Friday, May 31, 2013

မီဒီယာသို့ မေတ္တာစာ

by သက္က မိုးညို (Notes) on Thursday, May 30, 2013 at 10:09pm

ကြာလာရင် ဆရာဝန်နဲ့ မီဒီယာ (အထူးသဖြင့်) ဂျာနယ်တွေ အကြား သွေးမတိတ်တဲ့ အနာ ဖြစ်သွားမှာ စိုးရပါတယ်။ ဘယ်သူကစတယ်၊ ဘယ်ဝါက စတယ် စကားနိုင်လုနေရင် မပြီးတော့တဲ့အပြင် တစ်ယောက်နဲ့တစ်ယောက် အနာတွေပဲ တိုးလာမှာ မိုလို့ မေတ္တာစာ ရေးတဲ့ အလေ့အထကို ပြန် အသက်သွင်းရပါတယ်။ ရွှေနားတော်သွင်း ဧချင်းပေါ့လေ။
ဟာ…ဒင်းက ဆရာဝန်ပဲ ဆရာဝန်ဘက်ကိုပဲ “ပင်း”  ပြီးရေးမှာပေါ့လို့ ယုဆကြရင်လည်း ဆက်မဖတ်ကြပါနဲ့ဗျာ။ (ဖြစ်စေချင်တာကတော့ အဲသည်လို ကြိုတင် ဆုံးဖြတ်ချက်တွေ မထားပဲ ဖတ်ပြီး ဘ၀င်ကျမှ ခေါင်းငြိမ့်၊ ဘ၀င်မကျရင်ခေါင်းခါ ဆိုတာမျိုးက ပို အဆင်ပြေမယ် ထင်တာပါပဲ)


တကယ်တော့ အားနည်းချက်ဆိုတာက နှစ်ဘက်စလုံးမှာ ရှိတတ်စမြဲပေါ့။ ဆရာဝန်တွေ ကုသမှု၊ စောင့်ရှောက်မှု အားနည်းတာတွေရှိသလို ဂျာနယ်လစ်တွေ အားနည်းတာတွေလည်း အပုံ ရှိမှာပေါ့။ ဒါပေသိ တစ်ဦးချင်းတစ်ယောက်ချင်း အားနည်းချက်၊ ချွတ်ယွင်းချက်တွေကို “မင်းတို့ ဆရာဝန်ဆိုတာ” “မင်းတို့ ဂျာနယ်လစ် ဆိုတာ” အစချီပြီး လုံးသုတ်နေရင်တော့ ဒီမီးက ခင်မောင်တိုးဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် “ဒီကကမ်းလိုက်တဲ့ တို့ရဲ့လက်ကို မပုတ်ပါနဲ့၊ ရဲရဲသာ ဆုတ်လိုက်ပါလို့” မေတ္တာရှေ့ထား ပြောကြားပါရစေ။

တစ်ဦးစီကိစ္စကို ဆရာဝန်တွေက အစချီမပြောဖို့၊ ဂျာနယ်လစ်တွေက အစချီ မပြောဖို့ ဆိုတော့ ငါတို့က မပြောရတော့ဘူးလားလို့ မေးလာပါလိမ့်မယ်။ ပြောရမှာပေါ့။ တစ်နေရာမှားတဲ့ကိစ္စဟာ ဆရာဝန် တစ်မျိုးလုံးမှားတဲ့ကိစ္စမဟုတ်ပါဘူး။ ဟယ်…နေရာတကာမှားနေတာ ၊ငါတို့အသိပေါ့လို့ ပြောရင် “ဒါက ပရော်ဖက်ရှင်နယ် ဆန်တဲ့ မီဒီယာပြောမဟုတ်ပဲ အရပ်ထဲ သန်းတုတ်တဲ့ မိန်းမအပြောမျိုးဖြစ်သွား” ပါလိမ့်မယ်။ ပြောရင်း ငေါ့တတ်တဲ့ အကျင့်လေး ပါသွားလို့ ဆောရီးနော်။

ဒါကြောင့် အမောင်ဂျာနယ်လစ်တို့၊ ပြောလိုက ပြောပါ။အရင်းအမြစ်ကို ဆစ်ပိုင်းပြီးတော့ သဘာဝကျကျ စေ့ငုထားတဲ့ ပညာရှင်ပီသတဲ့အပြောတွေနဲ့ ပြောကြပါ။ ဆရာဝန် လူနာကိစ္စဆိုတာ “ကုလိုက်ရင် ပျောက်မှာပဲ” ဆိုတဲ့ ဧက-ဧက ဆက်သွယ်ရေးမဟုတ်ပါဘူး။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ ကိစ္စတွေအရ လူနာရဲ့ရောဂါက သူ့သဘောသူဆောင်သွားတဲ့အခါမျိုးမှာ ဆရာဝန်ပဲလို့ ပုံချမိတာမျိုးလား၊ ဆရာဝန်က တကယ်ဂရုမစိုက်တာလားဆိုတာ ခွဲရခက်ပါတယ်။ ပြည်သူလူထု၊ မိသားစုက မသိရင်တောင်မှ မီဒီယာက သိရပါ့မယ်။ မသိရင် သိအောင်လုပ်ရပါ့မယ်။

မိသားစုပြောသမျှကို မှန်မှာပဲလို့ ကောက်ချက်ဆွဲမရသလို ဆရာဝန်ပြောသမျှ ဟုတ်မှာပဲလို့ ယူလို့မရပါဘူး။ မီဒီယာဆိုတော့ ဆေးပညာသဘော မသိရင် ကြားလူ သာ့ဒ်ပါတီဖြစ်တဲ့ ဆရာဝန်ကြီးတွေ၊ အက်သစ်ဆိုင်ရာ ပညာရှင်တွေဆီက မှတ်ချက်ယူရပါ့မယ်။ ဒါတောင်မှ “ဒါတောင်မှ ဆရာဝန် ဂရုမစိုက်၍ လူနာသေဆုံးရကြောင်း ကျန်ရစ်သူမိသားစုမှ ပြောကြား” ဆိုပြီး ခေါင်းစဉ်ကြီးပေးထားရင် ဘက်လိုက်သော ဂျာနယ် ဖြစ်သွားပါလိမ့်မယ်။ သတင်းဖေါ်ပြပုံမှာ ထိပ်မှာ တင်ပေးတာနဲ့ နောက်ပိုင်းမှာ ထားပေးတာနဲ့ တန်ဖိုးကွာပါတယ်။ စာဖတ်သူ သဘောပေါက်ပုံကွာပါတယ်။

ကဲ၊ ဆရာဝန် ဂရုမစိုက်လို့ လူနာဆုံးတာလည်း မှန်ပြီထားပါတော့။ ဒီဆေးရုံမှာ လာတဲ့ လူနာပေါင်း ဘယ်ရွေ့ဘယ်မျှမှာ ဘယ်လောက် ပျက်စီးတယ်ဆိုတဲ့ ဒေတာမပါရင် မျှတသော သတင်းမဟုတ်ပါဘူး။ သူရို့ဆီမှာ တနိုင်ငံလုံးကောက်ချက်ဖြစ်ဖြစ် ပါတတ်ပါတယ်။ ဖတ်ကြည့်ပါ။ ထိုသို့ မှားယွင်းကုသမှုမျိုးမှာ ဘယ်လောက်ရာခိုင်နှုန်း ဖြစ်ပွားလေ့ရှိသည်ဆိုပြီး ထည့်တတ်ပါတယ်။ ဒါမှ ပြည်သူက ဖြစ်လေ့ရှိပါ့လားဆိုပြီး ဘ၀င်ကျမှာပါ။

ပြည်သူကို ဘာကြောင့် ဘ၀င်ကျစေချင်တာလဲ။ အဓိကျတာက အင်ပက် Impact ခေါ်တဲ့ အကျိုးဆက်ကိစ္စပါ။ တကယ်လို့ သွေးလွန်တုတ်ကွေး ဆေးရုံတက်မိလို့ သေသွားတယ်ဆိုတာမျိုး ဖတ်မိတဲ့ပြည်သူဟာ နောက်ဆက်တွဲသိရမယ့် ဗဟုသုတ (ဥပမာ-ဆေးရုံမှာ သွေးလွန်တုတ်ကွေး ပျောက်ကင်းနှုန်း) ကိုမသိရင် “ဟာ…ဟိုမှာတော့ သွားမကုဘူး၊ အိမ်မှာပဲ ကုမယ်” ဆိုတာမျိုး ဖြစ်သွားနိုင်ပါတယ်။ မပြည့်မစုံနဲ့ ပြည်သူကို ကြောက်ရုံလောက် သတင်းပေးတာမျိုးဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပေးစေမယ်လို့ ချစ်စွာသော ဂျာနယ်လစ်များကို သိစေချင်ပါတယ်။ ဒီလိုသာဆိုရင် ဆရာဝန်က တစ်တရားခံဆိုရင် ဂျာနယ်လစ်က နှစ် တရားခံပါ။

ဟိုတုန်းက ရုပ်ရှင်ရိုက်ရင် သင်္ဘောသာ ဗီလိန်ခေတ်၊ ဆရာဝန်ေီလိန်ခေတ်ရှိဘူးပါတယ်။ ထို့အတူ ကာတွန်းရေးတတ်စသူတွေရေးရင် မီးပျက်တာကိုသာ ရေးလိုက်၊ မမှားဘူး ဆိုတာမျိုးလည်း ကြားဘူးပါတယ်။ ဒါပေမယ့် ဆရာဝန်မီဒီယာကြား၊ အာဃာတတွေထားနေရင် ကြားက ငထွားဖြစ်တဲ့ ပြည်သူကို ခါးနာစေပါလိမ့်မယ်။ ဒါကြောင့် အားအားရှိ ဆရာဝန်တွေကို သတင်းလုပ်ပြီး ကလိနေမယ့်အစားအခြား အကျိုးရှိတာတွေကိုပဲ ရေးပါဗျာလို့ မေတ္တာစာ ဆက်သွင်းချင်ပါတယ်။ ကိုယ်လည်း ကင်းကွာနိုင်တာ မဟုတ်ပဲနဲ့။ နှော

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...