Friday, May 31, 2013

ခက်ခဲနှောင်ငင်တတ်သောအရာ

by Pandora Blogopoet (Notes) on Tuesday, May 28, 2013 at 12:20am



မျက်စိရှေ့ကို ရောက်လာသည့် စာအုပ်ကို လှမ်းကိုင်လိုက်ပြီးမှ ပြန်ချပြီးတော့ ပြုံးလိုက်မိသည် ခက်။
ဂန္ထ၀င်ဝတ္ထုရှည် တစ်အုပ်ပါ။ Jane Austen ရဲ့ Sense and Sensibility။ အမြဲတမ်း အမှတ်ရနေပြီး ဘယ်တော့မှ မဖတ်ဖူးခဲ့တဲ့ စာအုပ်တစ်အုပ်။ ကိုယ် မ၀ယ်ခဲ့ပါဘူး…။


……………………….


အဲသည်နေ့က သင်တန်းတစ်ခု ဆင်းချိန်မှာ ခက်တို့အိမ်ကို မောမောပန်းပန်းဖြင့် ရောက်လာခဲ့သည်။
 “ရှေ့တပတ် အတန်းမရှိဘူး ခက်”
“အင်း”
“ဆရာက မင်္ဂလာဆောင်တော့မယ် တဲ့။ နယ်မှာ သွားဆောင်မှာ”
“အင်း”
“ဆရာ့မှာ ရည်းစားရှိတယ် လို့တော့ ကြားနေသားပဲ။ ဒီလောက်မြန်မယ် မထင်လိုက်ဘူး”
“အင်း”
“သူ့အခန်းကို ရှင်းနေတယ် ဖတ်ချင်ရင် ယူသွား ဆိုပြီး စာအုပ်နှစ်အုပ် ပေးလိုက်တယ် အပြီးပေးလိုက်တာ ပြန်ပေးစရာမလိုဘူး”
“အင်း”
“ကိုယ် ဒီနေ့ တနေရာရာကို လျှောက်သွားချင်နေတယ် သိလား”
“ယူက ဆရာ့ကို ကြိတ်ကြိုက်နေလို့လား”
“အား……….. သွားစမ်းပါ မဟုတ်တာတွေ”

ခက်က ကိုယ့်မျက်နှာကို စေ့စေ့ကြည့်ပြီး တဟင်းဟင်း ရယ်သည်။ ရလာသည့် စာအုပ်တွေကို ကြည့်သည်။ တစ်အုပ်က Vocabulary Power တဲ့။ နောက်တစ်အုပ်က  Jane Austen ရဲ့ Sense and Sensibility ။ ခက်က Sense and Sensibility ကို ဖတ်ချင်တယ် ခဏငှားပါလား ဆိုလာတော့ ကိုယ်က ရပါတယ်ဟု အလွယ်တကူ ပေးဖြစ်လိုက်သည်။

အဲသည်နေ့က ခက်ကလည်း စိတ်လေနေပုံ။  လျှောက်သွားချင်တယ် ဆိုရင် သူငယ်ချင်း တစ်ယောက်ဆီ သွားမယ်လေ ဟု ဆိုလာသည်။ ကိုယ်က ငြင်းမနေတော့။   မသွားခင်မှာ ကျောက်အစိမ်းရောင် လေးထောင့်လေးတွေကို သွယ်တန်းထားတဲ့ ဆွဲကြိုးလေးတစ်ကုံးကို ခက်က ကိုယ့်အိတ်ထဲ ထည့်ထားပေးပါလို့ အကူအညီတောင်းသည်။ ကိုယ်က အသာလှမ်းယူပြီး ကျောပိုးအိတ်ထဲ ထည့်လိုက်ပါသည်။ ရန်ကုန်မြို့မှာ မြို့ပတ်ရထားဟု ခေါ်သည့်အရာကို ပထမဆုံးစီးဖူးသည့် နေ့ ပေါ့ (အခုအထိလည်း နောက်တစ်ကြိမ် စီးခွင့်မကြုံတော့)။ ရထားထဲမှာတော့ ဈေးသည်တွေ များပါသည်။ ကြမ်းပြင်ပေါ် ဒီအတိုင်းပဲ ချထိုင်နေသူတွေလည်း ရှိသည်။ အလယ်ကခုံတန်းမှာ ကိုယ်တို့နှစ်ယောက် ယိမ်းတိမ်းယိုင်တိုင် ထိုင်ကြသည်။

ရထားက အဝေးကြီး စီးရမှာဆိုတော့ ခက်ကပျင်းလာသည်။ အဲဒီမှာ ခက်နဲ့ကိုယ် အင်္ဂလိပ်စာလုံးတွေကို ဆက်ပြောတဲ့ ကစားနည်းတခု ကစားကြသည်။ စာလုံးတစ်လုံးကို တစ်ယောက်က စပြောပြီးတဲ့အခါ  အဆုံးသတ်အက္ခရာကိုဆက်ပြီး စာအလုံးအသစ်တစ်လုံးကို နောက်တစ်ယောက်က တမဟုတ်ချင်းပြောရတာ။ ကိုယ်က ခက်က ဘာအက္ခရာနှင့် စပေးပေး၊ x တို့ y တို့နှင့် အဆုံးသတ်သည့် စာလုံးတွေချည်း ဆက်တိုက် ပြောလာတော့ ခက်က ဆက်ရတာ စိတ်ညစ်လာသည်။  တော်ပြီကွာ .. မင်းကို ကြည့်တော့ ခပ်အေးအေး လိုလိုနဲ့ ဒီလို ညစ်နည်းတွေ ဘယ်ကတတ်နေတာလဲ လို့ စူပွပွဆိုရင်း ကစားပွဲကို ရပ်တော့ ကိုယ်က ပြုံးကြည့်နေလိုက်သည်။

ခက်က အင်္ဂလိပ်စာအရမ်းတော်တာ ကိုယ်သိတာပေါ့။ ခက်က အားအားနေ အင်္ဂလိပ်ဝတ္ထုတွေဖတ် ရုပ်ရှင်တွေ ကြည့် ဒိုင်ယာလော့တွေ အလွတ်ကျက်နေတတ်တာ။ အင်္ဂလိပ်စကားကို မိခင်ဘာသာပြောတဲ့လူမျိုးတွေလို အသံနေအသံထားနဲ့ ကျကျနန ပြောလာရင် ပဲများတယ်လို့တောင် မကဲ့ရဲ့နိုင်ဘဲ မြင်သူတိုင်းက သဘောတကျ ငေးကြည့်ရတာ။ ခက်စိတ်ဝင်စားတဲ့ အလုပ်က CNN တို့လို ရုပ်မြင်သံကြား သတင်းအစီအစဉ်တွေမှာ ဟန်နဲ့ပန်နဲ့ သတင်းကြေညာတဲ့သူ ဖြစ်ချင်တာတဲ့။

ရန်ကုန် အရှေ့ပိုင်းလားဘာလား ကိုယ်မမှတ်မိတော့ပါ။ တံတားကြီး အသစ်တစ်စင်း ဆောက်နေတဲ့ နားကပဲ။ အဲဒီ ဘူတာကိုရောက်ဖို့ အကြာကြီး အဝေးကြီးပဲ စီးရသည်။ ပြီးတော့ လမ်းတော်တော် ဆက်လျှောက် ရသေးသည်။ ခက်သူငယ်ချင်း နေတဲ့အိမ်က ဆောက်လုပ်ရေးဝန်ထမ်းတွေရဲ့ ယာယီအိမ်လေးတွေ။ အနီးအနားမှာလည်း လယ်ကွင်းပြင်တွေက တမျှော်တခေါ်ကြီး။ မြောင်းတစ်ခုပေါ်က တံတားရှည်ရှည်လေးကို ဖြတ်လျှောက်ပြီး သွားရသည်။ ခက်သည် စောစောကဆွဲကြိုးကို ပြန်တောင်းကာ သူ့လည်မှာ အကျအန ဆွဲသည်။ ကိုယ်တို့ရောက်တော့ ခက်သူငယ်ချင်းက ဆိုင်းမဆင့်ဗုံမဆင့်မို့ အံ့သြနေသည်။ အဲဒီအချိန်မှာ မွန်းလွဲ ၂နာရီလောက် ထိုးတော့မည်လေ။ ကိုယ့်မှာ ဗိုက်ဆာလိုက်တာ မပြောပါနှင့်တော့။ ခက်သူငယ်ချင်းကတော့ ရှိတာတွေ ထုတ်ကျွေးတာပါပဲ။  

အပြန်ခရီးမှာလည်း ကိုယ့်အိတ်ထဲမှာပဲ ခက်က သူ့ဆွဲကြိုးကို သိမ်းခိုင်းပြန်သည်။ နောက်မှပြန်ပြောသည်။ အဲဒီသူငယ်ချင်းက အထင်မသေးအောင် ဆွဲကြိုးကို ယူသွားပြီး တမင်ဆွဲပြတာဆိုပဲ။ ခက်နဲ့ အဲဒီသူငယ်ချင်းကြားက ပြိုင်ဆိုင်မှု ဘာညာတွေကိုတော့ ကိုယ်က ဘယ်သိမှာလဲ။ အဲဒီဆွဲကြိုးက မြအစစ်၊ သိန်းပေါင်းများစွာ တန်သည်ဆိုတော့ ကိုယ့်မှာ ဘုရားတရသည်။ ကံကောင်းလို့လေ၊ ရထားစုတ်စုတ်မှာ တယောက်ယောက်က ကိုယ့်အိတ်ကိုခွဲပြီး ခါးပိုက်နှိုက်ယူသွားရင်တော့လား။ တော်တော်ဆိုးတဲ့ ခက်။ ခက်ကတော့ ရယ်နေသည်။

ခက်က အဲဒီလို ဆိုးတာတွေ အများကြီးပါ။ တစ်ရက်တော့ tube press ဆိုလား  ဈေးကြီးကြီး (အဲဒီတုန်းက ကိုယ့်အတွက်တော့ အတော်ဈေးကြီးတာပါ) မိတ်ကပ်ဗူးကလေးထဲမှာ အပြည့်ပါမလာလို့ ဆိုပြီး ၀ယ်လာသည့် စတိုးဆိုင်ကို သွားပြောဖို့ ကိုယ့်ကိုအဖော်ခေါ်သည်။  အ၀တ်အစားတွေ အကျအန၀တ်ပြီး လက်မှာလည်း မောင်နှံခုနစ်ဖော် ကျောက်ရောင်စုံ လက်စွပ်ကို ထင်းထင်းကြီးဝတ်လို့။ စတိုးဆိုင်ထဲကို ၀င်သွားပြီးတော့ အဲဒီလက်စွပ်ဝတ်ထားတဲ့လက်နဲ့ မိတ်ကပ်ဗူးကို ကိုင်ပြီး မိတ်ကပ်အရည်တွေ လျော့နေတဲ့အကြောင်း အသစ်လဲပေးဖို့အကြောင်း ပြောတော့ ဆိုင်ရှင် ဦးလေးကြီးက ခေါင်းကုတ်လေသည်။ တကယ်ဆို အဲဒီလိုဆိုင်တွေက ၀ယ်ပြီးပစ္စည်း လဲပေးရိုး ထုံးစံမရှိဘူး။ ပိုဆိုးတာက ဗူးက ပက်ကင်လည်း ဖောက်ပြီးပြီလေ။ မဖောက်ဘဲနဲ့ မိတ်ကပ်လျော့နေမှန်း ဘယ်လိုလုပ်သိမလဲလို့ ခက်က စောဒကတက်တော့ နောက်ဆုံး အဲဒီဦးလေးကြီးက အသစ်တစ်ဗူးနှင့် လဲပေးလိုက်သည်။

ကိုယ့်ကို ခက်က ရှင်းပြလိုက်သေးသည်။ ဒီလိုကိစ္စမျိုးအတွက် သွားရင် သားသားနားနား ပြင်ဆင်သွားရတယ်ကွ တဲ့။ နို့မို့ရင် ညာပြောသလား လို့ မယုံသင်္ကာဖြစ်မယ်လေ တဲ့။ ဒီလိုဝတ်စားပုံမျိုးနဲ့ဆိုတော့ ပိုက်ဆံတန်ဖိုးကို အဓိက ထားတာထက် အမှားအယွင်းဖြစ်နေတာကို လက်မခံတဲ့ သဘောဆိုတာကို သူသဘောပေါက်သွားမှာပေါ့ တဲ့။  အဲဒီအချိန်တုန်းက ဒါမျိုးတွေကို ကိုယ်က နားမလည်နိုင်ခဲ့။  ဒီအချိန်အထိတောင် ကိုယ်ဖြင့် ရေးတေးတေးပဲ ရှိသေးတာပါ။

တခါက ကိုယ်က တီရှပ်အနက်ရောင် ကျပ်ကျပ်ကလေးအပေါ်က ဝေ့စ်ကုတ်ဆန်ဆန် ချည်သားရှပ်အင်္ကျီ အဖြူလက်ပြတ်ကလေး ၀တ်မိတော့  ခက်မှာ သဘောကျလို့မဆုံး။ ဘယ်မှာဝယ်တာလဲ ဆိုတော့  ကိုယ်ကလည်း အမှန်အတိုင်း တီရှပ်နက်ကလေးက ဗိုလ်ချုပ်ဈေး ဈေးပွဲတော်နေ့က လမ်းဘေးက လျှော့ဈေးနဲ့ရတာ။ ရှပ်အင်္ကျီဖြူလေးကတော့ ကိုယ့်အဒေါ်တစ်ယောက် သူနဲ့ ကျပ်နေလို့ လက်ဆောင်ပေးထားတာ လို့ပဲ ပြောခဲ့တာ။ ခက်က တဟားဟားရယ်သည်။ ဟေ့ကောင် ယူ့အမျိုးတွေ နိုင်ငံခြားက ထည့်ပေးတာလို့ ပြောလည်း ယုံမှာ။ ဒါမှမဟုတ် MK မှာ အခုမှ အသစ်ရောက်တာ လို့ ပြောလည်း ကိုယ်က ယုံတော့မှာ မင်းသိပ်ညံ့တယ် ဟု ဆိုသည်။ ကိုယ်ညံ့ပုံကတော့ ခက်ဘာကြောင့် ကိုယ့်ကို အဲဒီတုန်းက ညံ့တယ်လို့ ပြောခဲ့မှန်းကို နားမလည်နိုင်အောင် ညံ့ခဲ့တာပါ ခက်။

ခက်ကို စမြင်ဖူးစဉ်ကတော့ ကျောင်းထဲမှာ ခြေထောက်လေး ရှေ့ပစ်ပြီး သွက်သွက်လမ်းလျှောက်တဲ့ပုံစံကို စသတိထားမိတာ။ အဲဒီလို လမ်းလျှောက်ပုံက နိုင်ငံတကာ မော်ဒယ်လ်တွေလို မို့ အထူးအဆန်း ဖြစ်နေသည်လေ။ ခက်၏ ပင်ကိုယ် တွန့်ကွေးသော ဆံပင်တွေကို ရွှေရောင်ဆိုးထားပုံကလည်း ခန္ဓာကိုယ် ပါးလျလျလေးနှင့် လိုက်ဖက်ရုံ။ (အဲဒီခေတ်က RC2 ထဲမှာ ဆံပင် အရောင်ဆိုးထားသူတွေကို လက်ချိုးရေလို့ ရခဲ့သည်။) ခက်ရဲ့ နှုတ်ခမ်းက နှုတ်ခမ်းဆိုးဆေးသားကို မမြင်ရပါဘဲ ပန်းသွေးရောင် အမြဲသန်းနေသည်။ ခက်ရဲ့မျက်နှာဟာ သန့်စင်နေပြီး ပါးလေးတွေက ရှမ်းမလေးတွေလို သဘာဝကျကျ ရဲနေတတ်သည်။ ဒီလိုဖြစ်လာဖို့ ခက်က နေ့တိုင်း တစ်နာရီနီးပါး အချိန်ယူပြီး မိတ်ကပ်တွေ အများကြီးသုံး ခြယ်သရသည် ဆိုတာကို သိရတော့ ကိုယ့်မှာ အံ့သြလို့မဆုံး။

ခက် ဆိုတဲ့ စရိုက်ကို သရုပ်ဖော်ရလျှင် စာမေးပွဲခန်းထဲက တံခါးကို ၀ုန်းခနဲ ဆောင့်ပိတ်ပြီး ထွက်သွားခဲ့တဲ့ မခိုးမခန့် အဖြစ်အပျက်တစ်ခုလည်း ပါနေသေးတာပဲ။   ခက်နဲ့ မသိကျွမ်း မခင်မင်ခင်ကတည်းက ကြားဖူးခဲ့တဲ့ ခက် ရဲ့ ခပ်ခက်ခက် အကြောင်းတွေပေါ့။ တစ်ခုသော စာမေးပွဲခန်းထဲမှာ စာတစ်လုံးမှ ချမရေးသေးဘဲ ပေါ့ပေါ့ပါးပါး ပီကေ၀ါးနေတဲ့ ခက်က ဘေးထိုင်ခုံက ကောင်မလေးကို တစ်ခုခု လှမ်းမေးသည် တဲ့။ ခက်က စာမရတာတော့ ဟုတ်ဟန်မဟုတ်ပါဘူး။ စာမေးပွဲခန်း စောင့်တဲ့ အသက်ငယ်ငယ် ဆရာမက အသံကျယ်ကျယ် လာဆူတော့ ရေရေလည်လည် ကွိုင်တက်တော့တာ။ ပထမနှစ် ကျောင်းသူတစ်ယောက် စာမေးပွဲခန်းထဲက တံခါးဆောင့်ထွက်သွားလို့ တစ်နှစ် ကျောင်းထုတ်ခံရသည် ဆိုသည့် သတင်းကို ခပ်သဲ့သဲ့ကြားလိုက်တော့ ဟိုက်.. တယ်မိုက်ပါလား လို့ ကြက်သီးပဲ ထမိသလိုလို၊ သဘောပဲ ကျရတော့ မလိုလို။

စာမေးပွဲအောင်စာရင်း ထွက်လာတော့ နာမည် အောင်စာရင်းမှာ ဘယ်လိုမှ ပါမလာမှာ သိပါလျက်နဲ့ ခက်ပဲ အကြီးအကျယ် စိတ်ထိခိုက်နေပြန်ပါလေရော။ အိပ်ဆေးတွေ အလွန်အကျွံသောက်ပြီး နှစ်ရက်လုံးလုံး အိပ်ရာက ထမလာလို့ မိဘတွေက စိတ်ပူပြီး ဆေးရုံအရေးပေါ်ကိုပို့ အတင်းနှိုးခဲ့ရတာ..။ အဲဒီနောက်ပိုင်းမှာ တစ်လလောက် ခပ်ကြောင်ကြောင် ခပ်ငေါင်ငေါင် ဖြစ်နေပြန်ရောတဲ့။ ခက်နဲ့ ပတ်သက်သမျှ ပြန်ကြားရသမျှတွေက ဆန်းတပြားပြားတွေပါပဲလား ခက်။

ခက်ရဲ့ ၀ုန်းဒိုင်းယဉ်ကျေးမှုမှာ စပယ်ယာတစ်ယောက်ကို ဘတ်စ်ကားပေါ်ကနေ ကန်ချတဲ့ အဖြစ်လည်း ပါခဲ့သည်။ လှည်းတန်းမှာ မီးပွိုင့်မိနေတုန်း ၅၁ ကားပေါ်ကို တက်လာတဲ့ ခက်ကို စပယ်ယာက လက်မောင်းကနေ ဆွဲတင်ပေးလိုက်သည် တဲ့။ မင်း ငါ့ကို လက်မောင်းက ကိုင်ပြီး ဆွဲတင်စရာမလိုပါဘူး လို့ ခတ်ပြတ်ပြတ် ပြောလိုက်သည့် ခက်ကို စပယ်ယာက စိတ်တိုသွားပြီး ပြန်အော်လိုက်သည်။ အဲဒီမှာ ခက်က အဲဒီစပယ်ယာကို ကားပေါ်က ကန်ချဖို့ လုပ်ပြီး ပိုက်ဆံအိတ်ထဲမှာ ပါလာတဲ့ ဓါးမြှောင်သေးသေးတစ်လက်ကို ဗြုန်းဆို ထုတ်လိုက်တော့ လူတွေအကုန် လန့်ကုန်ကြသည်လေ။

နည်းနည်းလေးမှ မဟုတ်မခံလို့ နာမည်ကြီးတဲ့ ခက်.. အိတ်ထဲမှာ ဓားမြှောင်တစ်လက်ကို မကြောက်မရွံ့ သွားလေရာ ဆောင်ခဲ့သည်။  ဖက်ရှင်မျိုးစုံနဲ့ အပြောင်းအလဲ မြန်တဲ့ ခက်.. ဒီနေ့ မြန်မာဆန်ဆန် ရိုးရိုးယဉ်ယဉ်လေး ဖြစ်ချင်ဖြစ်နေပြီး နောက်တစ်နေ့ကျတော့ လူမှားလောက်အောင် ဂျင်းဘောင်းဘီနဲ့ ဆံပင်ဖွာဖွာ နေကာမျက်မှန်နဲ့ ကမ္ဘာလှည့်ခရီးသွား နိုင်ငံခြားသူအလား ဖြစ်ချင်ဖြစ်တတ်သည်။ ရန်ကုန် မြို့လယ်ခေါင်မှာ နေတဲ့ ခက်.. စူးစမ်းစစ်ဆေးမှုတွေ နောက်က တကောက်ကောက် ရှိလာတတ်မှန်း သိလျက်နှင့် ပင်နီအင်္ကျီ ယောထမီကို မကြာခဏ နှစ်နှစ်ခြိုက်ခြိုက် ၀တ်ဆင်ခဲ့သည်။ သိချင်စိတ်နှင့် အရဲကိုးတတ်သူ ခက်.. ဘူတာကြီးတ၀ိုက်က ညနတ်သမီးလေးတွေ အကြောင်း စုံစမ်းချင်လို့ ဆိုပြီး ညနက်သန်းခေါင် တစ်ယောက်တည်း လျှောက်သွားခဲ့ဖူးသည်။

ခက်ရဲ့ အခန်းထဲက စာကြည့်စားပွဲရှေ့မှာ တည်ကြည်ပြီး  ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဓာတ်ပုံခပ်ကြီးကြီး တစ်ပုံကို ကပ်ထားသည်။ စင်ပေါ်မှာ စာအုပ်တွေ အများကြီးပဲ။ ကိုယ်က အားကျပြီးကြည့်ရသည်။ ခက်က ကြည်အေးရဲ့ စာတွေကို အရူးအမူး ကြိုက်သတဲ့။ ကိုယ်တို့အိမ်မှာလည်း စာအုပ်တွေ အတော်များများ ရှိပေမယ့် မေမေက ဘာကြောင့်လဲမသိ ကြည်အေးစာတွေကိုကျ မကြိုက်လို့တဲ့ သိမ်းမထားခဲ့ဘူး။ ခက်နဲ့ တွေ့တော့မှပဲ အတော်များများ ပြန်ဖတ်ဖြစ်တော့တာလေ။ ခက်က ကြည်အေးစတိုင်ဖြင့် ရေးထားသည့် လေးလုံးစပ် ကဗျာလေးတွေကို ကိုယ့်ကိုပြသည်။ ခက်ရေးသည့်အထဲမှာ အားရတယ် ဆိုသည့် ကဗျာကို ကိုယ်က မကြိုက်ဘူး။ ကြိုးဆိုသည့် ကဗျာလေးတစ်ပုဒ်ကိုတော့ သဘောကျနေမိသည်။ (အခုနောက်ပိုင်း ကိုယ်လည်း စာတွေ ပြန်ရေးဖြစ်တော့ အဲဒီ ကြိုး  ခေါင်းစဉ်နှင့် ခက်ရေးခဲ့သည့် အကြောင်းအရာဆန်ဆန်ပဲ လေးလုံးစပ် ကဗျာတစ်ပုဒ် ရေးဖြစ်ခဲ့သေးသည်။ ကြုံလျှင်တော့ ခက်ကို ပြသေးတာပေါ့။)

အဲသည်နှစ်က မေလရဲ့ ပူပြင်းတဲ့ အလုပ်ပိတ်ရက် နေ့လည်တွေမှာ ခက်နဲ့ ကိုယ် မကြာခဏဆိုသလို ဖုန်းပြောကြ တွေ့ဆုံဖြစ်ကြသည်။ မင်္ဂလာဆောင်ခါနီး သူတို့သမီးငယ်တစ်ယောက်ရဲ့ စိတ်လှုပ်ရှားမှုနဲ့ ခက်ဟာ ငိုချင်ရယ်ချင် ဖြစ်နေတဲ့ အချိန် ကိုယ်ကလည်း ကိုယ့်ပြဿနာတွေနဲ့ကိုယ် ခက်ကို ရင်ဖွင့်တိုင်ပင်ဖြစ်ခဲ့သည်လေ။
စနေတနင်္ဂနွေတွေမှာ ကိုယ်တက်နေတဲ့ သင်တန်းက ပြန်လာလျှင် ကိုယ့်ထမင်းချိုင့်လေးကို ခက်တို့အိမ် ယူလာပြီး စားဖြစ်ပါသည်။ ခက်က ချက်ပြီးသား ဟင်းတွေ အဆင်သင့်ရှိလျှင် ထုတ်ကျွေးတတ်ပါသည်။ ခက်ဖေဖေနဲ့ မေမေကလည်း ကိုယ်နဲ့ ခက် သူငယ်ချင်းဖြစ်တာကို သိပ်သဘောကျတာ။ ခက်ဖေဖေဆို ကိုယ်နဲ့ သိပ်လေပေးဖြောင့်သည်။ ကိုယ်ဘာလုပ်လုပ် အကောင်းမြင်သည်။ တစ်ခါတလေ ကိုယ့်ကိုရှေ့ထားပြီး ကိုယ့်ကိုစံနမူနာပေး ဆုံးမလာလျှင် ကိုယ်လည်း နေရခက် ခက်မှာလည်း မျက်နှာရှုံ့မဲ့နေရောလေ။

ခက်တို့ အိမ်မှာ စိတ်ညစ်တာ တစ်ခုပဲရှိသည်။ အဲဒါက ဘာလဲဆိုတော့ ကိုယ်နဲ့ခက် စကားသွားသွား ပြောကြတဲ့ နေရာ လှေခါးကျဉ်းလေးနဲ့ တက်ရတဲ့ အမြင့်ဆုံးထပ်ခိုးလေးမှာ ရေ၀ပ်နေတတ်ပြီး တီကောင်တွေ မကြာခဏ တွေ့ရတတ်တာ ဖြစ်သည်။ ကိုယ်အသေကြောက်တဲ့ တီကောင်တွေကို အသည်းယားတော့ ခက်က အောင်နိုင်သူအပြုံးနှင့်။ အဲဒီအထပ်ခိုးလေးကနေ လှမ်းကြည့်လိုက်လျှင် အိမ်မကြီးရဲ့ အမိုးကို မြင်နေရသည်။ ခက်ကပြောပြသည်။ ငယ်ငယ်တုန်းက ခက်ရယ် ခက်အစ်ကိုရယ် နေကြွပ်ကြွပ်ပူတဲ့ အချိန်တွေမှာဆိုရင် တီကောင်တွေကို အဲဒီ ခေါင်မိုးပေါ် ပစ်ချတမ်း ကစားကြသတဲ့။ တီကောင်တွေ တွန့်လိမ်အရည်ပျော်သွားတာ မြင်ရင် သိပ်ပျော်သတဲ့။ တီကောင်တွေကို ကိုင်ရဲသည့် ခက်ဟာ ဒီနေရာမှာတော့ ကိုယ့်ရဲ့သူရဲကောင်းပါပဲ။

ခက်နဲ့ ခက်လူ တွေ့ကြပုံကလည်း သူငယ်ချင်းတွေကြားမှာ ပြောစမှတ်ပုံပြင် ဖြစ်ခဲ့သည်။ ခက်ရဲ့ အစ်ကိုက ခက်လူဖြစ်လာမယ့် အဲဒီလူကြီးကို အိမ်လည်ခေါ်လာတုန်းကတော့ ရိုးအေးပြီး ရည်းစားသနာမရှိတဲ့ ခက်အစ်မနဲ့ မိတ်ဆက်ပေးဖို့ ရည်ရွယ်တာဆိုပဲ။ အဲဒီအချိန်မှာ ခက်က ဟင်းခိုးစားထားတဲ့ ကြောင်ကို တံမြက်စည်းနဲ့ ရိုက်ဆုံးမနေတာတဲ့။ ဆူဆူညံညံ အသံတွေကြားတော့ ဧည့်သည်က အမှတ်မထင် မော့ကြည့်လိုက်တဲ့အခါ လှေခါးကနေ ဘောင်းဘီတိုပွပွ ဆံပင်စုပ်ဖွားနဲ့ ဆင်းလာတဲ့ ခက်ကို မြင်သွားတာ။

အချစ်ဆိုတာ ဆန်းကြယ်တယ်လို့ ကိုယ်တို့ ကြားဖူးသားပဲ ခက်။ ဒါပေမယ့် ခက်ရဲ့ စိတ်ဝင်စားမှုတွေက မျှော်လင့်မထားခဲ့ကြတာမျိုးလေ။ ခက်လို မိန်းကလေးဟာ ဘယ်လိုယောင်္ကျားလေးကို စိတ်ဝင်စားမလဲလို့ ကိုယ်တို့ သိပ်သိချင်ခဲ့ကြတာပေါ့။ ကျောင်းတုန်းက အတန်းထဲမှာ ခက် စိတ်ဝင်စားသည် ဆိုသော ကောင်လေးဟာ ချောလည်းမချော ထက်ထက်မြက်မြက်လည်းမရှိ လုံးတုံးတုံးရုပ်ကလေးနဲ့ အေးစက်စက်ပါ။  ကောင်လေးက ခက်ကို သတိမထားမိခဲ့ဘူး။ အတန်းထဲက တခြားကောင်မလေးတစ်ယောက်နှင့် အတွဲ ဖြစ်သွားခဲ့သည်။ ခက်က သူ့ကို စိတ်ဝင်စားခဲ့သည် ဆိုတာကိုတော့ ရင်းနှီးသူတွေလောက်ပဲ သိလိုက်ကြတာ။

ခက်သည် သူ့ကိုယ်သူ ရုပ်ရှင်ဇာတ်လမ်းတွေထဲက ဇာတ်လိုက်မင်းသမီးလို့ မှတ်ထင်သလားမသိ။ အကွက်ချကြံစည်ပြီး သူများကို အသဲခွဲတတ်တာကလည်း ရှိသေးသည်။ ကျောင်းပြီးခါစ ခြောက်လနီးပါးလောက် ခက်အလုပ်လုပ်ခဲ့စဉ် ခက်တို့အလုပ်ထဲမှာ အရမ်းတော်သည်ဆိုပြီး ဆယ်လစ်ဘရစ်တီလို နာမည်ကြီးတဲ့ လူတစ်ယောက် ရှိခဲ့သည်။ သူက ဘ၀င်မြင့်ကြောင်း မိန်းကလေးတွေကို မတူမတန်သလို ဆက်ဆံတတ်ကြောင်းလည်း သတင်း ထွက်ခဲ့သေးသည်။ ခက်နှင့်တွေ့ပြီး လပိုင်းလောက်နှင့် သူကြွေကျသွားရတာလည်း ခက်အရည်အချင်းပေါ့။ ခက်က ပြန်ကြည်မလိုလို လုပ်ပြီးမှ  ဟိုလူက အနောက်တိုင်းဆန်ဆန် ညစာစားပွဲမှာ အသေအချာဖိတ်ပြီး ပန်းစည်းတွေ လက်စွပ်တွေ ကျကျနနပြင် ပရိုပို့စ် လုပ်လာတော့မှ ရိုက်ချသလို  အပြတ်ငြင်းလိုက်ခဲ့တာ။ အဲသည်လို ဆိုးခဲ့သည် ခက်။

နောက်တော့ အားလုံးအံ့သြစရာ ခက်ရဲ့ဖူးစာရှင်နှင့် ခက်တို့ ဖြတ်သန်းချည်နှောင်ခဲ့ကြတာက နှစ်ဦးကြား ဝေးကွာလွန်းနေတဲ့ အသက်ဆိုတဲ့ အကန့်အသတ်ကြီး တစ်ခုတင် မကခဲ့ဘူး။ အရာရာကို ပုန်ကန်လိုစိတ်တွေနဲ့ အမြဲ လွတ်လပ်တက်ကြွ နေတတ်တဲ့ ခက်ဟာ တသမတ်စည်းမျည်းတွေနှင့် တင်းတောင့်နေရတဲ့ အသိုင်းအ၀ိုင်းက လူတစ်ယောက်ကို အလေးအနက် လက်တွဲဖို့ ဆုံးဖြတ်လိုက်သည့်အခါ ခက်ဖေဖေကအစ ကန့်ကွက်ခဲ့သည်။ ခက်က ခက်ဖေဖေမျက်နှာကို စေ့စေ့ကြည့်ပြီး သမီးသူ့ကို အရမ်းချစ်လို့ပါ ဖေဖေ လို့ ခပ်တည်တည် ပြောချလိုက်ခဲ့သတဲ့။ ဘာရမလဲ ကိုယ်က အဘိုးကြီးကို ရှက်သွားအောင် လုပ်လိုက်တာပေါ့ သူဘာမှ ဆက်မပြောနိုင်တော့ဘူးလေ လက်ခံလိုက်ရတာပေါ့ လို့ ခက်က ရယ်သွမ်းသွေးပြီး ကိုယ်တို့ကို ပြန်ပြောပြခဲ့တာ။

တကယ်တော့ ခက်ရဲ့လူဟာ သဘောကောင်းမွန်ရည်ပြီး ခင်မင်စရာ မျက်နှာပေးနဲ့ပါ။ ကိုယ်တို့ကတော့ ရှင့်လူက အဘ ဖြစ်လာတဲ့အခါ ရှင်က အဖွားပေါ့၊ အနည်းဆုံးတော့ အမေပေါ့ လို့ ခက်ကို နောက်ပြောင်ကြသည်။ ဒီတော့ခက်က ကိစ္စမရှိဘူး အမေနေရာကနေ သူ့တပည့် မောင်လေးတွေကို မွေးစားထားရမယ် ကိုယ့်ကို မမမေ လို့ ခေါ်ကြမှာပေါ့လို့ ရယ်ကျဲကျဲ ပြန်ပြောခဲ့သည်။ အဲသည်လိုနှင့် မင်္ဂလာဆောင်ခါနီး တစ်ရက်မှာတော့ သူငယ်ချင်းတွေကို ခက်ကပြောလာတာကိုလည်း မှတ်မိပါသေးသည်။  ရှင်တို့ ကျုပ်ကို Congratulations လို့ မပြောကြနဲ့။ ဒါက ယောင်္ကျားလေးကို ပြောရတာ၊ မိန်းကလေးကိုပြောရင် နှိပ်ကွပ်ရာရောက်တယ်၊  မိန်းကလေးကို တော့ Good luck လို့ပြောရတယ်လို့  ပူပူပင်ပင် သတိပေးလာခဲ့သည်။  ဘာရမလဲ။ မင်္ဂလာဆွမ်းကြွေးတဲ့နေ့မှာ ခက်မျက်နှာကို စေ့စေ့ကြည့် Congratulations ဒီလို လူကောင်းသူကောင်းကို ရအောင်ယူနိုင်တာ ဂုဏ်ယူပါတယ်ဟာ လို့ပြောကြ၊ ခက်လူရဲ့ လက်ကိုလည်း သေသေချာချာ ဆွဲနှုတ်ဆက်ပြီး Good luck ဒီမိန်းမဆိုးလေးကိုရတာ ကံကောင်းပါစေ လို့ ကိုယ်တို့က ဆုတောင်းကြတာပေါ့။

ခက်မင်္ဂလာပွဲအပြီး သျှောင်နောက် ဆံထုံးမပါခင် အချိန်ပိုင်းတွေမှာ ခက်နဲ့ စကားပြောချိန်တွေ ကျဲပါးလာခဲ့ရသည်။ အဲဒီတုန်းက ကိုယ့်အာရုံတွေလည်း နောက်ကျိနေခဲ့သည်လေ။ ခက်က စိတ်လှုပ်ရှားပျော်ရွှင်ဖွယ် ခရီးရှည်တစ်ခုရဲ့ အစမှာ တက်ကြွနေချိန် ကိုယ်ကတော့ ခရီးတစ်ခုကို ဖြတ်တောက်ချပြီး လမ်းကြောင်းအသစ် တစ်ခုကို အစကနေ ပြန်စဖို့ အားယူနေရချိန် ဖြစ်နေခဲ့သည်။  တချို့ဇာတ်လမ်းတွေဟာ အဖြစ်အပျက် ဆင်တူပေမယ့် ဇာတ်သိမ်းပုံတွေကတော့ ကွဲပြားနိုင်ခဲ့သည် မဟုတ်လား။ ကိုယ့်မှတ်စု စာအုပ်မှာ ခက်ရေးပေးခဲ့သည့် စာကြောင်းလေး တစ်ခုကိုတော့ အမှတ်ရနေခဲ့ပါသည်။

သတ္တိမရှိသူမှာ အချစ်မရှိဘူး၊ အချစ်မရှိသူမှာ သစ္စာဆိုတာလည်း မရှိဘူး။

သစ္စာနဲ့ သတ္တိရဲ့ အနက်အဓိပ္ပါယ်ကို အချစ်ဆိုတဲ့ ၀ါးတားတား အရာတစ်ခုထဲမှာ ကိုယ်က နစ်မျောရှာဖွေနေဆဲ ကာလတွေမှာ ပြတ်သားတဲ့ ချည်နှောင်မှုဘောင်တွေထဲက ခက် တစ်ယောက် မိသားစုဆိုတဲ့ အဓိပ္ပါယ်ကို အကောင်အထည်ဖော်ဖို့ ချက်ချင်းဆုံးဖြတ်ခဲ့တာ။ ခက် ပထမဆုံးကိုယ်ဝန် မအောင်မြင်ခဲ့တာ၊ ဒါပေမယ့် နှစ်နည်းနည်းစီပဲ ခြားပြီး သားလေးနှစ်ယောက် သမီးလေးတစ်ယောက် ဆက်တိုက်ဆိုသလို မွေးခဲ့တယ်ဆိုတာ၊ ခက်လူ တာဝန်ကျတဲ့ နယ်ဝေးဒေသတွေမှာ မိသားစု ပြောင်းရွှေ့နေထိုင်ခဲ့ကြတာ သတင်းတွေ ဆက်ဆက် ကြားခဲ့ရသည် ခက်။

Sense and Sensibility ဆိုတဲ့ စာအုပ်လေးကို ကိုယ်တန်ဖိုးထားမှန်းသိလျှက်နဲ့ ခက်ဟာ ပြန်မပေးခဲ့ဘူး။ ကိုယ်က မကြာခဏ ပြန်တောင်းတော့ နောက်သလိုလို အတည်လိုလိုနဲ့ ပြောခဲ့တာက ခက်ကို တနုံ့နုံ့နဲ့ အမြဲသတိရနေအောင်လို့ ပြန်မပေးတော့ဘူး တဲ့လေ။ နောက်တော့ ကိုယ်လည်း မွေးဌာနီနဲ့ ဝေးရာကို လွင့်သထက် လွင့်နေခဲ့တော့သည်ပဲ။   

အချိန်ဆိုတာ အကောင်းဆုံးသမားတော် ဆိုသည့် စကားပုံအဟောင်းကြီးကို ကိုယ်က ပြန်သုံးလိုက်ဦးမည်။ ဆယ်စုနှစ်တစ်ခုနီးပါး ဖြတ်ကျော်ပြီးတဲ့အခါ အားလုံးက အခုအချိန်မှာ အနည်ကျနေခဲ့ပြီ လို့ ယူဆရမှာပေါ့။ ခက်ဟာ ပေါ့ပါးပျော်ရွှင်နေတုန်းပဲလား။ ခက်ရဲ့စာကြည့်စားပွဲ (ရှိသေးလျှင်) ရှေ့မှာ ဘယ်လိုဓာတ်ပုံတစ်ပုံ ကပ်ထားမလဲ ဆိုတာကိုလည်း ကိုယ်က သိချင်လှပါသည်။ ပင်နီအင်္ကျီရော ၀တ်ဖြစ်သေးရဲ့လားခက်။ စနစ်ဇယားနဲ့ အထက်အောက် အဆင့်ဆင့် ပုံစံတွေကြားမှာရော နေသားကျပျော်ပိုက်နေပြီလား ခက်။ ကလေးသုံးယောက် အမေပေမယ့် အရင်လိုပဲ ပုံမပျက်၊ ဖက်ရှင်မပျက် လှပဆဲလို့တော့ သတင်းတွေ ကြားရပါသည်။

ခက်နှင့် တစ်ခေါက်လောက် ပြန်ဆုံချင်ပါသေးသည်။ အခုအချိန်က ခက် ကို အရင်တုန်းက ခက်လို အလွယ်တကူ တွေ့ခွင့်ရမရတော့ မသေချာပါ။ အနည်းဆုံး ဖုန်းဆက်လို့ပဲ ဖြစ်ဖြစ်ပေါ့။ ကိုယ့်မှာ ပိုင်ဆိုင်သူ ရှိသွားခဲ့တာကိုလည်း ခက် ကြားမှာပေါ့။ ကိုယ့်လူကို ဘယ်လိုလူမျိုး ဖြစ်လေမလဲလို့ ခက်က အကြီးအကျယ် စိတ်ဝင်စားနေဦးမည်လို့လည်း ထင်မိပါသည်။ ခက်ကို ပြောခွင့်ကြုံလျှင်တော့ ယူသာဆိုရင်လည်း သဘောကျမယ့် ပုံစံမျိုးထဲကပေါ့ကွယ် လို့ ကိုယ်က မခံချင်အောင် စ လိုက်ဦးမည်။

Sense and Sensibility ကို ကိုယ် ပြန်ဝယ်ဖတ်ဖြစ်တော့မည် မထင်ပါ။ ခက်ပြောသလို ခက်ကို တနုံ့နုံ့ အမှတ်ရစေဖို့ ကိုယ်က သတိရစိတ်နဲ့အတူတူ သော့ခတ်သိမ်းထားလိုက်ပြီပဲ ဆိုလိုက်ပါစို့။  ပြီးဆုံးခဲ့သည့် အချိန်တွေမှာ သစ္စာနဲ့ သတ္တိ ဆိုတာတွေကိုလည်း ကျော်ဖြတ်သင့်သလောက် ကျော်ဖြတ်ခဲ့ပြီပဲ ဆိုပါစို့။ လျစ်လျူရှုသင့်သလောက် ရှုခဲ့ပြီလို့လည်း ပြောနိုင်မည်။ တကယ်တော့လေ ကိုယ်တို့ ခြေထောက်အောက်က ကမ္ဘာကြီးက ထင်သလောက် မကျဉ်းသလို ခေါင်းပေါ်က ကောင်းကင်ကြီးကလည်း ထင်သလောက် မကျယ်ဘူး။

သတိရခြင်းသက်သက်ဖြင့် ရေးချလိုက်သောဒီစာ၊ ခက်ဖတ်ဖို့ လက်လှမ်းမီရာကို ရောက်မလာနိုင်မည့် ဒီစာထဲမှာလည်း အရာရာဟာ အစီအစဉ်မကျ ပြန့်ကျဲလို့။ ဇာတ်နာတာတွေ အတက်အကျတွေ ကလိုင်းမက်ခ်စ်တွေ မပါလို့ စိတ်ဝင်စားစရာ မကောင်းဘူးလို့ရော ထင်နေသေးလား ခက်။ ကိုယ်တို့ တစ်ခါက စာအကြောင်းပေအကြောင်း ဟုတ္တိပတ္တိ လေကန်ခဲ့ကြသလိုပေါ့၊ ၀တ္ထုတိုတွေ ရေးတဲ့အခါ ရှေ့မှာ နိမိတ်ပျိုးထားတဲ့ အကြောင်းအရာတွေဟာ နောက်ပိုင်းမှာ ပြန်ထည့်ကိုထည့်ရမယ် ဆိုတဲ့ သီအိုရီတစ်ခု အကြောင်းလေ။ ချက်ကော့ရဲ့ သီအိုရီဟာ တကယ့်ဘ၀ထဲက ဇာတ်တွေမှာ အလုပ်ဖြစ်ချင်မှ ဖြစ်မှာ။ ဧည့်ခန်းထဲ ချိတ်ဆွဲထားတာကို အကျအနပြပြီးမှ ကျည်တစ်တောင့်တောင် မဖောက်ဖြစ်တဲ့ သေနတ်တွေ လူ့ဘ၀မှာ အများကြီးပဲ ခက်။

ပန်ဒိုရာ

၁၉ ဒီဇင်ဘာ ၂၀၁၀

သံလွင်အိပ်မက်အင်တာနက်မဂ္ဂဇင်း အတွဲ (၅) အမှတ် (၁) နှင့် ဖက်ရှင်မဂ္ဂဇင်း ၂၀၁၂ ဇူလိုင် တွင် ဖော်ပြပါရှိပြီး။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...