင်ရလောက်တဲ့ အချိန်မှာ ဒီစာကလေးလေးတွေက ဆူညံနေပြီ။

(၁၇-၈-၂၀၁၁)ရက်နေ့တွင် ရေးဖြစ်ခဲ့သော ပို့စ်လေးအား ပြင်ဆင်ရေးဖွဲ့ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...