စောင်းမပြောတဲ့စောင်း ၃ (ဇာတ်သိမ်း)
မမမေရေ
ဒုတိယပိုင်းမှာပဉ္စသိင်္ခရဲ့ စောင်းကြိုးညှိ၊ အပျိုးနဲ့၊ သူရဲ့ ကနဦး
အပိုဒ်လေးတွေကို ရေးပြခဲ့ပြီးပြီနော်။အဲဒီအပိုဒ်တွေအထိ သူက
သူရိယဝစ္ဆသာနတ်သမီးလေးကို ဘာကြောင့် ဘယ်လိုကြိုက်ကြောင်း၊
သူ့အချစ်ဟာသူ့အသိစိတ်ရဲ့ အလွန်ကို ရောက်နေတာဖြစ်ကြောင်း ဗေလုဝ နတ်စောင်းနဲ့
အသံကောင်းကောင်း တီးလဲတီးဆိုလဲဆိုပြလိုက်တာ စောင်းသံနဲ့ သီချင်းသံ
ဘယ်လိုနေမယ် မသိပေမယ့် စာသားအလန်းတွေနဲ့ချည်းပေါ့နော်။ခုကျန်တဲ့
အပိုဒ်လေးတွေ ဆက်ပြောပြမယ် မမမေ။ ပီးခဲ့တဲ့ အပိုဒ်မှာ သူရဲ့ အချစ်နဲ့
အသိဆင်ခြင်ဥာဏ်တွေလွန်ဆွဲကြတာမှာ သူ့ဟာ ငါးမြှားချိတ်မိတဲ့
ငါးလိုဖြစ်နေရပါတယ်လို့ ဆိုခဲ့တယ်။ ဆက်တဲ့အပိုဒ်ကိုလဲ ကြည့်ပါဦး
(၈) စောင်းသံ
ဝါမူရု သဇမံ ဘဒ္ဒေ၊
သဇမံ မန္ဒလောစနေ။
ပလိသဇမံ ကလျာဏီ၊
ဧတံမေ အဘိ ပတ္တိတံ။
ပန်းပွတ်စင်ကချခါစ သဏ္ဍန်ရှိပြီး ရွှေစိုင်ရွှေသားလို ချောမွှတ်ဝင်းမာပေမယ့် ငှက်ပျောပင်ပျိုကဲ့သို့ပြောင်းသွဲ့နုအိလွန်းသည့် ပေါင်တံရှိသည့် သူရိယဝစ္ဆသာချစ်နှမ ငါ့လည်ပင်းကို ဖက်လော့။ကောင်းခြင်းငါးဖြာနှင့် ပြည့်စုံလျက် ကိုယ်ရောင်ကိုယ်ဝါတောက်ပလျက် တစ်ဘက်သူကို မထိတရီကြည့်လေ့ရှိသောချစ်နှမ၊ ငါ့လည်ကိုဖက်၍ ဂရုဏာသက်သော အကြည့်ဖြင့် ကြည့်ပါ။ ထိုအချင်းအရာကို ယောင်ငါးလုံးပိုင်သောငါနတ်သားသည် ကြိမ်ဖန်များစွာ တောင့်တ၏။ အတိုချုပ်လိုက်ရင် “ချစ်လေး စောင့်ငှဲ့ကြည့်ဦး”ပေါ့မမမေရယ်။ အရင် အပိုဒ်တွေက ဆိုခဲ့သလို အပူဒဏ်ခံနေရတဲ့ ဆင်ပြောင် ကြာအပြည့် ရေအိုင်ကိုမြင်သလို၊ မုန်ရစ်သောဆင် ဆင်မကိုမြင်သလို၊ ချိတ်မြိုတဲ့ငါး ရေနက်ထဲ ပြန်မသွားနိုင်သလိုဖြစ်နေတဲ့ သူ့ကို သနားဂရုဏာလေးနဲ့ တစ်ချက်ကလေးတော့ ကြည့်ပါဦးပေါ့လေ။ တောင်းပန်တိုးလျိုးတဲ့သဘောထင်ပါရဲ့။ ပေါင်ရယ်။ ကိုယ်ရောင်ကိုယ်ဝါရယ် သူ့ကို မထီတရီ(မတူသလို မတန်သလို) ကြည့်တာရယ်ကိုတော့ထည့်ဆိုသွားသေးသပေါ့။ သည်ပေါင်နဲ့ပဲ ပဉ္စသိင်္ခေ-ာက်ရမ်းကြွေသွားတာ ဖြစ်လောက်တယ်။ သူကြွေချက်ကလဲပေါင်မှာချည်းပဲ နိုင်းလောက်ရှိတယ်နော်။
(၉) စောင်းသံ
အပ္ပကော ဝတ မေသန္တော၊
ကာမော ဝလ္လိတ ကေသိရာ။
အနေကဘာဝေါ သမပါဒိ၊
အရဟန္တောဝ ဒက္ခိဏာ။
သည်အပိုဒ်ကိုမူခွဲ ၂မျိုးပြန်ကြတယ် မမမေရဲ့။ သူရိယဝစ္ဆသာလေးရဲ့ ဆံကေသာ အလှကို ဖေါ်ကျူးပြီး၊ အချစ်အနဲအများကို ရဟန္တာကို လှူတဲ့ အလှူပစ္စည်းနဲ့ ပြန်ရတဲ့ အကျိုးကို နှိုင်းပြီးရေးထားတာ။ ဘယ်သူကဘယ်သူ့ကို ချစ်တဲ့ အချစ်လဲတော့ မသိဘူးပေါ့လေ။ ပါဠိမတတ်တော့လဲ ထင်သလို အဆင်ချောသလိုပြန်ပြလိုက်ပါ့မယ်။ မှန်ဖို့ထက် ဖတ်ကောင်းဖို့က ပိုလိုတယ်မို့လား။ အဖျားကော့ကော့ ကျော့ရှင်းကေသာရှိသော သူရိယဝစ္ဆသာတဲ့ ထိုကေသာနှင့် တောက်ပအဆင်းကြောင့် မင့်အပေါ်မှာထားတဲ့ ငါပဉ္စသိင်္ခရဲ့ကာမဆန္ဒ ချစ်စိတ်တွေဟာ နိုးကြွလာရပါတယ်တဲ့။ ပေါင်အရင်တော့ ကေကိုမြင်ပုံပါပဲ။ နောက်တော့မှသာပေါင်က ရှေ့တန်းရောက်သွားတာ။ အဖျားကော့ကော ဆံကေသာတဲ့ တစ်ဖြောင့်ထဲ စက်ဆွဲ အဖြောင့်မဟုတ်ဘူးနော်။ဘယ်တော့မှ မညှပ်ပဲ တယုတယနဲ့ မွေးထားတဲ့ ဆံပင်ဆိုတာ အဖျားသွယ်သွယ်ကော့ကော့လေး တွေဖြစ်မယ်ထင်တယ် မမမေ။ ဆံပင်ဖျားလေးတွေ ကော့ရင် ဆံပင် မသန်ဘူးလို့လဲ ဆိုကြတယ်။ သိပ်မသန်တဲ့ ဆံပင်ကော့ကော့လေးတွေကိုပဲသူပိုချစ်သွားတာလဲ ဖြစ်နိုင်တယ်။ ဒါပေမယ့်သူက အဲသလို ဆံနွယ် အဖျားကော့လေးတွေကအစ ချစ်ရပေမယ့်သူရိယဝစ္ဆသာရဲ့ သူ့အပေါ် တုန်ပြန်ချစ်မယ့် အချစ်ဟာ နဲလွန်းပါတယ်တဲ့။ သို့မဟုတ် သူ့လိုဘဝမျိုးကိုသူရိယဝစ္ဆသာ တုန့်ပြန်ချစ်လာနိုင်မယ့် အခွင့်ရေးမျိုးဟာ နဲပါးလွန်းတယ်လို့ ဆိုရမလားပေါ့လေ။ရဟန္တာတစ်ပါးကို အလှူပြုရင် အလှူပစ္စည်းထက် သဒ္ဒါရဲ့ အကျိုးကြောင့် အဆပေါင်းရာထောင် အကျိုးကျေးဇူးရသလိုပါပဲတဲ့။သည်လိုပါပဲ သူရိယဝစ္ဆသာဆိုတဲ့ နတ်သမီးလေးရဲ့ တုန့်ပြန်အချစ်ဟာ ဘယ်လိုနဲသော်လည်း (သို့မဟုတ်)အခွင့်အရေး အလွန်နဲသော်လည်း သူ့ရဲ့ ချစ်ခြင်းမေတ္တာကတော့ (သို့မဟုတ်) သူရဲ့ သူရိယဝစ္ဆသာတုန့်ပြန်အချစ်ပေါ်မှာထားတဲ့ မျှော်လင့်ချက်ကတော့ ရဟန္တာကို လှူတဲ့ အလှူရဲ့ အကျိုးလိုပဲ ကြီးမားပါတယ်။ ညောင်စေ့လေးလောက်သာမျှော်လင့်စရာရှိသော်လည်း ညောင်ပင်ကြီးလောက် ချစ်မိပါပြီပေါ့လေ။ ဒါမှမဟုတ်ရင်လဲ သူကဆံကောသာကို ပြောချင်တာနဲ့ သူရိယဝစ္ဆသာ သူ့ကို မချစ်တာ ပြောချင်တာ သက်သက်၊ ရဟန္တာရဲ့ အလှူအကျိုးကိုပြောချင်တာသက်သက်လဲ ဖြစ်နိုင်လောက်တယ်။ ဘာလို့ဆို နောက်တစ်ပုဒ်ကြောင့်ပေါ့။
(၁၀) စောင်းသံ
ယံမေအတ္ထိ ကတံပုညံ၊
အရဟန္တေသု တာဒိသု။
တံမေ သဗ္ဗကလျာဏီ၊
တယာ သဒ္ဓိံ ဝိပစ္စတံ။
အကျွနိုပ်တွင် သူတော်ကောင်း အကျင့်မြတ်၊ သည်းခံတတ်ကုန်သော ရဟန္တာတို့အပေါ် လှူခဲ့ဘူးသောကောင်းမှုအထူးသည် ရှိသည်ဖြစ်သော် ထိုကောင်းမှုတို့ အကျိုးသည် ချစ်ရပါသော သူရိယဝစ္ဆသာနှင့်ပေါင်းဖက်ရခြင်း အတွက် ဖြစ်ပါစေသားတဲ့။ သူမကြံတတ်တဲ့အဆုံး ဘုရားကု ကုတဲ့ သဘောထင်ပါရဲ့လေ။ ဒါပေမယ့် ကောင်းမှု အထူးထူးကို သည်တစ်ဦးတည်းအတွက်ရည်စူးဆုတောင်းခြင်းဟာ သူရဲ့ အစွန်းဆုံးသော မိုက်မဲခြင်းနဲ့ ချစ်မိပါင်္ပြီဆိုတာကိုပြတဲ့အကောင်းဆုံးဥပမာပေါ့လေ။ နောင်သံသရာမှာ ဘာပဲဖြစ်ဖြစ် သည်ဘဝ သည်ခဏမှာ သူရိယဝစ္ဆသာလေးနဲ့ပေါင်းဖက်ရရင် ကျေနပ်ပါပြီတဲ့။ ၂ကိုယ်တူ ချစ်တဲ့ဘဝမဟုတ်တော့ သံသရာဘဝေဘဝမှာ မယ်နဲ့မောင်တူယှဉ်တွဲရပါလိုရဲ့လို့ သူ့ခဗျာ ဆုတောင်းခွင့်မရှိသေးတဲ့ဘဝကိုး၊ တစ်ဘက်သက် အချစ်မို့နီးစပ်ခွင့်ကိုပဲ ပုံအောရရှာတဲ့ဘဝ။ ဆုတောင်းကြမ်းလိုက်တာနော်။
(၁၁) စောင်းသံ
ယံမေအတ္ထိ ကတံပုညံ၊
အသ္မိံ ပထဝီ မဏ္ဍလေ။
တံမေ သဗ္ဗကလျာဏီ၊
တယာ သဒ္ဓိံ ဝိပစ္စတံ။
သည်အပိုဒ်လဲ သည်လိုပါပဲ။ ပြုသမျှသော ကုသိုလ်အထူးထူးတို့အတွက် မဟာပထဝီမြေကြီးသည် သက်သေရှိ၏။ထိုပြုပြုဘူးသမျှသော ထိုကုသိုလ်တို့သည်လဲ သူရိယဝစ္ဆသာနှင့် ပေါင်းဖက်ရခြင်းအတွက် ဖြစ်စေသတည်းပေါ့။
(၁၂) စောင်းသံ
သကျပုတ္တောစ ဈာနေန၊
ဧကောဒိ နိပကောသတော။
အမတံ မုနိ ဇိဝိသာနော၊
တမဟံ သူရိယဝစ္ဆသေ။
အိုသူရိယဝစ္ဆသာ၊ လူ့ပြည်တွင် သကီဝင်မင်းမျိုးလဲဖြစ်၊ စင်္ကြဝဒေးမင်းလဲ ဖြစ်လုဆဲဆဲ သိဒ္ဒထသည်မြတ်သောပညာလဲရှိ၊ ဈာန်လဲရ၊ သတိလဲရှိသည့်တိုင် ဦးစွက ဘုရားဆုပန်ခဲ့သည့်အတိုင်း များစွာကြာမြင့်သောသံသရာပတ်လုံး နိဗ္ဗာန်လမ်းကို ရှာမှီးလျက် ကျင်လည်တော်မူသည်။ ထိုအတူ ငါပဉ္စသိင်္ခသည်လဲသင်သူရိယဝစ္ဆသာ ချစ်နှမကို မြင်ပြီးနောက် ဦးစွကပင် သင့်ရင်ငွေ့ကိုလှုံ ရွှေလက်တွဲရစေကြောင်းဆန္ဒဖြစ်သည်။ နောက်သံသရာ အချိန်များစွာတိုင်းတွင် ထိုဆန္ဒဖြင့်သာ ကျင်လည်နေ၏တဲ့။ ဘာဆိုင်တုန်းဆိုဘာမှမဆိုင်ဘူးနော်။ ဟိုက သံသရာလွတ်ကြောင်း နည်းလည်းကောင်းဖြစ်တဲ့ နိဗ္ဗာန်တက်လမ်းကိုလူအများနားလည်အောင် ပြောနိုင်တဲ့ သဗ္ဗညုတဥာဏ်အတွက် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ရှာရင်း ကျင်လည်တာ။ဘုရားမဖြစ်ခင် ဘုရားလောင်းတော် ဘဝတွေရဲ့ သဗ္ဗညုတ ဥာဏ်ကိုရလိုစောနဲ့ သံသရာကျင်လည်သလိုပဲတဲ့သူရိယဝစ္ဆသာကို မြင်ပြီးနောက်မှာလဲ သူဟာ သူရိယဝစ္ဆသာကို ရလိုတာ တစ်ခုတည်းနဲ့ သံသရာကိုကျင်လည်ဖို့ အဆင်သင့်ပါပဲပေါ့။ မတော်မရော် ငရဲမကြောက်၊ သူငရဲကြီးမှာဆိုးလို့ ကျမပြန်ကြိုက်လိုက်ရပါတယ်တဲ့အားနာစိတ်ကလေးကိုများ ရည်ရွယ်ပြီး ဆိုလိုက်သလား မသိဘူးနော်။
(၁၃) စောင်းသံ
ယထာပိ မုနိနေႏၵယ်၊
ပတြာ သေမၺာဓိ မုတၱမံ။
ဧဝံ နေႏၵယ်ံ ကလ်ာဏီ၊
မိႆဘာဝံ ဂေတာ ယထာ။
အိုချစ်နှမ သုရိယဝစ္ဆသာ ဗုဒ္ဓရှင်တော်မြတ်သည် ဝိသုဒ္ဓိ၇ပါး တရားမြတ်ဖြင့် လိုလားအပ်သောနိဗ္ဗာန်ကို မျက်မှောက်ပြုကာ သဗ္ဗညုတဥာဏ်အလင်းကို ရလျင် “အနေက ဇာတိ သံသာရံ”အစချီသော ဥဒါန်းဂါထာကို ကျူးရင့်ရလောက်အောင်ဝမ်းမြောက်ခြင်းကြီးစွာဖြစ်သကဲ့သို့၊ ငါပဉ္စသိင်္ခသည်လဲ သင်သူရိယဝစ္ဆသာကို ရလျင် ဝမ်းမြောက်ခြင်းကြီးစွာဖြစ်ပါလိမ့်မယ်တဲ့။ အို နှိုင်းရက်လေတယ်နော်။သူ့ဟာသူ ဟိုဒင်းက ဟိုဟာပုလို့ ဟိုဟာမကို လိုချင်တာနဲ့ တို့ဘုရားဥာဏ်တော်၊ ဂါထာတော်တွေသီချင်းထဲထည့် သွားကျူတာ။ သံသရာလွတ်လမ်း တရားတော်မြတ်တွေ၊ ဥာဏ်တော်အဟုန်တွေနဲ့ကိုများသင်းရဲ့ ပေါင်ကြားတိုးလမ်း၊ နွားဖြစ်ရေးလမ်းစဉ်တွေနဲ့ လှည်းကျိုးထမ်းချင်တဲ့ကိစ္စမှာဒင်းဖွန်ကြောင် စမုန်ထ၊ ဟိုသင်းနံ့ကလေးရဖို့အရေး ဖေါဖေါသီသီကြီးသုံးချပလိုက်တာ သိကြားမင်းနားနေတဲ့ကောင်မို့ပေါ့။ မဟုတ်လို့ကတော့ လူ့ပြည်က သာသနာချစ်တွေ၊ သာသနာစောင့် တပ်မတော်တွေ လွှတ်လိုက်ရင်သင်းခုချိန်လောက်ဆို ဟွင်းဟွင်း...။
ဒါကိုပြောရရင် အဖြစ်ပျက်လေး တစ်ခုကို ပြောမှရမယ်။ သည်သီချင်းစဖြစ်လာဖို့ ဖြစ်စေတဲ့ပဉ္စသိင်္ခက သူရိယဝစ္ဆသာကို စမြင်တဲ့ သိကြားမင်းရဲ့ ကပွဲသဘင်ကျင်းပတဲ့ အချိန်ဟာ ဗုဒ္ဓဘုရားရှင်ဟာသမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူပြီးကာစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းပါးအနီး အဇပါလပ ဆိတ်ကျောင်းညောင်ပင်မှာသတင်းသုံးနေစဉ်ကာလကိုး။ သည်တော့ သူ့သီချင်းရေးစပ်ပြီးလို့ သူရိယဝစ္ဆသာ လေသာဆောင်ကိုမျှော်ပြီးတီးခတ်နေမယ့်ကာလဟာ အဲဒီတုန်းက လောကမှာ ဘုရားပွင့်ပြီဆိုတာ အတော်များများ မသိကြသေးတဲ့အချိန်အခါပေါ့၊ဘုရားဆိုတာဘာတုန်း၊ သူကဘာတုန်းလို့ ဘုရားရဲ့ အမျိုးတွေကတောင် ငါတို့လက်ပေါ်ကြီးလာတဲ့ကောင်လေးပါကွာလို့မကန်တော့ပဲ နေဆဲကာလဖြစ်မှာပေါ့။ ရေမီးအစုံ တန်ခိုးဗြာဒိတ်တွေပြလို့ သူ့ရဲ့ လက္ခဏာရေးသုံးပါး၊သံသရာလွတ်ကြောင်းတရားတွေကို ပေါ်ပြီးသား ဘုရားလို့ ခံယူထားသူတွေ၊ ရှေးရိုးအစွဲ မွန်မြတ်တယ်ဆိုတဲ့သူတော်စဉ်ကျင့်စင် သမား ဂရုကြီးတွေ၊ ဈာန်ရ၊ တန်ခိုးရှိ ပညာတတ် ဂိုဏ်းဆရာကြီးတွေနဲ့အကျိတ်အနယ် ဆွေးနွေးတရားဟောရတုန်း အချိန်ပေါ့၊ နောက်တော်ပါ သံင်္ဃာတန်းနဲ့ ဘယ်ကိုလှမ်းလှမ်းလက်အုပ်မိုးလို့ ကြိုမယ့် သာဝကတွေ မရှိသေးတဲ့ သာသနာစက်ဝန်း သန္ဓေတည်ခါစဆိုတော့ ဥက တက္ကတွန်းတို့ကလမ်းမှာတွေ့ရင် “အသားရေကလဲ လန်း၊ ဝတ်ပုံစားပုံလဲထူး၊ သွားပုံလာပုံကလဲ သိပ်စမတ်ကျ၊ ကိုယ်နေဟန်နဲ့အကြည့်ကလဲ အမျိုးမြတ်ပုံရတယ်။ ငါ့သျှင်ဘယ်ဂိုဏ်းကတုန်း၊ ငါ့သျှင်ဆရာ ဘယ်သူတုန်း” မေး၊ဘုရားက ဘုရားပါ၊ ငါ့မှာဆရာမရှိဘူး လို့ဖြေတာတောင်၊ "ဟုတ်မှာပဲ၊ ဟုတ်မှာပဲ သည်လိုလူမျိုးသည်လိုတော်တယ်ဆိုတာဟုတ်မှာပဲ" ဆိုပြီး လမ်းဆက်လျောက်သွားတဲ့ ကာလပေါ့။ သည်တော့ ပဉ္စသိင်္ခရဲ့ စောင်းသီချင်းဟာလူ့ပြည်မှာ ပွင့်တဲ့ ဘုရားရဲ့ လူသိနဲသေးတဲ့ ကိစ္စတွေကို အပ်တူဒိတ် အတွင်းစည်းကျကျ ရေးစပ်ထားတဲ့သီချင်းပေါ့။ ၃၁ဘုံမှာ ဂေါတမဆိုတာ ဘာလဲ၊ဘယ်လဲ ကြားဖူးနားဝနဲ့ ပုလဲနားကပ် အကဲခတ်နေတဲ့ကာလမှာအပေါ်ရံ အမျိုးအနွယ်သာမက သံသရာတို့၊ နိဗ္ဗာန်တို့၊ ပါရမီတို့၊ စတဲ့ အတွင်းကျကျပညာပါပါဝေါဟာရတွေကိုပါ ထည့်ရေးပြီး ဗုဒ္ဓအပေါ်မှာရှိတဲ့ သူ့ရဲ့သိမှု၊ ဗုဒ္ဓတရားတော်တို့ထဲက သူ့ရဲ့ကောက်နုတ်မှုတွေ၊နောက်ပြီး အားလုံးက ကြားဖူးယောင်သာရှိတဲ့ ဗုဒ္ဓအကြောင်းကိုပါ ထဲထဲဝင်ဝင် သီကုံးထားတော့တော်ရုံနားထောင်သူ ရင်ထဲမှာ သူက ခုပွင့်တဲ့ ဘုရားနဲ့ ဘာများလဲ ဆိုတဲ့ အဌာဖမ်းထားတဲ့သဘောပေါ့လေ။ထဲထဲဝင်ဝင် နားထောင်သူများကျတော့လဲ သည်မောင်ရင် ခုခေတ်အစားဆုံး ဗုဒ္ဓတရားတော်တွေနဲ့မဝေးတဲ့အပြင် အတော်သိမြင်နှံ့စပ်ပါ့ဂလားပေါ့။ သူရိယဝစ္ဆသာလေးလဲ အပျိုရံသင်းပင်းတွေနဲ့လက်ဖက်စားရင်း နေကြာစိစားရင်း ပြောကြတဲ့အခါ "ခုငါ့လာကြောင်နေတဲ့ ဘဲလေးက အလုပ်သာမယ်မယ်ရရမရှိတာဖေ့ဘုတ်ပေါ်မှာတော့ နိုင်ငံရေး၊ ဘာသာရေး၊ ကွန်ပြူတာ ဘာလာလာ ဆရာကျတဲ့ ပုံပဲအေ့။ သူ့သီချင်းထဲမှာအတော်များများ ပါအောင်ထည့်ဆိုထားတာ။ စလစ်ဗျစ်တီထင်တယ်အေ့” ပေါ့လေ။ အဲလေ ရောကုန်ပါပီ။အဲသလိုပါပဲ။ အဲဒီခေတ်ရဲ့ ဟော့တော့ပစ်ဟာ လောကမှာ ဘုရားပွင့်တဲ့အကြောင်းပေါ့။ အဲဒီပွင့်တဲ့ဘုရားအကြောင်းနဲ့ တရားတော်တွေ တစွန်းတစကို ဆီလျော်အောင် သူ့သီချင်းထဲ ထည့်သွားနိုင်တာဟာသူ့ရဲ့ ဗျူဟာတစ်ကွက်ပဲ ဆိုပါတော့လေ။
(၁၄) စောင်းသံ
သက္ကော စေမေ ဝရံဒဇ္ဇာ၊
တာဝတိံသာ နမိဿရော။
တာဟံဘဒ္ဒေ ဝါရေယျာဟေ၊
ဧဝံ ကာမော ဒဠော မမ။
ငါကလည်း ခက်တယ်
ကဗျာတစ်ပုဒ်နဲ့
နေမ၀င်အင်ပါယာ
ဘယ်ဟာယူမလဲလို့ မေးလာခဲ့ရင်
ဒုတိယအရာကို ငါ.. ငြင်းတယ်…တဲ့။ တာရာမင်းဝေရဲ့ မီးတောက်ရစ်သမ်ထဲက အပိုဒ်လေးလိုပေါ့၊ခုဟာကလဲ သူ့ဆရာ သိကြားမင်းက သူအုပ်ချုပ်တဲ့ နတ်ပြည်၂ထပ်နဲ့ သူ့ရဲ့ နတ်စည်းစိမ် အကုန်လုံးသူ့ကိုပေးမယ် ဒါကိုယူမလား သူရိယဝစ္ဆသာလေးကိုယူမလား ဆိုရင်တောင် သူကတော့ သူရိယဝစ္ဆသာလေးကိုပဲယူမယ်တဲ့။
နတ်ပြည်၂ထပ်လုံးရှိပေမယ့်၊ “မင်းမရှိတဲ့ဘဝတွေ မနေချင်ဘူး၊ မင်းမရှိတဲ့နေ့တွေ မလိုချင်ဘူး”ပေါ့လေ။“မင်းမှမင်းပဲ”ပေါ့။ မိုက်လိုက်တဲ့ ပဉ္စသိင်္ခနော်။ သူသိကြားမင်းနေရာရမှတော့ လက်ညိုးထိုးရာရေဖြစ်နေပေါ့ကို အချစ်မှာ မျက်စိမရှိရှာတော့ကန်းလိုက်လေခြင်း နော်။ ချဉ်ပေါင်နဲ့ ဝက်သား၊ချဉ်ပေါင်ဟင်း သူရိယဝစ္ဆသာကိုရွေးတဲ့ ငမိုက်သား၊ ဝက်သားနဲ့ ဒညင်းသီး သူရိယဝစ္ဆသာဒညင်းသီးကို ရွေးတဲ့ ငမိုက်သား၊ သံသရာအဆက်ဆက် ပြုပြုခဲ့သမျှ ကုသိုလ်အဟုန်ကို သည်တစ်ယောက်နဲ့ပေါင်းရဖို့ ကုန်ချင်ကုန်ပစေဆိုတဲ့ ငမိုက်သား၊ တစ်ခါတစ်ခါတော့ သူလိုလိုက်မိုက်ကြည့်ချင်သားပဲမမမေရယ်။ မိုက်ရတာ လွယ်တယ်ဆိုပေသည့် မိုက်တတ်ဖို့ကလဲ လိုသေးသကိုးနော်။ အမှန်တော့ သီချင်းကဒီမှာတင်ပြီးပီ မမမေရဲ့။ ဒါပေမယ့် ပဉ္စသိင်္ခရဲ့ လုပ်ကွက် နောက်တစ်ပုဒ်ကိုကြည့်ဦး။
(၁၅) စောင်းသံ
သာလံ ဝ နစိရံ ဖုလ္လံ၊
ပိတရံ သ သုမေဓသေ။
ဝန္ဒမာနော နမဿာမိ၊
ကဿတေ တာဒိသီပဇာတိ။
ပထမဆုံး အပိုဒ်လိုပဲ ယောက်ခမကြီးကို ရှိခိုးတဲ့ ဟာပဲ။ ဒါပေမယ့် သူကနဲနဲလေးထူးတယ်။ ပထမဆုံးကတီးခွင့်ရဖို့ ရှိခိုးတာ။ ခုဟာက သီချင်းဆုံးသွားလို့ ရှိခိုးတာ။ သူ့သိချင်းကို အဆုံးထိအောင်နားထောင်ပေးတဲ့ (နားလည်တယ်ဆိုရင်) ပညာရှိလွန်းတဲ့ သူရိယဝစ္ဆသာရေပေါ့။ ခုလို အလေး၊အပေါ့၊အလျော့၊အတင်း၊အပြင်း၊အသာ၊အညံ့ သံစဉ်၇ဖြာပါသည့် ဗေလုဝဂီတစောင်းသံနှင့်အတူ သင့်ကိုချစ်ကြောင်း တေးသီချင်းတို့ကိုသီဆိုခွင့်ရရှိခြင်းကြောင့် ကောင်းခြင်းငါးဖျာ ဥာဏ်ကြီးစွာသော အသင်သူရိယစ္ဆသာကို ဖြစ်စေသောပင်လုံးကျွတ်ပွင့်သည့် အင်ကြင်းပင်ကြီး၏ အခေါင်အထွဋ်ကဲ့သို့ ဂုဏ်ကျက်သရေဝေဆာနေသည့်သင့်ခမည်းတော် တိဗ္မရုနတ်မင်းကို ငါကန်တော့၏တဲ့။
အဆိုတော်တွေ သီချင်းဆုံးတဲ့အခါ “ဖေဖေမေမေ၊ဆရာသမား၊ ကြွရောက်လာသော လူကြီးမင်းများနဲ့တကွ၊ ၃၁ဘုံ ကျင်လည်ကြကုန်သော လူနတ်ဗြဟ္မာ အားလုံးတို့ကိုကျေးဇူးတင်ပါတယ်”လို့ (ဟယ်ရောကုန်ပါပီ) ပြောသလိုပါပဲ။ သူဆိုချင်ရာ ဆိုပေမယ့် သူက ကျေးဇူးအထူးသိတတ်သူလို့ ပြသွားတာပေါ့။ သည်နေရာမှာလဲ၇ှင်းရဦးမယ်။ ကျေးဇူးဆိုတာ ဆပ်တဲ့ကျေးဇူး၊ တင်တဲ့ ကျေးဇူးတင်မဟုတ်ဘူး၊ အဲဒီအချိန်ကဗုဒ္ဓဟောကြားနေတဲ့ “အကြောင်းအားလုံးတို့သည် အကျိုးကြောင့်ဖြစ်တယ်။” “ဘယ်အရာမှ အကြောင်းမဲ့မဖြစ်ဘူး၊လောကကြီးထဲမှာ နေသမျှ သံသရာထဲမှ ကျင်လည်သမျှ သတ္တဝါမှန်သမျှဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်ကြတယ်။အမှီသဟဲပြုကြတယ်။ ဂုဏ်ကျေးဇူးပြုကြတယ်။ ဒီအကြောင်းတရားတွေကို နားလည်ကြ၊ ဒါမှ ဘယ်အကျိုးကိုဖြစ်စေတာဘယ်အကြောင်းဆိုတာ သိမယ်။ ကောင်းသောအကျိုးဖြစ်စေချင် ကောင်းသောအကြောင်းကို ပြုကြ၊ မကောင်းသော အကျိုးမရချင်ရင်မကောင်းသော အကြောင်းကို မပြုကြနဲ့” ဆိုတဲ့တရားတွေ အစပျိုးတွင်တွင်ဟောနေတဲ့အချိန်၊ တစ်လောကလုံးက လူပညာရှိ၊ နတ်ပညာရှိတွေဟာ “သည်လိတ်တက်စ်ဘုရား ဂေါတမကတော့ သည်လိုဟောတယ် ဘယ်လိုသဘောရသလဲ”လို့ တိုးတိုးတမျိုးမျိုး ကျယ်ကျယ်တစ်ဖုံဓမ္မလှိုင်းရဲ့ ပုတ်ခတ်မှုကြောင့် ဆင်ခြင်ဥာဏ်တွေ ပညာတွေ၊ အတွေးအခေါ်တွေ၊ မှန်သမျှတွေကို မှုန်တိုင်းအဆင်ခံနေရတဲ့အချိန်မှာ ပဉ္စသိင်္ခက လုပ်ပြသွားတာနော်။
သည်လိတ်တက်၊ သည်မို့စ်အဒ်ဘန့် ဖီလော်ဆော်ဖီကို သူအသုံးချပြီး သီချင်းထဲ ထည့်ဆိုသွားတာ။ သူကြိုက်တဲ့ သူရိယဝစ္ဆသာဆိုတာဘယ်လိုတော်တာ၊ ဘယ်လိုလှတာ၊ သူကဘယ်လိုကြိုက်တာ။ ဒါပေမယ့် ဒီသူရိယဝစ္ဆသာဟာ တိဗ္မရုနတ်မင်းရဲ့သမီးဖြစ်လို့ သူ့ကျေးဇူးရှိတယ်။ သူရိယဝစ္ဆသာရှိလို့ သူကချစ်တယ်။ သူကချစ်လို့ ဗေလုဝစောင်းကြီးနဲ့အကောင်းဆုံးလို့ သူဖန်တီးတဲ့ ဂီတတွေ သူတီးခဲ့တယ်။ ဒါကို သူသီဆိုခွင့်ရခဲ့တယ်။ ဒါကိုနားဆင်ပေးတဲ့ သူရိယဝစ္ဆသာကျေးဇူးကြီးတယ်။ ဒါပေမယ့် သူရိယဝစ္ဆသာက နတ်မင်းကြီးရဲ့သမီးဖြစ်လို့နတ်မင်းကြီးရဲ့ ကျေးဇူးလဲရှိတယ်။
နတ်မင်းကြီးမှာသာ သူရိယဝစ္ဆသာဆိုတဲ့ သမီးလေးမရှိခဲ့ရင်၊ ဒါမှမဟုတ် မလှခဲ့ရင်၊ ဒါမှမဟုတ်သူမမြင်ခဲ့ရင်၊ ဒါမှမဟုတ် မြင်ပေမယ့် မချစ်ခဲ့ရင် သူသီချင်းမဆိုဘူး၊ သည်လိုဂီတလက်သံကောင်းတွေမထွက်ဘူး၊ ထွက်သည်၇ှိဦး နတ်မင်းကြီးကသာ ဆိုခွင့်မပေး နှောက်ယှက်ခဲ့ရင် သူဂီတကိုလဲသီဆိုပြသခွင့်မရဘူး၊ သူရိယဝစ္ဆသာလေးလဲ နားဆင်ခွင့်မရဘူး၊ ဒါကြောင့် ချစ်သော သူရိယဝစ္ဆသာလေးအတွက်ချစ်ရပါသော ပဉ္စသိင်္ခက ဖန်တီးတင်ဆက်ပေမယ့် ကျေးဇူးတင်ထိုက်သူ စင်စစ်ဖြစ်တဲ့ တိဗ္မရုနတ်မင်းကြီးကိုဦးစွာတစ်ခါ အဆုံးမှာတစ်ခါ ကန်တော့ပန်းဆင်ပြီး နောက်ဆုံးပေါ် ဖီလော်ဆော်ဖီဖြစ်တဲ့ ဟော့အဖြစ်ဆုံးဂေါတမဗုဒ္ဓရဲ့ တရားကိုသုံးပြပြီး သူ့ယောက်ခမလောင်းကို ကန်တော့ပြသွားတာပေါ့။ အဲဒီအချိန်ကသူ့မယားလိုချင် သူ့လင်လှံနဲ့ထိုးတဲ့ အယူအဆတွေ လွှမ်းနေတုန်းမှာ ချစ်တာမချစ်တာထား သီချင်းလေးဆိုလို့ရတာကိုက ကျေးဇူးအထူးပါလို့ ချုပ်လဲချုပ် ပညာခန်းလဲပြ၊ ဗုဒ္ဓအကြောင်းကိုလဲ အမွှမ်းတင်လိုက်တာကာလံ၊ဒေသံအားဖြင့် အတော့်ကို တော်ကီလန်းတဲ့ ပဉ္စသိင်္ခပေါ့နော်။ ဒါကို အကောင်းဆုံးနတ်စောင်းနဲ့အတော်ဆုံး နတ်သားလေးက တီးလဲတီး ဆိုလဲဆိုဆိုတော့ စာသားတွေလန်းတယ်ဆိုတာ တကယ့်သီချင်းရဲ့ပုံတစ်ရာတစ်ပုံလောက်သာ တို့တယ်ထိတယ်ဆိုယုံလေး သိခွင့်ရတဲ့သဘောပေါ့။
အဲသည်သီချင်းကိုဘုရားရှင်ရဲ့ မနီးမဝေးမှာ တီးနေလိုက်တာ သီချင်းဆုံးတော့ ဈာန်ဝင်စားရာက ထလာတဲ့ဘုရားရှင်က 'ပဉ္စသိခ သင်၏ စောင်းသံသည် သီချင်းသံနှင့် ကိုက်ညီပေ၏၊ သီချင်းသံသည်လည်းစောင်းသံနှင့်ကိုက် ညီပေ၏၊ သင်၏ စောင်းသံသည် သီချင်းသံကို မလွန်ပေ၊သီချင်းသံသည်လည်း စောင်းသံကိုမလွန်ပေ။ ပဉ္စသိခ သင်သည် ဘုရားနှင့်စပ်သောတရားနှင့်စပ်သော သံဃာနှင့်စပ်သော ရဟန္တာတို့နှင့်စပ်သော ကာမဂုဏ် နှင့်စပ်သောဤဂါထာတို့ကို အဘယ်အခါက သီကုံးထားသနည်း''ဟု မေးသတဲ့။
သည်တော့မှ ပဉ္စသိင်္ခက “အသျှင်ဘုရားသမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူပြီးကာစ ဥရုဝေလတောနေရဉ္ဇရာမြစ်ကမ်းပါးအနီးအဇပါလပညောင်ပင်၌ သီတင်းသုံးနေတော်မူလျက် ရှိစဉ်အခါ အကျွန်ုပ်သည်တိမ္ဗရုဂန္ဓဗ္ဗနတ်မင်းကြီး၏သမီး ဘဒ္ဒါမည်သော သူရိယဝစ္ဆသာကိုချစ်ကြိုက်နေပါ၏။အသျှင်ဘုရား ထိုသူငယ်မသည်ကား ရထားထိန်း မာတလိ၏သား သိခဏ္ဍီမည်သောအခြားသူကိုချစ်ကြိုက်နေပါ၏။
အသျှင်ဘုရား အကျွန်ုပ်သည်ထိုသူရိယဝစ္ဆသာကို မည်သည့်နည်းနှင့်မျှ မရနိုင်သောအခါ ဗေလုဝ ပဏ္ဍုစောင်းကို ယူ၍တိမ္ဗရုဂန္ဓဗ္ဗနတ်မင်းကြီး၏ ဗိမာန်သို့ ချဉ်းကပ်လျက် ဗေလုဝပဏ္ဍုစောင်းကို တီးခဲ့ပါ၏၊ဘုရားနှင့် စပ်သော တရားနှင့်စပ်သော သံဃာနှင့်စပ်သော ရဟန္တာတို့နှင့်စပ်သောကာမဂုဏ်နှင့်စပ်သော ဤဂါထာတို့ကို သီဆိုခဲ့ပါ၏”
သီချင်းဆုံးသော် ဘဒ္ဒါမည်သော သူရိယဝစ္ဆသာသည် အကျွန်ုပ်အားဤစကားကို ဆိုပါ၏-
သူရိယဝစ္ဆသာလေးကို
ပိုးတုန်းက ပေါက်ခဲ့တဲ့ သည်တစ်ပုဒ်နဲ့ပဲသူ့အနုပညာအလုပ်တွေကို ရပ်ထားလိုက်ရ
ထင်ပါရဲ့ မမမေရယ်။ နတ်ရေးပြည်ရာနတ်ဗိုလ်ချုပ်ကြီးတစ်ပါးဖြစ်လာတော့
သူချစ်ရတဲ့ သူရိယဝစ္ဆသာလေးကိုလဲ
ဒေါင်ဒေါင်ဒင်ဒင်လုပ်ပြနိုင်တော့ဘူးထင်ပါရဲ့။ သူရိယဝစ္ဆသာလေးလဲ
နတ်ဗိုလ်ချုပ်ကြီးရဲ့ကတော်ဖြစ်ပေမယ့် သူလဲ ဓတရဠနတ်မင်းကတော်ကြီးရဲ့
အိမ်မှာနေရင်း အဝတ်လျော်၊မီးပူထိုး၊ဈေးဝယ်၊ ဟင်းချက်၊
ကလေးသေးတည်၊နင်းနှိပ်၊ ဗါရိယတွေနဲ့ အားတော့မယ် မထင်ပါဘူးလေ။"ငါသေခါနီးလို့
အစောတလျင်စေတယ်။ ဒင်းကျူချက်ဖွင့်နေဦးဟ" လို့ အလိမ္မာသုံးလို့သိကြားမင်းက
ဆော်ထည့်လိုက်တာဖြစ်မယ်။ အရင်ကလို အကောင်ငယ်ငယ်ဆိုတော့
ဒေါင်၂ဒင်၂အချိန်ရသေးတယ်။ ခုတော့ မိန်းမလဲ မဟာအိမ်ဖေါ်ကြီးဖြစ်၊ ပဉ္စသိင်္ခလဲ
ခေါ်တိုင်းလာ၊အအားမပေး၊ သောကဝေနေရမယ့် နေရာရောက်၊ သတိရလို့ ဘသိကြားက
အခေါ်တော်ရှိတယ်ဆိုကြားဖေါက်သွားရဦးမယ်မို့လား။
သူ့ဆုတောင်းနဲ့သူဆိုတော့ပဉ္စသိင်္ခနတ်ဗိုလ်ချုပ်ကြီးခဗျာလဲ သူရိယဝစ္ဆသာလေးကို
ပိုင်တော့ပိုင်ရရှာပါရဲ့ဆင်ကြီးရေအိုင်လူးသလို၊ ရင်ခွင်ထဲဝင်
ကြာပန်းတွေချိုးနိုင်မချိုးနိုင်ရွှေပွတ်လုံးပေါင်၂သွယ်ကို ဟဝှာ
ပြုနိုင်မပြုနိုင်တော့ မသိဘူးမမမေရေ လူ့ပြည်စောင့်ရှောက်ရေးတာဝန်တွေနဲ့
သူ့ခဗျာ စောင်းမပြောနဲ့ လေကလေးတောင် ချွန်နိုင်ရှာရဲ့လားမသိတော့ပါဘူး။
အဲသည်တစ်ပုဒ်နောက်တော့ ဘာမှထပ်ဆိုတာ မတွေ့တော့ဘူး။
ကျားကြီးတော့လဲခြေရာကြီးသကိုး။ဒါပေသည့် ကျားချေးကတော့ ကြောင်ချေးနဲ့
သိပ်ခြားမယ်မထင်ပါဘူးလေ။ ။

0 comments:
Post a Comment