Sunday, May 26, 2013

၁၁ ရက် ၁၂ရက်နေ့ မေလ ၂၀၁၃ (မန္တလေး-လားရှိုး-ဟိုပန်) အပိုင်း (၁)

by Ucs Jugger (Notes) on Sunday, May 26, 2013 at 10:57am

            မျက်လုံးဖွင့်ကြည့်လိုက်တော့ နေတောင်အတော်မြင့်နေပီပဲ…
 အိပ်ရာဘေးက ဖုန်းကိုဖွင့်ကြည့်လိုက်တယ်…  နေ့လယ် ၁၁ တောင်ခွဲပါပေါ့လား…
 ညက ဂိမ်းဆိုင်သွားပြီး အပြန် ၄၁လမ်း၊ ၈၁လမ်း က ကောင်းဟိန်း လက်ဖက်ရည်ဆိုင် ဘော်ဒါတွေနဲ့ စကားပြောရင်း မိုးလင်းချင်ချင် မနက် ၂နာရီခွဲမှ ပြန်ရောက်တာကိုး…
ဒါနဲ့ ဒီနေ့ခရီးရှည်စသွားရမယ့်နေ့ပဲ… အောင်းအိပ်လို့ကလည်း မဖြစ်တော့တာနဲ့ အိပ်ရာက လူးလဲထ ရေမိုးချိုး ထမင်းစားပြီး ကားလက်မှတ်သွားဝယ်ပါတယ်…
            ဒီနေ့ နေကလည်းပူဆိုတော့ နီးနီးနားနား ကားလက်မှတ်အရောင်းဆိုင်ကို စဉ်းစားကြည့်တော့ လမ်း၄၀၊ ၈၃လမ်းက (၁၁၁) လက်မှတ်အရောင်းဌာနခွဲကို ရောက်သွားပါတယ်… ကံဆိုးချင်တာလား၊ ကုသိုလ်ရချင်တာလားတော့ မပြောတတ်ဘူးဗျ…
ကိုယ်ကလည်း သိပ်ချေးမများတတ်တဲ့လူဆိုတော့ ရတဲ့ ကားဂိတ် Express ကား အဲယားကွန်းပါတဲ့ ကားဆိုပြီးရောဆိုပြီး ရွှေသခင်  ( မန္တလေး - လားရှိုး - မူဆယ် ) ကားဂိတ်နဲ့ လက်မှတ် ဖြတ်လာပါတယ်…
            ဒါနဲ့ ညနေခင်း ပြည်ကြီးမျက်ရှင် လမ်း၆၀ ကားကွင်းရောက်တော့ ကားဂိတ်တွေ Manage ညံ့ပုံများဗျာ…  ၆နာရီကားကို ၇နာရီ ၀န်းကျင်မှထွက်သဗျာ… ကိုယ်ကလက်မှတ်ဝယ်ထားတာ လားရှိုးကား၊ တက်တော့ မူဆယ်ကားနဲ့ တက်ရပါလေရော အကြောင်းအမျိုးမျိုးကြောင့် နှစ်စီးမထွက်နိုင်တာနဲ့ တစ်စီးပေါင်းရလေရော အဲဒါနဲ့ရပါတယ်ဆိုပြီးတတ်တော့ ကိုယ်ခုံနံပါတ်မှာ ဦးဇင်းတပါးထိုင်နေပါလေရော…  အဲဒါနဲ့ စပယ်ယာက ဦးဇင်း ဦးဇင်းက ကြားခုံတဲ့ ကျွန်တော်လည်း ရပါတယ် ဦးဇင်းထိုင်ပါ ထိုင်ပါ…ဆိုပြီး ကြားခုံ နောက်မှီ သေးသေးလေးပဲပါတဲ့ ကြားခုံမှာ ညလုံးပေါက် ဇက်ကြောတက်ခံပြီး ကုသိုလ်လေးယူပြီး စီးလိုက်လာပါတယ်…

           ညကိုးနာရီကျော်လောက်ရောက်တော့ ပြင်ဦးလွင် အကျော် Pioneer မှာရပ် ထမင်းဟင်းတွေကြည့်တော့ ပုံစားဆိုတော့ သူများပန်းကန်တွေကြည့်ပြီး စားချင်စိတ်ပျောက်ပြီး မစားတော့ဘူး… ဖြစ်ချင်တော့ ဘယ်လိုပုံထားသလဲဆိုတော့ စတီးပန်းကန်ကို အနောက်နိုင်ငံ ထောင်တွေမှာကျွေးသလို ဘေးက အပုံခွက်ကလေးတွေနဲ့ဆိုတော့ စားချင်စိတ်က ပျောက်ကရော… ဒါနဲ့ နွားနို့တစ်ခွက်မှာသောက်ပြီး ပလာတာလိပ်ခုတ် နဲ့ ကာကြက်ဥလေးသောက်ပြီး ငြိမ့်နေလိုက်တယ်…

            ကားပေါ်ပြန်တက် ဇက်ကြောလေးအညောင်းခံပြီး ဘေးက ရှုခင်းတွေလည်းခံစားလို့မရနဲ့ ဗမာကား ဟာသကားလေကြည့်ပြီးလိုက်လာပါတယ်…မနက်နှစ်နာရီ ထိုးတော့ လားရှိုး မန်ဆူကားကွင်းရှေ့ရောက်ပါတယ်…
ဒါနဲ့ လားရှိုးမှာနေတဲ့  မြန်မာ့အရုဏ်သစ်ပရဟိတအသင်းကအမှုဆောင် ရှေ့နေအမကြီး မစန္ဒာအောင်ကို ဖုန်းဆက်လိုက်ပါတယ်… မစန္ဒာအောင် လာကြိုလို့ ကျေးဇူးတင်မဆုံးပါဘဲ… နို့မို့ဆို မတွေးဝင့်စရာပဲ တစ်ညလုံး လက်ဖက်ရည်ဆိုင်ထိုင် အိပ်ရေးပျက်ပြီး မိုးလင်းတော့မယ်… မစန္ဒာအောင်အိမ်ရောက်မှဘဲ ညက ဇက်ကြောတက်တက်နဲ့ ညောင်းကိုက်လာတာ အိပ်ရာပေါ်ရောက်တော့မှ အိပ်ကောင်းကောင်းနဲ့ အိပ်လိုက်တာ မနက် ခုနစ်နာရီမှ နိုးပါလေရော…

             ဟိုပန်ဟိုင်းအေ့ကားတွေက မမှီတော့ဘူးထင်တာပဲ… ဒါနဲ့ မစန္ဒာအောင်က တရက်နေပီးသွားပေါ့ မစန္ဒာအောင် တူမလည်း မင်္ဂလာဆောင်ရှိတယ်ဆိုတော့ အင်းနေလိုက်မယ်ဆိုပြီး နေလိုက်တယ်… သွားတိုက် မျက်နှာသစ်တော့ ကိုယ့်ကိစ္စသွားရမယ့် ရက်တွက်လိုက်တော့ … ဒီနေ့သွားမှ ရက်က ကွက်တိဟိုကို ရောက်မှာ ဆိုတာနဲ့ ကဗျာကယာ မျက်နှာသစ်ပြီး မစန္ဒာအောင်ဝယ်ကျွေးတဲ့ ခေါက်ဆွဲစားပြီး “၀တောင်တန်း” လားရှိုး - ဟိုပန်ကားဂိတ်ရှိရာ မြို့မဈေးနားကို ထွက်လာခဲ့ပါရော… ဗင်ကားငယ်တွေ ကျန်သေးတာနဲ့ ကားခ တစ်သောင်းခွဲပေးပြီး လိုက်လာလိုက်တာ နမ့်စလပ်ရောက်တော့ ရွှေရင်ဆိုင်မှာ ထမင်းစား …

             ထမင်းစားပြီးတော့ တက္ကသိုလ် ကျောင်းတုန်းက ပေါင်းတဲ့ သူငယ်ချင်း ကျွန်တော်တို့အခေါ် ($ကန်း) စိုင်းအောင်ဖေထွေး အိမ်ကို ရှာပါလေရော မတွေ့တာရယ် ကားကလည်းထွက် အားလည်းနာတော့ မရှာတော့ပါဘူးဆိုပြီး နေလိုက်ပါတယ်…

             လမ်းတစ်လျှောက် ဟိုးအရင်လာတုန်းကနဲ့တော့ မတူတော့ဘူးဗျ… နည်းနည်းထူးခြားလာတယ်၊ လမ်းဘေးရွာလေးတွေမှာ ဆိုလာပြား ကျွန်တော့အထင် 50watt အပြားလေးတွေ အိမ်တိုင်းနီးနီး အမိုးပေါ်မှာ တွေ့ရတယ်ဗျ…
သံလွင်မြစ်ကိုကျော်တော့ နာမည်ကျော် ကွမ်းလုံကြိုးတံတားကို ဖြတ် နမ့်တိန်ချောင်းဖြတ်ခါနီး ဂိတ်ရောက်တော့ ဟိုပန်တစ်လမ်း၊ ချင်းရွှေဟော် လောက်ကိုင်တစ်လမ်း၊ နမ့်တစ်(နမ်တိန်)  တစ်လမ်း … နီးနီးလေးတွေဗျ…


သံလွင်မြစ် (ကွမ်းလုံ)
               ကွမ်းလုံမြို့ပေါ်မှာတော့ တရုတ်လူမျိုးအများစုနဲ့ ရှမ်းအများစုနေထိုင်ကြတယ်... ကွမ်းလုံမြို့မှာ စစ်တပ် တပ်ရင်းရှိတယ်... ကွမ်းလုံမြို့လေးရဲ့ ထူးခြားချက်ကတော့ တစ်မြို့လုံးမှာမှ တစ်လမ်းပဲရှိတယ်ဗျ... ကိုးရီးယားကားထဲက ကိုးရီးယားအိမ်တွေလိုမျိုး လမ်းအပေါ်ဘက်မှာ လှေကားထစ်လေးတွေနဲ့ မတ်စောက်တဲ့ ကုန်းတွေပေါ်မှာ အိမ်တွေရှိတယ်... အလယ်ခေါင်က လမ်း၊ လမ်းအောက်ဘက်ကို ဆင်းသွားပြီဆိုရင် အိမ်တွေလမ်းကြားကို ဖြတ်ပြီးရင် သံလွင်မြစ်ဘေးရောက်ရော... ကွမ်းလုံမှာ မှတ်မှတ်ရရ ငယ်ငယ်က သေကံမပျောက်တာ ကံကောင်းတယ်... သံလွင်မြစ်ထဲ ရေနစ်တာလေ... တော်တော်လေးလန့်သွားတယ်... ကျောက်ဆောင်တွေပေါ်က ရေထဲခုန်ချ၊ သဲတွေလုံးပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်ပစ်ကြနဲ့ တော်တော်လေး ပျော်ဖို့ကောင်းခဲ့တယ်...


ကွမ်းလုံ-ဟိုပန်ကြားက နမ့်ဟူးရွာအနီး
              ဟိုပန်က မြန်မာအစိုးရ အပိုင်(လက်ရှိရွေးကောက်ပွဲမှာ ဟိုပန်ခရိုင်ကို ၀ပြည်ပါတီက အနိုင်ရထား)၊ ချင်းရွှေဟော် လောက်ကိုင်က ကိုးကန့် အထူးဒေသ(၁) ၊ နမ့်တစ်(နမ်တိန်)က “၀” အထူးဒေသ (၂) အပိုင်ပေါ့ …
 နမ့်တိန်ချောင်းက ဟိုးကျွန်တော်ငယ်ငယ်က တံတားမရှိဘူးဗျ ဇက်နဲ့ကူးရတာ … နမ့်တိန်ချောင်းကလည်း ချောင်းသာဆိုတဲ့ သံလွင်မြစ်နီးနီးကျယ်တယ်... အထူးဒေသ(၁)ကတော့ BGF (Border Guard Forces) နယ်ခြားစောင့်တပ်အသွင် ဖြစ်သွားပါပြီ...


နမ့်တိန်ချောင်း
              ငယ်ငယ် ရှင်လောင်းပြု နွေရာသီကျောင်းပိတ်ရက် လာတုန်းက နမ့်တိန်ချောင်းဘေးမှာ ကစားတာတွေကားပေါ်ကနေပြန်စဉ်းစားမိတယ် … နမ့်တိန်ချောင်းဘေးမှာ ကျွန်တော်တို့ အမျိုးတွေ ဖရဲခင်းစိုက်ကြတယ်ဗျ… ဖရဲခင်းကိုလာပြီဆိုတာနဲ့ နမ့်တိန်ချောင်းဘေးမှာ ရေကူး၊ ငါးဖမ်းတော့တာပဲ… နမ့်တိန်ချောင်း တစ်ဖက်ကမ်းက ကားလမ်းပေါ်က မနက်ခင်းစောစော နမ့်ဟူးရွာ အနီးက လှမ်းမျှော်ကြည့်လိုက်မယ်ဆို အရမ်းလှပတဲ့ ရှုမြင်ကွင်းကိုတွေ့ရမှာ ဖြစ်ပါတယ်… စိတ်ကူးပန်းချီတွေထဲမှာ တွေ့လိုက်ရသလိုပဲ… နမ့်တိန်ချောင်းရဲ့အလှတရားရယ်၊ ပြောင်းခင်း ဖရဲခင်း စပါးခင်းတွေရဲ့ မြင်ကွင်းရယ်၊ နောက်ခံညို့မှိုင်းနေတဲ့ တောင်တန်းစိမ်းညို့ညို့လေးကို မြူတွေအုပ်မှိုင်းဆိုင်းနေပြီး အေးစိမ့်စိမ့် ရာသီဥတုအရသာကို မြင်တွေ့ခံစားရမှာပါ… ရုပ်ဆိုးတာတစ်ခုကတော့ဗျာ ဟိုးတုန်းကမတွေ့ခဲ့ရဘူးတဲ့ ကျောက်ထုတ်၊ သဲစုပ်လုပ်ငန်းတွေကို တချို့တစ်နေရာတွေမှာတွေ့တွေ့နေတာပဲ…  နမ့်တိန်ချောင်းမှာ ထူးခြားချက်အနေနဲ့ ရေပူရေအေးရှိသဗျ… နမ့်တိန်ချောင်းထဲကို ဟိုပန်မြို့ ကျွန်တော်တို့ ပန်လုံလမ်းရပ်ကွက် အိမ်နောက်ဖေးမှာ စီးနေတဲ့ စမ်းချောင်း နမ့်ဆွမ် နဲ့ ကောင်းဟုန်းရပ်ကွက်ကို ဖြတ်စီးတဲ့ နမ့်လျန် ဆိုတဲ့စမ်းချောင်းလေးရှိတယ်… နမ့်ဆွမ်ချောင်းက ရေပူတယ်၊ နမ့်လျန်ချောင်းက ရေအေးတယ်… ချောင်းနှစ်ချောင်းဆုံတဲ့နေရာက တစ်ဖက်က နွေး၊ တစ်ဖက်ကအေးပေါ့ဗျာ… နမ့်ဆွမ်ချောင်းက ရေကသာ ခြေမျက်စိလောက်ရှိတာ 1988 လောက်တုန်းက တောင်ကျရေ အကြီးအကျယ်ကျ သစ်လုံးတွေမျောပြီး အိမ်တွေမျော လူတွေ သေကြေခဲ့ကြဘူးတယ်…

                1988 ဆိုလို့ သတိရလို့ ကျွန်တော်အမေပြောပြတာ 88 အရေးခင်းကတဲ့ ရှမ်းပြည်က လူတွေရိုးပုံအပုံများ ကွမ်းလုံမှာ ဗမာတွေ ရောက်နေတယ်တဲ့ ဆန္ဒပြတဲ့လူတွေတဲ့ ဆန္ဒပြတယ်ဆိုတာဘယ်လိုလဲတဲ့ မမြင်ဘူးလို့ဆိုပြီး အလုအယက်သွားကြည့်ကြတာ ထော်လာဂျီမှောက်ပြီးတော့တောင် ခြေကျိုးကြသေးသတဲ့ ပြန်တွေးကြည့် ရီတော့ ရီချင်စရာဗျာ…


ဟိုပန်အိမ်
                 စဉ်းစားရင်း စဉ်းစားရင်းနဲ့ ဟိုပန် အိမ်ရှေ့တောင်ရောက်ပါပကောလား ပန်လုံလမ်းမှာ ကျွန်တော်တို့ ပျဉ်ထောင်အိမ်လေးကတော့ ဟိုးအရင်အတိုင်းပဲ မပြောင်းမလဲလေးပါဘဲ…တစ်ချို့အိမ်တွေတော့ တိုက်အိမ်လေးတွေဖြစ်လို့… အဖေ့အကို ဦးလေးနဲ့ ဦးလေး မိန်းမနဲ့ ထွက်ကြိုပါတယ်…ဦးလေးနဲ့ အဒေါ်ကတော့ ဒီလိုပါဘဲ မတွေ့တာကြာပေမဲ့လည်း မပြောင်းမလဲပါဘဲ… အရင်တုန်းက တွေ့ရသလိုပါဘဲ ပြောင်းလဲတာတော့ ကျွန်တော်ပေါ့ဗျာ…

                ဟိုပန်မှာ နာမည်ကျော် တပေါင်းပွဲရှိတယ်… တပေါင်းလထဲမှာဆို ဟိုပန်တောင်ပေါ်ရှိရာ စေတီ၊ ဘုန်းကြီးကျောင်းမှာ စုပေါင်း ရှင်ပြုပွဲလုပ်ကြတယ်… ရှင်ပြုတဲ့ ရက်တွေမှာဆို ယာယီထိုးထားတဲ့တဲ (မိုးကာ၊ ၀ါးလုံးများဖြင့်မိုး) မှာ မောင်ရင်လောင်းတွေနဲ့ သက်ဆိုင်ရာ မိဘဆွေမျိုးတွေအိပ်ကြရတယ်… သိန္နီဘက်က ရှမ်းဇာတ်အဖွဲ့တွေ ဇာတ်လာကကြတယ်… ဇာတ်အဖွဲ့ စပွန်ဆာကို လောင်းကစားဒိုင်တွေက ကျခံရတယ်… လောင်းကစားဒိုင်အများစုကတော့ သီပေါ သိန္နီဘက်က တက်လာကြတယ်… လောင်းကစားဝိုင်းတွေလည်း တော်တော်စုံတယ်… လေးကောင်ဂျင် ၀ိုင်း၊ ဂလုံးဂလုံးဝိုင်းတွေနဲ့ သုံးဆယ့်ခြောက်ကောက်ဒိုင်တွေနဲ့ အထူးစည်ကားလှတယ်… သုံးဆယ့်ခြောက်ကောင် ဒိုင်တွေက အတိတ်စိမ်းပေးတယ်… ပေးတဲ့ အတိတ်စိမ်းကို လူတွေကထိုးကြတယ်… ပေါက်ကောင်ကို ဒိုင်ရှေ့ ၀ါးလုံးထောင်ထားတဲ့ တိုင်မှာ သေတ္တာတစ်လုံးနဲ့ ကြိုးဆွဲချိတ်ထားတယ်… ဖွင့်ချိန်ရောက်ပြီဆို မောင်းထု ဗျောက်ဖောက်ကြေငြာကြတယ်…

                ရေမိုးချိုးပြီး မနက် နမ့်တစ်(နမ်တိန်)မြို့ကို ဖြတ်ပြီး တရုတ်ပြည် မိန်းတင်(မိုင်းတင်)ကို သွားဖို့အတွက် မှတ်ပုံတင် မိတ္တူသွားကူး၊ ပတ်စပို့(စ်)ပုံရိုက် အပြန်ထမင်းစား၊ ထမင်းစားဆိုလို့ အိမ်မှာက ၀က်သားမစားတာ ကျွန်တော်တစ်ယောက်ပဲရှိတာ ကြက်ဥကြော်နဲ့ ပဲတုပ်ရတော့တာပေါ့ … ၀က်သားမစားချင်တော့တာလည်း မှတ်မှတ်ရရ ငယ်ငယ်က “၀” အထူးဒေသ (၂) မိုင်းမောကို (၈)တန်းနှစ် နွေရာသီကျောင်းပိတ်ရက်က April လထဲ အဘိုးင်္သချိုင်းကန်တော့ပြီဆို ၀က်ကိုနံကြားထိုး အမွေးတောင် ရေနွေးလောင်းပြီး မရိတ်တော့ဘူး မသေမရှင် ၀က်ကို ကောက်ရိုးပုံပြီး မီးရှို့လိုက်ကရော ပြီးတော့ ချက်ချင်း အသားလေးတွေ လှီးထုတ်ပြီး ချက်ချင်းကင်စားဘူးပါတယ်၊ နောက်တော့ တရားရပြီး မစားချင်တော့တာနဲ့ မစားဖြစ်တော့တာပါဘဲ…

                 ရောက်တဲ့နေ့က မိုးလေးက ဖွဲဖွဲကျ အချိန်တွေအားနေတာနဲ့ ပျင်းပျင်းနဲဖုန်းကိုဖွင့်ကြည့်တော့ GSM လိုင်းကမမိ အင်တာနက် သုံးမရတာနဲ့ အပြင်ထွက်သုံးမလို့ နာရီကြည့်လိုက်တော့ ညခုနှစ်နာရီခွဲနေပြီ လမ်းတစ်လျှောက်ရှင်းလင်းနေတာ ပိတ်ကုန်အိပ်ကုန်ပြီထင်ပါ့… ဟိုပန်မြို့လေးက ည၈နာရီဆိုရင်ကို ခြောက်ကပ်တိတ်ဆိတ်နေပါပြီ… ဆိုင်ပိတ်စပြုနေတဲ့ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည် တစ်ခွက်မှာသောက်ပြီး စီးကရက်တစ်ရှိုက်နဲ့ လိုင်းမမိတဲ့ ဖုန်းကိုဖွင့်ပြီး ကိုလူဗိုလ်တင်ထားပေးတဲ့ ဆောင်းပါးတွေကို Android Application ထဲက ဖတ်နေလိုက်တယ်…

Ucs Jugger 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...