မြိုင်တို့အကြောင်း
by Pandora Blogopoet (Notes) on Tuesday, April 19, 2011 at 8:48am
(၁)
“မြိုင် မြိုင်...။ ဆရာဗန်းမော်တင်အောင်ရဲ့ မြိုင်လား။ ဆရာ ဒဂုန်တာရာရဲ့ မြိုင်လား။”
ကိုလေးက ပြောပြီး ရယ်သည်။ မြိုင်ကလည်း သာသာသိမ့်သိမ့် ရယ်သည်။
“ဟင့်အင်း။ မြိုင်က မြိုင်ပဲပေါ့ ဘယ်သူ့မြိုင်မှ မဟုတ်ဘူး။”
ခိုင် ကတော့ မျက်မှောင်ချိုးလို့သာ သူတို့ကို ကြည့်နေမိသည်။
“ဒါပေမယ့် အဲဒီ ၀တ္ထုတွေထဲက မြိုင်တွေကတော့…”
မြိုင်က စကားကို မဆက်။ မျက်နှာပြန်တည်လိုက်ပြီး ကိုလေးကို ကြည့်သည်။ ပြီးတော့ ထပ်ရယ်ကြပြန်ပြီ။ အိုး.. ဒါ ရယ်မောစရာလား။ အဲဒါ ဘာတွေ ပြောနေကြတာလဲ။ ခိုင့်ကို ဘေးမှာထားပြီး ခိုင်မသိတဲ့ စကားတွေကို ပြောတတ်ကြတဲ့ သူတို့နှစ်ယောက်ကို တခါတခါ မကျေနပ်သလို ဖြစ်မိတာ ခိုင့်အလွန်လား။
လေညင်းကလေးက ဖြည်းဖြည်း လွင့်နေသည်။ စာအုပ်ထူထူတွေ သင်ခန်းစာပို့ချချက်တွေ အိမ်စာတွေနှင့် ခဏ ကင်းဝေးတဲ့အချိန် ဘွဲ့လွန်ကျောင်းသားကြီး သုံးယောက်ရဲ့ သောကြာညချမ်း အပန်းပြေ စကားဝိုင်းလေးမှာ ဒီတစ်ခါတော့ ခိုင် တိတ်ဆိတ်နေမိတာ အမှန်။ သူတို့ရော သတိထားမိရဲ့လား။ ခိုင့်အတွေးတွေက ညနေဆည်းဆာမှာ လှမ်းမြင်နေရသည့် မှုန်ဝါးဝါး တောတန်းလေးလို ညို့နေသည်။ မလှမ်းမကမ်းက ရေကူးကန်ကလေးကတော့ ပြာလဲ့လို့။ ကိုယ့်အခန်းကို ကိုယ်စီပြန်မ၀င်ကြခင် ရေကူးကန်ကို ဖြတ်ထားတဲ့ တံတားလေးပေါ်မှာ ခဏလောက်တော့ လမ်းလျှောက်ဦးမှပဲ ဟု ခိုင်စိတ်ကူးနေလိုက်သည်။
ကိုလေးက ခိုင့်ဘက်ကို လှည့်လာသည်။ ဒါ ဆိုလျှင် ခိုင်ကရော။
ခိုင်ကရော.. တဲ့။ အခုတော့ ခိုင့်ကို သူတို့ သတိရလာကြပြီပေါ့။
“ခိုင်က တော့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်ပေါ့။ မဟုတ်ဘူးလား။”
ပြုံးစစ ကြည့်လာသော ကိုလေးမျက်လုံး တောက်တောက်တွေထဲမှာ ခိုင့်အတွက် အရိပ် ဖျော့ဖျော့ တခုခု စွန်းထင်းမနေနိုင်ဘူးလားဟင်။ ခိုင်က လိုက်ရှာနေမိပြန်သည်။ ဟင့်အင်း။ မဟုတ်ဘူး။ ဘာလို့ သူငယ်ချင်းလို့ပဲ ဆက်ခေါ်ရမှာလဲ။ ခိုင်မကြိုက်ပါဘူး။
“နေပါဦး ကိုလေးရဲ့။ သီချင်းတစ်ပုဒ် ရှိတယ်။ ခိုင်တို့ငယ်ငယ်တုန်းက ကြားဖူးတာလေ။ ဘာတဲ့.. ရင်ထဲတိုးဝှေ့နေမယ် ခိုင်ဆိုလား။”
“အော်.. ရင်သို့တိုးဝှေ့ဆဲပါ ခိုင်..။ အဲဒါ အက်စ်ကဲနက် ဆိုခဲ့တဲ့ သီချင်းလေ။ အမယ်.. ခိုင်က တယ်ဟုတ်ပါလား။ မြန်မာပြည်က သီချင်းတွေလည်း မှတ်မိသားပဲ။”
ကိုလေးအသံချိုချိုမှာ နှစ်သိမ့်သံဆန်ဆန် ပါနေတာကို ခိုင် ဘ၀င်မကျချင်။ ဒီသုံးယောက်ထဲမှာ ခိုင် အငယ်ဆုံးဆိုပေမယ့် ခိုင်က ကလေးလေး မဟုတ်ပါဘူး။ ပြီးတော့ ငယ်ငယ်ကတည်းက မြန်မာပြည်က ခွာပြီး အနောက်နိုင်ငံတွေမှာ ကြီးပြင်းခဲ့ရတယ် ဆိုပေမယ့် တကယ်တော့ ခိုင်က မြန်မာမလေးပဲ။
ခိုင့်ရှေ့မှာ ချထားသော သောက်လက်စ လိမ္မော်ရည်ဖန်ခွက် ပိန်ရှည်ရှည်လေးပေါ်မှာ လိပ်ပြာတစ်ကောင် အတောင်တဖြတ်ဖြတ်ခါကာ လာနားသည်။ ခြံရှေ့မှာ စိုက်ထားတဲ့ ပန်းခင်းဆီက ပျံဝဲလာတာ ဖြစ်ကောင်းဖြစ်မည်။ ချစ်စရာလေး။ လှတယ်နော်။ မြိုင်ကရေရွတ်သည်။ ခိုင် ခပ်ငေးငေးသာ ကြည့်နေလိုက်သည်။ ခဏကြာတော့ လိပ်ပြာလေးက ကိုလေးဘက်ကို ပျံသွားသည်။ ကိုလေးပခုံးနားမှာ တ၀ဲလည်လည်။ လက်နှင့်ဝှေ့ရမ်းလိုက်ရင်း ကိုလေးက ဟက်ခနဲ ရယ်ပြန်သည်။ ကိုလေး ဒီနေ့ သိပ်ပျော်နေတယ်ထင်ရဲ့။ ခံစားချက်အမှန်တွေကို မျက်နှာပေါ်မှာ အလွယ်တကူ ဖမ်းမရတတ်တဲ့ ကိုလေးဟာ ပြောရခက်လှပါသည်။ အဲသည် လိပ်ပြာလေးလိုပေါ့။ ဘယ်နေရာမှာ နားမှာလဲ။
(၂)
ဆံပင်ရွှေရောင်နှင့် မိန်းမပျိုသည် ညို့ဓာတ်အပြည့်ဆမ်းထားသော အကြည့်ဖြင့် ယောင်္ကျားလေးဝိုင်းကို ရဲရဲတင်းတင်း စိုက်ကြည့်နေသည်။ သူ့အကြည့် ဗဟိုချက်က ရုပ်ရည်ပြေပြစ်သော်လည်း ရှက်ရွံ့တတ်သည်ဟု ထင်ရသော စာကြမ်းပိုးပုံစံ လူငယ်လေး တစ်ယောက်ဆီမှာ။
“ကြည့်.. ကောင်မလေးက မင်းကိုမှ အထာပေးနေတာပါ။ စဉ်းစားမနေနဲ့ သွားကြူလိုက်တော့။ လန်းတယ်နော်။”
လူငယ်က ခပ်ပြုံးပြုံးမျက်နှာပေးဖြင့် သူငယ်ချင်းများဘက်ကို လှည့်ကာ တိုးတိုးဆိုသည်။
“မင်းတို့ရော သူ့ကို မကြိုက်တာ ကျနေတာပဲ။”
သူက တခုခုကို အလေးအနက် စဉ်းစားရင်း မျက်နှာ ၀င်းလက်လာသည်။
“ငါတို့အားလုံးက ရွှေရောင်ဆံပင်လေးကို ကြိုက်တယ်။ တကယ်လို့ အားလုံးက သူ့ဆီ အပြိုင်သွားကြမယ်ဆိုလျှင် တစ်ယောက်ကို တစ်ယောက် ပိတ်ဆို့နေကြတော့မယ်။ ဘယ်သူမှ သူ့ကို ရမှာလည်း မဟုတ်ဘူး။”
သူငယ်ချင်းများက သူပြောတာကို အာရုံစိုက် နားထောင်နေကြသည်။
“ဒါဆို ငါတို့က ကောင်မလေးရဲ့ သူငယ်ချင်းတွေဆီကိုပဲ သွားကြရင်ရော။ တို့ကို သူတို့က လက်ခံမှာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ ဒုတိယရွေးချယ်မှု ဆိုတာကို ဘယ်သူမှ မကြိုက်ဘူးလေ။”
သူက ဆက်ပြောသည်။
“ဒီတော့ ငါတို့ထဲက တစ်ယောက်မှ ရွှေရောင်ဆံပင်လေး ဆီကို မသွားကြတော့ဘူးလို့ ဆုံးဖြတ်လိုက်ရင် ဘာဖြစ်မလဲ။ အချင်းချင်းလည်း အတိုက်အခံမဖြစ်တော့ဘူး။ တခြားမိန်းကလေးတွေကိုလည်း စော်ကားရာ မရောက်တော့ဘူ။ ဒါဟာ အားလုံး နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။”
…….
…….
အခန်းထဲတွင် မီးများ တဖြည်းဖြည်းလင်းလာသည်။ ဆရာက ပရိုဂျက်တာကို ပိတ်လိုက်ပါသည်။
“ဒါဟာ Nash Equilibrium ကို ဖော်ထုတ်ခဲ့တဲ့ ပါမောက္ခဂျွန်နက်ရှ်ပဲ။ ဒီရုပ်ရှင်ကတော့ သူ့ဘ၀နှင့် သူ့အတွေးအခေါ်တွေကို အနီးစပ်ဆုံး ပြထားတာပါ။ ဒီနေ့တော့ ဒီလောက်ပဲ။ မနက်ဖြန်မှ ဂိမ်းသီအိုရီတွေအကြောင်း ဆက်ပြောကြတာပေါ့။”
ကျောင်းသားများသည် စာအုပ်များကို သိမ်းကာ လှုပ်လှုပ်ရွရွဖြစ်လာကြသည်။ လေးလံသော သင်ခန်းစာများဖြင့် ပြည့်နှက်နေလေ့ရှိသည့် ဤစာသင်ခန်းလေးထဲတွင် ဒါဟာ တန်ဖိုးရှိသော ကျောင်းစောစောဆင်းချိန် ဖြစ်သည်။
“အပြိုင်အဆိုင်တွေ ရှိလာတဲ့အခါ ရှုံးတာ နိုင်တာတွေ ပေါ်လာတာပဲ။”
မြိုင်က မှတ်ချက်ချသည်။
“အားလုံးနိုင်ဖို့ ဆိုရင် ကိုယ်တစ်ယောက်ရဲ့ အကျိုးစီးပွားရော အဖွဲ့ရဲ့ အကျိုးစီးပွားကိုပါ ထည့်တွက်ရမယ် လို့ ဂျွန်နက်ရှ်က ဆိုလိုတယ်။”
ကိုလေးက အလွယ်ဆုံးပုံစံဖြစ်အောင် ကြိုးစားရှင်းပြသည်။ ဒီလို သီအိုရီ သင်ခန်းစာတွေကတော့ သင်ကြားရတဲ့ ဘာသာရပ်တွေထဲမှာ ကိုလေးရဲ့ အားအသာဆုံးပေပဲ။ အတန်းထဲမှာရှိတဲ့ နိုင်ငံပေါင်းစုံက ကျောင်းသားတွေကြားမှာ ကိုလေးလိုပဲ တန်းတူ ချက်ကျ လက်ကျ ဆွေးနွေးနိုင်တာကတော့ မြိုင် ပေါ့။ ခိုင်ကတော့ အတွေးအခေါ်တွေထက် စာရင်းအင်းလို ဘောဂဗေဒလို သင်္ချာတွက်ချက်မှုတွေ ပါသော ဘာသာရပ်တွေကို ပိုအားသန်သည်။ အနောက်နိုင်ငံတွေမှာ ကြီးပြင်းခဲ့ရတဲ့ ခိုင့်ရဲ့ နောက်ထပ် အဓိက ကျွမ်းကျင်မှုတစ်ခု ကတော့ ဘာသာစကား ဖြစ်သည်။ စာအရေးအသားတို့ ခက်ခဲတဲ့ အင်္ဂလိပ်ဝေါဟာရ အသုံးအနှုန်းတို့နှင့် ပတ်သက်လာလျှင် ခိုင့်ကို အသက်အငယ်ဆုံး ဖြစ်ပေမယ့် ကိုလေးရော မြိုင်ပါ တလေးတစား မေးမြန်းတိုင်ပင်လာကြတဲ့အခါ ခိုင်က ကျေနပ်နေတတ်သည်။
“ချစ်ခြင်းမေတ္တာမှာ အရှုံးတွေ အနိုင်တွေ ရှိသလား”
ခိုင့်စကားက အားလုံးကို ခဏငြိမ်သက် သွားစေသည်။
“ချစ်ခြင်းမေတ္တာမှာ ယှဉ်ပြိုင်မှုတွေတော့ ရှိနေတတ်တယ် မဟုတ်လား”
မြိုင်က မေးခွန်းထုတ်သလို ဆိုလာသည်။
“ဒါပေမယ့် အဲဒီယှဉ်ပြိုင်မှုတွေက တကယ့်တကယ်မှာ ချစ်ခြင်းမေတ္တာဆိုတာအတွက် ဖြစ်ချင်မှ ဖြစ်နေတတ်တယ်။ ကိုယ့်အတ္တတွေအတွက် ဆိုတာမျိုးပေါ့။ ဒါဆို အနိုင်အရှုံးတွေက ချစ်ခြင်းမေတ္တာနဲ့ ဆိုင်ချင်မှ ဆိုင်တော့မှာပေါ့”
ကိုလေးက ၀င်ပြောလိုက်ပါသည်။
“သေချာတာ တစ်ခုတော့ရှိတယ်”
ကိုလေးက လက်ထဲက စာအုပ်ထူကြီးကို အံဆွဲပုံးလေးထဲ ထည့်ကာ သော့ခတ်လိုက်သည်။ မြိုင်နှင့် ခိုင်က ကိုလေးဆက်ပြောမည့် စကားကို နားစွင့်နေကြသည်။
“ကျွန်တော့်မှာတော့ မုန့်ဟင်းခါးခြောက်ထုတ်တွေ ရှိတယ်။ ဒီညနေ ကျွန်တော့်အခန်းမှာ အပြိုင်အဆိုင် မုန့်စားဖို့ ကြွခဲ့ကြပါနော်။”
မိန်းကလေး နှစ်ယောက် ရယ်မောလိုက်သော အသံထဲမှာ ခြားနားချက်တွေ တူညီချက်တွေ ဘာသီအိုရီတွေ ထုတ်နုတ်လို့ ရနိုင်မလဲ။
(၃)
မြိုင်ကလေ.. အစိမ်းရောင်ကို ကြိုက်သတဲ့။ ခိုင်ကတော့ အပြာ… ဟိုးမှာ မြင်နေရတဲ့ မိုးကောင်းကင်ကြီးလို အပြာ…။ အဆုံးအစ မရှိတဲ့ ပင်လယ်ကြီးလို အပြာ...။
“ပင်လယ်ကြီးက အစိမ်းရောင်လည်း ရှိတာပဲ”
မြိုင်က Laptop ကွန်ပြူတာလေးကို ဖျတ်ခနဲ ပိတ်ချလိုက်ရင်း ဆိုလာသည်။ ခိုင့်ကို မချိုမချဉ် မျက်နှာပေးဖြင့် ကြည့်သည်။
“ပင်လယ်ကြီးက အပြာလား အစိမ်းလားဟင်.. ကိုလေး..”
ခိုင်က ကိုလေးဘက်သို့လှည့်ကာ အဖြေရှာသည်။
“ပင်လယ်ကြီးက ပြာချင်လည်း ပြာမှာပဲ။ စိမ်းချင်လည်း စိမ်းမှာပဲ။ ကျွန်တော် သိတာကတော့ ပင်လယ်က မာယာများတယ်။”
ဒီလို ဆိုပြန်တော့ မိန်းကလေး နှစ်ယောက် မျက်စောင်းက စူးခနဲရောက်လာတာကို ကိုလေးက မသိကျိုးကျွံလုပ်ပြီး ရယ်သည်။
“မိန်းကလေးတွေဖြစ်ပြီး ပန်းနုရောင်တို့ အ၀ါတို့ မကြိုက်ကြဘူးလားဗျာ”
“အဲဒါက girl တွေအကြိုက်ရှင့်။ ကျွန်မတို့က lady တွေလေ.. ဟဲဟဲ”
“ဟုတ်တယ် ဟုတ်တယ်”
မြိုင့်စကားကို ခိုင်က မဆိုင်းမတွ အတိုင်အဖောက်ညီညီ ထောက်ခံလိုက်သည်။
ခဏကြာတော့ နံရံမှာချိတ်ထားသော အဖြူရောင် သင်ပုန်းပေါ်မှာ ရေးခြစ်ထားသည့် ပုစ္ဆာတပုဒ်ဆီ အားလုံး အာရုံစိုက်လိုက်ကြသည်။ ဒါကတော့ မြိုင်ရဲ့ အကျွမ်းကျင်ဆုံး ဘာသာရပ်ဖြစ်တဲ့ Cost-Benefit Analysis တဲ့။
မြိုင် စာရှင်းပြနေတာကို ကြည့်နေတဲ့ ကိုလေးရဲ့ အကြည့်တွေထဲမှာ အထင်ကြီး လေးစားမှုတွေလား တန်ဖိုးထားမှုတွေလား။ ခိုင်သတိထားမိတာပေါ့။ လက်ထဲက အကြမ်းစာရွက်ကလေးကို လုံးခြေပစ်လိုက်ပြီး မတ်တပ်ထရပ်လိုက်တော့ နှစ်ယောက်စလုံးက ဗြုန်းဆို လှည့်ကြည့်ကြလေသည်။
“ခိုင်.. ညောင်းလာလို့ပါ။ ရေသွားသောက်လိုက်ဦးမယ်။”
ရေခဲသေတ္တာထဲက ရေဗူးကိုထုတ်ကာ ဖန်ခွက်ထဲ လောင်းချလိုက်ရင်း ကိုလေးနှင့် မြိုင်ကတော့ ရေခဲသေတ္တာထဲက ရေကို သောက်ကြမှာ မဟုတ်တာကို ခိုင် တွေးဖြစ်အောင် တွေးလိုက်သေးသည်။ သူတို့နှစ်ယောက်ဟာ ရေခဲရေအေးအေးကို မကြိုက်ပုံ၊ ကော်ဖီပူပူကို ကြိုက်ပုံ၊ သစ်ပင်တွေ ကမ်းခြေတွေ သဘာ၀၀န်းကျင်ကို နှစ်သက်ကြပုံ၊ ခိုင်ဘယ်တုန်းကမှ စိတ်မ၀င်စားခဲ့တဲ့ ကဗျာတွေ ပန်းချီတွေ အနုပညာတွေကို မြတ်နိုးကြပုံ၊ အချက်အတော်များများမှာ တိုက်တိုက်ဆိုင်ဆိုင် တူညီကြတာကို ခိုင် ကောင်းကောင်း သတိထားမိပါသည်။ ကျောင်းဖွင့်စ စာတွေ ပေါ့ပါးချိန်တွေမှာ သူတို့နှစ်ယောက်ရဲ့ ရေကူးကန်နံဘေး စကားဝိုင်းတွေမှာဆိုလျှင် တော်တော်နှင့် စကားဖြတ်လို့မရဘဲ ညဥ့်နက်သွားခဲ့တာ တွေ့ဖူးသည်။
ခိုင်နှင့် မြိုင့်အပေါ်မှာ တူတူညီညီ ထားရှိတဲ့ ကိုလေးရဲ့ စေတနာတွေကိုတော့ ခိုင်အသိအမှတ် ပြုရပါသည်။ မသိကျွမ်းစဉ်က ကိုလေးဟာ သိပ်မာနကြီးတယ်လို့ သတင်းကြီးတာကို ကြားဖူးသည်။ တကယ့်တကယ် ခင်မင်ရတော့လည်း ကိုလေးဟာ ထက်မြက်ထူးချွန်သလို စိတ်ရင်းမှန်နှင့် အလေးအနက် ကူညီတတ်တာကို သိလာခဲ့ရသည်။
အမှန်ကတော့ ခိုင်တို့ သုံးယောက်ကြား ဖွဲ့စည်းပုံက လှပနေခဲ့သည်။ ခိုင့်ရဲ့ တိကျတဲ့ တွက်ချက်မှုတွေ၊ မြိုင့်ရဲ့ ထောင့်စေ့တဲ့ အယူအဆတွေ၊ ကိုလေးရဲ့ တီထွင်ဖောက်ထွက်တဲ့ ပြဿနာဖြေရှင်းပုံတွေ ဟန်ချက်ညီညီ အချိုးချလိုက်တဲ့အခါတိုင်း အဖွဲ့လိုက် ဖြေရှင်းရမယ့် စုပေါင်းအဖြေတခုဟာ ပြီးပြည့်စုံသွားလေ့ရှိသည်။
“ဒီတပတ် တနင်္ဂနွေတော့ ကျွန်တော်တို့ အပြင်လေးဘာလေးထွက်ပြီး ခဏလောက် လေနိုင်ကြမယ် ထင်ပါရဲ့။”
“ဘယ်ကိုသွားကြမှာလဲဟင်။”
မေးလိုက်သော ခိုင့်ကို ကိုလေးက ကြည့်သည်။ ပြီးတော့ မြိုင့်ကို ကြည့်သည်။
“အပြာနဲ့ အစိမ်းတို့ ဆုံတဲ့နေရာကိုပေါ့။”
(၄)
အထက်အရပ်မှာ တမျှော်တခေါ် ဖြန့်ကျက်ထားတာက ပြာပြာလွင်လွင်..။ အောက်ခြေမှာ ကျယ်ကျယ်တင်းတင်း ခင်းကျင်းထားတာက စိမ်းစိမ်းစိုစို…။ ကောင်းကင်ပြာနှင့် မြက်ခင်းစိမ်းတို့ ဆုံတွေ့ကြသော ဟိုးဝေးဝေးမှာ လှမ်းမြင်နေရသည့်နေရာကို မိုးကုတ်စက်ဝိုင်းဟု ခေါ်ပါသည်။
Orchid Country Club ဟု ခေါ်သော ဂေါ့ဖ်ကွင်းလေးသည် ကြွယ်ပိုးကြွယ်ဝ တတ်နိုင်သူတို့အတွက် ငွေနှင့်စက်တဲ့ ကစားကွင်းပေပဲ။ ဒီနိုင်ငံကို တချိန်တည်း ရောက်လာကြသူချင်း ဖြစ်ပေမယ့် သွက်လက် နှစ်လိုဖွယ်ရာ ကောင်းလှသော ကိုလေးဟာ နေရာအတော်များများကို နှံ့စပ်သလို အပေါင်းအသင်းမိတ်ဆွေလည်း ၀င်ဆန့်လှသည်။ အခုလည်း သည်ညနေချမ်းလေးအတွက် အထူးဈေးလျှော့ ၀င်ခွင့်ကဒ်ပြားကို မိတ်ဆွေတစ်ဦးဆီက ရခဲ့သတဲ့။
“ခိုင်က ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်တယ်ပေါ့။ ဟန်ကျတာပဲ။ ကျွန်တော့်ကို သင်ပေးရမယ်နော်။ ကျွန်တော်ကတော့ အခုမှ ကျင်းစိမ်တာ လေ့ကျင့်တုန်း ရှိသေးတယ်။ ကျောင်းပြီးရင်တော့ အချိန်ရလျှင် ပြန်လုပ်ဖြစ်မယ် ထင်ပါရဲ့။”
“အင်းပေါ့။ ခိုင်က ဒယ်ဒီ့သမီးကိုး။ ဒယ်ဒီသွားလေရာ နောက်ကလိုက်တဲ့ အကျိုးကျေးဇူးပေါ့”
စကားဝိုင်းကလေးက အားကစားပွဲတွေ အကြောင်းကို ရောက်သွားသည်။
“ဘယ်ဂေါ့ဖ်သမားကို အကြိုက်ဆုံးလဲ”
“တိုက်ဂါးဝုဒ် ပေါ့”
ကိုလေးက မေးလိုက်တော့ မြိုင်နှင့် ခိုင် အသံက အတူတူ ထွက်လာသည်။ တယောက်မျက်နှာ တယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။
“ဟုတ်ပါတယ်လေ။ အမျိုးသမီးတွေ အကြိုက်ပါပဲ။ ရုပ်ရည်ကြည့်ကောင်းတဲ့ ကစားသမားဆို ခင်ဗျားတို့ အားပေးကြတယ် မဟုတ်လား”
“မဟုတ်ပါဘူး တော်တာကို သဘောကျတာပါ”
ခိုင်က ပြန်ငြင်းသည်။
“နိုင်တာကိုလည်း သဘောကျတယ်မဟုတ်လား။ ကိုယ်အားပေးတဲ့ ကစားသမားက နိုင်တဲ့သူ ဖြစ်တော့လည်း စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိတာပေါ့”
ကိုလေးက တခါတခါတော့ အဲသည်လို ကြံကြံဖန်ဖန် အပြောတွေနှင့် အတိုက်အခံ ကပ်တတ်တတ် လုပ်တတ်ပြန်သည်။ နိုင်တဲ့လူကို အားပေးတော့ ကိုယ့်ကိုယ်ကို လုံခြုံစိတ် ဖြစ်သတဲ့။ ဟုတ်မယ်နော်။ ခိုင်က နိုင်တာသေချာတဲ့ဘက်ကမှ အားပေးချင်သူများလား။
“မဟုတ်ဘူး။ ကျွန်မကတော့ ရှုံးတာဖြစ်ဖြစ် နိုင်တာဖြစ်ဖြစ် စိတ်ခံစားမှုတွေကို သိသိသာသာ မြင်ရတဲ့ တိုက်ဂါးဝုဒ်ရဲ့ မျက်နှာပေးတွေကို ကြိုက်တာ။ သူရှုံ့မဲ့သွားတာ သူပြုံးရယ်လိုက်တာ သိပ်ဖျော်ဖြေမှု ပေးတာပဲ”
ဘုရားရေ…။ မြိုင့်စကားက ခိုင့်ကို မျက်ခုံးပင့်သွားစေသည်။ ဘယ်လိုအမျိုးသမီးလဲ။
“ကျွန်မတို့ အားကစားပွဲတွေ ကြည့်နေကြတာ ဖျော်ဖြေမှုအတွက် မဟုတ်ဘူးလား။ ဘောလုံးပွဲမှာဖြစ်ဖြစ် တင်းနစ်ပွဲမှာပဲဖြစ်ဖြစ် အလှည့်အပြောင်း အရှုံးအနိုင်တွေမှာ ခံစားမှုတွေကို လှုပ်လှုပ်ခပ်ခပ် မျက်နှာမှာ ပြတဲ့ ကစားသမားတွေဆိုရင် ကျွန်မက ကြည့်ရတာ အားရတယ်။ ကြိုက်တယ်”
ကိုလေးက ဘာမှ ပြန်မပြောတော့ပဲ ပခုံးတွန့်သည်။ ခိုင်က မြိုင်ပြောပုံကို တွေးကြည့်ရင်း တဖြည်းဖြည်း သဘောကျလာသည်။ စဉ်းစားစရာတော့ ကောင်းသားပဲ။ ဒါလည်း သီအိုရီအသစ်တစ်ခု ဖြစ်မှာပေါ့။
အပြန်လမ်းမှာ စကားများများ မပြောဖြစ်ကြတော့။ မနက်ဖြန် ကျောင်းတက်ရမည်။
“တနင်္ဂနွေ ညနေရဲ့ ဖျားနာမှု ဝေဒနာ အစပျိုးနေပြီ”
တိတ်ဆိတ်မှုကို ချိုးဖဲ့ပေးလိုက်သော ကိုလေး၏ စကားကို အားလုံးက ရယ်မောလိုက်ကြသည်။
ခြံဝင်းထဲကိုရောက်တော့ တိုက်ခန်းတချို့မှာ မီးလင်းနေပြီ။ လှေခါးနှင့် အနီးဆုံးဖြစ်သော ခိုင့်အခန်းတံခါးဝ ရောက်သည်အထိ ကိုလေးရော မြိုင်ပါ အရင်ဆုံး လိုက်ပို့ကြသည်။
ချိုးကွေ့ထားသော တိုက်ခန်းများ၏ ဖွဲ့စည်းပုံက ခိုင့်ပြတင်းပေါက်မှ လှမ်းကြည့်လျှင် မြိုင့်အခန်းဝကို မြင်ရစေသည်။ ခိုင်က အိပ်ခန်းမီးတွေကို မဖွင့်ဘဲ ပြတင်းပေါက် ခန်းဆီးကို လှပ်ကာ လှမ်းကြည့်နေမိသည်။
မြိုင့်အခန်းတံခါးဝမှာ လှမ်းမ၀င်သေးဘဲ မတ်တတ်ရပ်နေသော သဏ္ဍန်နှစ်ခုကို မြင်ရသည်။ စကားပြောနေကြသေးဟန် တူသည်။ ၀ရံတာ အပြင်ဘက် ခပ်လှမ်းလှမ်းမှာ နီဝါ၀ါ မီးအိမ်လေးတစ်ခုသာ ရှိသည်။ ကြားမှာ ဖြတ်နေသော သစ်ပင်ရိပ်က လူနှစ်ယောက်ကို ၀ိုးတ၀ါးသာ မြင်ရလောက်အောင် လုံလောက်စွာ ဖြန့်ကျက်ပေးထားသည်။ ခိုင် နှုတ်ခမ်းကို ကိုက်ထားလိုက်မိသည်။
မတ်တတ်ရပ်နေသော ကိုယ်ခန္ဓာနှစ်ခု ဆက်လက် နီးကပ်မသွားပါ။ မြိုင့်အခန်း မီးလင်းလာသည်။ မြိုင်တစ်ယောက်တည်း ၀င်လာသည်ကို မြင်လိုက်ရသည်။ သူ့အခန်းဘက် လှည့်ထွက်သွားသော ကိုလေး၏ ကျောပြင်ကို လှမ်းမြင်လိုက်ရသည်။
ခိုင် အောင့်ထားသော ပင့်သက်ကို အသာမှုတ်ထုတ်လိုက်သည်။ တချို့ကစားပွဲတွေကတော့ အနိုင်အရှုံးဆိုတာကို ကြိုတင်အဆုံးအဖြတ် ပေးပြီးသား ဖြစ်နိုင်သည်။ အဲဒီလို ပိုင်းခြားထားတဲ့ တံတိုင်းတစ်ခုကို သိတာပေါ့။ ခိုင်.. သိတာပေါ့။
(၅)
မြိုင့်လူ.. ရောက်နေတယ်။
ဒီသတင်းက တချို့လူတွေအတွက် မနက်ခင်း ကော်ဖီစားပွဲမှာ စားသောက်ရင်း မြည်းစမ်းစရာတခု ဖြစ်နိုင်သည်။ မြိုင့်လူက အရာရှိတစ်ယောက် ဖြစ်ကြောင်း စကားပြောအေးဆေးသော သပ်ရပ်ရည်မွန်သော လူတစ်ယောက်ဖြစ်ကြောင်း စသည်ဖြင့်ပေါ့လေ။
“ဟန်ကျတာပဲ… ကျွန်တော်တို့ စာကျက်နေရင် ရေပူရေချမ်း ကမ်းလှမ်းမယ့်သူ ရောက်လာပြီပေါ့”
အပြုံးမပျက် ပြောလာသော ကိုလေး၏ အသံ အချိုအခါး အကြမ်းအရှကို ခိုင်က စူးစမ်း သရုပ်ခွဲနေမိသည်။ ခိုင် သရုပ်ခွဲမိတာတွေက ဒီညအဖို့ သိပ်များနေပြီ။ ယောင်္ကျားနှစ်ယောက် လက်ဆွဲနှုတ်ဆက်လိုက်ကြစဉ် မြိုင့်အကြည့်တွေ အပါအ၀င်ပေါ့။
“ကျွန်တော်က ခွင့်သိပ်မရဘူး။ တစ်ပတ်နေပြီးတော့ ပြန်ရမှာပါ”
မြိုင့်လူက လေသံအေးအေးဖြင့် ပြုံးရင်း ဆိုသည်။
“ခဏပေါ့ဗျာ။ နောက်တစ်လ ဒီအချိန်ဆို ကိုယ့်မိသားစုနဲ့ အတူပြန်နေကြတော့မှာပဲ”
မိသားစု… မိသားစု ဆိုသော စကားက ခိုင့်ရင်ထဲ ပါးပါးလေး ဖြတ်စီးဆင်းသွားသည်။ အဖေဖြစ်သူရယ် အမေဖြစ်သူရယ် သားသမီး ညီအစ်ကို မောင်နှမတွေရယ် ဖွဲ့စည်းထားတာ မိသားစုပေါ့။ သွေးအနီးဆုံးဖြစ်တဲ့ မိသားစု ဆိုတာကို ဖွဲ့စည်းဖို့ သွေးမတော်သားမစပ်တဲ့ သူစိမ်းနှစ်ယောက် ဆုံဆည်းကြရန် ပထမဆုံး လိုအပ်ပါသည်။ မဝေးတဲ့ အနာဂတ်မှာ ခိုင့်အတွက် မိသားစုတခု ဖွဲ့စည်းဖို့ အနီးကပ်ဆုံး သူစိမ်းတစ်ယောက် ရှိနေခဲ့သလားဟင်။
(၆)
“သတို့သမီးက မင်္ဂလာခန်းမကို မ၀င်ခင် အလှပြင်နေရင်းကနေ သူ့ဘေးက သူငယ်ချင်းကို ပြောလိုက်တယ်တဲ့။ သူငယ်ချင်းရယ် ကိုယ်သိပ်ပျော်တာပဲ။ လောကမှာ ကိုယ်ကြိုက်တဲ့လူကို လက်ထပ်ရတာလောက် ပျော်စရာကောင်းတာ ရှိဦးမလားဟင် တဲ့။ သူ့သူငယ်ချင်းက ပြန်ပြောတယ်။ မဟုတ်ဘူး.. မင်းမှားနေပြီ တဲ့။”
ခိုင်သည် မြိုင့်ခုတင်ပေါ်မှာ စာအုပ်တအုပ်ကို မှောက်အိပ်ကာ ဖတ်ရင်း ခေါင်းမော့လာသည်။ မြိုင့်လူ ပြန်သွားတော့ ထုံးစံအတိုင်း မြိုင့်အခန်းက ခိုင် ကျက်စားပျော်မွေ့ရာ နေရာ ပြန်ဖြစ်သွားတာပေါ့။
“ဘာဖြစ်လို့လဲ ဟင်”
မြိုင်က မှန်တင်ခုံပေါ်မှ ထကာ အင်္ကျီတစ်ထည်ကို ဗီရိုထဲက ရွေးထုတ်နေသည်။ ပြီးတော့မှ..
“မင်း မှားနေပြီ တဲ့။ တကယ်တော့ သူများကြိုက်တဲ့လူကို လက်ထပ်ရတာကမှ ပိုပျော်စရာကောင်းတာ တဲ့”
ခိုင်က ခေါင်းအုံးကို ပါးအပ်ကာ တခစ်ခစ် ရယ်လေသည်။ မြိုင်က အဲသည်လိုပဲ။ ရယ်စရာ ပုံပြင်တွေ ရှာရှာဖွေဖွေ ပြောပြတတ်သည်။ ဗဟုသုတတွေလည်း များသားပဲ။
ခိုင်က သာမန်အားဖြင့် မြန်မာသူငယ်ချင်းတွေနှင့် ကိုက်ညီအောင် စကားပြောရတာ အခက်အခဲ တွေ့တတ်သည်။ သူတို့ကလည်း ခိုင်ပြောချင်သော စကားခေါင်းစဉ်တွေကို စိတ်မ၀င်စားတတ်။ ခိုင့်ပုံစံကိုလည်း ဟိုမရောက်ဒီမရောက်ဟု မြင်ကောင်းမြင်မည်။ မြန်မာပြည်တွင်းမှာ အရွယ်ရောက်သည်အထိ ကြီးပြင်းလာပေမယ့် အခုလို နိုင်ငံတကာ ပတ်ဝန်းကျင်မှာလည်း အများနှင့်အတူ ပွင့်လင်းခေတ်မီစွာ ပြီးတော့ ယဉ်ကျေးစွာ သက်တောင့်သက်သာ ဆက်ဆံနိုင်သည့် ကိုလေးနှင့် မြိုင် ဒီနှစ်ယောက်ကိုတော့ ခိုင်က တွေ့တဲ့အချိန်ကစလို့ မခင်မင်ဘဲ ဘယ်နေနိုင်မလဲ။
တခါတလေကျတော့လည်း ခိုင်သိပ်မသိတော့တဲ့ မြန်မာဆန်ဆန် အကြောင်းအရာတွေထဲမှာ သူတို့က ခိုင့်ကို အမှတ်မထင် မေ့လျော့ လေပေးဖြောင့်နေတတ်သည်။ သူတို့နှစ်ယောက် ရယ်မော နေလျှင် ခိုင့်မှာ အအ, ကြီးကို ဖြစ်..လို့။ နောက်မှ ခိုင့်ကို သတိတရ စကားဝိုင်းထဲ တည့်သွင်းဖို့ ရှာဖွေ ပြောဆိုလာပြန်တော့လည်း အဲသည်လို တကူးတကကို ခိုင်က အားတုံ့အားနာလိုလို ဘ၀င်မကျသလိုလို ဖြစ်မိပြန်သည်။
“ဒီလိုပဲ ခိုင်ရဲ့… ကိုယ်တို့မိန်းမတွေက တခါတခါကျတော့ သူများတွေကြိုက်တယ် လို့ ထင်ရတဲ့လူကိုမှ ပိုစိတ်ဝင်စားတတ်ကြတာကိုး။”
မြိုင်က အင်္ကျီကို အပြီးသတ် ၀တ်လိုက်ပြီး ခေါင်းကို ဘီးအလုံးလေးဖြင့် လှိမ့်ကာ ဖြီးနေသည်။
ခွေညွတ်နေတဲ့ မြိုင့်ဆံပင်နွယ်တွေက သိပ်လှတာပဲ။ တကယ်တော့ မြိုင်က လှပါသည်။ လှသည်ဆိုသည်ထက် ဆွဲဆောင်မှုတမျိုး ပျော်ဝင်နေသည်ဟု ထင်ရသည်။ အထူးသဖြင့် နက်မှောင်နေတဲ့ မျက်တောင်ကော့တွေနှင့် ၀န်းရံထားတဲ့ မျက်လုံးတွေ… အဲဒီမျက်လုံးတွေမှာ ခိုင်နားမလည်နိုင်တဲ့ ဘယ်လို သံလိုက်အမှုန်တွေနှင့် ဖွဲ့စည်းထားလေသလဲ။ အထူးသဖြင့် ယောင်္ကျားတွေ အတွက်ပေါ့။ မဟုတ်ဘူးလား။ ခိုင်က သူ့ဆံပင် ဖြောင့်စင်းစင်းလေးတွေကို မသိမသာ ဆွဲချပွတ်သတ်နေမိသည်။
လက်ပြတ်အင်္ကျီအောက်က မြိုင့်ရဲ့ လက်မောင်းသားလေးသည် ခိုင့်လောက် ဖြူဝင်းမနေပေမယ့် စိုတင်းနေသည်။ ဒါပေမယ့်ပေါ့လေ။ အသက်သုံးဆယ်ကျော် မိန်းမတစ်ယောက်ရဲ့ လက်မောင်းတွေဟာ အသက်သုံးဆယ် မပြည့်သေးတဲ့ မိန်းကလေး တစ်ယောက်လောက် သွယ်လျကျစ်လျစ် လှပနိုင်ပါဦးမလား။
“ခိုင် သိပ်ပိန်တာပဲကွယ်။ ကျန်းမာရေးကို ဂရုစိုက်ဦး။ စာတွေလုပ်တာလည်း လုပ်ပေါ့။ ဒီလိုပဲ ဒီကျောင်းက အချိန်တန်တော့ ပြီးသွားမှာပါ။ ဘယ်သူမှ မရှုံးပါဘူး။ စိတ်ချ။”
ပျော့ပြောင်းညင်သာသော မြိုင့်လက်တဖက်က ခိုင့်ပခုံးပေါ်သို့ကျလာသည်။
ဒီလိုဆိုတော့ စောစောက မလိုတမာ အတွေးတွေပေါ်မှာ ခိုင် ကိုယ့်ဘာသာ ရှက်ရိပ်စွန်းသွားမိပြန်သည်။
အတူတူ ကျောင်းတက်နေတဲ့ ဒီကာလ တလျှောက်လုံး အဲဒီလို မြိုင်က နှစ်သိမ့်မှု ပေးလာတဲ့အခါ လူကြီးဆန်ဆန် အကြံဥာဏ်တွေ ပေးလာတဲ့အခါ ခိုင့်မှာ မျက်ရည်တွေ ၀ဲသွားလောက်အောင် အားတက်ကြည်နူးခဲ့ဖူးသည်။ မွေးချင်း တစ်ယောက်မှ မရှိခဲ့တဲ့ တစ်ဦးတည်းသောသမီး ခိုင်ဟာ ငယ်ငယ်ကတည်းက မေမေ ဆုံးသွားပြီးတဲ့အချိန်ကစလို့ အစ်မကြီးဆန်တဲ့ မိန်းကလေးအဖော် တစ်ယောက်ကို ငတ်မွတ်နေခဲ့တာပါ။
“မြိုင်.. သိလား”
“ဘာတုန်း”
ခိုင့်အသံလေးက ချိုဆိမ့်နေသည်။ မြိုင့်အိပ်ခန်း ပြတင်းပေါက်ပေါ်က လိမ့်ဆင်းကျလာသော လေနုအေးလေးက ခိုင့်ရင်ကို နူးညံ့နေစေသည်။
“မြိုင်ကလေ.. သိပ်ချစ်ဖို့ကောင်းတာပဲ။”
“အိုး….ဘာများလဲလို့။ ဟားဟား..”
မြိုင်က တအံ့တသြ ရယ်မောလေသည်။
(၇)
ဒီတစ်ခါ တွက်ချက်ရသော ပုစ္ဆာက ခက်ခဲလွန်းသည်။ ဘယ်သီအိုရီကို သုံးရမှာလဲ။ မေးခွန်းတွေကို ရေးခြစ်ထားတာ စာရွက်ပေါ်မှာ မှိန်ဖျော့ဖျော့ကလေး။ သေသေချာချာလည်း မမြင်ရဘူး။ ခိုင် ရှုံးတော့မှာလားဟင်။ ရင်ထဲ တလှပ်လှပ် မောလျလာသည်။
ဗြုန်းခနဲ အမှောင်ထုက အုပ်မိုးသွားသည်။ မေးခွန်းတွေ ဘယ်ရောက်သွားသလဲ။ အမှောင်ထဲမှာ စိုးစိုးစီစီ.. ဘာသံတွေလဲ။ တယောက်ယောက် ကျေးဇူးပြုပြီး တဆိတ်… လမ်းပြပေးပါနော်။
လက်တစ်ဖက်.. ဟိုးမှာ လက်တစ်ဖက်ကို မြင်လိုက်ရသည်။ အဲဒါ... ကိုလေး ကမ်းပေးတဲ့ လက်လားဟင်။
မြိုင်…
ဟင့်အင်း….. သွား.. မြိုင်က မြိုင့်လူကိုပဲ လက်ကမ်းလိုက်ပေါ့…
ပါးစပ်က ဘာတွေ ပြောမိလေသလဲမသိ။ မြိုင့်ကို တွန်းထုတ်လိုက်သည်။
နောက်တော့ လွင်ပြင်တစ်ခုကို ရောက်လာပြန်သည်။ စွတ်စိုသော မြက်ခင်းတွေက နွယ်တွေလို ခက်လိန်နေသည်။ နွယ်တွေထဲကနေ ဂေါက်သီးလုံးကို ထိအောင် ရိုက်ရတာ ချွေးစို့လိုက်တာ။ ဟော.. ရပြီ။ အသေအချာ ရိုက်သွင်းလိုက်မယ် ပြင်ကာမှ တွင်းက အလိုလို ရွေ့သွားပြန်သည်။
တွက်စမ်း.. ဒီနေရာကနေ လှမ်းမြင်နေရတဲ့ အလံလေး ဆီကို.. တိုက်နေတဲ့ လေရယ်.. စောင်းနေတဲ့ ကုန်းမြင့်ရယ် .. ကြားက သဲအိုင်ကို ဖြတ်ကျော်ရမယ်… တိတိကျကျ အရှိန်.. ထောင့်ချိုး… ဘယ်လို တွက်ချက်ရမလဲ.. ဘယ်လောက် ပင့်တင် ကွေ့ဝိုက်သွားရမလဲ။
အိုး… ကြည့်နေရင်းနှင့် မြက်ခင်းစိမ်းက ထူးထူးဆန်းဆန်း ပြာပြာလဲ့လာသည်။ မြင်လေရာမှာ အပြာ… ကောင်းကင်ကလည်း အပြာ…. ပြာစင်တောက်နေသော အပြာ.. ကျိန်းစပ်စရာကောင်းလောက်အောင် လွင်လွင်လျှပ်နေတဲ့ အပြာ.. မျက်လုံးတွေ ပူလိုက်တာ..။ ပူခြစ်လိုက်တာ..။
အဲဒီမှာ ဟိုး အဝေးကြီးက ပျံသန်းလာနေတဲ့ အသံတစ်သံ.. လိပ်ပြာတွေ အတောင်ပံခတ်သလောက်ပါပဲ… ညင်ညင်သာသာ.. တိုးတိုးလေး... ဒါ .. ကိုလေး အသံပါနော်.. သေချာတယ်.. ကိုလေး.. ကိုလေးဘာပြောလိုက်တာလဲ…
“ခိုင်.. ဖျားနေပြီ”
(၈)
ဆေးရုံ၏ အငွေ့အသက်ဟူသည် ဘယ်တုန်းကမှ နွေးထွေးပျော်မွေ့စရာ မရှိခဲ့ပါ။ အထူးသဖြင့် ဆွေမျိုးမိဘ ဘယ်သူမှမရှိတဲ့ ဒီနေရာလေးမှာ။ အထူးသဖြင့် ကိုလေးနှင့် မြိုင်တို့ ကျောင်းတက်နေသော နေ့လည်ခင်းတွေမှာ ပေါ့။ ညနေ ခြောက်နာရီကို မျှော်ရတာလည်း မောလှသည်။ ခိုင်က အခန်းကို ပြန်ချင်ပြီ။ တရှိန်ရှိန် တက်ခဲ့သော အဖျားကျသွားပေမယ့် ခိုင့်သွေးအားက အလွန်တရာနည်း နေလို့ သေချာအောင် နှစ်ရက်လောက်တော့ စောင့်ကြည့်ချင်သည် ဆို၍သာ ဆေးရုံမှာ ဆက်နေနေလိုက်ရသည်။
“ခိုင့်အတွက် မှတ်စုတွေ ထုတ်ထားတာ ကော်ပီကူးထားတယ်။ ဘာမှ မပူနဲ့။ စာမေးပွဲက နှစ်ပတ်တောင် လိုသေးတာပဲ။ ဒီကြားထဲမှာ ပိတ်ရက်ကလည်း တစ်ပတ် အပြည့်ရှိတယ်”
“ဒီဆေးတွေကို မသောက်ချင်ဘူး”
မြိုင် အနားမှာ မရှိတဲ့ အချိန်တွေမှာ ခိုင့်အသံက ကိုလေးကို ပိုချွဲနွဲ့နေမလား။ အိုး.. ဘာပဲဖြစ်ဖြစ် ခိုင်က နေမကောင်းဘူးလေ။
“သောက်လိုက်ပါ ခိုင်ရယ်.. ဒါမှ မြန်မြန် နေကောင်းသွားမှာပေါ့။ ဒီမုန့်လေးကို စားလိုက်.. နော်။ ပြီးတော့ ဆေးသောက်လိုက်”
“မစားဘူး.. ပါးစပ်ထဲကို ရောက်မလာမချင်း မစားဘူး”
“ဟောဗျာ.. ကလေးကျနေတာပဲ”
ကိုလေးမျက်နှာ အနည်းငယ် နီမြန်းသွားတာကို ခိုင်က သဘောတကျ ကြည့်နေလိုက်သည်။ လမ်းတစ်ခုမှာ တစ်နေရာဟာ တံတိုင်းကြီးတစ်ခုနှင့် ပိတ်ဆီးနေတယ် ဆိုလျှင် နောက်ထပ် ပွင့်နေတဲ့ လမ်းကြောင်းတစ်ခုပေါ်ကို ရောက်လာစရာသာ ရှိရမည်ပေါ့။ အဲဒီမျက်နှာရဲ့ နောက်ကွယ်မှာ ခိုင်လိုချင်တဲ့ အဖြေတစ်ခုကို မရရအောင် သင်္ချာ ပုစ္ဆာတစ်ခုလို တွက်ထုတ်ချင်လိုက်တာ။
တကယ်ဆို ခိုင့်ပါးစပ်ထဲမှာ သိပ်ကိုခါးသက်နေတာ။ အရာရာဟာ အကုန်ခါးတယ်။ သိလား။ အခန်းထဲမှာ ဆေးနံ့တွေပါတဲ့ လေအေးတွေကလည်း ခါးနေတာပဲ။ ဒါပေမယ့် ကိုလေးရဲ့လက်နှင့် ခွံ့ကျွေးလိုက်တဲ့ ပေါင်မုန့်ဟာ ဘာလို့ ခါတိုင်းထက် ပိုချိုနေရသလဲ။
(၉)
စာမေးပွဲပြီးပြီ။
အားလုံးရဲ့ ရင်ဝမှာ ပင့်ရှိုက်ထားခဲ့သော အလုံးတခုက ပြုတ်ကျသွားခဲ့ပြီ ။ ဒါဟာ ပြီးဆုံးသွားတာလား.. နောက်ထပ် အစတစ်ခု ဖြစ်လာတာလား။ ရလာဒ်တွေက ဘယ်လိုဖြစ်လာမလဲ။ ကျောင်းစာမေးပွဲ တစ်ခုရဲ့ အအောင်အရှုံးတွေဟာ အချိုးအကွေ့တွေ အခွင့်အလမ်းတွေ တပြုံကြီး ပြည့်နှက်နေသော ဘ၀ဆိုတာကြီး တခုလုံးအတွက် အဆုံးအဖြတ် မဖြစ်သင့်တာကတော့ သေချာလှသည်။
ဒီအချိန်မှာ ဖြေနိုင်လား ဆိုတဲ့ စကားကို မမေးကြေး။ ကျောင်းပြီးလျှင် ဘယ်မှာ အလုပ်ရှာကြမလဲ ဆိုတဲ့ စကားကိုလည်း မမေးကြေး။ မေးရမှာက ဘယ်လို နားနားနေနေ ဖြေလျော့ကြမလဲ။ ဘယ်လို မှတ်မှတ်ရရ ခွဲခွာကြမလဲ။ ပြီးတော့ ဘယ်လို ပျော်ပျော်ရွှင်ရွှင် ပြန်ဆုံတွေ့ကြမလဲပေါ့။
“ဈေးသွားကြမယ်.. ၀တ်စုံဝယ်မယ်။ နော် .. မြိုင် .. ကျောင်းဆင်းပွဲအတွက် လေ”
“အင်း.. အဲဒီပွဲ မတိုင်ခင် ပွဲတစ်ခု တက်ရဦးမယ် ခိုင်ရဲ့”
ကိုလေးက ၀င်ပြောလိုက်သည်။ သူ ကမ်းပေးလာသော အရာတခုကို ခိုင် လှမ်းယူလိုက်သည်။
ခိုင့်လက်ထဲကို ရောက်လာတာ… ကဒ်ပြားလေး တစ်ခု….။
(၁၀)
သတို့သမီးငယ်သည် သူမနှင့် အတော်စိမ်းနေသေးသော နိုင်ငံတစ်နိုင်ငံမှ အသိုင်းအ၀ိုင်းတစ်ခုကို ချစ်စဖွယ် ရှက်ပြုံးတစ်ပွင့်ဖြင့် စိမ့်ဝင်ထိုးဖောက်နေပုံရသည်။ ကိုလေးက သူမ၏ လက်ကို ယုယညင်သာစွာ တွဲခေါ်လိုက်သည်။ လက်ခုပ်သံများ ဆူညံသွားသည်။
“ခင်ဗျားဗျာ.. တော်တော်လျှိုတဲ့လူ။ မကျေနပ်ဘူး”
“ဟုတ်တယ်.. ဟုတ်တယ်.. ခဲဖိုး နှစ်ဆ ပေးမှ ရမယ်”
လူချစ်လူခင်များသော ကိုလေးရဲ့ မင်္ဂလာပွဲမှာ ရင်းနှီးကျီစယ်သံတွေဖြင့် ချိုလွင်နေသည်။ ကျောင်းနေဘက် သူငယ်ချင်းများအဖို့တော့ မနက်ဖြန်ကျင်းပမည့် ကျောင်းဆင်း ညစာစားပွဲမှာတောင် ဒီလောက် ပျော်ပွဲဖွဲ့ကြမည်မထင်။ အောင်စာရင်း အကြောင်းကိုလည်း စဉ်းစားကြဟန် မတူပဲ အားလုံး ပေါ့ပါးနေကြသည်။ ဘယ်သူမှ မရှုံးလောက်ပါဘူးလေ။ ဘယ်သူမှ မရှုံးဘူး။ အင်း.. ဒီစကားကို တနေရာရာမှာ ကြားဖူးခဲ့သလား။
ပိုးသား ၀တ်စုံတစ်စုံကို အချိုးကျစွာ ၀တ်ဆင်ထားသော မြိုင့် မျက်လုံးတွေက ခါတိုင်းလိုပဲ စိုလက်တောက်ပြောင်နေလေသည်။ မြိုင့်ကို အိမ်ပြန်ဖို့ လာကြိုတဲ့ မြိုင့်လူပါ မင်္ဂလာပွဲနှင့် ကြုံကြိုက်ကာ အတူတွဲဖက်လာခဲ့တာမို့ အရာရာဟာ ပြီးပြည့်စုံနေပြီ။ မြိုင့်လူကို တွဲဖက်ထားတဲ့ မြိုင့်ရဲ့လက်တွေ တင်းကျပ်လွန်းနေသလား။ မြိုင့်ရယ်သံတွေ လိုအပ်တာထက် ပိုကျယ်လောင်နေသလား။ ခိုင့်ရဲ့ သရုပ်ခွဲမှုတွေ ဟာ ဒီတစ်ညတော့ နောက်ဆုံးဖြစ်မယ် ထင်ပါရဲ့။ ခိုင်.. ကိုယ်တိုင်ကရော..။
ခိုင်နှင့် မြိုင်တို့ ထိုင်နေသော စားပွဲသို့ မင်္ဂလာမောင်နှံ ရောက်လာသည်။
“ဒါ.. ကိုယ့်ဘ၀မှာ အခင်မင်ဆုံး အမှတ်ရနေမယ့် သူငယ်ချင်းတွေပေါ့”
သူငယ်ချင်းတွေပေါ့။ အင်း.. သူငယ်ချင်းတွေပေါ့။ ခိုင်က သတို့သမီး၏ လက်ဖ၀ါး နုဖတ်ဖတ်လေးတွေကို ဖွဖွလှုပ်ယမ်းရင်း အချိုသာဆုံးအသံဖြင့် ပြောလိုက်ပါသည်။
“တို့တွေကတော့ ညီမလေးတစ်ယောက် ထပ်ရတာပေါ့နော်။ ဟုတ်တယ်မဟုတ်လား”
သတို့သမီးလေးက သိပ်ပျော်ရွှင်နေပုံရသည်။ သူမ၏ ရယ်သံတွေက အပြစ်ကင်းစင်စွာ သာယာနေသည်။ အားလုံးပြုံးရွှင် ရယ်မောကြသည့်အခါ ခိုင်ကလည်း ရယ်မောရင်း ခေါင်းကို မသိမသာ မော့တင် ခါရမ်းလိုက်ပါသည်။ မျက်လုံးထောင့်မှာ စို့သီလာခဲ့တာ ဘာတွေလဲဟင်။ ထားတော့။ အဲဒါဟာ မင်္ဂလာအဖြစ်အပျက် တခုအတွက် ကြည်နူးလို့ ဝေ့၀ဲလာတဲ့ မျက်ရည်တွေလို့ပဲ ထားလိုက်ပါတော့နော်။
အခမ်းအနားက အချိန်ထက်ဝက်ကျော် လွန်မြောက်သွားခဲ့ပြီ။ ဓာတ်ပုံရိုက်သူက ရိုက်ကြ မသိသေးသူချင်း ချိတ်ဆက် မိတ်ဆက်ကြရင်း စကားစမြည်ပြောကြ နှင့် လူတွေက ရောနှောသွားကြသည်။ ကိုယ်စီ အာရုံကျနေသော စကားဝိုင်းတွေကို ကျောခိုင်းကာ ခိုင်က ထောင့်ကျကျ တနေရာက လွတ်နေသော စားပွဲမှာ သွားထိုင်နေလိုက်သည်။
“ကျွန်တော် ဒီခုံမှာ ထိုင်လို့ ရမလားခင်ဗျာ”
အိုး.. ခိုင့်စိတ်တွေ လွန်ခဲ့တဲ့ နှစ်နှစ်ဆီကို လက်ခနဲ လိမ့်သွားသည်။ မောင်မယ်သစ်လွင် ကြိုဆိုပွဲတစ်ခုရဲ့ ညစာစားပွဲမှာ ခိုင့် အနားကို အမှတ်မထင် ရောက်လာခဲ့ တဲ့ တယောက်ယောက်ရဲ့ အသံကို ပြန်ခေါ်သတိရသွားစေသည်။ အဲဒါ ကိုလေး ပေါ့။ အဲဒီတုန်းက ခိုင်က ရပါတယ် ဘယ်သူကမှ ရှင့်ကို တားမထားပါဘူး လို့ ပြန်ပြောလိုက်တာကို သဘောတကျ ပြုံးလိုက်တဲ့ ကိုလေးရဲ့ မျက်နှာကို စပြီး မှတ်မှတ်ရရ ဖြစ်ခဲ့တာပေါ့။
အနောက်တိုင်းဝတ်စုံကို သပ်ရပ်စွာဝတ်ဆင်ထားသော အမျိုးသားသည် အဖော်ပါဟန်မတူ။ ခိုင့်ကို နှစ်လိုဖွယ် ပြုံးပြလေသည်။ သူဟာ ခိုင်မသိတဲ့ ကိုလေးရဲ့ အသိုင်းအ၀ိုင်းက မိတ်ဆွေ တစ်ယောက်ဖြစ်မည်။ ခိုင်က ခေါင်းကို ငုံ့ပြီး တစ်ချက်ပြုံး လိုက်သည်။ နေရာတနေရာဟာ တစုံတရာအတွက် အပြီးသတ်ဖြစ်ပြီး နောက်ထပ် တစုံတရာအတွက် အစတစ်ခု ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ခိုင့်ရဲ့ ဒီအတွေးက ဂေါက်သီးလုံးတစ်လုံးလို ကျစ်လျစ်မာကျောကောင်း မာကျောနေလိမ့်မည်။
“ရပါတယ်။ ဘယ်သူကမှ ရှင့်ကို တားမထားပါဘူး”
ခိုင်က အလှပဆုံးအကြည့်ဖြင့် သူ့ကို စူးစိုက်ကြည့်ကာ ပြန်ပြောလိုက်ပါသည်။
ကောင်းကင်နှင့် မြက်ခင်းပြင်တို့သည် ညကိုရောက်လာသောအခါ အပြာရောင် အစိမ်းရောင်တို့ ပျောက်သွားခဲ့ပြီ။ ညတွင် ည၏အရောင်တို့သာ လွှမ်းမိုးလေ့ရှိပါသည်။ လရောင်သည် ပိုးဖဲကတ္တီပါ စိုစိုအိအိတွေပေါ်မှာ၊ ရွှေရောင် စိန်ရောင် လင်းလင်းလက်လက်တွေပေါ်မှာ၊ အစားအသောက် မွှေးမွှေးကြိုင်ကြိုင်တွေပေါ်မှာ ရွှန်းရွှန်းမြမြ ဖိတ်စင်ကျနေသည်။ ပရိသတ်က မင်္ဂလာမောင်နှံအတွက် ဆုမွန်ကောင်း တောင်းလိုက်ကြသည်။ လက်ထဲမှာ ကိုင်ထားသော ဖန်ခွက်ကိုယ်စီကို အကုန်အစင် မော့သောက်လိုက်ကြသည်။ တစ်ခုတည်းသော ကောင်းကင်အောက်မှာ လရောင်၏ စွန်းထင်းမှုက ဖန်ခွက်တွေကိုလည်း အလွတ်မပေးခဲ့ပါ။ သူတို့က လရောင်အပြည့် ဆမ်းထားသော ဖန်ခွက်ကို အကုန်အစင် မော့သောက်ခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် လရောင်အောက်မှာ အားလုံးလှသည်။
ပန်ဒိုရာ
(၁၉ ဇူလိုင် ၂၀၀၉)
သံလွင်အိပ်မက်မှာ ဖော်ပြခဲ့တဲ့ ၀တ္ထုတိုလေးတွေကို ဒီမှာလည်း notes အဖြစ် တဖြည်းဖြည်း တင်သွားမယ်လို့ စိတ်ကူးထားပါတယ်။ ဒါကတော့ သံလွင်အိပ်မက် အတွဲ(၃) အမှတ်( ၃) http://www.thanlwin.com/new/index.php?option=com_content&task=view&id=1289&Itemid=237 မှာ ရေးခဲ့တဲ့ ၀တ္ထုပါ။
0 comments:
Post a Comment