Sunday, May 26, 2013

~ သူ ~

by Lin Lin Latt (Notes) on Saturday, May 25, 2013 at 9:14pm


ဆရာကြီး ငွေဥဒေါင်း ရေးခဲ့တဲ့ “ဗုဒ္ဓစာပန်းချီ” ထဲက ဇာတ်ဝင်ခန်းလေး တစ်ခန်းပါ..။
ဂေါတမမြတ်စွာဘုရားရှင်က ယသော်ဓရာ ရှိရာ နန်းတော်ဆီ ပထမဦးဆုံး ကြွမြန်းခဲ့ချိန် ယသော်ဓရာရဲ့ ခံစားချက်ကို အသားပေးရေးဖွဲ့ထားတဲ့ အခန်းလေး ဖြစ်ပါတယ်..။


ခင်ပွန်းသည် ဖြစ်ခဲ့ဖူးသူ မြတ်စွာဘုရားရှင် ရောက်မလာမီ စိတ်လှုပ်ရှားနေခဲ့တဲ့ ယသော်ဓရာ့ မူဟန်လေးတွေကို ဆရာကြီး ငွေဥဒေါင်းက သူ့ရဲ့ ကလောင်အစွမ်း၊ စာရေးသူ့ အာဘော်တို့နဲ့ ပေါင်းစပ်ပြီး ချစ်စဖွယ် ဒီလိုလေး ရေးဖွဲ့ခဲ့ပါတယ်..။     

ဖတ်ဖူးပြီးသူ- မဖတ်ရသေးသူ- မိတ်ဆွေများ အားလုံးအတွက် မေတ္တာဖြင့် မျှဝေခြင်းပါ..။
       (ခင်လေးငယ်)                              
       ========

                                                      အခန်း (၁)
                                                      ..............

ကဆုန်လပြည့်၏ လရောင်သည် တဖိတ်ဖိတ် တောက်ပနေ၏။ ခမည်းတော်ကြီး၏ နန်းမဆောင်နှင့်တကွ နန်းတော်ဝင်း တစ်ခုလုံးသည် ဖိတ်ဖိတ်တောက်သော လရောင်အောက်တွင် ငြိမ်သက်လျက် ရှိသည်။ တာဝန်ကျသော အိပ်ဖန်စောင့်များမှအပ တစ်နန်းတော်လုံး အိပ်ဆောင်ဝင်ကြလေပြီ။

ကဆုန်နေ၏ အပူဒဏ်ကို တစ်နေ့ခင်းလုံး ရို့၍ ခံခဲ့ကြရသော ပန်းပွင့်ပန်းရွက်များသည် ညဥ့်နက်ပိုင်း၏ လေပြည်လေညင်း အကူအညီဖြင့် ဝင်းဝင်းဖြာသော လရောင်အောက်တွင် ဝင့်ကြွားနေကြဟန် ရှိသည်။ သားကြီးသည် အကယ်၍ နန်းတော်သို့ ကြွလာခဲ့လျှင် အကြိုအဆို ဖြစ်စေရန် လှလှပပ ပြင်ဆင်ထွန်းညှိ၍ ထားခဲ့သော မီးပုံ မီးအိမ်များသည်လည်း ငြိမ်းကုန်ကြပြီး ဖြစ်၏။

ထိုအချိန်တွင် နန်းတွင်းသူ တစ်ဦးသည် ညဥ့်လေပြည်ကြောင့် ယိမ်းနွဲ့လှုပ်ရှားလျက် ရှိသော ပန်းရုံပန်းပင်များကို ဖြတ်သန်းကာ ဂိမ္မန္တ နန်းဆောင်ဆီသို့ ခပ်သွက်သွက်ကလေး လျှောက်လာ၏။ နန်းတွင်းသူသည် သော်ကရုံ အကွေ့ကို ချိုးလိုက်မိသောအခါ သော်ကရုံအရိပ် ခုံတန်းဆီမှ..

"ဟဲ့... ဟဲ့ မာလာရဲ့၊ ငါ ဒီမှာ ပါဟဲ့" ဟူသော ခပ်အုပ်အုပ်အသံကို ကြားလိုက်ရသဖြင့် နန်းဆောင်လှေကား ဆီသို့ ဦးတည်နေသော ခြေလှမ်းကို ဖျတ်ခနဲ ကိုယ်ရှိန်သတ်လိုက်ပြီးလျှင် အသံလာရာ ပန်းရုံဆီသို့ ဦးလျှိုး၍ ဝင်လာသည်။

"တွေ့ခဲ့ရဲ့လား၊ တွေ့ခဲ့ရဲ့လား... သူ့ကို တွေ့ခဲ့ရဲ့လား"

"တွေ့ခဲ့တာပေါ့ သခင်မရဲ့၊ နီးနီးကပ်ကပ်တွေ့အောင် စောင့်နေရလို့ ဘုရားကျွန်မ နောက်ကျနေတာပေါ့။ စောစောပိုင်းက တော်ကြီးဘုရားနဲ့ နန်းတွင်းသူ နန်းတွင်းသားတွေ ရှေ့ပိုင်းမှာ ပြည့်နေလို့ နောက်ပိုင်းက ကိုယ်ရောင်ဖျောက်ပြီး စောင့်နေရ သေးတယ်။ တော်ကြီးဘုရားတို့ ပြန်သွားမှ နောက်ပိုင်းလူအုပ်နဲ့ မယောင်မလည် ရောပြီး သခင်လေးအနားကို ကပ်ရတယ်"

"အေး... အေး၊ ပြောစမ်းပါဦး၊ အနားရောက်တော့ ညည်းသခင်လေးက ညည်းကို မှတ်မိရဲ့လား၊ ညည်းကို နှုတ်ခွန်းကလေး ဘာလေးများရော မဟလိုက်ဘူးလား"

"မြင်ရင်တော့ ဟချင် ဟမှာပေါ့၊ မမြင်တာတော့ ခက်တယ်"

"မမြင်ရအောင် ညည်းက ဘယ်ချောင်သွားကုပ်နေလို့လဲ မာလာရဲ့"

"မကုပ်ရပေါင်ပါ၊ သခင်ကလေး မြင်အောင်လို့ အချိန်စောင့်ပြီး မြင်လောက်တဲ့ နေရာရောက်အောင် ကြိုးစားပမ်းစား သွားနေရုံမကဘူး ဘုရားကျွန်မကို မြင်ရင် သခင်မကို သတိရပါစေတော့ လို့ မြင်လောက်အောင် လှုပ်ရှားပြပါသေးတယ် သခင်မ"

"ဒါနဲ့တောင် တစ်ချက်ကလေးမှ လှမ်းမကြည့်ဘူးလား"

"ကြည့်ဖို့ နေနေသာသာ စက္ခုဣနြေ္ဒတော်ကြီးက ကြီးမားတော်မူလိုက်တာ၊ မျက်ဝန်းကလေး တစ်ချက်တောင် လှုပ်ဖော်မရပါဘူး သခင်မ"

"သူ... သူ... ဘယ်လိုများ ဖြစ်လာပါလိမ့်နော်"

"စက္ခုဣနြေ္ဒတွင် မကဘူး၊ ကာယိဣနြေ္ဒ ဆိုတာလည်း တစ်ချက်ကလေးမှ လှုပ်ရှားတော်မူတာ မတွေ့ရဘူး"

"နို့ ညည်းကရော စကားကလေး ဘာလေးတောင် မလျှောက်ထားဘူးလား"

"လျှောက်ထားဝံ့ဖို့ နေနေသာသာ၊ သခင်မ ကိစ္စမို့ ရှေ့နားရောက်အောင်တောင် မနည်းစွန့်စားပြီး သွားရပါတယ်"

"သူ့ကို စေ့စေ့စပ်စပ်ရော ကြည့်ခဲ့ရဲ့လား"

"ကြည့်တာပေါ့ သခင်မရယ်... သခင်ကလေးလိုပဲ ရဟန်းပရိသတ်ကြီးကလည်း မနည်းပါဘူး။ မဏ္ဍပ်ထဲတွင် မကဘူး။ နိဂြောဓာရုံတစ်ခုလုံး လိုလို ပြည့်လျှံနေတာပဲ။ မနည်းပေမယ့် သူ့လိုပဲ ဣနြေ္ဒကောင်း လိုက်ကြတာ ချောင်းဟန့်သံလေး တစ်ချက်တောင် မကြားရဘူး။ အဲ့ဒီ ရဟန်းပရိသတ်ကြီး အလယ်မှာ သခင်ကလေးက ဟောဒီလို လမင်းကြီး ထွက်နေသလို ထင်းထင်းကြီးပဲ"

"တောထဲမှာ ခြောက်နှစ်ကျော် ခုနှစ်နှစ် အစားဆင်းရဲ အနေဆင်းရဲ နေလာခဲ့လို့ သူ့ကိုယ်ဟန်တွေကတော့ နဂိုအတိုင်း ရှိတော့မှာ မဟုတ်ပါဘူးနော်။ အသားတွေ အရေတွေ လျော့ပါးနေတော့မှာပေါ့"

"အဲဒီလိုမဟုတ်ဘူး သခင်မ၊ ဘုရားကျွန်မလည်း အစက အဲ့ဒီလိုပဲ ထင်ခဲ့တာပဲ။ လက်တွေ့ကျတော့ အသားတော် အရေတော်တွေက ပြည့်ဖြိုးဝင်းဝါနေလိုက်တာ အရောင်တလက်လက် ထွက်နေသလား တောင် ထင်ရပါတယ်။ နဂိုထက် ပိုလှလာပါတယ်။ အေးလေ လှတယ် လို့ ဆိုဖို့လည်း အခက်သားဘုရား။ အလှပေါ်မှာ ဣနြေ္ဒရင့်ရင်ကြီး ဆင့်ထားလို့ ကျက်သရေရှိတယ်လို့ ဆိုရမှာပဲ။ ပြောစရာတော့ နှစ်ချက်ရှိရဲ့ သခင်လေး အဲ့ဒီအလှပေါ်မှာ သင်္ကန်းဆိုတဲ့ ဝါညိုညိုအဝတ်ကြီးက ထိန်းလိုက်တော့ ရင့်သွားသလိုပဲ။ ပြီးတော့ အင်မတန် လှခဲ့ နွဲ့ခဲ့တဲ့ သျှောင်ထုံးတော်လည်း မရှိတော့ဘူး ဘုရား"

"သူက... သူက... အခု ခေါင်းတုံးကြီးနဲ့ပေါ့လေ"

"ခေါင်းတုံးကြီးလို့လည်း မဆိုနိုင်ဘူး သခင်မရဲ့၊ ဆံရှည်မဟုတ်ပေမယ့် သခင်ကလေးခေါင်းပေါ်မှာ လက်နှစ်သစ်လောက်တော့ ရှိမလား မသိဘူး။ အဲ့ဒီ ဆံကြွင်းဆံကျန်ကလေးတွေဟာ အလိုသင့်ရစ်ပြီး ညိုမှောင်နေလို့ တစ်မျိုးတော့ ကျက်သရေရှိသား ဘုရာ့"

"အနော်မာသောင်ယံ ကတည်းက ဆံတော်ကို ဖြတ်ပစ်လိုက်ပြီ ဆိုတာ ကြားခဲ့ပါရဲ့။ နို့ပေမယ့် ဆံဟောင်းကို ပယ်ပြီး သူ့ဘဝသစ်အတွက် တို့နန်းတော်ကို ကြွကြွလာကြတဲ့ ရသေ့ကြီးများလို ဆံသစ်ထားလိမ့်မယ် လို့ ထင်ခဲ့မိတယ်။ အခုလိုပုံတော့ သူ့အဝတ်အဆင် သူ့ဣနြေ္ဒ၊ သူ့လုပ်ပုံတွေကို ကြည့်ရတာ ဝေးကြပြီ ထင်ပါရဲ့ မာလာရယ်"

ဘဒ္ဒကဉ္စနာသည် အသံနှင့် အတူ ပင့်သက်တစ်ချက် ရှိုက်လိုက်ရာက စို့လာသော မျက်ရည်ကို မြတဘက်ဖြင့် တို့လိုက်သည်။ ဘဒ္ဒကဉ္စနာ၏ အတွင်းရေး အပြင်ရေး မှန်သမျှ အကုန်သိ၍ တိုးတိုးဖော် တိုင်ပင်ဖက်ဖြစ်သော ကိုယ်ရံတော်လေး မာလာက ဘဒ္ဒကဉ္စနာ၏ ခြေသလုံး ဆီသို့ အားပေးသည့်သဘောဖြင့် အသာအယာကိုင်လိုက်ပြီး လျှင်..

"အားမငယ်ပါနဲ့ သခင်မရယ်၊ အချိန်တွေ အများကြီး ရှိပါသေးတယ်" ဟု လျှောက်ထားသည်။

"သူဟာလေ ငါ့အပေါ်မှာ စိမ်းကားလွန်း ရက်စက်လွန်းပါတယ် မာလာရယ်။ ညည်းတို့ မသိဘူးနော် ညည်းတို့ မသိဘူး။ ညည်းတို့လည်း မသိဘူး၊ သူ့ခမည်းတော် ကိုယ်တိုင်လည်း မသိဘူး။ သူ့အကြောင်းကို ငါ့ထက် ဘယ်သူ ပိုသိဦးမှာလဲအေ။ သူ့သွင်ပြင် သူ့ဟန်ပန်တွေက စိုးရိမ်စရာကောင်းလွန်းလို့ သူ့ခမည်းတော် အလိုလိုက်တယ် ဆိုတာက တော်တော်ပါ။ ငါက သူ့ခမည်းတော် ထက် ဆယ်ဆပိုပြီး အလိုကျအောင် ပြုစုခဲ့ပါတယ်အေ။ နို့ပေမယ့် သဉ္စာလီထဲမှာ ကြည်ကြည်နူးနူးနေကြတုန်းမှာပဲ သူ့အမူအရာတွေက လူတစ်ခြား စိတ်တစ်ခြား ဆိုတာလို ဖောက်ဖောက်လာတတ်လို့ ဟန်မရတော့ဘူး ဆိုတာ အစောကြီးကတည်းက ငါသိခဲ့ပါတယ် မာလာရယ်။ တစ်နေ့မဟုတ် တစ်နေ့ဆိုသလို ဒီနန်းတော်က ခွာတော့မယ် ဆိုတာ ငါသိပါတယ်အေ"

"ဒီလိုသွားရမှ သူစိတ်တိုင်းကျမယ် ဆိုရင် ဥရုဝေလတော မကလို့ စကြဝဠာ ကမ္ဘာရေမြေဆုံးအောင်တောင် သွားနိုင်ပါတယ်။ သူသွားရင် ပုဆိုးစကို ဆွဲပြီး နောက်တော်ပါးက တစ်ဖဝါးမကွာ ရေပူရေချမ်း ကမ်းလှမ်းပြီး လိုက်ပါရေစေလို့ သူ့ကို သခင်မ အကြိမ်ကြိမ်တောင်းပန်ခဲ့ပါတယ်။ ကိုယ့်ချစ်သူ သွားတဲ့ဆီကို ကိုယ်ဘာပြုလို့ မလိုက်နိုင်ရမှာလဲ။ အေးအတူ ပူအမျှပေါ့။ အခုတော့ ညည်းတို့ သခင်လေး စိမ်းကားရက်စက်ပုံက ညဥ့်ကြီးသန်းခေါင် တိတ်တိတ်ကလေး ထွက်တော်မူသွားတယ်"

"သွားပါစေ သွားပါစေ၊ သူက ဒီလိုလုပ်ရမှ ကျေနပ်နိုင်မယ် ဆိုရင် ဒီလိုပဲ လုပ်ပါစေ။ ငါက အောင့်အည်းပြီး သည်းခံနိုင်ပါသေးတယ်။ အခုတော့ သားတော်လေး မွေးကင်းစ အရွယ် သူ့တစ်မျက်နှာကို တစ်ရွာထင်ပြီး အားတင်းနေတုန်း အချိန်ကိုမှ ရွေးပြီး ရက်စက်သွားပုံက ငါဘယ်လိုလုပ်ပြီး ဖြေနိုင်ပါ့မလဲ မာလာရဲ့"

ဘဒ္ဒကဉ္စနာသည် ပင့်သက်ရှိုက်သော အသံဖြင့် မျက်ရည်ကို တို့လိုက်ပြန်၏။ သည်အခါတွင်တော့ ကိုယ်ရံတော်လေး မာလာက ခပ်လှမ်းလှမ်းတွင် နန်းတော်ထုပိကာ မှန်ကင်းဆီသို့ ရွှေလရောင်ဖြင့် ဆေးခြယ်ထားသည်ကို ငေးမော၍ ကြည့်နေသည်။ ဘဒ္ဒကဉ္စနာ စကားအရပ်တွင်မှ မာလာက ဆက်လက်လျှောက်၏။

"ဒါတွေက ဘုရားကျွန်မတို့ သိပြီးသားတွေပဲ သခင်မရဲ့။ သခင်လေးဟာ ရက်စက်လွန်းပါတယ်။ တကယ်ဆိုတော့ မိန်းမဆိုတာ သူတို့ယောင်္ကျားတွေကို အလိုလိုက်ရတဲ့ နေရာ၊ သည်းခံအောင့်အည်းရတဲ့ နေရာကချည်းပါပဲ။ ပြီးခဲ့တာတွေ ပြီးပါစေတော့ သခင်မရယ်။ အရေးကြီးတာက ကိုယ့်ဘက်ကို သခင်ကလေး ပါလာအောင် လုပ်ဖို့ပါပဲ"

"မလုပ်ဘူး မလုပ်ဘူး၊ သခင်မ အပေါ်မှာ သူဘယ်လောက် စိမ်းကားနိုင်မလဲ စိမ်းကားစမ်းပါစေ။ သူဘယ်လောက် ရက်စက်မလဲ၊ ရက်စက်စမ်းပါစေ။ သခင်မက ကိုယ့်အသည်းကို ခွဲပြီး ရဲရဲကြီး ခံပြသွားပါ့မယ် မာလာရယ်"

"ဒီလိုလည်း ဘယ်ဟုတ်မလဲ သခင်မရယ်၊ ယောင်္ကျားဆိုတာ မိန်းမက နှူးရင် နူးရရိုး ဓမ္မတာပါ။ မိန်းမကဆောင်ရင် အောင်ရရိုးဓမ္မတာပါ။ နက်ဖြန်ဆိုရင် သခင်ကလေးဟာ နန်းတော်ကို မုချကြွလာမှာပါ။ ကြွလာလို့ သခင်မက ကိုယ်ရောင်တစ်ချက် ထွက်ပြလိုက်ရင် သူခံနိုင်မှာတဲ့လား သခင်မရဲ့"

"မပြဘူး... မပြဘူး... ပြလည်း မပြဘူး၊ တွေ့လည်း မတွေ့ဘူး။ သခင်မ အပေါ်မှာ ဒီကလောက် ရက်စက်သွားတာကို သခင်မ ဘယ်လိုမှ အခဲမကျေနိုင်ဘူး။ သူ့မှာသာ အပြစ်ရှိတာ သခင်မမှာ ဘာအပြစ်မှ မရှိဘူး။ မိဘမောင်ဖားတွေကို စွန့်ပြီး သူ့နောက်လိုက်လာတဲ့ အချိန်ကစပြီး သခင်မမှာ ဘာအပြစ်မှ မရှိဘူး။ မရှိအောင်လည်း ကြိုးစားပြီး နေခဲ့တယ်။ သူ့ဟာသူ လာချင်လာ၊ မလာချင်နေ၊ သခင်မကတော့ သူ့ကို ထွက်ပြီး မတွေ့တော့ဘူး"

"အင်း.. သခင်မကလည်း တယ်ပြီး အသည်းကြီးပါလား။ ဒါတွေ ထားပါဦးလေ၊ အခု ညဥ့်နက်လှပြီ သခင်မရဲ့၊ တော်ကြာ အအေးပတ်လို့ တစ်ပူပေါ် နှစ်ပူဆင့်နေဦးမယ်။ ပြီးတော့ သခင်ကလေးက မနက်ကို ဆွမ်းခံကြွမယ်ဆိုလား ဘုရားကျွန်မ တစ်စွန်းတစ်စ ကြားခဲ့ရတယ်။ တော်ကြာ နန်းတော်ကို အစောကြီး ကြွလာလို့ သခင်မကလည်း အိပ်ဖန်တော် နောက်ကျလို့ မထနိုင်ရင် လွဲကုန်ဦးမယ်။  ကဲ... သခင်မ အိပ်ခန်းဆောင် ဝင်ဖို့ တော်ပြီ"

ညဥ့်နက်ပိုင်း ရောက်လေ၊ တိုး၍ တိုး၍ အေးလာလေသော လေပြည်လေညင်းကြောင့် မြတဘက်ကိုပင် စကားပြောရင်း မသိမသာ ခြုံထားမိလေရာတွင် မာလာ၏ အလိုက်သင့်လျှောက်ထားသော စကားကြောင့် ဘဒ္ဒကဉ္စနာသည် ပန်းခုံတော်မှ ထလိုက်ရင်း...

"တော်စမ်းပါ မာလာရယ်၊ ညည်းကလည်း သူနဲ့ တွေ့ဖို့ချည်း အတွင်သာ ပြောနေတော့တယ်။ မတွေ့ပါဘူး လို့ ပြောနေတဲ့ဟာပဲ။ နန်းတော်ကို သူလာရင် သခင်မက နန်းဆောင်ထဲက ထွက်ကို မထွက်ဘူး အေရဲ့" ဟု ပြောကာ ဂိမ္မန္တနန်းဆောင် လှေကားဦးဆီသို့ လျှောက်သွားသည်။

ကိုယ်ရံတော် ခင်မာလာက နောက်က လိုက်ရင်း "သခင်မကလည်းနော်၊ တော်ကြာ စကားကျွံရင် နုတ်လို့ မရဘူး ဆိုတာတွေ ဖြစ်ကုန်ဦးမယ်။ ကဲ... သခင်မက ထွက်မတွေ့ဘူးဘဲ ထားပါတော့၊ တော်ကြာ သခင်လေးက သခင်မ ခန်းဆောင်ထဲ ရောက်အောင် ကြွလာရင်ရော ဘုရား"

"တော်စမ်းပါ မာလာရယ်၊ ဒီအခန်းဆောင်ကို မုန်းလို့ ရက်ရက်စက်စက် စွန့်ပစ်သွားတဲ့သူက ဒီအခန်းဆောင်ထဲကို ဘယ်လိုလုပ်ပြီး လာဦးမှာလဲ..."

"မပြောနိုင်ဘူးနော် သခင်မရဲ့ ၊ မိန်းမမာယာ သဲကိုးဖြာ ယောက်ျားမာယာ သောင်ကိုးရာတဲ့။ သခင်မက တင်းလွန်းနေရင် တော်ကြာ သခင်မနန်းဆောင်ထဲကို ရောက်ချင်ရောက်လာမှာ"

"တော်စမ်းပါ မာလာရယ်၊ ညည်းက ယောက်ျားတွေ အကြောင်း ဘာများသိလို့လဲ။ အထင်ကြီးနဲ့ ခုတင်ကြီးပေါ် အိပ်မနေပါနဲ့။ ကဲ... ကဲ... ညဥ့်နက်လှပြီ။ သခင်မလည်း စိတ်မော လူမော မောလှပြီ။ အိပ်ချည်ပေတော့..."

အိပ်ခန်းဆောင်သို့ ရောက်သောအခါ သားတော်လေး ရာဟုလာသည် ကတ္တီပါ အိပ်ရာ တစ်ဖက်ခြမ်းတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို တွေ့ရသည်။ စောင်ကလေး ကွာနေသဖြင့် မာလာက ရာဟုလာ၏ ရင်ဘတ်ဆီသို့ ရောက်အောင် ဆွဲခြုံပေးသည်။ ထို့နောက် ဘဒ္ဒကဉ္စနာအတွက် အိပ်ရာကို နေသားတကျ ဖြစ်အောင် ပြုပြင်ပေးပြီး လက်အုပ်ချီကာ အခန်းဝဆီသို့ ဆုတ်ရင်း မိမိနေရာသို့ လာခဲ့သည်။

                                                          အခန်း (၂)
                                                          ...............

"သခင်မကလေး... သခင်မလေး ထတော်မူပါဦး၊ ခပ်မြန်မြန်ကလေး ထတော်မူပါ၊ တော်ကြာလွန်သွားဦးမယ်ဘုရား..."

ညက ပန်းခုံတော်တွင် အထိန်းတော်ကလေး မာလာနှင့် အတန်ပင် ညဥ့်နက်ခဲ့သည်ထင့်။ ဘဒ္ဒကဉ္စနာသည် မိုးစင်စင်လင်းသည့်တိုင် အိပ်မောကျနေခဲ့မိသည်။ မာလာက သုတ်သီးသုတ်ပျာ အသံကလေးဖြင့် နိုးလာသောအခါ မျက်လုံးကို ဖွင့်ကြည့်ရင်း "ဘယ်လို ဖြစ်လာတာတုံး မာလာရဲ့။ ဘာများ အရေးကြီးလာလို့လဲ" ဟု မေးလိုက်သည်။

"ထပါ သခင်မရဲ့။ သခင်ကလေး ကြွလာနေပြီ။ တော်ကြာ လွန်သွားလို့ မတွေ့လိုက်ရဘဲ လွတ်သွားဦးမယ် ဘုရာ့"

ချစ်သည်းနာသဘောဖြင့် စိတ်ထဲက အဘယ်မျှ တင်းမာထားခဲ့သော်လည်း အိပ်ရာက နိုးစမို့ ယီးတီးယောင်တောင် အချိန်တွင်...

"သခင်ကလေး ကြွလာပြီ" ဟူသော အသံကို ရုတ်တရက် ကြားလိုက်ရသော အခါ သောကတောင်ထုအောက်တွင် အတင်းဖိ၍ ထားခဲ့သော အချစ်စိတ်က အသစ်တွင် စူးခနဲ ထွက်ပေါ်လာသည့်အလျောက် ကတ္တီပါခြုံစောင်ကို ဖျတ်ခနဲဖယ်၍ ရုတ်တရက် ထလိုက်မိသည်။

ထို့နောက်မှ ချက်ချင်းပင် သတိရကာ လက်သုံးတော် မာလာကိုပင် ရှက်လေမိသယောင်နှင့် ကိုယ်ဟန်ကိုဆည်လိုက်ရင်း..

"ဘယ်ကိုကြွလာတာလဲ မာလာရဲ့၊ နန်းတော်ပေါ်ရောက်နေပြီလား၊ ငါထွက်ပြီး မတွေ့ပါဘူးလို့ ပြောထားပြီးသားကို" ဟု စကားမှမဆုံးမီတွင် ခင်မာလာက ဘဒ္ဒကဉ္စနာ၏ လက်ကိုဆွဲရင်း

"လာ... လာ သခင်မ၊ အခွင့်ကြုံတုန်းမို့ သခင်မကို အတင်းနှိုးပြီး ပြရတာ၊ နန်းတော်ကို ကြွသလား။ ဘယ်ကိုကြွသလဲတော့ ဘုရားကျွန်မ မသိဘူး။ နိဂြောဓာရုံကနေပြီး သူ့ရဟန်းတွေ တစ်တန်းကြီးနဲ့ မြို့ထဲဆီကို ကြွလာနေပြီ။ ဟောဒီ ပြတင်းပေါက်ကနေ ကြည့်ရင် အနေတော်ပဲ။ ဟောဟိုမှာ.. ဟောဟိုမှာ ရှေ့ဆုံးကဟာ သခင်ကလေးပေါ့ သခင်မရဲ့" ဟု ဆိုကာ နန်းတော်ဝင်း အပြင်လမ်းမဆီသို့ မြင်ရသော ပြတင်းပေါက်သို့ ခေါ်သွားသည်။

"ဟဲ့... ပြတင်းပေါက်က အကုန်မဖွင့်ပါနဲ့။ မပွင့်တပွင့် မြင်လောက်ရုံဖွင့်ရင် တော်ရောပေါ့၊ တော်ကြာ လှမ်းကြည့်လို့ သူမြင်သွားရင် ရှက်စရာကြီး ဖြစ်နေပါဦးမယ် မာလာရဲ့"

မတွေ့ချင်မမြင်ချင်ရက်သား ဆိုသကဲ့သို့ အချစ်စိတ်တို့၏ သဘာဝ အတိုင်း စိမ်းကားနိုင်ရက်လေသော သူ့အပေါ်တွင် စိမ်းကားနိုင်သော်ကောဟု အဘယ်မျှ ချစ်စိတ်နာပါသည် ဆိုစေ၊ ခုနှစ်နှစ် တိုင်တိုင် ကွဲကွာနေသဖြင့် ယခုကဲ့သို့ တကယ်တွေ့ရတော့မည် ဆိုလေသောအခါ မတွေ့ဘူး၊ မကြည့်ဘူးဟု တင်းထားခဲ့လေသမျှ စိတ်ထားတွေ ပြိုပျက်၍ ခင်မာလာက အကုန်ဖွင့်ပေးထားသော ပြတင်းတံခါးကို ဟန်လုပ်တတ်သော မိန်းမသားတို့၏ သဘာဝ အရ မရဲတရဲ မပွင့်တပွင့် ဖြစ်အောင် ပြန်စေ့ပြီး အိပ်ရာမှ ထစမို့ ဆံထုံးတော် ပြီ့တပြီ ဝတ်လဲတော် ကသီကရီနှင့်ပင် မမြင်ရသည်မှာ ကြာပြီ ဖြစ်ခဲ့သော မောင်တော့်ရုပ်ပုံ ရွှေကြေးမုံဆီသို့ အာရုံဦးတိုက်လျက် စူးစူးစိုက်စိုက်ပင် ကြည့်မိလေရှာတော့သည်။

"ဩော်... မောင်တော်၊ မောင်တော်၊ ဝတ်ဆင်ထားတာကြီးကလည်း ရင့်ရင့်ကျက်ကျက်၊ ဣနြေ္ဒတော်ကြီးကလည်း ကဲကဲလွန်လွန်နဲ့ ငါသိပါပြီ မာလာရယ်၊ ဝေးကြပြီ၊ တကယ့်ကို ဝေးကြပါပြီ"

ဟု တုန်တုန်ယင်ယင် အသံတိမ်ကလေးဖြင့် တစ်ချက်ရှိုက် လိုက်မိသောအခါ ခင်မာလာက ထုံးစံအတိုင်းပင်...

"သတိထားပါ သခင်မ၊ အားမလျော့ပါနဲ့၊ အချိန်တွေ အများကြီး ရှိပါသေးတယ်" ဟု ဘဒ္ဒကဉ္စနာကို မဝံ့တဝံ့ကိုင်ရင်း သတိပေးရသည်။

"ညည်းပြောတဲ့ အတိုင်းပဲ အသားတွေ အရေတွေကတော့ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ သူ့မျက်နှာတော်ဟာ ပိုလို့တောင် ကျက်သရေရှိတာ အမှန်ပဲ။ ဟဲ့... ဟဲ့ အခုမှ သတိရတယ်၊ သားတော်လေးရော၊ သားတော်လေးကို မြန်မြန်သွားခေါ်စမ်း၊ သူ့ခမျာ မွေးကတည်းက အဖေရယ်လို့ ခေါ်စရာမရှိခဲ့ဘူး။ တစ်နေ့တစ်ခြား ကြီးပြင်းလာလို့ အသိကလေး ကြွယ်လာပြီး အဖေကို မေးလေ၊ ငါ့မှာ အဖြေခက်လေပဲ။ ကြုံတုန်းပြရအောင် မြန်မြန်သွားခေါ်စမ်းဟဲ့"

ခင်မာလာက အပြေးကလေး ထွက်သွား၍ အပြင်တစ်နေရာတွင် အထိန်းတော် တစ်ဦးနှင့် ဆော့ကစားနေသော သားတော်လေး ရာဟုလာကို အပြေးကလေးပင် ဆွဲခေါ်လာသည်။ ရောက်သည်နှင့် တစ်ပြိုင်နက် ပြတင်းဆီသို့ အရပ်ကလေး မမီ့တမီမို့ မိခင် ဘဒ္ဒကဉ္စနာ ကိုယ်တိုင် ခါးထစ်ခွင် ချီလိုက်ပြီးလျှင် ပြတင်းနှင့် တည့်တည့်ဆီသို့ နီး၍ နီး၍ လာသော ဖခင်ဖြစ်သူအား လက်ညှိုးညွှန်ကာ မိခင်မှန်း ဖခင်မှန်း သိတတ်သည့် အရွယ်မှ စ၍ ဖခင်ကို မေးလေတိုင်း လက်ညှိုးထိုးပြစရာ မရှိခဲ့သော ဖတဆိုးကလေးအား ကရားရေလွှတ် တတွတ်တွတ် ပြောဆိုရင်း ပြသည်။

မိခင်တို့ မည်သည် သားစိတ်နှင့် လင်စိတ်မှာ မတူ။ လင်အတွက် ပူရသည် ဆိုလျှင် အချစ်စိတ် အချစ်မာန်ကလေး ခုကာခံကာနှင့် ဟန်လုပ်၍ ရနိုင်သေးသည်။ သားအတွက် ဆိုလျှင် ဟန်မလုပ်နိုင်။ ရင်ထဲတွင် ရှိသမျှ ပွင့်အန်၍ ကျလာတတ်မြဲအတိုင်း ဘဒ္ဒကဉ္စနာ အဖို့ ဖစိမ်းကားကြီး ဆီသို့ လက်ညှိုးညွှန်ရင်း ညွှန်ရင်း စကားလုံးများပင် မပီသနိုင်တော့။ မျက်ရည်ကို တသွင်သွင်သွန်ရင်း ပြသည်။

ဘုရားရှင်နှင့် သံဃာတန်းကြီး ပြတင်းဆီက အတန်လွန်သွားသည့် အခါမှာ ဘဒ္ဒကဉ္စနာသည် မျက်ရည်ကို သိမ်းဆည်းရင်း တစ်စုံတစ်ခုကို သတိရလာသည့်အဟန်ဖြင့် ခင်မာလာဆီသို့ လှည့်လိုက်ကာ...

"နေစမ်းပါဦးဟဲ့ မာလာရဲ့။ ဆံတော်ကို ဖြတ် ညိုဝါဝါ သင်္ကန်းကြီး ဝတ်၊ ဣနြေ္ဒတခွဲသားနဲ့ သူကြိုက်သလို လုပ်လာတာ ထားပါဦးတော့၊ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ခွက်မည်းမည်းကြီးက ဘာလုပ်ဖို့ တဲ့ တုံး"

"အဲ့ဒါ သပိတ်လို့ ခေါ်တာပေါ့ သခင်မရဲ့၊ သပိတ် ဆိုတာ ထမင်းတောင်းတဲ့ ခွက်ပေါ့"

"ဟဲ့... ဟဲ့ အဲ့ဒီခွက်ကြီးတွေ ကိုင်ပြီး မြို့ထဲမှာ ထမင်းတောင်းဖို့များ ထွက်လာကြတာလား"

"ဒါပဲ ရှိမှာပေါ့ သခင်မရဲ့"

"အဲ့ဒါမှ ဒုက္ခပဲ မာလာရေ.. ဒီလိုလုပ်တာကတော့ သူဟာ တမင်ခွတိုက်တာပဲ။ ထမင်းဆိုတာ တောင်းမှ စားရမှာတဲ့လား။ တို့နန်းတော်မှာ ထမင်းမရှိတော့ဘူးလား။ သူ့ပရိသတ်ကို တို့နန်းတော်က မကျွေးနိုင်ဘူး လို့ သူက ယူဆသလား။ ဒါမှမဟုတ်ရင်လည်း ဒီနန်းတော်နဲ့၊ ဒီသာကီဝင်တွေနဲ့၊ ငါနဲ့ မဆိုင်တော့ဘူးရယ် လို့ ငါတစ်ယောက်ကိုသာ မက တစ်နန်းတော်လုံး၊ တစ်မျိုးလုံးကို စိမ်းကားလိုက်ပြီလား။ မဖြစ်ဘူး... မဖြစ်ဘူး၊ သူလုပ်ပုံတွေက ငါတစ်ယောက် ကိစ္စသာ မကဘူး။ အမျိုးကိုပါ ထိခိုက်ကုန်ပြီ။ ဒီကိစ္စကတော့ သူ့ခမည်းတော်ကြီးနဲ့ ပိုင်ဆိုင်တယ်။ သူဒီလိုလုပ်တာ သူ့ခမည်းတော်ကြီး သိမှာ မဟုတ်သေးဘူး။ အချိန်မီ ငါ သွားလျှောက်ထားဦးမှ၊ အချိန်မီ တားဆီးခိုင်းဦးမှ ဖြစ်မှာ"

ဘဒ္ဒကဉ္စနာ အဖို့ ပြောရင်း ပြောရင်းနှင့်ပင် အရေးကြီး၍ လာကာ သုတ်သီးသုတ်ပျာနှင့် မျက်နှာသစ်ရေကို သုံးသည်။ ထို့နောက် အဝတ်အဆင်ကို သေသေသပ်သပ် ဖြစ်အောင် ပြင်ဆင်ကာ ခမည်းတော် ရှိရာ နန်းတော်ကြီး ဆီသို့ အသော့ကလေး သွားသည်။ ခင်မာလာအဖို့ မိမိထက် ကြီးမြင့်သော အရေးအခင်း ဖြစ်နေသည်မို့ တစ်စုံတစ်ရာ မစွက်ဖက်နိုင်တော့ဘဲ သူ့သခင်မ လှုပ်ရှားလေသမျှကိုသာ ငေး၍ ကြည့်နေခဲ့ရာမှ ဘဒ္ဒကဉ္စနာ နောက်သို့ လိုက်ပါခဲ့ရသည်။

ခမည်းတော်ကြီး အဖို့ သား၏ အစွမ်းကိုလည်း သိ၊ သား၏ သဘောထားကိုလည်း နားလည်သူ ဖြစ်သည့် အတိုင်း နန်းတော်တွင် တဖူးဖူး မှုတ်ထားခဲ့ရာမှ တောထွက်သွားသည် ဆိုတုန်းကလည်း ဣနြေ္ဒပျက်လောက်အောင် မတုန်လှုပ်ခဲ့။ ဥရုဝေလတွင် ဇွဲနပဲ ကြီးကြီးနှင့် ဆင်းရဲကြီးခံကာ အရိုးကြေကြေ အရေခန်းခန်း သေလုဘနန်း ကျင့်နေသည် ဆိုတုန်းကလည်း မလှုပ်ရှားခဲ့။ ကပိလဝတ်သို့ ရောက်လာ၍ တစ်ညဥ့်ကူးသည် ဆိုရုံမျှတွင် ခွက်မည်းကြီး ကို ကိုင်၍ ထမင်းတောင်းထွက်သည် ဟူသော ဘဒ္ဒကဉ္စနာ၏ လျှောက်ထားချက်ကို ကြားရသောအခါတွင်မူ အမျိုးဂုဏ်ကိုမှ မထိန်းနိုင်လောက်အောင် သည်သားကြီး ဆိုးရွားလိုက်ပလေသည်ဟု သာကီသွေး သာကီမာန်ဖြင့် ရာဇဣနြေ္ဒကိုမှ မထောက်မညှာနိုင်တော့ဘဲ အနီးတွင် ရနိုင်သမျှသော အခြွေအရံကလေးမျှကိုသာ ခေါ်၍ သားဆိုးကြီး ကို ဆုံးမရန် နန်းတော်မှ သုတ်သီးသုတ်ပျာ ထွက်သွားသည်ကို ဘဒ္ဒကဉ္စနာ ကိုယ်တိုင် မြင်လိုက်ရ၏။

သို့ရာတွင် မကြာပါလေ။ သည်သားနှင့် သည်အဖေတို့ မြို့လယ်လမ်းမတွင် မည်သို့ ဖြစ်ခဲ့လေသည် မသိ။ ဖခင်ကြီး ကိုယ်တိုင် ဦးဆောင်၍ သားဖြစ်သူနှင့် အခြွေအရံ သံဃာအားလုံးပါ နန်းတော်သို့ ကြည်ကြည်သာသာ လိုက်ပါလာသည်ကို မြင်ရကြားရ၏။ နန်းတော်သို့ သားဖြစ်သူ ရောက်လာချိန်မှာ ဆွမ်းစားချိန် ဖြစ်၍ နန်းတော်တွင် အဘယ်မျှ ပြည့်စုံသည် ဆိုစေ၊ သားဖြစ်သူ၏ ကြီးမားလှသော ပရိသတ် အတွက် ဆွမ်းကွမ်း ကိစ္စ စီစဉ်ကြရာတွင် တစ်နန်းတော်လုံး လှုပ်လှုပ်ရွရွ ဖြစ်ကြရသည်။

လင်ပူသားပူ သောကမယ်တို့၏ ထုံးတမ်းစဉ်လာ အတိုင်း မတွေ့ပါဘူး၊ မခေါ်ပါဘူးဟူ၍ အဘယ်မျှ ပြောခဲ့စေကာမူ လက်တွေ့တွင်မူ မဟုတ်နိုင် ဟု ခင်မာလာတို့လို ရင်းရင်းနှီးနှီး အနီးကပ် ဆက်ဆံရသူများက အထင်ရှိခဲ့၏။ သို့ရာတွင် ဘဒ္ဒကဉ္စနာသည်ကား သူပြောခဲ့သည့် အတိုင်းပင် တကယ်လုပ်လေတော့သည်ကို ကိုယ်တွေ့ကြုံလာသောအခါ အံ့အားသင့်ကြရ၏။ သနားကြရ၏။ အကြောင်းသော်ကား နန်းတော်ဆီသို့ သူလာနေပြီ ဟူသော သတင်းရသည်နှင့် တစ်ပြိုင်နက် ဘဒ္ဒကဉ္စနာသည် မိမိ၏ နန်းတော်တံခါးကို ပိတ်၏။ သူလာပြီ ဆိုကတည်းက ယသော်၏ လှသော မျက်နှာသည် ချစ်သောကကြောင့် ခုနှစ်နှစ်လုံးလုံး လိုလို ညှိုးနွမ်း မှုန်ရီ နေခဲ့ရာမှ အချစ်မာန်ဖြင့် တင်းမာသွား၏။ သို့ရာတွင် သူလာနေပြီ၊ သူနန်းတော်ပေါ်သို့ ရောက်ပြီ၊ သူဘယ်နေရာမှာ ထိုင်သည်။ သူ ဘယ်သူနှင့် ဘာစကားပြောသည်။ သူဆွမ်းစားနေပြီ၊ သူ ဆွမ်းစားပြီးပြီ.. စသောသတင်းများသည်ကား ယသော့်ဆီသို့ အချိန်မခြား ရောက်ရှိနေသည်။

ထိုသို့ရောက်နေရာမှ နောက်ဆုံးသတင်းကြောင့် ယသော် လန့်ဖျပ်သွား၏။ ငါတင်းမာခဲ့သမျှ ပြိုကျရတော့မှာပါလား ဟု သိသွား၏။ ထိုသတင်းသည်ကား သူနှင့် သူ့တပည့်ကြီး နှစ်ပါးကို ခမည်းတော်ကြီး ကိုယ်တိုင် ဦးဆောင်၍ သူ့အဆောင်ဆီသို့ တန်းတန်းမတ်မတ် လာနေကြပြီ ဟူသော သတင်းပင် ဖြစ်ပေ၏။

သည်တော့လည်း မတတ်နိုင်တော့ပြီ၊ ခမည်းတော်ကြီး ကိုယ်တိုင် ခေါင်းဆောင်လာ၍ ရိုရိုသေသေ ကြိုဆိုရပေတော့မည်။ သို့ရာတွင် သူ့အပေါ်တွင် အခဲမကျေနိုင်လွန်း သဖြင့် နောက်ဆုံး အခြေအထိ မာန်ခတ်လိုက်သေးသည်။ အကြောင်းကား သူ့ကို အပြင်ဧည့်ဆောင်တွင် မကြို၊ လေးစားအပ်သူတို့အား ဧည့်ခံမြဲ ဖြစ်သော အဆောင်တော်ဦးတွင် မကြို၊ ပြီးတော့ အဆောင်တော်သို့ ထွက်၍လည်း ခရီးဦးမကြို၊ သူနှင့် သူတို့၏ စက်ရာခန်းဆောင်တွင်သာ နေရာကို သင့်တင့်အောင် ပြင်ဆင်စေ၍ စက်ရာခန်းဆောင်တွင်းမှပင် စောင့်ကြိုသည်။ ပြီးတော့ သူရှိတုန်းကသာ မင်းယောက်ျားတစ်ယောက် ရှိနေစဉ် အမြင်မသင့်လှ၍ လိုအပ်သည့်အခါများတွင် ပိတ်ခဲ့ပြီး သူမရှိပြီ ဆိုကတည်းက အဆောင်တစ်ခုလုံး မိန်းမသားချည်း မို့ အမြဲတမ်း လိုလို ဖွင့်၍ ထားခဲ့သော အုံးစက်ရာ ကတ္တီပါ ခန်းဆီးကြီးကို အလုံပိတ်လိုက်စေသည်။ ဘဒ္ဒကဉ္စနာသည် ထိုအခန်းဆီးကြီး အတွင်းမှ စောင့်ကြိုခြင်း ဖြစ်၏။

                                                             အခန်း (၃)
                                                             ..............

အခိုက်အတန့် အတွင်းလောက်မှာပင် သူ့ကို ခမည်းတော်ကိုယ်တိုင် ဦးဆောင်၍ ခန်းဆီးကြီး အနီးသို့ ရောက်လာ၏။ ယသော်၏ နန်းဆောင်သူများက သူတို့ နေရာတွင် စနစ်တကျ နေ၍ ခမည်းတော်ကြီးကို ကျော်ပြီး သူတို့ သခင်ကိုယ်တော်လေးကို အသက်ရှူမှားမတတ် ရှိခိုးရင်း ကြည့်ကြသည်။ နန်းဆောင်တစ်ခုလုံး အပ်ကျလျှင်ပင် ကြားရမတတ် ငြိမ်ဝပ်၍ နေသည်။

ခန်းဆီးကြီး အစပ်သို့ အရောက်တွင် ခမည်းတော်ကြီးက နန်းဆောင်အတွင်းမှာ ဘဒ္ဒကဉ္စနာ ရှိရဲ့လား ဟု မေးလိုက်သည့် အဟန်ဖြင့် ခန်းဆီးအစပ်မှ ခင်မာလာဆီသို့ ကြည့်လိုက်သောအခါ ခင်မာလာက ရှိခိုးဆဲ လက်အုပ်ဖြင့် အတွင်းဆီသို့ ရှိပါကြောင်း ညွှန်ပြသည်။ ခမည်းတော်ကြီးက ခန်းဆီးကို ဖွင့်ရန် လက်ဟန်ဖြင့် ပြလိုက်ပီး နောက်သို့ အနည်းငယ် ဆုတ်ပေးလိုက်သည်။ ခင်မာလာက အမိန့်အရ ခန်းဆီးဖွင့် ပိုးကြိုးကို အလိုက်သင့် ဆွဲလိုက်သော အခါ ခန်းဆီးကြီးသည် တရွေ့ရွေ့ ပွင့်သွားသည်။

ခန်းဆီး ပွင့်သည် နှင့် တစ်ပြိုက်နက် ယောဂီရောင် တဘက်အရှည်ကို ပခုံးတစ်ဖက်တွင် သိုင်းပတ်ကာ ကြမ်းပြင်တွင် ဦးညွှတ်ဝပ်စားလျက် ရှိနေသော ဘဒ္ဒကဉ္စနာ ပေါ်လာ၏။ သဉ္စာလီ ထက်တွင် ကော်ဇောကြီး တစ်ချပ်ဖြင့် ထပ်၍ ဖုံးအုပ်ထား၏။ တပည့်ကြီး နှစ်ပါးအတွက် ထိုင်ခုံနှစ်ခုံကို အလိုက်သင့်ခင်းထားသည်။

ဘုရားရှင်သည် ခန်းဆီးကြီး အပွင့်တွင် အတွင်းဘက်သို့ ခြေတစ်လှမ်းမျှ ကြွလိုက်သည်နှင့် တစ်ပြိုင်နက် ဘဒ္ဒကဉ္စနာသည် လက်နှစ်ဖက်ဖြင့် ဘုရားရှင်၏ ခြေဖမိုးတော် အစုံအား သိုင်းဖက်လိုက်သည်။

ဘဒ္ဒကဉ္စနာအဖို့ အဘယ်မျှ ချစ်မာန်ကြီးသည် ဖြစ်စေ၊ မိမိရှေ့မှောက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသောအခါတွင် အချစ်ရေတံခါးကြီး ပွင့်အန်၍ ကျလာလေတော့သည်။ ထို့ကြောင့် ဘဒ္ဒကဉ္စနာ၏ လက်နှစ်ဖက်သည် ခြေဖမိုးတော် နှစ်စုံသို့ ထိတွေ့ရာမှ ခြေချင်းဝတ်တော် နှစ်စုံဆီသို့  ရွှေ့၍ အားရပါးရ သိုင်းဖက်သည်။ မျက်နှာဖြင့် ခြေဖမိုးတော် နှစ်စုံကို အထပ်ထပ် ပွတ်တိုက်သည်။ ဤမျှသာမက ယသော့်လက်နှစ်ဖက်သည် ခြေချင်းဝတ်များတွင်ပင် မရဘဲ ခြေသလုံးတော် ဆီသို့ တိုးပွေ့တော့မလိုဖြင့် တရွရွ လှုပ်ရှားသည်။ ဝပ်စင်းသော ကိုယ်လုံးကလေးသည် သောက၏ တိုးဝှေ့မှုကြောင့် တသိမ့်သိမ့်ခါ၏။ မျက်ရည်သာ ထွက်၍ စကားတစ်လုံးမျှ ထွက်မလာ။ လေးစားအပ်သည့်သူများ ရှေ့၌ လေးစားအပ်သော အဝတ်အဆင်နှင့် ဣနြေ္ဒရှင်ကြီး ဖြစ်လာ၍ အင်မတန်ကြီး ချုပ်တည်းထားရဟန် ရှိသည်။ ခြေတော်နှစ်ဖက်ကိုသာ လက်နှစ်ဖက်ဖြင့် အထပ်ထပ် ပွေ့သည်။ ပွတ်သပ်သည်။ မျက်ရည်ဖြင့် အထပ်ထပ် လူးစေသည်။ ဘုရားရှင်က မလှုပ်မရှား ရပ်မြဲရပ်၍ သည်းခံတော်မူ၏။

ခမည်းတော်ကြီးက ယသော့်အပြုအမူမှာ များလွန်းနေပြီဟု ယူဆ၍ တားမြစ်ရန် လက်ဟန်ပြင်သောအခါ ဘုရားရှင်က ခမည်းတော်ကြီးကို တားသည်။ ယသော် ကြိုက်သလို ပြုမူပါစေဟု ခွင့်ပြုတော်မူသည်။

ယသော့်အပူကို ငြိမ်းအေးစေရန်ပင် ဤခန်းမဆောင်သို့ တိုင် ကြွလာတော်မူခြင်း ဖြစ်သည်။ ဘဒ္ဒကဉ္စနာ၏ ကျေးဇူးသည် ကြီးမား၏။ သစ္စာရှိ၏။ သိမ်မွေ့၏။ ပြီးတော့ သာမာန်အမျိုးသမီး မဟုတ် ရင့်ကျက်၏။ အမျိုးသမီး ပီပီ လင်ရေးသားရေးမို့ ဤမျှ ပူဆွေးလေသော်လည်း ဘဒ္ဒကဉ္စနာ၏ ရင့်ကျက်သော အလားအလာကို ဘုရားရှင်သိတော်မူသည်။

သတ္တဝါ အများစု အတွက် ပြုလုပ်ခဲ့သော မိမိ၏ အပြုအမူမှာ ဘဒ္ဒကဉ္စနာ ဘက်မှ ကြည့်လျှင် သောကတောင်ထု ဖြစ်လောက်သည်။ သောကအစိုင်အခဲကို ရင်တွင်းမှာ သိုလှောင်၍ ထားသည်ထက် ဖွင့်အန်လိုက်သည်က သက်သာစေနိုင်သည်။ ထို့ကြောင့် ယသော့်သောကလျော့၍ တည်ငြိမ်သည်အထိ သည်းခံခွင့်ပြုတော်မူခြင်း ဖြစ်သည်။

ဘုရားရှင်၏ အသံတော်ကို ကြားသော အခါ ဘဒ္ဒကဉ္စနာသည် ဦးခေါင်းကို ငုံ့ထားရာမှ  မော့၍ ဘုရားရှင်၏ မျက်နှာတော်ကို ဖူးသည်။ ထိုအခါ ဘုရားရှင်၏ မျက်နှာတော်မှ မဟာကရုဏာ၏ အနှစ်သာရ ဖြစ်သော အေးငြိမ်းမှု မေတ္တာဓာတ်သည် ဘဒ္ဒကဉ္စနာသို့ ကူး၏။ ထို့ကြောင့် ဘဒ္ဒကဉ္စနာ၏ လက်များသည် ဘုရားရှင် ခြေတော်မှ လျော့ပါးသွားသည်။ ထို့နောက် ဘဒ္ဒကဉ္စနာ၏ လက်နှစ်ဖက် လွှတ်လိုက်သောအခါ ဘုရားရှင်သည် ခင်းထားသော နေရာဆီသို့ ကြွ၍ ထိုင်တော်မူ၏။

ဘုရားရှင်က ဘဒ္ဒကဉ္စနာ၏ ချစ်မေတ္တာကြီးပုံနှင့် ကျေးဇူးတရားကို ဖော်ပြရင်း စန္နကိန္နရီ ဇာတ်တော်ကို ဟောတော်မူသည်။ ထို့နောက် ဘဝ အထွေထွေ သံသရာအထပ်ထပ်တွင် မျက်လှည့်ပမာ လှည့်စားလာခဲ့သော ဇာတိဇရာ စသည့် မီး (၁၁) ပါးတို့ကို ညွှန်ပြတော်မူသည်။ ထို့နောက် အပူမီးမှန်သမျှ တို့၏ အေးငြိမ်းရာ ဖြစ်သော မဂ္ဂင်ရှစ်ပါး တရားလမ်းစဉ်ကို ဟောကြားတော်မူသည်။

ဘဒ္ဒကဉ္စနာသည် ဦးညွှတ်၍ နာယူ၏။ တရားဆုံး၍ မျက်နှာကို မော့လိုက်သောအခါ နှစ်လများစွာ ရစ်သမ်းနေခဲ့သော သောကမြူခိုးတို့သည် ဘဒ္ဒကဉ္စနာ၏ မျက်နှာတွင် မရှိတော့။ ချစ်မာန်ဝင်ခဲ့မိသော မကျေနပ်မှု၊ တင်းမာမှုများသည်လည်း ကင်းစင်၏။ ဤမျှသာမဟုတ် ဘဒ္ဒကဉ္စနာ၏ ကြည်လင်သောအသံ၊ ဖြူစင်သော အသံဖြင့် ဖွင့်ထုတ်၍ပင် လျှောက်ထား၏။

"အရှင်မြတ်ဘုရား... တပည့်တော်မသည် အမှားကို အမှန်ထင်၍ မကြည်မလင် ဖြစ်ခဲ့မိပါသည်။ ယနေ့အဖို့တွင်မူ အရှင်မြတ်၏ ထူးခြားသောတရားတော်ကို နာယူရပါသောကြောင့် အအေးကြီးအေး၊ အငြိမ်းကြီး ငြိမ်းပါပြီ ဘုရား..."

                                                           _/\_    _/\_   _/\_

                                                          ~ ~ ~ ~ ~ ~ ~ ~ ~
                                                                (ငွေဥဒေါင်း)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...