Friday, May 31, 2013

`` ခါးတောင်ကျိုက်ခြင်းနှင့် တူသော ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု အကြောင်း.....´´


မြန်မာအမျိုးသားများ  တစ်စုံတစ်ခုကို အားသွန်ခွန်စိုက် အင်အားသုံး ပြုလုပ်ရန် လိုအပ်သည့် အခါတွင် ခါးတောင်ကျိုက်လေ့ ရှိပါသည်။
ခါးတောင်ကျိုက်လိုက်သည့် အခါတွင် သန်မာထွားကျိုင်းသော မြန်မာအမျိုးသား ယောက်ျားတို့၏ အလှတရားသည် ထင်ရှားလာပါသည်။


ခါးတောင်ကျိုက်ခြင်းဖြင့် အလုပ်လုပ်ရာတွင် သပ်သပ်ရပ်ရပ်ဖြင့် တည်ငြိမ်စွာ၊ သွက်လက် ဖြတ်လတ်စွာ လုပ်နိုင်သကဲ့သို့ မြင်ရသူကို ပသာဒ ဖြစ်စေယုံမျှမက အလုပ်ကိုလည်း မြန်ဆန်သွက်လက်စွာ ပြီးမြောက်စေပါသည်။

ခါးတောင်ကျိုက်သည် ဆိုရာတွင် ဦးစွာ ပုဆိုးအား ခါးတွင် မြဲစွာ စည်းနှောင် ၀တ်ဆင်ရပါသည်။
ထို့နောက် ပုဆိုး အောက်စများအား ဆုပ်ကိုင်ကာ အပေါ်သို့ မယူပြီး အနောက်ဘက်ပေါင်ရင်းခန့်တွင် တင်းတင်းဆွဲ၍ အရှေ့ဘက် ပေါင်နှလုံးကြားမှ ပုဆိုးစအား လျှိုသွင်းကာ အနောက်မှ တင်းတင်းဆွဲ၍ အနောက်ဘက် ခါးနေရာတွင် ထိုးသွင်းဝတ်ဆင်ရပါသည်။

ထိုသို့ ၀တ်ဆင်ပြီးသော် အောက်နားစများအား တစ်ဖန်ပြန်၍ တင်းတင်းဖြစ်စေပြီးလျှင် အရှေ့ဘက် ပေါင် အရင်းတွင် အစသပ်လိပ်ထည့်ရပါသည်။

ဤသို့ ပြုလုပ်ပြီးသော် ချပ်ချပ်ရပ်ရပ်ဖြင့် သပ်ရပ်သော ခါးတောင်ကျိုက်ခြင်းသည် ပြီးဆုံးပြီဖြစ်သည့်အပြင် ယောက်ျားတို့၏ အညှာဖြစ်သော (ငယ်ပါ)သည်လည်း လုံခြုံသွားပြီ ဖြစ်ပါသည်။

ဤသို့ဆိုလျှင်  ပြုလုပ်လိုသော ခြင်းလုံးခတ်ခြင်း၊ ထင်းခွဲခြင်း၊ တစ်စုံတစ်ခုကို ထမ်းပိုးခြင်း၊ ရွှေ့ပြောင်းခြင်း စသည့်  အင်အားသုံးပြုလုပ်ရသော ကိစ္စတို့အား ကောင်းစွာ ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။

ထို့ကြောင့် အင်အားသုံး၍ သပ်ရပ်စွာ မြန်မြန်ဆန်ဆန် လုပ်ငန်းကိစ္စဆောင်ရွက်လိုလျှင် ယောက်ျား မှန်သမျှ ခါးတောင်ကျိုက်ခြင်း အလေ့အထကို ဆောင်ရွက်ရပါသည်။

ယခု ကျွန်တော် မြင်တွေ့နေရပါသည်။

ခါးတောင်ကျိုက်တစ်ခြား ဖင်တစ်ခြား ဆိုသော မြန်မာ စကားထက် ပို၍ ဆိုးရွားသည့် `` ရင်ခေါင်း ခါးတောင်ကျိုက်ခြင်း...´´ ဟူသော ဆောင်ရွက်မှုများကို ဆောင်ရွက်နေကြပါသည်။

နိုင်ငံတကာမှ ဘွဲ့ရယူထားသူများ၊ ပြည်တွင်းမှ ဘွဲ့ရယူထားသူများ၊  ဘွဲ့မရသူများ၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်များ၊ စသည် စသည်ဖြင့်..... မြန်မာနိုင်ငံ ပညာရေး စနစ်အား ပြုပြင်ပြောင်းလဲရန် အမျိုးမျိုး အဖုံဖုံ ဆောင်ရွက်နေကြပါသည်။

ဘာကြောင့်ပါလဲ.....

ဥရောပ၊ အမေရိက၊ စသည့်နိုင်ငံများတွင် နေထိုင်ခဲ့သူများ၊ ပညာသင်ကြားခဲ့သူများကလည်း မြန်မာနိုင်ငံ၏ ပညာရေး အဆင့်အတန်း နိမ့်ကျသည်၊ နိုင်ငံတကာ အဆင့်မမီ.... ပြုပြင်ပြောင်းလဲရမည်ဟု ဆိုပါသည်။

ထိုပုဂ္ဂိုလ်များတွင်  ၄င်းတို့ ကျင်လည် ကျက်စားခဲ့သော ဒေသများနှင့် ယှဉ်၍ မိမိနိုင်ငံကို အထင်မကြီးသည့်အပြင် နှိမ့်ချလိုသောသဘောနှင့် မိမိနိုင်ငံသားများကို နှာခေါင်းရှုံ့ လိုသော အယူအဆများလည်း အချို့  သော ပုဂ္ဂိုလ်များထံတွင် တွေ့မြင်နေရပါသည်။

ထိုပုဂ္ဂိုလ်များကိုလည်း ကျွန်တော်မေးလိုပါသည်.... ဤသို့သော ပညာတတ်ကြီးများ ဖြစ်ရန် သူငယ်အဆင့်မှ စ၍ နိုင်ငံခြားတွင် ကျောင်း တက်ခဲ့ပါသလား.... သို့တည်း မဟုတ် မိမိနိုင်ငံမှ သင်ကြားပေးသော ပညာရင်နို့ကို သောက်စို့ပြီး မိဘများ၏ ငွေကြေး ချမ်းသာ ပြည့်စုံမှုအရ အချိန်တစ်ခုတွင် နိုင်ငံရပ်ခြားသို့ ထွက်ခွါသင်ကြားခဲ့ပါ သလားဟု.......

ထို့အပြင် နိုင်ငံခြားတွင် ပညာသင်ကြားထားခြင်း မရှိသော်လည်း အသက်အရွယ်နှင့် အခြေအနေအရ နိုင်ငံတကာနှင့် ထိတွေ့ ဆက်ဆံခြင်း ခံရသူများတွင်လည်း မိမိနိုင်ငံ၏ ပညာရေးကို အထင်မကြီးသည့်အပြင် နှိမ့်ချလိုသောသဘောဖြင့်   မိမိနိုင်ငံသားများကို နှာခေါင်းရှုံ့ လိုသော အယူအဆများလည်း အချို့  သော ပုဂ္ဂိုလ်များထံတွင် ရောက်ရှိနေကြပါသည်။

ထိုပုဂ္ဂိုလ်များကိုလည်း ကျွန်တော်မေးလိုပါသည်.... နိုင်ငံတကာနှင့် ထိတွေ့ ဆက်ဆံခွင့်ရခြင်းနှင့် ဤသို့ ဆက်ဆံနိုင်ခြင်းသည်ပင် မိမိနိုင်ငံ၏ ပညာရေး အဆင့်အတန်း မြင့်မားခြင်းကြောင့်လား.... သို့တည်းမဟုတ်ပါကလည်း ကာယကံရှင်ကိုယ်တိုင် ထူးချွန်ထက်မြက်လွန်း၍လား... ဟု။

ထို့အပြင် တစ်သက်လုံး အစိုးရလုပ်သမျှ ကန့်လန့်တိုက် ကန့်ကွက်ခဲ့ကြသူ ဘွဲ့မရသေးသည့် ပုဂ္ဂိုလ်များအားလည်း မေးမြန်းလိုပါသည်။

ဘွဲပင်မရပါပဲ မည်သည့်အတွက်ကြောင့် မိမိနိုင်ငံ၏ ပညာရေး အဆင့်တန်း နိမ့်ကျသည်ဟု သုံးသပ်၊ ပြောဆို၊ ဝေဖန်နေရပါသနည်း...ဟု။

အထက်တန်းအဆင့်နှင့် အလယ်တန်း အဆင့်များကိုကား ကျွန်တော် မမေးလိုတော့ပါ.... မေးပါကလည်း အဆီအငေါ်တည့်သည့် အတွေးဖြင့် မှန်ကန်သည့် အဖြေများကို ဖြေကြားနိုင်မည် မဟုတ်ပါ.....။

ယခု ဖြစ်ပေါ်နေသော အခြေအနေများကို ခြုံငုံသုံးသပ်ရာတွင် အစိုးရ၏ တာဝန်ပေးချက်အရ ၊ ပြည်သူများ၏ တောင်းဆိုချက်အရ နှင့် ပညာရပ်ဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အကူအညီတောင်းခံမှုအရ မဟုတ်ပါပဲ ဟိုးလေးတကျော်ဖြင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရန် ဟူသော ခေါင်းစဉ်ဖြင့် ကြီးမားသော လှုပ်ရှားမှုများကို စတင် ဆောင်ရွက်လာနေကြပါသည်။

နိုင်ငံ တစ်နိုင်ငံ၏ ပညာရေး အဆင့်အတန်းကို မည်သည့် ပေတံဖြင့် တိုင်းတာပါသနည်း.....။

ထိုပညာရပ်များ၏ အရည်အသွေးကို မည်သည့်နည်းဖြင့် အကဲစမ်းပါသနည်း.....။

မည်သည့်အတွက်ကြောင့် ပညာရေးစနစ်ကို  ပြောင်းလဲ လိုပါသနည်း......။

`` နိုင်ငံတကာ အဆင့်မမီသဖြင့် ပြောင်းလဲလိုခြင်း ဖြစ်ပါသည်´´ ဟုသာ ပြုပြင်ပြောင်းလဲလိုသူ အများစုက  ဖြေကြားကြပါလိမ့်မည်.....

ထိုအခြေအနေထက်ပိုသော အဖြေကို ပေးနိုင်သူသည် ဆယ်ကဏန်းထက်ပင် ကျော်လွန်မည် မဟုတ်ပါ.....။

ဘွဲ့တစ်သီကြီး ရထားသူများက နိမ့်သည် ဆိုလျှင် ၀ိုင်းနိမ့်သည်။

ဘွဲ့မရပဲ ထင်ပေါ် ကြော်ကြားနေသူများက နိမ့်သည် ဆိုလျှင်လည်း ၀ိုင်း၍ နိမ့်ကြပြန်ပါသည်။

ကျွန်တော်တို့ နိုင်ငံတွင် မြန်မာနိုင်ငံ ပညာရေးကော်မတီ ရှိပါသည်။

ပညာရေး ၀န်ကြီးဌာနလည်း ရှိပါသည်။

ကမ္ဘာ့တက္ကသိုလ်များနှင့်လည်း ချိတ်ဆက် ဆောင်ရွက်လာနေပါပြီ။

နိုင်ငံတကာ တက္ကသိုလ်များတွင် ပြည်တွင်း၌ သင်ကြားပေးနိုင်ခြင်း မရှိသော ဘာသာရပ်များအလိုက် သွားရောက်၍ ပညာ သင်ကြားနေသူများလည်း ရှိပါသည်။

ထို့အပြင် ခေတ်အဆက်ဆက် မီခဲ့သော ပညာရေး ၀န်ထမ်းများလည်းရှိပါသည်။

တက္ကသိုလ်များ၏ အငြိမ်းစား ဆရာ/ ဆရာမကြီးများလည်းရှိပါသည်။ (ထိုဆရာ/ဆရာမကြီးများ၏ အဆုတ်များတွင် အနည်းဆုံး မြေဖြူတစ်တော့င်စာမျှ မြေဖြူမှုန့်များ တည်ရှိနေအောင် သန်းနှင့်ချီသည့် တပည့်များကို သင်ကြားပေးခဲ့ပြီး ဖြစ်ပါမည်။)

ပညာရေးဆိုင်ရာ သုတေသန ဌာနများလည်း ရှိပါသည်။

ထိုပုဂ္ဂိုလ်များ၊ ထိုဌာနများထက်ပင် ပို၍ပို၍ ပညာရေးကဏ္ဍကို နားလည်နေကြပြီလားဆိုသည်ကိုတော့ဖြင့် ကျွန်တော် ဥာဏ်မမီတော့ပါ။


ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း ကိစ္စသည် လွယ်ကူသော၊ မြန်ဆန်သော၊ ထင်ရာမြင်ရာ ဆောင်ရွက်ရသော ကိစ္စမဟုတ်ပါ....။

ရေတို ရေရှည် အဆင့်ဆင့် စိစစ်ထိန်းချုပ်ပြီး မှန်ကန်သော သုတေသနပြုချက်များဖြင့်သာ ဆောင်ရွက်နိုင်သော ကိစ္စဖြစ်ပါသည်။

ကျွန်တော် မြင်နေသည်ကတော့ အပြင်မှ ပုဂ္ဂိုလ်များသည် အစိုးရအဖွဲ့နှင့် လွှတ်တော်တွင်းမှ ကိုယ်စားလှယ်များအား ``ပညာရေးပြုပြင်ပြောင်းလဲမှုအကြံပြုချက် ´´ဟူသော စာတမ်း တစ်စောင်ဖြင့် ကျော်လွန်ထိန်းချုပ်ရန် စတင် လုပ်ဆောင်နေပြီဟုသာ မြင်မိပါသည်။

ကျွန်တော့် အနေဖြင့်ကား ပညာရေးစနစ်ထက် ပို၍ ဦးစားပေးလုပ်ကိုင်သင့်သော အခြားကိစ္စရပ်များ များစွာ တည်ရှိနေသည်ဟု မြင်မိပါသည်။

အလုပ်လက်မဲ့ပြဿနာ....၊ လောက်ငှသော လူမှုဘ၀တည်ဆောက်ရေး ပြဿနာ၊ ဒေသအလိုက် စားရည်ရိက္ခာ မလုံလောက်မှု ပြဿနာ၊ ကလေးငယ်တိုင်း ပညာသင်ကြားနိုင်ရေး ပြဿနာ၊ လူငယ်များ မူးယစ်ဆေးစွဲမှု ပြဿနာနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပြဿနာများအား ဦးစွာ ဆောင်ရွက်သင့်သည့် ပြဿနာများဟု ထင်ပါသည်။

ထို့ထက်ပို၍ အရေးကြီးသော ပြဿနာကား ပြည်တွင်း ဘာသာရေးဆန်သော လူမျိုးရေး ပဋိပက္ခ ပြဿနာဖြစ်ပါသည်။

သူ့နောက်တွင်ကား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပဋိပက္ခကိစ္စရပ်ဖြစ်ပါသည်။

အထက်က ဆိုခဲ့သည့်အတိုင်း တစ်စုံတစ်ခုကို အားသွန်ခွန်စိုက် အင်အားသုံး ပြုလုပ်ရန် လိုအပ်သည့် အခါတွင် ခါးတောင်ကျိုက်လေ့ ရှိပါသည်။

ခါးတောင်ကျိုက်ခြင်းဖြင့် အလုပ်လုပ်ရာတွင် သပ်သပ်ရပ်ရပ်ဖြင့် တည်ငြိမ်စွာ၊ သွက်လက် ဖြတ်လတ်စွာ လုပ်နိုင်သကဲ့သို့ မြင်ရသူကို ပသာဒ ဖြစ်စေယုံမျှမက အလုပ်ကိုလည်း မြန်ဆန်သွက်လက်စွာ ပြီးမြောက်စေပါသည်။

ချပ်ချပ်ရပ်ရပ်ဖြင့် သပ်ရပ်သော ခါးတောင်ကျိုက်ခြင်းသည်  ယောက်ျားတို့၏ အညှာဖြစ်သော (ငယ်ပါ)သည်လည်း လုံခြုံသွားပြီ ဖြစ်သဖြင့် ပြုဖွယ်ကိစ္စတို့အား အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။

သို့သော် ``ခါးတောင်ကျိုက်တစ်ခြား ဖင်တစ်ခြား´´  စကားထက် ပို၍ ဆိုးရွားသည့် `` ရင်ခေါင်း ခါးတောင်ကျိုက်...´´ ဟူသော စကားအတိုင်း မိန်းမများ ထမီရင်လျားသကဲ့သို့ ပုဆိုးအား ရင်ခေါင်းတွင်စည်း၍ ခါးတောင်ကျိုက်မိပါက ငယ်ပါ မလုံသည့်အပြင် ကိုယ်ဝန်ဆောင် မိန်းမကြီး တစ်ဦးကဲ့သို့ ဖြစ်နေယုံမျှမက ကလေးငယ်လေးများအား ချေးခံ ဘောင်းဘီ ၀တ်ပေးထားခြင်းနှင့်သာ တူနေမည် ဖြစ်ပါကြောင်း တင်ပြရင်း.....

လှပသပ်ရပ်သော ခါးတောင်ကျိုက်လေးများဖြင့် ခန့်ငြားကြပါစေကြောင်း ခင်ဗျာ.......

(ကွန်ဆူးမား)(၃၁-၅-၂၀၁၃)

  2 comments:

  1. ဒီနေ့ ဘွဲ့ရပြီးတဲ့လူတစ်ယောက် အင်္ဂလိပ်စာ တစ်ကြောင်းကို ဖြောင့်အောင်ရေးတတ်ပြီလား.. ထမင်းစားရေသောက် လူတန်းစေ့ နိုင်ငံတကာ ၀င်ဆန့်အောင် ပြောတတ်ပြီလား။
    မိခင်ဘာသာစကား မဟုတ်လို့ ထားလိုက်ပါဦး၊ မြန်မာစာမှာရော အခုမျိုးဆက်မှာ ဂျာနယ်တွေ၊ တီဗွီတွေ၊ ဖေ့စ်ဘွတ်တွေမှာ တွေ့နေရတာ အရေးအသား အသုံးအနှုန်း တစ်လွဲတွေကြီးပါပဲ။
    ဘွဲ့ရတဲ့ အထူးပြုဘာသာနဲ့ ပါတ်သက်ပြီး သက်ဆိုင်ရာဘာသာတွေရဲ့ အနှစ်သာရပိုင်း အစစ်အမှန်ကို ဘယ်သူတွေ နားလည်ကြလဲ။
    ဓာတုဗေဒနဲ့ ဘွဲ့ရသူတစ်ယောက် ဘွန်းတွေဆိုတာ ဘာကို ကိုယ်စားပြုလဲ၊ အဲဒီအချောင်းတွေက ဘာအဓိပ္ပါယ်လဲ.. မပြောတတ်ဘူး။
    သတ္တဗေဒနဲ့ ကျောင်းပြီးတဲ့သူကို ဒီဘာသာက တကယ့်လုပ်ငန်းခွင်ထဲမှာ ဘယ်နေရာမှာ အသုံးပြုမလဲဆိုတာတောင် အသေအချာ ခွဲခြားမသိဘူး။
    ကျောင်းမှာ သင်ခဲ့တဲ့ စာတွေဟာ ကောင်းချင်ကောင်းပါလိမ့်မယ်။ နိုင်ငံတကာ အဆင့်မီချင် မီပါလိမ့်မယ်။ ဒါပေမယ့် ကျောင်းသားတွေရဲ့ အသိဥာဏ်ထဲမှာ အသုံးချ ပညာရပ်အနေနဲ့ ရောက်မလာဘဲ စာမေးပွဲဖြေရာမှာ အတိအကျ ပြန်ရေးဖို့လောက်ပဲ အသုံးချတတ်အောင် သင်ကြားတဲ့ ပညာရေးစနစ်ကို ဘယ်လို အဆင့်မီတယ်လို့ ပြောလို့ရမလဲ။ ပြောမယ်ဆို အများကြီးပါ။
    ဒီဆောင်းပါးကို နည်းနည်းမှ သဘောမတူပါဘူး။
    အခုခေတ် ပညာတတ်ဆိုသူတွေဟာ အရင်ခေတ်ဟောင်းနဲ့ ခေတ်နှောင်းပိုင်းက လူတွေပါ။ အခုနောက်ပိုင်း နှစ်(၅၀)အတွင်းက ပညာရေးမှာ တဖြည်းဖြည်းညံ့ဖျင်းလာတာကို ဖင်ပိတ်ငြင်းနေဖို့ မကောင်းဘူး။
    ခုခေတ်မှာ လုပ်ငန်းခွင် ၀င်နေသူ အယောက်(၁၀၀)ကို လက်တွေ့ကွင်းဆင်း စစ်ဆေးမေးမြန်းကြည့်ပါ။ ကိုယ်ကျောင်းမှာ သင်ခဲ့တဲ့ ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းနေသူ ၁၀၀မှာ ၁ယောက်တောင် ရှိမယ်မထင်ပါဘူး။
    ဒါကြောင့် သင်ရတဲ့စာတွေ ကောင်းချင်ကောင်းပါလိမ့်မယ်။
    လက်တွေ့ဘ၀ထဲမှာ အသုံးချလို့ရအောင် မသင်ယူနိုင်တဲ့ ပညာရေးစနစ်ကို ဘယ်လိုမှ ကောင်းတယ်လို့ မဆိုနိုင်ဘူး။
    ဒီဆောင်းပါးကို ရေးသူဟာ လက်ရှိပညာရေးလောကနယ်ပယ်နဲ့ ဆက်စပ်ပြီး အာဏာသော်လည်းကောင်း၊ ၀င်ငွေအားဖြင့်သော်လည်းကောင်း တစ်ခုခု ဂွင်ကောင်းကောင်းရထားသူလို့သာ စွပ်စွဲချင်ပါတယ်။

    ReplyDelete
  2. ရှည်ရှည်တော့ မပြောလိုဘူး။ မြန်မာပြည်က ဘွဲ့ရကျောင်းသားတယောက်ကို ဘယ်နိုင်ငံကများ သူ့ဘွဲ့နဲ့ တူတူတန်တန် အလုပ်ပေးဖူးပါသလဲ။ သမ္မတကိုယ်တိုင်ကိုက မြန်မာဘွဲ့ရတွေကို အိမ်ဖေါ်အဆင့်ပဲ သတ်မှတ်ပြီး EXPORT လုပ်နေတာကို မြင်မိမယ်ထင်ပါတယ်။ ဒါကိုပဲ ဒီပညာရေးကို မြင့်တယ်လို့ဆိုနေသူဟာ တခုခုတော့လွဲနေပြီ။ ပညာရေးမှာ ပါဝင်နေတဲ့ ၀န်ထမ်းတွေရဲ့စိတ်ပိုင်းဆိုင်ရာကကော... ချိတ်ထမီ ပညာရေး... ကန်တော့ခံပညာရေး ပညာရေး ဖြစ်နေတာကို မြင်မိပါစ။ ဒီခေတ်ဘွဲ့ရတယောက်ကို သူရတဲ့ ဘွဲ့နဲ့လိုက်ဖက်တဲ့ အကြောင်းအရာတခုကိုမေးကြည့်။ ၉၉%က အပြင်က ထပ်မပိုးတဲ့ ကျောင်းတွင်းပညာရေးနဲ့ ဘာမှမဖြေတတ်ဘူး။ အခုဆောင်းပါးရှင်ဟာ ကြောင်တောင်ကန်း နဲ့ ဦးရဲထွဋ်လို ဖင်ပိတ်ငြင်းတဲ့သူအဆင့်ထက် ဘာမှမပိုဘူး။

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...