Monday, May 27, 2013

မင်းသမီးရဲ့ အနှေးရုပ်ရှင်

by Thet Wai (Notes) on Sunday, May 26, 2013 at 8:18pm


- အဲဒီ အမျိုးသမီးကို လူအများက မင်းသမီး ဟု ခေါ်ကြ -

ပြကွက် (၁)

မင်းသမီးဟာ ဝဲ - ယာ တဖက်တချက်မှာ တာဝန်ရှိသူတွေ -ကိုယ်ရံတော်တွေ ခြံရံပြီး ခန်းမထဲက ထွက်အလာ - မင်းသမီးဟာ  ပါးလွှာသော်လည်း အရှေ့ပိုင်းတပိုင်းလုံးလည်ပင်းအထိ လုံခြုံတဲ့ အဖြူရောင် တန်ဖိုးကြီး ပိုးဂါဝန်ရှည်ကို သေးသွယ်တဲ့ခန္ဒာကိုယ်မှာ အချိုးတကျ ဝတ်ဆင်ထား -
ကျောဖက်မှာ သိုင်းထားတဲ့ ကြိုးသေးသေးလေးနှစ်ချောင်းကလွဲလို့ ခါးဆစ်ထိအောင် ဝတ်လစ်စလစ် - မင်းသမီးဟာ ချွန်မြလှပတဲ့ လေးလက်မဒေါက်သေးသေးလေးနဲ့ ရွှေအိုရောင် ကြိုးသိုင်းဖိနပ်ကိုစီးလို့ အနီရင့်ရင့် အမွေးပွကော်ဇောပေါ်ကို - တလှမ်းချင်း တလှမ်းချင်း - ကနွဲ့ကလျ လှပစွာ လျှောက်အလာရှည်လျားစွာ ဝဲနေတဲ့ ဂါဝန်စဟာ အနီရောင် ကော်ဇောနဲ့ တင့်တယ်စွာ မဟာမိတ်ဖြစ် -အရောင်စုံ မီးပွင့်တွေအကြား ကင်မရာမင်းတွေရဲ့ ဖျိုးဖျိုးဖြတ်ဖြတ်မီးရောင်တွေကြားမှာ လိမ်မော်နီရောင် ပြေပြေ သုတ်လိမ်းထားတဲ့ ပိပိရိရိ သေသပ်ပြီးပုံကျ လှပတဲ့ နှုတ်ခမ်းပါးကနေ - ပန်းရင့်ရောင် ပါးပြင် - မို့ - တက်လာသည်အထိ -အပြုံးလဲ့လဲ့ကို အဆက်မပြတ် ချွေချ - တချက် တချက်မှာ ရှေ့တူရှူကို လှမ်းနေရင်းကနေအနောက်ဖက်ကို ခေါင်းလေး စောင်းငဲ့လို့ မခို့တရို့ - လည်ပြန်  ပြုံးပြ - မင်းသမီး  ဖြတ်သွားတဲ့လမ်းတလျှောက်မှာ အကောင်းစားနာမည်ကြီး ရေမွှေးနံ့တွေ ဝေ့ဝဲ သင်းပျံ့ - အလှပြင်ထားတဲ့ ကိုးနှစ် ဆယ်နှစ်အရွယ်ကလေးမလေးတယောက်က ခရမ်းရောင် သစ်ခွတွေပါတဲ့ ပန်းစည်းခပ်ကြီးကြီးတစည်း မင်းသမီးကိုလှမ်းပေးပြီး နှုတ်အဆက် မင်းသမီးရဲ့ အပြုံးတွေ ပိုပြီး လင်းလက်သွား ကင်မရာကမီးပွင့်တွေလည်း ပို လက်သွား - မင်းသမီးဟာ အနီရောင် ကော်ဇောတလျှောက် လှလှပပကြွကြွရွရွ လှမ်းလျှောက်အပြီးမှာ တံခါးလက်ကိုင် အသင့်ဖွင့်ပေးထားတဲ့ အနက်ရောင်ကားကြီးထဲကို ညင်သာစွာ ဝင်ထိုင် - ညာလက်ကလေး ကို အသာအယာ မြောက်ပြီး လက်ပြ နှုတ်ဆက်- စဉ်မှာ - ရာ ထောင် သောင်းမက ကြိတ်ကြိတ်တိုးနေတဲ့ ပရိသတ်က မင်းသမီးရဲ့မျက်နှာတခြမ်းနဲ့ အပြုံးတစကို မြင်ရဖို့အရေး သူ့ထက်ငါ အရှေ့ကိုရောက်အောင် အလု အယက်တိုးဝှေ့ကြ - မင်းသမီးရဲ့ အမည်နာမကို ရေရွတ်ရင်း လက်တွေ ဝှေ့ယမ်းလို့ မင်းသမီးကိုအားပါးတရ နှုတ် ဆက် ကြ -

ပြကွက် (၂)

မင်းသမီး စီးလာတဲ့ အနက်ရောင် ကားကြီးဟာ ခြံဝင်းကျယ်တခုထဲဝင်သွားအပြီး နန်းတော်တမျှ ကြီးကျယ် ခန်းနားတဲ့ အဆောက်အဦးတခုရှေ့မှာ ရပ် -ကားရပ်လိုက်တယ်ဆိုရင်ပဲ မင်းသမီးဟာ ကားတံခါးကို ဝုန်းကနဲ - လာဖွင့်ပေးတဲ့သူကိုမစောင့် - သူ့ဟာသူ - ကြမ်းတမ်းစွာ တွန်းဖွင့်ပလိုက် - တံခါး အပွင့်မှာဂါဝန်ရှည်ကို လုံးထွေးပြီး မ - ကိုင်ရင်း ဆိုးဆိုးဆတ်ဆတ် ခြေလှမ်းနဲ့ အတူ ကားပေါ်ကအဆင်း - ပါးစပ်ကလည်း အိမ်အကူ - လို့ ယူဆရတဲ့ - မိန်းကလေးတယောက်ရဲ့ နာမည်ကိုခပ်ကျယ်ကျယ် အော်ခေါ်ရင်း - လက်က ကိုင်ထားတဲ့ ပန်းစည်းကို လှေခါးရင်းတနေရာကိုလွှင့်ပစ်လိုက်ရင်း - ခြေထောက်မှာ စီးထားတဲ့ ရွှေအိုရောင် ကြိုးသိုင်းဖိနပ်ကိုခပ်ရမ်းရမ်း ကန်ချွတ်လိုက်ရင်း - ဂါဝန် ဖြူလွလွကို - မညှာမတာ - လုံးထွေးပင့်ကိုင်ရင်း လှေခါးထစ်တွေကို ခြေသံ ပြင်းပြင်း နဲ့ လှမ်းတက်အသွား စောင့်ကြိုနေကြတဲ့အခြွေအရံတွေ အိမ်အကူတွေကို ခပ်ကြမ်းကြမ်း အမိန့်ပေး စေခိုင်းသံတွေနဲ့ အတူ ဆဲရေးတိုင်းထွာတဲ့ စကားလုံးတွေနဲ့ ပစ်ပေါက် - ကြားကြားသမျှ လူအကုန်က ဦးခေါင်းကိုကြမ်းပြင်နဲ့ ထိလုနီးပါး ညွတ်ပြီး မင်းသမီးရဲ့ အမိန့်ကို နာခံကြ - မင်းသမီးရဲ့ချောမွေ့ လှပတဲ့ မျက်နှာဟာ မျက်နှာဖုံးအတုကို ခွာချလိုက်သကဲ့သို့ - မျက်လုံးနီနီ -နှာယောင် ကောက်ကောက် - ရှည်လျား ချွန်မြ သွားစွယ်များ - သွေးစွန်းနေသောနှုတ်ခမ်းရဲရဲများဖြင့် - တမဟုတ်ချင်း အရုပ်ဆိုးကာ အ ကျည်း တန် သွား -

ပြကွက် (၃)

အဖြူရောင် လင်းလင်း အိပ်ခန်းတခု နံရံတွေ ပြူတင်းပေါက်ဘောင်တွေကလည်း အဖြူရောင် - ပန်းနုရောင် လွှမ်းတဲ့ ချည်သားစစ်စစ် အိပ်ယာဖုံး နဲ့ပန်းနုရောင် ဇာခန်းဆီးရှည် - ကနုတ်ပန်းတွေ စီခြယ်ထားတဲ့ ပရိဘောဂအစုံ နှင်းဆီဖြူတွေထိုးစိုက်ထားတဲ့ ပန်းအိုးတွေက နေရာ အတော်များများမှာ နေရာယူ - ခရစ်စတယ် စီခြယ်တဲ့မီးဆိုင်း - ဂီတသံ တိုးညင်းစွာ ပျံ့လွင့် - မင်းသမီးရဲ့ အိပ်ခန်း - မင်းသမီးဟာခေါင်းက ဆံပင်တွေကို ဖြေလျော့ ကိုယ်ပေါ်မှာ ရှိနေတဲ့ ဂါဝန်ရှည်ကို ဖြေလျော့အိပ်ရာဘေး စားပွဲပေါ်က ဆေးလိပ်ဘူးနဲ့ မီးခြစ်ကို လှမ်းယူ ဆေးလိပ်မီးခိုးတွေကြားထဲအချိန်အတော်ကြာ နစ်မျောအပြီးမှာ အိပ်မက်ယောင်သူတယောက်လို တစုံတခုကို အရူးအမူးလိုက်လံ ရှာဖွေ ပါးစပ်ကလည်း ဆဲရေး တိုင်းထွာသံ တစွန်းတစနဲ့အတူ မျက်စိနား လက်နားနီးစပ်သမျှ ပစ္စည်းတွေကို တခုမကျန် တွန်းထုတ် - ပစ်ပေါက် - ကန်ကျောက် -နောက်ဆုံးမှာ သူလိုချင်တာကို ရှာ ဖွေ တွေ့ ရှိ သွား - အဖြူရောင် ဆေးပြား သေးသေးလေးနှစ်ပြား - ကို - ခရစ်စတယ် ဖန်ခွက် လှလှလေးထဲက ရေနဲ့အတူ မော့ချလိုက် - ပြီးတော့ဖန်ခွက်ကို အခန်းထောင့် တနေရာကို ပစ်ပေါက်လိုက် - ခွမ်း - ဖန်ခွက် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွား - ပြီးတာနဲ့ အိပ်ယာပေါ်ကို အရုပ်ကြိုးပြတ် ခွေ ခေါက် လှဲ ချ -လဲ ကျ - တိမ်တွေလား - နဂါးငွေ့လား -

ပြကွက် (၄)

မင်းသမီး ဝတ်ဆင်ခဲ့တဲ့ ညနေခင်း ပွဲတက် ပိုးဂါဝန်ရှည်ဟာကုတင်ခြေရင်း ဆေးလိပ်ပြာခွက်ထဲက မီးမငြိမ်းသေးတဲ့ သောက်လက်စ ဆေးလိပ်တိုနဲ့ ထိ တွေ့ မိတ် ဆက် ရင်း တငွေ့ငွေ့လှိုက်စား - တ မြည့် မြည့် နဲ့ - တ တိ တ တိ - လူ မ သိ သူ မ သိ - လောင် ကျွမ်း နေ -

- အဲဒီ အမျိုးသမီးကို လူအများက မင်းသမီး ဟု ခေါ်ကြ -


သက်ဝေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...