Monday, May 27, 2013

အပျိုရည်ပျက်မှာကြောက်သော ခရိုနီများနှင့် ပြန်လည်ထူထောင်ရေး

by Myat Thi Ha (Notes) on Monday, May 27, 2013 at 7:58am
 
Created on Monday, 27 May 2013 05:42 Written by ဒေါက်တာ ရန်မျိုးသိမ်း

ပြည်သူလူထုကို လှည့်စားသည့် အသွင်၊ ဖြားယောင်းသည့် အသွင်၊ ခရိုနီတို့၏ အလှူအတန်းများသည် မရောင်ရာဆီလူးသည့် အသွင်မဆောင်ရန် အထူးလိုအပ်သည်။ ထို့ကြောင့် ခရိုနီ ပြန်လည်ထူထောင်ရေး ကို စဉ်းစားမည်ဆိုလျှင် ပြည်သူလူထုကို မျက်နှာမူလျက် ပြည်သူလူထု၏ ဆင်းရဲမွဲတေမှု လျှော့ချရေးကို စနစ်တကျ ချဉ်းကပ်လုပ်ဆောင်ခြင်းမှ တစ်ပါး အခြားမရှိကြောင်း . . . . .



လက်ပံတောင်းတောင် ဒေသခံအချို့အား မတ်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ- ဌေးလှအောင်)

ခရိုနီတို့ အပျိုရည်ပျက်မှာ ကြောက်သည်ဟုဆိုလျှင် ယုံတမ်းစကား ဖြစ်မည်။ ခေတ်က ပြောင်းလာသည့် အလျောက်၊ ခရိုနီတို့သည် ခရိုနီဆိုသော ဝေါဟာရကို စက်ဆုပ်လာကြသည်။ ရွံမုန်းလာကြသည်။ သူတို့၏ ခေတ်ပြိုင်ဘ၀များကို အပျိုရည် ပျက်စေနိုင်မည့် ခရိုနီတံဆိပ် ကပ်ခြင်းကို စိုးရိမ်ခြင်းနှင့် အတူ ဆေးမြီးတို အဖုံဖုံကို ရင်တုန်ပန်းတုန် စမ်းသပ်လာခဲ့ ကြသည့်အလျောက် ပြည်သူလူထုအပေါ် သြဇာတိက္ကိမ ကြီးသူတို့ကို ချဉ်းကပ်လျက်၊ အရိပ်ကို ခိုလှုံလျက်၊ သူတော်ကောင်း တရားတို့ကို ကျင့်ကြံ အားထုတ်ပြီး၊ ၂၀၁၅ ခုနှစ်ကို မျှော်ကြည့်ခြင်းနှင့်အတူ ကတုန်ကယင်၊ ခြေမကိုင်မိ လက်မကိုင်မိ အခြေအနေမှ အမြန်ဆုံး ရုန်းထွက်လာနိုင်ဖွယ် ရှိနေသည်။  

ခရိုနီတို့သည် ခေတ်ပျက်၊ စနစ်ပျက်၊ မီးကျိုးမောင်းပျက်ခေတ်တွင် အုပ်ချုပ်သူ၊ အာဏာပိုင်တို့နှင့် ပေါင်းသင်းနှီးနှောလျက်၊ မိမိနှင့် မိမိမိသားစု အကျိုးအတွက် ပြည်သူလူထု အများစုကြီး၏ အကျိုးကို စတေးပြီး တိုင်းပြည်၏ သယံဇာတ သို့မဟုတ် ဘဏ္ဍာငွေတို့ကို နည်းလမ်းပေါင်းစုံနှင့် ကိုယ်ကျိုးစီးပွားအတွက် စီးပွားရှာခဲ့သူများ ဖြစ်သည်။ ခရိုနီတို့၏ အမြင်မှာ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး မဏ္ဍိုင်နှစ်ရပ်တွင် အရေးပါ အရာရောက်သူများ၊ ဆုံးဖြတ်ချက် ချနိုင်သူများ၊ ပြည်သူလူထုအပေါ် သြဇာလွှမ်းနိုင်သူများကို ချဉ်းကပ်လျက်၊ စီးပွားရေးတွင် ဦးစားပေးမှု၊ လက်ဦးမှုတို့ကို ရယူကာ ပြိုင်ဘက်တို့ထက် နှာတစ်ဖျားသာအောင် စီးပွားရှာရေးပင် ဖြစ်သည်။

မြန်မာ့သမိုင်းခေတ် တစ်လျှောက် စီးပွားရေး ပတ်ဝန်းကျင်များတွင်လည်း ခရိုနီ အဆက်ဆက်တို့ တွင်ကျယ်ခဲ့ကြသည်။ ဖဆပလ ခရိုနီ၊ ဒီအက်စ်အိုင် ခရိုနီ၊ မဆလ ခရိုနီ၊ ဦးပိုင် ခရိုနီ၊ တပ်ခရိုနီ၊ အရပ် ခရိုနီ စသဖြင့် အမည်အမျိုးမျိုး၊ အပြားပြားတို့သည် သမိုင်းခရီးရှည် တစ်လျှောက် ပြည်သူလူထုအကြား အမည်ပေါက်ရောက် ခဲ့ကြသည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလများတွင် မြန်မာပြည်သူလူထုသည် ခရိုနီများ၏ အာဏာပိုင်တို့နှင့် လုံးလားထွေးလား၊ ရုန်းရင်းဆန်ခတ် စီးပွားရှာမှု ဇာတ်လမ်းတွဲများကို နားနှင့်မဆံ့အောင် ကြားသိခဲ့ရသည်။ ထို့ကြောင့် ပြည်သူလူထု အများစုကြီးသည် ထိုထိုသော ခရိုနီများကို စက်ဆုပ်ရွံ့ရှာကြသည်။

၂၀၁၁ ခုနှစ်အလွန် မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့်အတူ၊ ခရိုနီများသည်လည်း အသွေးအရောင် ပြောင်းလဲဖို့ အားထုတ်လာကြသည်။ ထို့နောက်ပိုင်း ခရိုနီများသည် ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဝင်စား ချဉ်းကပ်လာကြသည်။ ၈၈ မျိုးဆက် အဖွဲ့ကို စိတ်ဝင်စား ချဉ်းကပ်လာကြသည်။ မြန်မာ့နိုင်ငံရေး သမိုင်းတွင် တိုင်းသိပြည်သိ ခရိုနီကြီးများ၏ အတိုက်အခံ နိုင်ငံရေး အင်အားစုများအပေါ် ရုတ်ခြည်းသဘောထားပြောင်း ချဉ်းကပ်လာမှုကို တိုးတက်မှုဟုပင် အချို့က ကောက်ချက်ပြုလာကြသည်။ ခရိုနီကြီးများ၏ ချဉ်းကပ်မှုတွင် သူတို့၏ အကျိုးစီးပွား အများအပြား ပါဝင်မည်မှာ မငြင်းနိုင်သော အချက်ဖြစ်သည်။ ပြည်သူလူထု အကြားတွင် လူရာဝင်လိုသည်။ နိုင်ငံတကာတွင် လူရာဝင်လိုသည်။
ထို့ကြောင့် ပြည်သူလူထုနှင့် နိုင်ငံတကာအပေါ် သြဇာတိက္ကိမ ကြီးသူများကို ချဉ်းကပ်၊ ထိတွေ့၊ လှူဒါန်း၊ ပေးကမ်းသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်များ အပါအ၀င် အတိုက်အခံ အင်အားစုများ ဘက်ကလည်း တိုင်းပြည်၏ စီးပွားရေး အများစုကို ထိန်းချုပ်ထားပြီး တိုင်းပြည်၏ ချမ်းသာမှု အများစုကို လက်ဝယ်ရထားသည့် ခရိုနီကြီးများကို တိုင်းပြည်နှင့် ပြည်သူလူထုအတွက် စနစ်တကျ ပြန်အသုံးချလိုသည့် ဆန္ဒကြီးမားပုံ ရသည်။ တနည်းအားဖြင့် ခရိုနီ ပြန်လည်ထူထောင်ရေးကို အတိုက်အခံတို့က စိတ်အားထက်သန်ကြပုံ ရသည်။ လက်တွေ့တွင် အတိုက်အခံများဘက်၌ ဗျူဟာ၊ စည်းစနစ်၊ နည်းလမ်းအပိုင်းများတွင် အားနည်းချိနဲ့နေသည့် အလျောက် ခရိုနီ ပြန်လည်ထူထောင်ရေး လုပ်မည်ဆိုလျှင် မည်၍မည်မျှ ထိရောက်နိုင်ဖွယ် ရှိသည်မှာ မေးခွန်းထုတ်ဖွယ် ဖြစ်သည်။ စီမံချက်၊ ဗျူဟာအားနည်းသော အတိုက်အခံတို့ကို ထိတွေ့ချဉ်းကပ်နေသည့် ခရိုနီကြီးများသည် ဗျူဟာမြောက် စနစ်တကျ ချဉ်းကပ်နေပုံရပြီး အတိုက်အခံများအကြား အတွင်းလူ၊ အပြင်လူများကို ငွေကြေးနှင့် မွေးမြူတည်ဆောက် ထိုးဖောက်နိုင်လောက်သည့် အငွေ့အသက်များကိုလည်း တွေ့နေရသည်။

ပြည်သူလူထုကို လှည့်စားသည့် အသွင်၊ ဖြားယောင်းသည့် အသွင်၊ ခရိုနီတို့၏ အလှူအတန်းများသည် မရောင်ရာ ဆီလူးသည့် အသွင်မဆောင်ရန် အထူးလိုအပ်သည်။ ထို့ကြောင့် ခရိုနီ ပြန်လည်ထူထောင်ရေးကို စဉ်းစားမည်ဆိုလျှင် ပြည်သူလူထုကို မျက်နှာမူလျက် ပြည်သူလူထု၏ ဆင်းရဲမွဲတေမှု လျှော့ချရေးကို စနစ်တကျ ချဉ်းကပ်လုပ်ဆောင်ခြင်းမှ တစ်ပါး အခြားမရှိကြောင်း . . . . .

စီးပွားရေး လုပ်ငန်းရှင်တိုင်းသည် ခရိုနီ မဟုတ်သည့်အပြင်၊ ခရိုနီတိုင်းသည် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့၏ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှု စာရင်းဝင်သူများ မဟုတ်ကြပေ။ တစ်နည်းဆိုသော် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုတွင် စာရင်းမပေါက်သူများကို ခရိုနီ မဟုတ်ဟု တထစ်ချ မသတ်မှတ်နိုင်ပါ။ ခေတ်အဆက်ဆက် အာဏာပိုင်တို့နှင့် လုံးထွေးပေါင်းသင်းပြီး အချိန်တိုတွင်း ကြွယ်ဝချမ်းသာလာသူများ (သို့မဟုတ်) ခေတ်ပျက် သူဌေးများသည် ခရိုနီများဖြစ်သည့်အလျောက် မျက်မှောက်ခေတ်တွင် ကျိကျိတက် ချမ်းသာလာသော သူဌေးသူကြွယ်ကြီးတိုင်းကို ခရိုနီဟု အကြမ်းဖျင်း အဓိပ္ပာယ် ဖွင့်ဆိုရမည့်ပုံ ပေါက်နေသည်။

ခရိုနီတိုင်းသည် ဆိုးသွမ်းသူများ မဟုတ်သော်လည်း သားချော့တေးကို ယဉ်ပါးသူများ ဖြစ်သည်။ သံမဏိနှင့် တူသူများ၊ ကြမ်းတမ်းခက်ထန်သူများ၊ မာကျောပြင်းထန် သူများကိုပင် အရည်ပျော်အောင် လုပ်နိုင်စွမ်းရှိသည့် ခေတ်သစ် ခရိုနီများ၏ အစွမ်းကို လျှော့တွက်မည်ဆိုလျှင် လျှော့တွက်မိသူသာ သမိုင်းတွင် တရားခံ ဖြစ်လာနိုင်ဖွယ် ရှိသည်ကိုလည်း မမေ့မလျော့ အပ်ပါ။ မြန်မာနိုင်ငံရှိ ခရိုနီများကို သီးခြားစီ အဓိပ္ပာယ်ဖွင့်ဆို၊ အစုအဖွဲ့ ခွဲရမည် ဖြစ်သည်။ အဆိုပါ အစုအဖွဲ့အလိုက် ခြားနားသော လုပ်ငန်းစဉ်များကို ချမှတ်ပြီး ခရိုနီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ရမည် ဖြစ်သည်။ ခရိုနီ တစ်ဦးချင်းစီအလိုက် ပြုပြင်ပြောင်းလဲရမည့် အစီအစဉ်မှာ ခြားနားနိုင်သည်။

တိုင်းပြည်၏ စီးပွားရေး အများစုသည် ခရိုနီများ၏ လက်ထဲတွင် ရှိနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများစုသည် တရားဝင် စာရင်းမပေါက်သေးသော ခရိုနီများထံသို့ လည်းကောင်း၊ ခရိုနီကြီးများ၏ ပုံဖျက်ကုမ္ပဏီများထံသို့ လည်းကောင်း စီးဝင်နေသည့်အလျောက်၊ တိုင်းပြည်စီးပွားသည် ခရိုနီ အရိပ်အောက်၌ လှုပ်ရှားနေရသည့်အသွင် ဆောင်နေသည်။ ခရိုနီကြီးများသည် ရှိရင်းစွဲ လုပ်ငန်းများကို လျှော့ချလိုက်လျှင်သော် လည်းကောင်း၊ ခရိုနီကြီးများ၏ ငွေကြေးပိုင်ဆိုင်မှုများကို နိုင်ငံခြား ဘဏ်များသို့ စာရင်းလွှဲပြောင်း အပ်နှံလျှင်သော် လည်းကောင်း၊ တိုင်းပြည်၏ စီးပွားရေးသည် ဖရိုဖရဲ ဖြစ်သွားနိုင်သည်ဟု စိုးရိမ်သုံးသပ်မှုအချို့ ရှိသကဲ့သို့ ပြည်တွင်းစီးပွားရေး နယ်ပယ်တွင်လည်း ခရိုနီတို့ ကိုယ်လွတ်ရုန်း ထွက်ပြေးမည့် အရေးကို ရတက်မအေးကြ သူများကလည်း ဒုနဲ့ဒေး ဖြစ်သည်။ ထို့ကြောင့် ခရိုနီ ပြုပြင်ပြောင်းလဲရေးသည် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသော အချက်တစ်ချက် ဖြစ်သည်ဟု သုံးသပ်ကြသည်။

ခရိုနီများကို တိုင်းပြည်နှင့် ပြည်သူလူထု အကျိုးရှိအောင် မည်သို့ပြုပြင် ပြောင်းလဲနိုင်မည်ဆိုသော စဉ်းစားချက်မှာ တစ်နေ့ထက်တစ်နေ့ ရှေ့တန်းရောက်လာခဲ့သည်။ နိုင်ငံနှင့် ပြည်သူလူထုသည် တစ်သားတည်း ဖြစ်သည်။ ပြည်သူလူထုသည် နိုင်ငံပင် ဖြစ်သည်။ ထို့ကြောင့် ခရိုနီတို့သည် ပြည်သူလူထု အကျိုးကို စွမ်းဆောင်နိုင်လျှင် တိုင်းပြည်အကျိုးကို စွမ်းဆောင်နိုင်ခြင်းပင် ဖြစ်သည်။ သို့သော် ပြည်သူလူထုနှင့် ခရိုနီတို့အကြား ယုံကြည်မှုနှင့် နားလည်မှု ကျိုးပေါက်နေသော အခြေအနေများ ရှိနေသည်ကို ထည့်သွင်း စဉ်းစားသင့်သည်။ ပြည်သူလူထုသည် အာဏာပိုင်နှင့်ပေါင်း၊ အများပြည်သူလူထုကို အမြတ်ကြီးစားခဲ့သော ခရိုနီများကို နေ့ချင်းညချင်း ယုံကြည်နားလည် လာမည်ဆိုလျှင် သဘာဝမကျသော ကောက်ချက်ဖြစ်လိမ့်မည်။ ထို့ကြောင့် ခရိုနီများကို ပြုပြင်ပြောင်းလဲခြင်း (သို့မဟုတ်) ခရိုနီများ အပျိုရည်မပျက်အောင် ထိန်းသိမ်းခြင်းတွင် ပြည်သူလူထု၏ ယုံကြည်မှုနှင့် နားလည်မှုကို မည်သို့မည်ပုံ ပြန်လည်တည်ဆောက်မည် ဆိုသောအချက်သည် အဓိက အကျဆုံး ဖြစ်သည်။

ထိုသို့ ပြန်လည်တည်ဆောက်နိုင်ရန် စဉ်းစားရာတွင် ယုံကြည်မှုနှင့် နားလည်မှု မည်၍မည်မျှ ကျိုးပေါက်ခဲ့သည်ဆိုသော အချက်ကိုလည်း စနစ်တကျ ဆန်းစစ်နိုင်ရန် လိုအပ်သည်။ အနာ၏ အတိုင်းအဆကို သိမှသာ ကိုက်ညီမည့် ဆေးဝါးကို ညွှန်းဆိုနိုင်မည် ဖြစ်သည်ကို သတိချပ်သင့်သည်။

ခရိုနီတို့သည် ခေတ်အဆက်ဆက် ပြည်သူလူထုနှင့် ကင်းကွာ၊ ပြည်သူလူထုကို ကျောခိုင်း၊ အာဏာပိုင်တို့ကို မျက်နှာမူ၊ အာဏာပိုင်တို့နှင့် နီးစပ်ခဲ့သော သဘောတရား အဟောင်းအဆွေးကို ပြောင်းပြန်လှန်ပစ်ရေးသည် မူအားဖြင့် အဓိကကျကြောင်း ဦးစွာ တင်ပြလိုသည်။ ခရိုနီတို့သည် ပြည်သူလူထုကို မျက်နှာမူလျက်၊ အာဏာပိုင်တို့ကို ကျောခိုင်းနိုင်မည့် သတ္တိစစ်စစ်ကို မွေးကြရမည် ဖြစ်သည်။ မြန်မာ ပြည်သူလူထုသည် နှစ်ပေါင်း ၅၀ ကျော် သံသယများ၊ စိုးရိမ်စိတ်များ၊ အကြောက်တရားများ အကြားတွင် လူးလားခေါက်တုံ့ သွားနေရသည့် အလျောက်၊ ခရိုနီများ၊ ကိုယ်ကျိုးရှာ စီးပွားရေးသမားများအပေါ် သံသယ၊ စိုးရိမ်စိတ်၊ သတိထားစိတ်တို့ မြင့်မားနေဦးမည်မှာ ပကတိတရားပင် ဖြစ်သည့်အလျောက် ပြည်သူလူထု၏ ယုံကြည်မှုနှင့် နားလည်မှုကို ပုံမှန်ပြန်လည် ရရှိနိုင်အောင် အချိန်ယူ တည်ဆောက်ရဖွယ် ရှိနေသည်။

ခရိုနီတို့သည် ပြည်သူလူထုကို မျက်နှာမူမည်ဆိုလျှင် ပြည်သူလူထု၏ ဆင်းရဲမွဲတေမှုကို လစ်လျူရှု မနေခြင်း၊ ဆင်းရဲမွဲတေမှု လျှော့ချရေးကို အလေးထားခြင်း၊ ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များကို နှလုံးသွင်းခြင်းတို့နှင့် စတင်သင့်သည်ဟု ကောက်ချက်ပြုလိုသည်။ ခရိုနီကြီးများသည် ခေတ်အဆက်ဆက် အစိုးရများ၊ အဖွဲ့အစည်းများကို ငွေကြေး လှူဒါန်းခဲ့ကြသည်မှာ မရိုးမအီနိုင်သော ကိစ္စဖြစ်သည်။ အကယ်စင်စစ် ခရိုနီတို့သည် ဖောင်ဒေးရှင်းများ၊ အင်န်ဂျီအိုများ ထူထောင်ပြီး ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ကာ ပြည်သူလူထုအတွက် ဆင်းရဲမွဲတေမှု လျှော့ချရေး အစီအမံများကို ခေါင်းကိုင်ဆောင်ရွက် ကြရမည် ဖြစ်သည်။ သို့ရာတွင် မိမိတို့၏ ဖောင်ဒေးရှင်းများ၊ အင်န်ဂျီအိုများ၏ လုပ်ဆောင်ချက်များကို ပြည်သူလူထု အနေဖြင့် ခရိုနီများ နှမ်းဖြူးသော၊ မရောင်ရာ ဆီလူးသော လုပ်ဆောင်ချက်များအဖြစ် မမြင်စေရန် အထူးလိုအပ်သည်။

ထို့ကြောင့် ခရိုနီတို့သည် ပြည်သူလူထု ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးတို့အတွက် သီးသန့်စီမံချက်များကို ပညာရှင်များ၊ ကျွမ်းကျင်သူများ အကူအညီဖြင့် တစ်နိုင်တစ်ပိုင် ရေးဆွဲသင့်သည်။ ထို့နောက် မိမိတို့ ဖော်ဆောင်မည့် အစီအစဉ်များနှင့် ပတ်သက်၍ အများပြည်သူအကြား ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာ သိရှိနိုင်အောင် ထုတ်ပြန်ရမည် ဖြစ်သည်။ သို့မှသာ ပြည်သူလူထု အနေဖြင့် အပြောနှင့်အလုပ် ညီမညီ စောင့်ကြည့်နိုင်ပြီး ခရိုနီများအပေါ် ယုံကြည်မှုနှင့် နားလည်မှုတို့ ပြန်ပေးနိုင်ရေးအတွက် ချိန်ဆနိုင်မည် ဖြစ်သည်။

ဆင်းရဲမွဲတေမှု မျဉ်းအောက်တွင် အိပ်မောကျနေသော မြန်မာပြည်သူ လူထုသည် ခရိုနီနှင့် အာဏာပိုင်တို့အကြား ဆက်ဆံရေးကိုလည်း ဆက်လက်စောင့်ကြည့် နေကြဦးမည် ဖြစ်သည်။ ခရိုနီတို့မည်သည် အာဏာပိုင် အစိုးရနှင့် အာဏာပိုင်ဖြစ်ရန် အလားအလာ ကောင်းသူများဆီ ဦးတည်လမ်းဖောက်၊ တံတားထိုး တတ်ကြသည့်အလျောက် ပြည်သူလူထုသည်လည်း မရိုးမအီနိုင်သော ခရိုနီ ဇာတ်လမ်းတွဲများ တစ်ကျော့ပြန် လာ၊ မလာကို အသေအချာ စောင့်ကြည့် လေ့လာနေမည် ဖြစ်သည်။ ခရိုနီတို့ အနေဖြင့် အပျိုရည်ထိန်းရန်၊ အမည်ပြောင်းလဲ နိုင်ရန်နှင့် အမည်အဖတ်ဆယ်နိုင်ရန် ပြည်သူလူထုကို မျက်နှာမူရမည့် ထုံးကိုပစ်ပယ်လျက်၊ ဓနအင်အားကို အကြောင်းပြု၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်များကို စီးချင်းထိုး ၀င်ရောက်လာနေမည်ဆိုလျှင် ရေရှည်တွင် များစွာနစ်နာ ဆုံးရှုံးနိုင်ဖွယ် ရှိသည်ဟု မှတ်ချက်ပြုရမည် ဖြစ်သည်။

ခရိုနီတို့သည် နိုင်ငံရေး ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများနှင့် ပလူးပလဲ ဇာတ်ခင်းကာ ဆေးမြီးတိုနှင့် ကုစားရန် တစ်ဖက်က အားထုတ်သကဲ့သို့၊ တစ်ဖက်ကလည်း ပြည်သူလူထု အများစုကြီး၏ ဆင်းရဲမွဲတေမှု လျှော့ချရေးကို အစဉ်တစိုက် အားထုတ်သင့်သည်ဟု ကောက်ချက်ပြုနိုင်သည်။ ခရိုနီများသည် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို စနစ်တကျ ကျော်ဖြတ်ပြီးပါက အချိန်ကာလ တစ်ခုအတွင်း အမျိုးသား လုပ်ငန်းရှင်များအဖြစ် ပြန်လည်ပြောင်းလဲ လာနိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။

ခရိုနီ ပြုပြင်ပြောင်းလဲရေးတွင် ပွင့်လင်းမြင်သာမှုသည်လည်း အရေးကြီးသည့် အလျောက်၊ ခရိုနီတို့သည် မိမိတို့၏ ပိုင်ဆိုင်မှု၊ လုပ်ငန်းများ၊ ၀င်ငွေထွက်ငွေ၊ အခွန်ငွေ စသည့်အရေးကိစ္စများကို အမြင့်မားဆုံး ပွင့်လင်းမြင်သာနိုင်ရန် အားထုတ်သင့်သည်။ တစ်နည်းဆိုသော် ခရိုနီတို့သည် အာဏာပိုင်နှင့် ဥပဒေပိုင်တို့ထံ ပွင့်လင်းမြင်သာမှု အရပ်ရပ်ကို စီးဆင်းစေနိုင်သည့်နည်းတူ ပြည်သူလူထု ထံသို့လည်း ပွင့်လင်းမြင်သာမှု တိုက်ရိုက်စီးဆင်းနိုင်ရန် အထူးလိုအပ်သည်။

ခရိုနီများ အနေဖြင့် ပြည်သူလူထုအကြား ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရာတွင် မိမိတို့၏ ပိုင်ဆိုင်မှုနှင့် ကြွယ်ဝချမ်းသာမှုများကို စနစ်တကျ တင်ပြနိုင်မည်ဆိုလျှင် အလွန်ကောင်းမွန်သည်ဟု မှတ်ချက်ပြုနိုင်သည်။ ခရိုနီများ၏ ပိုင်ဆိုင်မှုများသည် တရားဝင်၊ စာရင်းဝင် ပိုင်ဆိုင်မှုများဖြစ်ရန်၊ အစိုးရ အဖွဲ့ဝင်များကဲ့သို့ မိမိတို့၏ ပိုင်ဆိုင်မှုများကို ထုတ်ပြန်ကြေညာသင့်သည်။ အသိပေးရမည်မှာ ပြည်သူလူထု အများစုကြီးကို ဖြစ်သည်။ ထို့အတူ ခရိုနီများ၏ ပြည်သူလူထု အများစုကြီးအတွက် စီမံချက်ထား ဆောင်ရွက်မည့် ဆင်းရဲမွဲတေမှု လျှော့ချရေး အစီအစဉ်ကိုလည်း တစ်ပါတည်း အသိပေးသင့်သည်။

အများပြည်သူနှင့် ထိတွေ့ဆက်ဆံရေး တစ်နည်းအားဖြင့် ပြည်သူ့ဆက်ဆံရေးကို ခရိုနီများ၏ စီးပွားရေး လုပ်ငန်းကြီးများတွင် စနစ်တကျ တည်ဆောက်မြှင့်တင် နိုင်ရန်လည်း အထူးလိုအပ်သည်။ အဆိုပါ ပြည်သူ့ဆက်ဆံရေး လမ်းကြောင်းမှတစ်ဆင့် ခရိုနီများသည် ပြည်သူလူထုအကြား ရှင်းလင်းအသိပေး လိုသည်များကို စနစ်တကျ ပေးပို့နိုင်သည့်အပြင် ပြည်သူလူထုအကြား ယုံကြည်မှုနှင့် နားလည်မှု တည်ဆောက်ရာတွင်လည်း အရေးကြီးဆုံး ဒေါက်တိုင်မှာ ပြည်သူ့ဆက်ဆံရေး ဌာနပင်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် ခရိုနီများသည် ပြည်သူလူထုကို စနစ်တကျ လျော်ကြေးပေးခြင်းနှင့်အတူ ပြည်သူလူထုအကြား ပျက်ယွင်းနေသည့် ယုံကြည်မှုနှင့် နားလည်မှုတို့ကို ပြန်လည်တည်ဆောက်ရမည် ဖြစ်သည်။ သို့မှသာ ခရိုနီတို့အတွက် စီးပွားရေး အပျိုရည်ပျက်ခြင်းကို ထိန်းသိမ်းကာကွယ် နိုင်မည်ဖြစ်ပြီး ခရိုနီတို့၏ ကြွယ်ဝချမ်းသာ မှုများကိုလည်း တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် အကျိုးရှိရှိ အသုံးပြုနိုင်မည်ဖြစ်သည်။ ပြည်သူလူထုကို လှည့်စားသည့် အသွင်၊ ဖြားယောင်းသည့် အသွင်၊ ခရိုနီတို့၏ အလှူအတန်းများသည် မရောင်ရာ ဆီလူးသည့် အသွင်မဆောင်ရန် အထူးလိုအပ်သည်။ ထို့ကြောင့် ခရိုနီ ပြန်လည်ထူထောင်ရေးကို စဉ်းစားမည်ဆိုလျှင် ပြည်သူလူထုကို မျက်နှာမူလျက် ပြည်သူလူထု၏ ဆင်းရဲမွဲတေမှု လျှော့ချရေးကို စနစ်တကျ ချဉ်းကပ်လုပ်ဆောင်ခြင်းမှ တစ်ပါး အခြားမရှိကြောင်း မီးမောင်းထိုး ဆော်သြလိုက်ရပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...