Tuesday, January 21, 2014

မြစ်ဆုံလို ထပ်မမှားစေချင်ပါ. . .


ပြည်သူကိုချမပြသေးတဲ့ နောက်ထပ်စီမံကိန်း လေးခု၊ မေခမြစ်သို့ စီးဝင်သည့် နော်ချမ်းခမြစ် တစ်လျှောက် ရေအားလျှပ်စစ် စီမံကိန်းလေးခုကို တရုတ်ကုမ္ပဏီက ၈၃ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံက ၁၅ ရာခိုင်နှုန်းနှင့် IGE ကုမ္ပဏီက နှစ်ရာခိုင်နှုန်း ရှယ်ယာများဖြင့် တည်ဆောက်ရေးအတွက် လက်မှတ်ပြင်ဆင်ရေးထိုးရန် စီစဉ်


သတင်းဆောင်းပါး

ကချင်ပြည်နယ်အတွင်းရှိ မေခမြစ်သို့ စီးဝင်နေသည့် နော်ချမ်းခမြစ်(နော်ချမ်းခ မြစ်ဝှမ်းတစ်လျှောက်) တစ်လျှောက် ရေအားလျှပ်စစ် စီမံကိန်းလေးခုကို အဆင့်ဆင့်တည်ဆောက်ရန် တရုတ်ကုမ္ပဏီဖြင့် လက်မှတ်ရေးထိုးရန် စီစဉ်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် နီးစပ်သူများက ထုတ်ဖော်ပြောကြားမှုများအရ သိရှိခဲ့ရသည်။

စီမံကိန်းလေးခုအတွက် ရေအားလျှပ်စစ် စီမံရေးဦးစီးဌာနနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ YPIC International Energy Cooperation & Development Co.,Ltd၊ မြန်မာနိုင်ငံမှ International Group of Entrepreneur ကုမ္ပဏီတို့သည် သဘောတူညီ လက်မှတ်ရေးထိုးရန် စီစဉ်နေခြင်းဖြစ်သည်။

ပြည်သူတွေမသိလိုက်ရတဲ့ နော်ချမ်းခ၏ နိဒါန်း

နော်ချမ်းခမြစ်ပေါ်မှ ရေအားလျှပ်စစ် စီမံကိန်းများအတွက် သဘောတူလက်မှတ် MOA ကို ၂၀၁၀ ပြည့်နှစ် ဇူလိုင်လအတွင်းကပင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ YPIC International၊ မြန်မာမှ IGE ကုမ္ပဏီတို့နှင့် ရေအားလျှပ်စစ် စီမံရေးဦးစီဌာနတို့က လက်မှတ်ရေးထိုးထားခဲ့ကြခြင်း ဖြစ်သည်။

ကနဦးလက်မှတ်ရေးထိုးစဉ်က နော်ချမ်းခမြစ်ဝှမ်းတွင် စီမံကိန်းငါးခုအထိ တည်ဆောက်ရန် ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး လောင်းဒင်၊ ထုံရှင်းချောင်၊ ၀ူကျုံးကျယ်၊ ဂေါလန်နှင့် ခန်ကန်းရေအားလျှပ်စစ် စီမံကိန်းများအတွက် သဘောတူလက်မှတ် MOA ကို ရေးထိုးခဲ့ကြသည်။

သို့သော်လည်း မည်သည့်အကျိုးအမြတ်၊ မည်သည့်သဘောတူညီချက်များဖြင့် ရေးထိုးခဲ့ကြခြင်းကို အများပြည်သူသို့ ချပြခြင်းမရှိသကဲ့သို့ အသေးစိတ်ထုတ်ပြန်ပေးခြင်း မရှိခဲ့သည့် ခေတ်ကာလဖြစ်သည့်အလျောက် ပြည်သူများသိခွင့်မရဘဲ စခဲ့သောစီမံကိန်းများဟု ဆိုရမည်ဖြစ်သည်။

ပြည်သူမမြင်လိုက်ရတဲ့ MOA မှာတော့ တရုတ်က ၈၃ ရာခိုင်နှုန်း

၂၀၁၀ ပြည့်နှစ် ဇူလိုင်လအတွင်းက ရေးထိုးခဲ့သည့် MOA မှာ နော်ချမ်းခမြစ်ဝှမ်း စီမံကိန်းငါးခုစလုံးအပေါ် ထီးရိပ်သဖွယ်လွှမ်းမိုးသည့် Umbrella MOA အဖြစ်ရေးထိုးခဲ့ခြင်းဟု စာချုပ်ဖတ်ခဲ့ရသူအချို့က ပြန်လည်ပြောပြခဲ့သည်။

အဆိုပါ ထီးရိပ်သဖွယ်လွှမ်းမိုးသည့် Umbrella MOA သဘောတူလက်မှတ်ရေးထိုးချက်အရ တရုတ်နိုင်ငံ ယူနန်ပြည်နယ် YPIC International နှင့် မြန်မာမှ IGE က စုစုပေါင်း ၈၅ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး မြန်မာမှ Free Share ၁၅ ရာခိုင်နှုန်းသာ ပိုင်ဆိုင်သည်။

၈၅ ရာခိုင်နှုန်းတွင်လည်း IGE မှ နှစ်ရာခိုင်နှုန်းသာပါဝင်ပြီး တရုတ်နိုင်ငံ YPIC International မှ ၈၃ရာခိုင်နှုန်းဖြစ်ရာ နောက်ဆုံးချုပ်လိုက်လျှင် အဓိကပိုင်ဆိုင်သူမှာ တရုတ်ကုမ္ပဏီသာ ဖြစ်တော့သည်။

အများပြည်သူသိခွင့်မပေးဘဲ စာချုပ်ပြန်ပြင်ချုပ်ကြဦးမယ့် နော်ချမ်းခ

နော်ချမ်းခမြစ်ပေါ်တွင် အဆင့်ဆင့်တည်ဆောက်မည့် စီမံကိန်းငါးခုတွင် ပါဝင်သော ၀ူကျုံးကျယ် ရေအားလျှပ်စစ်စီမံကိန်း၏ ရေလှောင်တမံ ကန်ရေပြည့်ရေမျက်နှာပြင် အနိမ့်အမြင့်အမှတ်သည် ဆင့်ကဲတည်ရှိနေသော ဂေါလန်ရေအားလျှပ်စစ်စီမံကိန်း၏ ရေအထွက်ရေမျက်နှာပြင်အနိမ့်အမြင့် အမှတ်ထက်မြင့်နေသည့်အတွက် ရေထောက်နိုင်သည်ဟုဆိုကာ နည်းပညာပိုင်းအရ ၀ူကျုံးကျယ်ကို မတည်ဆောက်တော့ဘဲ MOA မှ ပြန်လည်ပယ်ဖျက်ရန် စီစဉ်လာကြခြင်းဖြစ်သည်။

ထို့အတွက် လောင်းဒင် ၆၀၀ မဂ္ဂါဝပ်၊ ဂေါလန် ၁၂၀ မဂ္ဂါဝပ်၊ ထုံရှင်းချောင် ၃၄၀ မဂ္ဂါဝပ်နှင့် ခန်ကန်း ၁၄၀ မဂ္ဂါဝပ် စီမံကိန်းလေးခုကိုသာ တည်ဆောက်ရန် ယခင် MOA ကို ပြန်လည်ပြင်ဆင်ကာ ချုပ်ဆိုလက်မှတ်ရေးထိုးရန် စီစဉ်နေကြခြင်းဖြစ်သည်။

ပြန်လည်ပြင်ဆင်ရာတွင်မူ ၀ူကျုံးကျယ် မဆောက်တော့သည့် အချက်အပေါ်၌သာပြင်ဆင်ပြီး လက်ရှိတရုတ်ကုမ္ပဏီနှင့် IGE ကုမ္ပဏီမှ ၈၅ ရာခိုင်နှုန်းရယူပြီး မြန်မာနိုင်ငံမှ ၁၅ ရာခိုင်နှုန်းသာရရှိသည့်အပေါ် ဖြစ်သင့်သည့် အကျိုးအမြတ် ဟုတ်၊ မဟုတ် ပြန်လည်သုံးသပ် ပြင်ဆင်ခြင်းမျိုး လုံးဝပါမလာခဲ့ကြောင်းလည်း သိရသည်။

မြစ်ဆုံလို မမှားစေချင်ပါ

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်းပေါင်း ၆၇ ခုအထိ ထပ်မံတည်ဆောက်ရန် စီစဉ်လျက်ရှိသော်လည်း ယခုအချိန်အထိ မည်သူနှင့်မည်သည့် အကျိုးအမြတ်ခွဲဝေမှုဖြင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိ၊ မရှိ သက်ရောက်မည့် အကျိုးဆက်များအပေါ်၌သော်လည်းကောင်း သေချာရှင်းလင်းစွာ ပြည်သူသို့ အသေးစိတ်ချပြခဲ့သည့် စီမံကိန်းစာချုပ်တစ်ခုတလေပင် မရှိသေးပေ။

ထိုသို့ပြည်သူမမြင်ရဘဲ ပွဲစားခရသူနှင့် လုပ်လိုသူ၊ တာဝန်ရှိသူအချို့သာ တံခါးပိတ် လက်မှတ်ထိုးခဲ့မှုများ၏ အကျိုးဆက်ကြောင့် ယခုအခါ မြစ်ဆုံပြဿနာကို ရင်ဆိုင်နေရပြီဖြစ်ရာ အများပြည်သူနှင့်သက်ဆိုင်သည့် စီမံကိန်းများ၏ စာချုပ်များကို ပြည်သူသို့ချပြပြီး လွှတ်တော်သို့ တင်ပြဆွေးနွေးပြီးမှသာ ချုပ်ဆိုသင့်တော့သည်။

ထမံသီ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည်ဟုဆိုကာ ဒေသခံများကို ဖယ်ရှားခဲ့ပြီးနောက် စီမံကိန်းတည်ဆောက်မှု မပြုဘဲတော့ကောင်းသည့် ထမံသီတစ်တောလုံးကို လေးငါးခြောက်နှစ် အတွင်း၌ပင် တောပြုန်းအောင်ခုတ်ယူသွားခဲ့ကြပြီး ကောင်းစားသူ ကောင်းစားသွားခဲ့ပြီဖြစ်သည်။ ဖယ်ရှားခံဒေသခံများမှာတော့ ယနေ့အထိ ဒုက္ခရောက်နေကြရသည့် သာဓကကလည်း လတ်လတ်ဆတ်ဆတ်ပင် ရှိနေသေးသည်။

လက်ပံတောင်းတောင် စီမံကိန်းဆိုလျှင်လည်း ထိုသို့ပင် မျက်ကွယ်တွင် ချုပ်ဆိုခဲ့သည့် စာချုပ်များကြောင့် ပြဿနာပေါင်းစုံ ရင်ဆိုင်ခဲ့ရပြီး ဒေသခံများလည်း ဒုက္ခရောက်၊ နိုင်ငံတော်ရသည့် အကျိုးအမြတ်ကလည်း မဖြစ်စလောက်ဖြစ်သည့်အတွက် စာချုပ်ပြန်ပြင်ချုပ်ခဲ့သည်မှာလည်း လောလောလတ်လတ်ပင် ရှိသေးသည်။

ဒီမိုကရေစီ အစိုးရလက်ထက်ရောက်သည့်တိုင် အများပြည်သူနှင့်သက်ဆိုင်သည့် စီမံကိန်းများနှင့်ပတ်သက်၍ ပြည်သူ၊ လွှတ်တော်သို့ ချပြခြင်းမရှိဘဲ စီမံကိန်းများအတွက် သဘောတူလက်မှတ်များ ရေးထိုးနေခြင်းမျိုးမှာ မရှိသင့်တော့ဘဲ ပြည်သူဆုံးဖြတ်ချက်ဖြင့်သာ ရေးထိုးချုပ်ဆိုခြင်းမျိုး ပြုလုပ်သင့်ပြီ ဖြစ်သည်။

ယခင်က ပြည်သူသို့ချမပြဘဲ ချုပ်ဆိုခဲ့သည့် စာချုပ်အများစုမှာ (တရုတ်ကုမ္ပဏီများဖြင့်) နိုင်ငံတော်မှ အကျိုးအမြတ် ၁၅ ရာခိုင်နှုန်း ၎င်းတို့က ၈၅ ရာခိုင်နှုန်း ရယူခဲ့သည့် စာချုပ်ပေါင်း မြောက်မြားစွာရှိခဲ့ပြီး ကိုယ့်သယံဇာတ၊ ကိုယ့်မြေဖြင့် နစ်နာခဲ့ရမှုများစွာ ရှိသည့်အတွက်လည်း ယခုနော်ချမ်းခစီမံကိန်းများအတွက် လက်မှတ်ရေးထိုးထားသည့် နိုင်ငံတော်က ၁၅ ရာခိုင်နှုန်း၊ ပုဂ္ဂလိကကုမ္ပဏီများက ၈၅ ရာခိုင်နှုန်းဆိုသည်မှာ ဖြစ်သင့်၊ မဖြစ်သင့် ချင့်ချိန်ရန် လိုအပ်နေပြီဖြစ်သည်။

ထိုသို့မဟုတ်ပါက ပြည်သူသို့ချမပြဘဲ လုပ်ခဲ့သည့် စီမံကိန်းများစာရင်းထဲသို့ နော်ချမ်းခစီမံကိန်းလေးခုသည်လည်း ပါဝင်သွားမည်သာ ဖြစ်သည်။

(နော်ချမ်းခမြစ်တစ်လျှောက် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းလေးခု (Gaw Lan, Laungdin, Htonshin, Kankan) တည်ရှိရာ ခန့်မှန်းနေရာများအား Google Earth တွေ့ရစဉ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...