ထိုင်ခုံအမှတ် G-8
ပိတ်ကားထက်မှာ ဇာတ်ဝင်ခန်းက ထပ်ဖန်တလဲလဲ ပြသလျက်။ ဇာတ်ကောင်အမျိုးသမီးက ဇာတ်ကောင်အမျိုးသားရဲ့ ရင်ဝကို ဓားနဲ့ထိုးသွင်းလိုက်တယ်။ သူမလက်တွေ ကုလားထိုင်လက်ရန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားဆဲပဲ။ သူမဟာ ရုပ်ရှင်ကြည့်ရတာ နှစ်သက်တယ်။ သူမဟာ အမှောင် ကို နှစ်သက်တယ်။ သူမဟာသွေးအေးအေးနဲ့ လူသတ်ရခြင်းကို နှစ်သက်တယ်။
သူမနှစ်သက်သမျှတွေထဲ တယောသံ မပါဝင်ခဲ့ဘူး။ သူမရဲ့ မျက်လုံးတွေက ဝံပုလွေတစ်ကောင်လို စူးရှပြီး၊ သူမရဲ့ နှုတ်ခမ်းတွေက နှင်းဆီတစ်ပွင့်လို နူးညံ့တယ်။ အဲ့ဒီ နှင်းဆီပွင့်ချပ်တွေကပဲ လူတစ်ယောက် ကို သေစေနိုင်လောက်တဲ့အထိအစွမ်းသတ္တိရှိတယ်။ ထိုင်ခုံအမှတ် G-8 ဟာ သူမရဲ့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမှုကြောင့် ပူနွေးလာတယ်။ ရုပ်ရှင်ရုံတစ်ရုံလုံးမှာ သူမ တစ်ယောက်တည်းရှိတယ်လို့ ထင်ရပေမယ့်၊ သူမရဲ့ အတွေးထဲမှာ လက်ပတ်နာရီတစ်လုံး၊ ဇစ်ပိုမီးခြစ်နဲ့၊ မောင်းချဓား တစ်ချောင်း၊ ပြီးတော့ .. ဘယ်တော့မှ ကြည့်လို့မပြီးမယ့် ရုပ်ရှင်ဇာတ်ဝင်ခန်း။
သူမ ရုပ်ရှင်ရုံကနေ လမ်းလျှောက်ပြီး ပြန်လာခဲ့တယ်။ လူခြေတိတ်ဆိတ်တဲ့ လမ်းမမှောင်မှောင်ထက်မှာ ခွေးအူသံတွေကလွဲရင် အရာအားလုံးနေသားတကျ တိတ်ဆိတ်နေရဲ့။ ရုတ်တရက် သူမရဲ့ဦးနှောက်ကို ထရပ်ကားတစ်စင်းကဖြတ်ကြိတ်သွားတယ်။ "wake me up when september end" သီချင်းနဲ့အတူ နိုးလာတဲ့မနက်ခင်းမှာ သူမက သိုးငယ်လေးတစ်ကောင်ဖြစ်နေတယ်။ ဘုရားသခင်လောက်နီးနီးသန့်ရှင်းစင်ကြယ်တဲ့ သိုးငယ်လေးတစ်ကောင်။ သိပ်မကြာခင် သူမ ချောက်ကမ်းပါးစွန်းမှာရပ်နေမိတော့တာပဲ။ သူမရဲ့ ဂါဝန်အနားစတွေလူးလွန့်လို့။ ဒါကိုပဲ တစ်စုံတစ်ယောက်က “မုတ်သုန်မြို့ရဲ့ သတို့သမီး”လို့ ပညတ်ထားတယ်။ ကဲ .. ထားလိုက်တော့။ ဒီဇာတ်ဝင်ခန်းကို ဒီည နောက်ဆုံးအနေနဲ့ ကြည့်မယ်။ အဲ့ဒီစိတ်ကူးကို ညတိုင်းအကောင်အထည်ဖော်ခဲ့ပေမယ့် မလုပ်နိုင်ခဲ့တာ ဒီနေ့အထိပဲ။ အဲ့ဒါသူမရဲ့ အမှားပဲ။ အဲ့ဒါ သူမရဲ့ အားနည်းချက်ပဲ။နားထဲမှာ နာရီသံ တချက်ချက် ကြားနေရတယ်။ ဘယ်တော့မှ စက်ရပ်မသွားမယ့် Switzerland Made နာရီအပျက်တစ်လုံး။ မှန်ကွဲစတွေ၊ အိပ်မက်အကွဲစတွေ၊ ပြီးတော့ သူမရဲ့ အပျိုစင်တစိတ်တပိုင်း အကွဲစတွေ။ အိပ်ယာခင်းတွေ တွန့်ကြေနေတယ်။ ရုပ်ရှင်ဇာတ်ဝင်ခန်းတွေ တွန့်ကြေနေတယ်။ နာရီမှန်ကွဲစတွေ တွန့်ကြေနေတယ်။ သူမ အိပ်မက်က လန့်နိုးလာတယ်။ဖြူစင်ခြင်း အထိမ်းအမှတ် သိုးငယ်လေးမရှိဘူး။ Switzerland Made နာရီတစ်လုံးမရှိဘူး။ ကြည့်နေကျ ဇာတ်ဝင်ခန်း မရှိဘူး။ အရာအားလုံးဟာ မှောင်မည်းနေတယ်။ သူမက “မုတ်သုန်မြို့ရဲ့သတို့သမီး” ဖြစ်နေတယ်။ တိမ်တွေကို အန်ချပစ်လိုက်ခြင်းက သူမအတွက် အကောင်းဆုံးစိတ်ဖြေနည်းပဲ။ ထိုင်ခုံလက်ရန်းတွေရဲ့ ပူနွေးမှုဟာ 120ံC ဖြစ်လာတယ်။ အံ့သြစရာပဲ။ ကမ္ဘာကြီးက သူမရဲ့ တစ်ကိုယ်ရည်စာနွေးထွေးမှုကို လျစ်လျူရှုထားတယ်။ နားထဲမှာ “wake me up when september end” သီချင်းကို ကြားနေရတယ် ။ စက်တင်ဘာတွေသေရင် ငါ့ကိုနှိုးပါ။ ဘယ်တော့မှမပြီးမယ့် ဇာတ်ဝင်ခန်းကို နေ့တိုင်း ကြည့်နေရတယ်။ ဝဋ်ပဲ။
သူမ လန့်နိုးလာတယ်။ သူမ သိုးငယ်လေးတစ်ကောင် ဖြစ်သွားတယ်။ သူမ နှင်းဆီပန်းတစ်ပွင့် ဖြစ်သွားတယ်။ ဇာတ်ကောင်အမျိုးသားရဲ့ ရင်ဝကို ဆူးတွေနဲ့ ထိုးစိုက်ပစ်လိုက်တယ်။ သူမရဲ့ လက်သည်းချွန်ချွန်လေးတွေမှာ သွေးတွေတစ်စက်ချင်းစီ ယိုစီးကျနေတယ်။ နောင်တဟာ ဘယ်တော့မှ အဖြေမရမယ့် သချာင်္ပုစ္ဆာတစ်ပုဒ်။သူမ နှုတ်ခမ်းတွေကို ဖိကိုက်လိုက်တယ်။ စက်တင်ဘာတွေ သေသွားတယ်။ သူမကို နှိုးမယ့်လူ မရှိဘူး။ သူမ နောက်ဆုံးဇာတ်ဝင်ခန်းမှာ အိပ်ပျော်နေတယ်။ ဇာတ်ကောင်အမျိုးသားကရင်ဝမှာ ဓားတန်းလန်းနဲ့။ မဟုတ်ဘူး။ ဆူးတန်းလန်းနဲ့။ နှင်းဆီပွင့်ဖတ်လေးရဲ့ နှုတ်ခမ်းထောင့်စွန်းဟာ ရက်ရက်စက်စက် ပြုံးနေတယ်။
သူမ အိပ်ရာက လန့်နိုးလာတယ်။ စက်တင်ဘာတွေ မသေသေးဘူး။ တယောသံတွေ မသေသေးဘူး ။ ထိုင်ခုံလက်ရန်းရဲ့ အပူချိန်က စိုးရိမ်စရာကောင်းလောက်အောင် မြင့်တက်လာတယ်။ သူမ သိုးငယ်လေးတစ်ကောင် ဖြစ်ချင်သွားတယ်။ဘုရားသခင်လောက်နီးနီး စင်ကြယ်တဲ့ သိုးငယ်လေး။ သူမ အိပ်ချင်နေပြီ။ နောက်ဆုံးဇာတ်ဝင်ခန်းက သူမကို ခြောက်လှန့်နေပြီ။ သူမရဲ့ အိပ်ယာထက်မှာ တစ္ဆေတစ်ကောင် အိပ်နေတယ်။အဲ့ဒီတစ္ဆေက သူမကိုယ်တိုင်ပဲ။ သူမရဲ့ ရင်ဘတ်ဟာ သူမကိုင်ထားတဲ့ ထိုင်ခုံလက်ရန်းလို တအားပူနွေးနေပြီ။ ထိုင်ခုံအမှတ် G-8 မှာ ဇာတ်ကောင်အမျိုးသားဟာ ဓားတန်းလန်းနဲ့၊ ဒါမှမဟုတ် ဆူးတန်းလန်းနဲ့ သေဆုံးနေတယ်။ နှင်းဆီပွင့်ဖတ်တွေကြွေကျသွားတယ်။ သူမရဲ့ လက်ကောက်ဝတ်မှာသွေးတွေ ဖြာထွက်နေတယ်။ ခေါင်းအုံးနံဘေးမှာဘရိတ်ဓားတစ်ချောင်းက ဝင့်ခနဲ ပြုံးနေရဲ့။ သူမထိုင်ခုံအမှတ် G-8 မှာ ထိုင်နေတယ်။ နောက်ဆုံးဇာတ်ဝင်ခန်းမှာ ဇာတ်ကောင်အမျိုးသမီးဟာလက်ကောက်ဝတ်ကို ဘရိတ်ဓားနဲ့လှီးပြီး သေဆုံးသွားတယ်။ သူမ ရုပ်ရှင်ရုံတွင်းကနေ ထွက်လာခဲ့တယ်။ လမ်းတလျှောက် အူနေတဲ့ခွေးတွေကို “မုတ်သုန်မြို့ရဲ့ သတို့သမီး”ကဗျာနဲ့ နှုတ်ဆက်ခဲ့တယ်။
သူမက ဒီနှစ်ရဲ့ “အော်စကာ”ဆုရှင်ပဲ။
____ ဆူး ခ က် မ င်း _________
0 comments:
Post a Comment