Sunday, May 26, 2013

အများပြည်သူများ ရှောင်ရှားသင့်သော လုပ်ဆောင်ချက်များနှင့် အစားအစာများ

          လူတိုင်း နေ့စဉ်ထိတွေ့ စားသုံးနေသော အရာများနှင့် လုပ်ဆောင်ချက်များသည် ကျန်းမာရေးနှင့် လျော်ညီစွာ စားသုံးသင့်ပါကြောင်း သိမှတ်သမျှ ပြန်လည်ဖောက်သည် ချပြောလိုက်ပါရစေ။ နိုင်ငံခြားတိုင်းပြည် များတွင် သကြားကို မူလသဘာဝ အရောင်အတိုင်း ၀ါညစ်ညစ်သကြားများကို စားသုံးကြသော်လည်း မြန်မာနိုင်ငံ၌မူ ဟိုက်ဒရိုဟု ခေါ်သော (Chemical) ချွတ်ဆေးသုံး၍ ဖြူဖွေးသော သကြားများကို ရွေးချယ် စားသုံးကြတာကို တွေ့ရပါတယ်။ ထန်းညက်သည်လည်း မူလအညိုရောင်ပျောက်ကာ ချွတ်ဆေးကြောင့် ဖြူဖွေးသွားကာ နေ့စဉ်သုံးသည့် အိမ်သုံး ဆားသည်ပင်လျှင် ဓာတုချွတ်ဆေး သုံး၍ ဖြူဖွေးအောင် လုပ်ကြ ပါတယ်။ ထိုဓာတုချွတ်ဆေးများသည် ကင်ဆာရောဂါကို ဖြစ်ပွားစေသဖြင့် သဘာဝအရောင်ကို ရွေးချယ် စားသောက်သင့်တယ် ဆိုတာ ပြောချင်ပါတယ်။

          နောက် အသုံးမပြုသင့်ပဲ ရှောင်ရှားသင့်တာကတော့ တကယ်လို့သာ ကင်ဆာရောဂါဖြစ်ပွားမှာကို ကြောက်ခဲ့ရင်ပေါ့လေ။ ပလတ်စတစ်နှင့် ဖော့ဗူးတွေကို ရှောင်ရှားရမှာပဲဖြစ်ပါတယ်။ ဟိုးရှေးယခင်ကတော့ ဘာပဲဝယ်ဝယ် တစ်လုံးချိုင့်လေး လက်ကဆွဲပြီး သွားဝယ်ကြတာကို ကျွန်မတို့ ငယ်ငယ်တုန်းကတော့ မြင်ဖူးခဲ့သလို ကိုယ်တိုင်လည်း လက်ဖက်ရည်ဝယ်ဝယ်၊ အအေးဝယ်ဝယ် အိမ်က အဘွားက ယူသွားခိုင်းလို့ ၀ယ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းကျတော့ အလွယ်ကြိုက်တတ်တဲ့ မြန်မာတွေဟာ ယူသွားရမှာ အလုပ်ရှုပ်တာနဲ့ မသယ်တော့ပဲ အလွယ်ထည့်ပေးတာနဲ့ ကျွန်မလို ၀ယ်ခဲ့မယ်လို့ ထင်မြင်မိပါတယ်။ ဒီတော့ မုန့်ဟင်းခါးပဲ ၀ယ်ဝယ်၊ လက်ဖက်ရည်၊ ကော်ဖီ၊ အသုပ်စုံတွေ၊ ထုံချိုင်းတွေ၊ အကြော်စုံတွေ၊ အကင်တွေပဲ ထုပ်ထုပ်၊ ပလတ်စတစ်တွေ၊ ကြွတ်ကြွတ်အိတ်တွေနဲ့ချည်းပဲ သုံးနေကြတာကို အများအားဖြင့် တွေ့ရှိနေရပါတယ်။ ပလတ်စတစ်တွေထဲမှာ ပါတဲ့ ပလတ်စတစ်ဆိုက်ဇာဆိုတဲ့ဓာတ်နဲ့ စတိုင်းရင်း (Styrene) ဆိုတဲ့ ဓာတုပစ္စည်း တွေဟာ အပူဓာတ်နဲ့ပဲတွေ့တွေ့ ဆီပါတဲ့ အစားအသောက်နဲ့ပဲ တွေ့တွေ့ အစားအသောက်တွေထဲကို ဓာတ်ပြု ပျော်ဝင်တော့တာပါပဲ။ နောက်ပြီး ကလေးနို့ဘူးတွေ ပြုလုပ်တဲ့ PVC ပလတ်စတစ်နဲ့ ပလတ်စတစ်ရေပိုက် တွေမှာ  မိုနိုမာ (Monomer) ဆိုတဲ့ အင်မတန် အဆိပ်ပြင်းပြီး ကြောက်စရာကောင်းတဲ့ ဓာတ်တစ်မျိုးပါဝင်တာ သုတေသနပြုသူများက တွေ့တယ်လို့ သိရှိရပါတယ်။ ဒီဓာတုပစ္စည်းတွေ အကုန်လုံးဆိုးရွားတဲ့ ကင်ဆာ ရောဂါတွေ ဖြစ်စေနိုင်တာမို့ အရင်တုန်းကလို စက္ကူတွေ၊ အင်ဖက်တွေ၊ ဗန်ဒါရွက်တွေ၊ စတီးချိုင့်တွေ၊ ဖန်ဘူး တွေနဲ့ပဲ အစားအသောက်တွေကို သတိထားပြောင်းလဲကြစေချင်ပါတယ်။
          ပြီးတော့ ဒန်ပေါက်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ အသုံးပြုနေတဲ့ ဖော့ဘူးတွေဟာလည်း စတိုင်းရင်း (Styrene) ဓာတ်ပါတဲ့ ပလတ်စတစ်အုပ်စုတွေဖြစ်လို့ ဖော့ဘူးတွေ တစ်ခါသုံး ပလတ်စတစ်တွေ လုံးဝ အသုံးမပြုဖို့ ဆင်ခြင်သင့်ကြောင်း၊ နောက် အသုပ်ဆိုင်တွေ၊ အကြော်ဆိုင်တွေ၊ ထုံချိုင်းဆိုင်တွေ၊ အကင်ဆိုင် တွေ၊ တုတ်ထိုးဆိုင်တွေမှာ နေ့စဉ်လူတွေ အများအားဖြင့် လမ်းဘေးပလက်ဖောင်းတွေပေါ်မှာ အသီးသီး ခင်းကျင်းရောင်းချနေတာတွေ မြင်ဖူးကြမယ်ထင်ပါတယ်။ နေ့စဉ် လူတွေ မြိန်ရည်ယှက်ရည် စားသောက်နေကြတာကတော့ အန္တရာယ်ရှိ တားမြစ်ဆိုးဆေး နီနီရဲရဲတွေရယ်၊ ကင်ဆာရောဂါဖြစ်စေတတ်တဲ့ ဓာတု တာရှည်ခံဆေးတွေကတော့ အစာအိမ်အူလမ်းကြောင်း ကင်ဆာဖြစ်စေတတ်တဲ့ ဆာ(လ်)ဖျူရစ် အက်ဆစ်ပြင်း (H2SO4) ရောစပ်ထားတဲ့ အချဉ်ရည်လို့ခေါ်တဲ့ အဆိပ်တွေပါပဲ။ ဆာ(လ်)ဖျူရစ်အက်ဆစ်က နည်းနည်းလေး ထည့်ရုံနဲ့ အချဉ်ရည်အရသာကို ဖြစ်ပေါ်စေပြီး ဘက်ထရီအိုးမှာ သုံးတဲ့ အက်ဆစ်တစ်မျိုး ပါပဲတဲ့။ ရေရှည်စားသုံးရင်တော့ အစာအိမ်အူလမ်းကြောင်း ကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာ တွေကို ကျိန်းသေဖြစ်နိုင်တာမို့ လုံးဝ ရှောင်ကျဉ်သင့်တဲ့ အထဲမှာ ပါဝင်နေပါတယ်။
          အချိုရည် အသောက်များတဲ့ ကိုကိုမမတွေနဲ့ ကလေးတွေကို ဂျယ်ရီဝယ်ကျွေးတဲ့ မိခင်များ သတိထား ရမှာကတော့ အချိုရည်ဗူးများတွင် တားမြစ်ဆိုးဆေး၊ ကင်ဆာဖြစ်စေသော တာရှည်ခံဆေး၊ သကြားထက် အဆ ၂၀၀ ပိုမိုချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုက်ကဖိန်းဓာတ်များ ပါဝင်ပြီး ခံတွင်းကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနှင့် အ၀လွန်ရောဂါများအပြင် အသည်းကင်ဆာရောဂါတို့ကိုပါ ဖြစ်ပွားစေ တတ်ကြောင်း လေ့လာဖတ်ရှုရပါသည်။ ထို့အတူ ဂျယ်ရီဗူးများတွင်လည်း တရုတ်မှလာသော ဂျယ်ရီပေါင်ဒါ၊ ဆီထရစ်အက်ဆစ်၊ Sodium Benzoate ခေါ် တာရှည်ခံဆေးပါဝင်တဲ့ ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် သားသားမီးမီးတို့ကို အရမ်းမကျွေးသင့်ပါ။ ဖြစ်နိုင်လျှင် လုံးဝ မကျွေးပဲ ရောင်းလည်း မရောင်းသင့်ပါကြောင်း သိမှတ်ရပါတယ်။ နောက် မီးဖိုချောင်သုံး အိမ်ရှင်မများ သတိပြုစရာတွေကတော့ မယ်လမင်းလို့ခေါ်တဲ့ ဖိုက်ဘာ ပစ္စည်းများသည် အပူနှင့် ထိတွေ့လျှင် ဓာတ်ပြု ပစ္စည်းဖြစ်သဖြင့် ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါ များကို ဖြစ်ပွားစေသဖြင့် လုံးဝအသုံးမပြုသင့်ပါ။
          အစားအသောက်များထဲတွင် တားမြစ်အန္တရာယ်ရှိ ဆိုးဆေးများ အသုံးပြုထားသော မျှစ်နီ၊ မျှစ်ဝါ၊ ပုဇွန်ချဉ်နီနီ၊ အ၀ါရောင်ဆိုးထားသော ငါးပုဏ္ဏား၊ ငါးမြွေထိုး၊ ရွှေငါး၊ ကြက်သားများနှင့် အနီရောင်ဆိုးထားသော ငရုတ်သီးမှုန့်၊ ပုဇွန်ခြောက်၊ ပတ္တမြားပြောင်းဖူး၊ ငါးပိ၊ ပဲနီလေး၊ ပဲဝါလေး၊ မက်မန်းသီး၊ ဆီးထုတ် စသည်တို့သည် အသည်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေတတ်သဖြင့် တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါကြောင်း ဖတ်မှတ်သိရှိရပါတယ်။ တစ်ဆက်တည်း သတိပြု ရှောင်ကြဉ်သင့်တဲ့အထဲမှာ ပါဝင်တဲ့ အသီးအနှံများမှာ ဓာတုဟော်မုန်းဆေးများ အသုံးပြုထားပြီး အဆမတန်ကြီးထွားနေသော မုံလာဥအဖြူများ၊ အမြစ်တိုတို အလုံးတုတ်တုတ်နှင့် ပဲပင်ပေါက်များ၊ ပိုးသတ်ဆေးအပြင်းစား သုံးထားသည့် ဂေါ်ဖီထုပ်၊ ပန်းမုံလာထုပ်၊ မုံညှင်းထုပ်များနှင့် ဆေးစိမ် ဆေးဖျန်းထားပြီး မှည့်နေသော သရက်သီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ ပန်းသီး၊ ငှက်ပျောသီး စသည်တို့သည် ကင်ဆာဖြစ်စေနိုင်သဖြင့် ရှောင်ရှားသင့်ပါတယ်။
          ထို့အပြင် လူသေကောင် မပုပ်အောင် ပြုလုပ်သည့် ဖော်မလင်နှင့် အသုံးပြုထားသော ပဲပြား၊ မဲနယ်ဆိုးထားသော ပုဇွန်၊ ယူရီးယားဓာတ်မြေသြဇာပါသော ငါးပိရေကျိုတို့ကိုလည်း ကင်ဆာဖြစ်မှာ ကြောက်ရင်တော့ ရှောင်ရှားစားသောက်နိုင်ပါတယ်။ အစေ့မပါတဲ့ စပျစ်၊ ကီလိုမာလကာသီးနှင့် ဆီးသီး စတဲ့ ပုံမှန်စိုက်ပျိုးထားသော အသီးအနှံမဟုတ်ပဲ ဓာတုပစ္စည်းများနှင့် ပြုပြင်ပြောင်းလဲထားတဲ့ အသီးမှန်သမျှ ကင်ဆာဖြစ်နိုင်ချေ အလွန်ရှိပါကြောင်း သိရှိရပါတယ်။ ပြောရင်တော့ ဆုံးမှာမဟုတ်ပါဘူး။ စားအုန်းဆီတွေ မစားသင့်ကြောင်းတော့ အားလုံးသိကြမယ်ထင်ပါတယ်နော်။ ပြောသာပြောရတာ စီးပွားရေးလုပ်စားတဲ့သူတွေ ကလည်း ၀မ်းစာအတွက် မလုပ်မဖြစ် လုပ်နေကြတော့ ဒါတွေမှ မစားရင်လည်း ဘာတွေစားရမလဲလို့ စောဒက တက်စရာ ရှိပါတယ်။ စားတော့ စားကြပေါ့ အလွန်အကျွံစားရင်တော့ ရောဂါပိုဖြစ်မြန်မယ်လို့ ထင်မြင်မိပါတယ်။ ဒီလိုမှ မပြောရင်လည်း ရောင်းစားတဲ့သူတွေက လာရိုက်မှာလည်း ကြောက်ရသေးတယ်။ နောက် ဘာလုပ်ကိုင် စားသောက်ကြမလဲဆိုတာလည်း စဉ်းစားစရာ ဖြစ်လို့နေပါတယ်။ ညီမလေးတစ်ယောက်ဆို အမြဲလမ်းဘေး အသုပ်တွေ စားဖြစ်တော့ နောက်ဆုံး ဗိုက်ခဏခဏအောင့်ကာ ဆေးရုံမှာ ပြရတော့တဲ့အဆင့်ကို ရောက်ရှိ သွားပြီး အစာအိမ်မှန်ပြောင်းကြည့်ရတဲ့အဆင့်တောင် ဖြစ်သွားပါတယ်။ ဖြစ်နိုင်ရင်တော့ ဒီလိုရောဂါဖြစ်စေ နိုင်တဲ့ ဓာတုပစ္စည်းအသုံးမပြုတဲ့ အစားအစာများကိုသာ ရောင်းချသင့်ပါကြောင်းနှင့် စားသုံးသူများအနေဖြင့် လည်း သတိထားရှောင်ကြဉ်သင့်ပါကြောင်း ပြောရင်းနဲ့ ခုလိုသိမှတ်ရအောင် လမ်းညွှန်ပေးသော မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောလိုက်ရပါတော့တယ်။  မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းသို့ ၀င်ရောက်လိုသူများနှင့် အကူအညီတောင်းခံလိုသူများ ဖုန်း ၆၄၄၀၉၀ နှင့် ၀၉၄၂၁၁၂၁၈၉၀ သို့ ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပေးလိုက်ပါရစေရှင်။

မနောဖြူလေး
၁၅.၅.၂၀၁၃

Read more: အများပြည်သူများ ရှောင်ရှားသင့်သော လုပ်ဆောင်ချက်များနှင့် အစားအစာများ - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A871437&xgs=1&xg_source=msg_share_topic#ixzz2URyoF4MW

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...