Monday, May 20, 2013

နာမည်တစ်လုံးနှင့် လူ

by မင်းလူ၏ ၀တ္တုတိုများ (Notes) on Monday, May 20, 2013 at 9:18pm



    လူတို့သည် ကိုယ့်ရုပ်ခန္ဓာကို ကိုယ်မပိုင်ကြောင်းလောက်တော့ နည်းနည်းပါးပါး ရိပ်မိကြဟန် တူသည်။ မနာအောင် ကြိုးစားရုံ၊ အိုမင်းခြင်းကို တတ်နိုင်သမျှ ထိန်းချုပ်ဖို့ သက်တမ်းကို အနည်းငယ် ဆွဲဆန့်ရုံမျှ သာ ဖြစ်နိုင်သေးသည်။ မသေအောင် လုပ်လို့ မရနိုင်။

    တချို့ကျတော့ လူကို မသေအောင် လုပ်လို့ မရနိုင်သည့်တိုင် နာမည်ကို မသေအောင် ကြိုးစားခြင်းဖြင့် ကိုယ့်စိတ်ကို ဖြေဖို့ ကြံကြ၏။ မိမိ၏ ဂုဏ်သိက္ခာကို လေးစားတတ်သူတိုင်း ဘဝတစ်လျှောက်မှာ နာမည်ပျက်မရှိအောင် နေထိုင်ကြသည်။ တချို့ လူများကတော့ နည်းနည်းပို၍ လောဘကြီးသည်ဟု ဆိုရမလား၊ အမြော်အမြင်ကြီးသည်ဟု ဆိုရမလား မသိ။ လူသေသွားသည့်တိုင် မိမိ၏ နာမည်ကို ဆက်လက် ရှင်သန်စေချင်သည်။ ဒီအထဲမှာ ကျွန်တော်တို့လို အနုပညာသမားတွေလည်း ပါသည်။ ကိုယ်မရှိတော့ပေမယ့် ကိုယ့်နာမည်ကောင်းလေးတစ်ခု တင်ကျန်ရစ်ဖို့ ကြိုးစားကြသည်။
    ဘာပဲဖြစ်ဖြစ် လူတစ်ယောက်၏ ရုပ်ခန္ဓာထက်စာလျှင် သူ၏ နာမည်က ပို၍ သက်တမ်းကြာရှည် တည်တံ့နိုင်တာတော့ အမှန်ပင်ဖြစ်၏။ လူသာမန် တစ်ယောက်ပင်လျှင် ကွယ်လွန်ပြီးသော်လည်း သတင်းစာထဲက နာရေးကြော်ငြာမှာ သူ့နာမည် ပါလာနိုင်သေးသည်။ အသုဘရှုလာသူများကို ကမ်းသော ယပ်တောင်ပေါ်မှ နာမည်မှာ ရက်အတန်ကြာ တည်ရှိနိုင်သေးသည်။ မြေမြှုပ်သင်္ဂြီုဟ်လျှင် မှတ်တိုင်ပေါ်မှ နာမည်သည် လပေါင်း အတော်အသင့် ခံနိုင်သည်။ ဂူသွင်းလျှင်ကား မပျက်စီးမချင်း ရှိနေနိုင်သည်။
    အကယ်၍ သေဆုံးသူ၏ မိသားစုများက တတ်နိုင်သူများဖြစ်လျှင် တစ်လပြည့်၊ ခြောက်လပြည့်၊ တစ်နှစ်ပြည့်၊ ဆယ်နှစ်တိုင်အောင်.... စသည်ဖြင့် သတင်းစာထဲမှာ လွမ်းဆွတ်သတိရကြောင်း ထည့်ပေးလိမ့်မည်။ ကိုယ်က ကျောင်းတို့၊ ဇရပ်တို့ လှူဒါန်းခဲ့သူဆိုလျှင် ရေးထိုးထားသော ကမ္ဗည်းစာတန်းက ကောင်းမှုပစ္စည်း၏ သက်တမ်းနှင့်အမျှ ရှိနေနိုင်သည်။
    စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ အနုပညာနယ်ပယ်တို့မှာ ထင်ရှား ကျော်ကြားသူများအဖို့ ကာလကြာမြင့်စွာ နာမည်တိမ်ကောစရာအကြောင်းမရှိ။ သက်ဆိုင်ရာ အကြောင်းနှင့် တိုက်ဆိုင်သည့်အခါတိုင်း နှောင်းလူတို့က သူ့နာမည်ကို ထုတ်ဖော်ပြောဆို ရေးသားကြလိမ့်မည်။
    ကိုယ့်နာမည် တွင်ရစ်စေတော့ဟု မရည်ရွယ်သော်လည်း အများကောင်းကျိုးကို စွန့်စားဆောင်ရွက်ခဲ့သဖြင့် သမိုင်းတစ်လျှောက် နာမည်မသေသေးဘဲ တည်တံ့နေသူများလည်း ရှိသည်။ ထိုသူများကား သူရဲကောင်းများပင် ဖြစ်၏။

                    * * * * *

    မိမိ ကိုယ်ခန္ဓာကို မပိုင်သော်လည်း ကိုယ့်နာမည်ကိုတော့ ကိုယ်ပိုင်သည်ဟု ယူဆနေကြသည်။ တကယ်တမ်း စဉ်းစားကြည့်တော့ ဒီလိုလည်း မဟုတ်သေးကြောင်း တွေ့ရပြန်၏။ အကြောင်းမှာ လူတစ်ယောက်၏ နာမည်သည် သူ့ဘာသာ မှည့်ခေါ်ထားခြင်းမဟုတ်ဘဲ မိဘများက ပေးထားသောကြောင့်သာ တွင်နေရခြင်း ဖြစ်သောကြောင့်ပင်။ လူတစ်ရာမှာ တစ်ယောက်လောက်သာ မိဘပေးထားသော နာမည်ကို မကြိုက်၍ ပြောင်းသူရှိသည်။ ကျန်လူများမှာ မွေးစာရင်းထဲက နာမည်အတိုင်း သက်ဆုံးတိုင်နေသွားကြသည်သာ ဖြစ်၏။
    အနုပညာသမားများ (ဥပမာ-စာရေးဆရာများ) ကိုယ့်ကလောင်နာမည်ကို ကိုယ့်စိတ်ကြိုက် ရွေးကြတာမျိုး ရှိသည်။ ဒါတောင်မှ တချို့ဆိုလျှင် ကိုယ့်ဘာသာ မရွေးဘဲ ဗေဒင်ဆရာတို့၊ မိမိကိုးကွယ်သည့် ဘုန်းကြီးတို့ကို ရွေးခိုင်းတတ်ကြသေးသည်။ ဒါ့အပြင် ရင်းနှီးသူတွေက နာမည်ရင်းကိုသာ ခေါ်တတ်ကြသည်။ နိုင်ငံသားလက်မှတ်ထဲမှာလည်း မိဘပေးသော နာမည်ရင်းသာ တရားဝင် ရှိနေရသည်။
    ဒီနေရာမှာ အနောက်နိုင်ငံက လူများသည် နာမည်နှင့် ပတ်သက်သည့် ကိုယ်ပိုင် အခွင့်အရေးမှာ ကျွန်တော်တို့ထက်တောင် ပို၍ဆုံးရှုံးရသေးသည်။ သူတို့အနေနှင့် မိမိနာမည်၏ နောက်ဆုံးမှာ ဖခင်၏ မျိုးရိုးအမည်ကို မထည့်မနေရ ထည့်ရသည်။
    မိန်းမများဆိုလျှင် အိမ်ထောင်ကျသည်နှင့် တစ်ပြိုင်နက် ခင်ပွန်းဖြစ်သူ၏ မျိုးရိုးအမည်ကို ပြောင်းလဲခံယူရသည်။
    လူတစ်ယောက်သည် အသက် ဆယ့်ရှစ်နှစ် ပြည့်သောအခါ မိဘက ပေးထားသည့် နာမည်ကို မကြိုက်လျှင် မိမိစိတ်ကြိုက် ပြောင်းလဲခွင့် ရှိသင့်သည်ဟု ဝတ္ထုတစ်ပုဒ်ထဲတွင် ကျွန်တော် ရေးခဲ့ဖူးသည်။ ဒါကလည်း စိတ်ကူးအဖြစ်သာ ရှိသည်။ တစ်ကမ္ဘာလုံးမှာ ကျင့်သုံးနေသည့် ဓလေ့ထုံးစံတစ်ခုကို ပယ်ဖျက်ဖို့ မဖြစ်နိုင်သေးချေ။
    အထက်ပါ အချက်များကို ကြည့်လျှင် လူတို့အနေဖြင့် ကိုယ့်နာမည်ကို ကိုယ်ပိုင်သည်ဟု အထင်ရောက်နေကြခြင်းမှာ သိပ်သဘာဝမကျလှကြောင်း သိသာနိုင်၏။

                    * * * * *

    ကမ္ဘာပေါ်တွင် နာမည်ကို အတိုဆုံး၊ အရှင်းဆုံး မှည့်ခေါ်တတ်ကြသူများမှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေသာ ဖြစ်သည်ဟု ထင်၏။ အနောက်နိုင်ငံတွေမှာ ပထမနာမည်၊ ခရစ်ယာန်နာမည်၊ မျိုးရိုးနာမည် ဟူ၍ သုံးမျိုးလောက်ပေါင်းမှ နာမည်တစ်ခု ဖြစ်သည်။ အာရှနိုင်ငံတွေမှာလည်း နာမည်တစ်ခုမှာ စကားလုံး လေးငါးလုံးတော့ ပါကြသည်။ ကျွန်တော်တို့ အိမ်နီးချင်းတွေမှာပင် နာမည်တွေက ကျွန်တော်တို့ထက် ရှည်လျားကြသေးသည်။ နာရာဆင်ဟာရောင်း၊ ချာဗလစ်လောင်ချိုင်ယု၊ မဟာသီယာ မိုဟာမက် စသည်ဖြင့်။
    ကျွန်တော်တို့လို နာမည်တိုရှင်းတာဆိုလို့ တရုတ်နိုင်ငံလောက်သာ သတိပြုမိသည်။ ဒါတောင် တရုတ်တွေက နာမည်သုံးလုံးမှည့်တာ များသေးသည်။ ကျွန်တော်တို့ လူမျိုးလို မောင်ဘ၊ မောင်စိန် စသည်ဖြင့် နာမည်တစ်လုံးတည်း မှည့်တာမျိုးကတော့ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမှာမှ ရှိလိမ့်မည် မထင်။
    ဒါကလည်း ကျွန်တော်တို့လူမျိုး၏ စရိုက်သဘာဝနှင့် ဆိုင်ပေလိမ့်မည်။ မြန်မာလောက် အလွယ်ကြိုက်တာ မြန်မာပဲ ရှိသည်။ ကလေးကို နာမည်ပေးရာမှာလည်း လွယ်လွယ်ပဲ ပေးတတ်ကြသည်။ မိုးတွေရွာနေတုန်း မွေးသည့် ကလေးကို မောင်မိုး၊ မွေးမွေးချင်း နီတာရဲလေးမို့ နီတွတ် စသည်ဖြင့် ကြုံသလို မှည့်တတ်သည်။ နောက်မှ ရွာဦးဘုန်းတော်ကြီးက ဗေဒင်ကိန်းခန်းနှင့် တွက်ပြီး မှည့်ပေးသောနာမည်နှင့် ဇာတာဖွဲ့ကြသည်။ ထိုနာမည်မှာလည်း ဇာတာထဲမှာသာရှိ၍ မွေးမွေးချင်းမှည့်သော မောင်ခွေး၊ ဘုတ်ဆုံ ဆိုသော နာမည်မျိုးကသာ တွင်သွားလေ့ရှိ၏။
    တကယ်တော့ မြန်မာတွေမှာ နာမည်မှည့်ပုံစနစ် အခိုင်အမာ ရှိ၏။ နေ့သင့်နံသင့်လည်း ဖြစ်ရမည်။ အတွဲအစပ် ပြုရမည့် နေ့နံလည်း ပါရမည်။ အညွန့်တင်တာတို့၊ မဟာဘုတ်တိုင်နှင့် ညှိတာတို့လည်း လုပ်ရသေးသည်။ ပြီးလျှင် နာမည်ပေး ကင်ပွန်းတပ် မင်္ဂလာလုပ်ပြီး အတည်ပြုရသည်။
    ထို့အပြင် နာမည်နှင့် ပတ်သက်၍ အယူသည်းတတ်တာလည်း ရှိသည်။ နာမည်က စီးလို့ ဒုက္ခရောက်ရတာ၊ ဇာတာခွင်ထဲက အညံ့ပိုင်း နေ့နံကို ထည့်မှည့်မိလို့ မတိုးတက် မကြီးပွားတာ စသည်ဖြင့် အယူအဆ ရှိကြသည်။
    ထို့ကြောင့် တချို့လူတွေက သားသမီး နာမည်ပေးတာကို ဂရုတစိုက် လုပ်ကြသည်။ တတ်ကျွမ်းနားလည်သူတွေနှင့် တိုင်ပင်ပြီး ရွေးကြသည်။
    နာမည်ပေးပုံတွေကလည်း ခေတ်ကိုလိုက်၍ ပြောင်းလဲလာသည်။ မြို့နေ လူတန်းစားများသည် နာမည် နှစ်လုံးသုံးလုံးလောက် မှည့်ရာမှ လေးငါးလုံး တွဲစပ်သည့် နာမည်မျိုး၊ ထူးထူးဆန်းဆန်း နာမည်မျိုးတွေ မှည့်ခေါ်လာကြသည်။ ကျေးလက်တောရွာမှ လူများနှင့် လက်လုပ်လက်စား လူများစုကတော့ ထုံးစံအတိုင်း လွယ်လွယ်ရှင်းရှင်း မှည့်ခေါ်နေကြဆဲပင် ဖြစ်၏။
    တကယ်တမ်းကျတော့ မိဘတွေက အကောင်းဆုံးဖြစ်အောင် ဂရုတစိုက် တွက်ချက်ရွေးချယ်ပေးသော နာမည်တစ်လုံးကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်သူတွေ ရှိသည်။ ထို့အတူ မိဘတွေက ကြုံသလို အလွယ်တကူ ပေးခဲ့သော နာမည်ကို တစ်သက်လုံး အစွန်းအထင်း မရှိအောင် ခဲခဲခက်ခက် ထိန်းသိမ်းသွားသူတွေလည်း ရှိလေသည်။

                    * * * * *

    ကျွန်တော်သည် နာမည်ကြီးပုဂ္ဂိုလ်တွေ ကြားထဲမှာ နေထိုင်ကြီးပြင်း ခဲ့ရခြင်း ဖြစ်၏။ မိသားစု အသိုင်းအဝိုင်းသာမက သူတို့နှင့်ဆက်နွယ်ပတ်သက်နေသော နာမည်ကြီး ပုဂ္ဂိုလ်တွေနှင့်ပါ တွေ့ကြုံခဲ့ရသည်။ သူတို့သည် နာမည်ကလေး တစ်လုံးရဖို့ ကြိုးစားရုန်းကန်ခဲ့ရတာ မြင်ခဲ့ရသည်။ ရလာသော နာမည်ကလေးကို ကြီးလာဖို့၊ ကြီးလာသော နာမည်ကလေးကို ကျော်လာဖို့ ကြိုးပမ်းကြရတာ၊ ကျော်လာသောနာမည်ကို ပြန်မကျအောင် ထိန်းသိမ်းကြရတာတွေ သိနေသည်။
    လူဆိုသည်မှာ နာမည်ကြီးသူတွေကို နှစ်သက်ကြသူတွေချည်း ဖြစ်၏။ တစ်နည်းအားဖြင့် ကိုယ့်ကို လူအများက ဂရုစိုက်တာ ခံလိုကြသူတွေချည်း ဖြစ်၏။ အရပ်ထဲက လူများပင်လျှင် အဝတ်အစား အသစ်ကလေးများ ဝတ်တဲ့အခါ သူများကြည့်တာ ခံချင်ကြသည်။ ဘာအသားလဲ၊ ဘယ်လောက်ပေးရလဲ၊ အဆင်ကလေးက မဆိုးဘူး လို့များ ဝိုင်းပြောလျှင် ဘယ်လောက် ပီတိဖြစ်ရကြောင်း သိကြပါလိမ့်မည်။
    နာမည်ကြီးပုဂ္ဂိုလ်တွေက ဒီထက်ပိုသည်။ သူတို့ကို လူအများက အားပေးချီးမြှောက်ကြတာ၊ မြှောက်စားကြတာ၊ ဂရုစိုက်ကြတာကို အလွန် အရသာတွေ့သည်။ တစ်ပြိုင်နက်တည်းတွင် အားပေးမြှောက်စားမှုကို ဆတက်ထမ်းပိုး တိုး၍ လိုချင်သည်။ လျော့သွားမှာကို စိုးရိမ်သော စိတ်ကလည်း ကပ်လျက်ပါလာသည်။ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု များလာလေ၊ ထိန်းသိမ်း စောင့်ရှောက်ရမည့် တာဝန်က ပိုလာလေဆိုသည့် သဘောပင် ဖြစ်၏။ ပစ္စည်းဥစ္စာ ဆိုတာကမှ ဒရဝမ်ဌားပြီး စောင့်ခိုင်းလို့ ရသေးသည်။ ဘဏ်မှာ အပ်ထားလို့ ရသေးသည်။ အာမခံထားလို့ ရသေးသည်။
    ကြီးလာသော နာမည်တစ်လုံးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ကတော့ ကိုယ်ကိုယ်တိုင်၏ တာဝန်သာ ဖြစ်၏။ ထိုနာမည်ကို သူများဆီ ခဏ လွှဲအပ်ထားလို့ ရတာမျိုးလည်း မဟုတ်။ ခန္ဓာကိုယ်၏ အစိတ်အပိုင်း တစ်ခုလို တွဲလျက်ပါနေခြင်း ဖြစ်၏။ တစ်ခါတစ်ရံကျတော့ အသားပိုတစ်ခုလို ဖြစ်လာတတ်သည်။ တဖြည်းဖြည်း ကြီးထွားလာပြီး ဝန်ထုပ်ဝန်ပိုး တစ်ခုလို ပိလာတတ်သည်။ အင်္ကျီတစ်ထည်လို ချွတ်ချပစ်လို့ရသော အရာမျိုးလည်း မဟုတ်။ အထုပ်တစ်ထုပ်လို ပစ်ချထားခဲ့လို့ ရတာမျိုးလည်း မဟုတ်။
    နာမည်ကြီးပုဂ္ဂိုလ်တို့မှာ သူတို့ကို လူသိများအောင် အပြင်းအထန် ကြိုးစားခဲ့ကြရပြီးမှ လူတောမတိုးဝံ့သည့် အခြေအနေမျိုးကို ကြုံရလေတော့သည်။ လူကြားသူကြားထဲ လျှောက်သွားလို့ကလည်း မဖြစ်။ သူတို့ကို လူတွေမမှတ်မိအောင် နေကာမျက်မှန်ကြီးတွေ တပ်ထားရတာကို ကြည့်ပြီး လောကသဘာဝကို ဘယ်လို နားလည်ရမှန်းမသိ ဖြစ်ရပြန်၏။ သူတို့သည် လူကြားသူကြားထဲ ရောနှော ဝင်ထွက်သွားလာလို့ မရသဖြင့် အသုံးအဆောင် ပစ္စည်း ဝယ်တာမျိုး၊ တော်ရုံတန်ရုံ ကိစ္စမျိုးတွေမှာ တပည့်တွေကို ခိုင်းရသည်။ ဒီလိုနှင့် ကြာလာတော့ သူတို့မှာ ကိုယ်တိုင် ဘာမှ မလုပ်တတ်တော့ဘဲ သူများကို အားကိုးနေရသူများ ဖြစ်လာပြန်လေသည်။
    ကျွန်တော် တက္ကသိုလ်ရောက်ခါစ အရွယ်တုန်းက ရုပ်ရှင်မင်းသားကြီး တစ်ယောက်နှင့် အတူ ရုပ်ရှင် အထူးပွဲပြတာ လိုက်ကြည့်ဖူးသည်။ ထိုရက်မျိုးတွင် မင်းသား၊ မင်းသမီးတွေကို ကြည့်ချင်၊ မြင်ချင်သော ပရိသတ်တွေက ရုံရှေ့မှာ စုဝေး စောင့်ဆိုင်းနေတတ်ကြ၏။
    ရုပ်ရှင်ပြီးလို့ ပြန်ထွက်လာကြတော့ ဝိုင်းအုံကြည့်ရှုကြသည်။ အော်ဟစ် နှုတ်ဆက်ကြသည်။ မင်းသား၊ မင်းသမီးတွေကလည်း တုံ့ပြန် နှုတ်ဆက်ကြ၊ လက်ပြကြ၊ အော်တိုစာအုပ်မှာ လက်မှတ်ထိုးပေးကြ၊ ပြီးတော့ ကျွန်တော်တို့လည်း မင်းသားကြီး၏ ကားပေါ်တက်ကြသည်။ ကားဒရိုင်ဘာက စက်နှိုးသောအခါ နှိုးလို့မရတော့။ စတတ်တာကို အကြိမ်ကြိမ်မွှေ့သော်လည်း စက်ကမနိုး။     ဘက်ထရီအား ကျသွားခြင်းပင် ဖြစ်၏။ ဘာလုပ်ရမှန်း မသိ။ ပရိသတ်တွေကလည်း ကားဘေးက အုံခဲကြည့်နေသည်။ မတတ်နိုင်။ တွန်းနှိုးဖို့ပဲ ရှိတော့သည်။ မင်းသားကြီးကို ဒရိုင်ဘာခုံမှာ ထိုင်ခိုင်းပြီး ကျွန်တော်နှင့် ဒရိုင်ဘာတို့က ကားကို ဆင်းတွန်းကြသည်။
    ပရိသတ် အချို့ကလည်း ဝိုင်းကူတွန်းပေးသည်။ ပေတစ်ရာကျော်ကျော် တွန်းပြီးမှ စက်နိုးသွားသည်။ ပရိသတ်က “ဟေးခနဲ” အော်ဟစ်အားပေးသည်။ ကျွန်တော်တို့ ကားပေါ်တက်ပြီးနောက် ချက်ချင်း မောင်းထွက်သွားလို့ မဖြစ်။ ကိုယ့်ကို ချစ်သော ပရိသတ်၊ ကိုယ့်ကို ကူညီသော ပရိသတ်ကို လက်ပြရလေသည်။ ပရိသတ်များက ပြန်လက်ပြကြသည်။ ခပ်နောက်နောက် လူငယ်တစ်ယောက်က “မင်းသားကြီး၊ ကားကောင်းကောင်းလေး စီးပါဗျ”  ဟု လှမ်းအော်သည်။
    ကာယကံရှင်တော့ ဘယ်လိုနေသလဲ မသိ။ ကျွန်တော်တောင် မျက်နှာတွေ ထူပူပြီး အနေရခက်သွားလေသည်။

                    * * * * *

    တစ်လောက အဆိုတော် “ထား” ၏ “မေတ္တာဟူသည်” သီချင်းကို ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည်။ ကျွန်တော်က စာရေးနေရင်းက ထား၏အသံကို ကြားတော့ ဖောင်တိန်ကို ချထားခဲ့ပြီး ရုပ်မြင်သံကြားစက်ရှေ့မှာ သွားထိုင်သည်။ ကျွန်တော့်ဇနီးလည်း မီးဖိုထဲမှ တည်လက်စဟင်းအိုးကို ထားခဲ့ပြီး ရောက်လာ၏။ အမေကလည်း စိပ်ပုတီးကို လက်မှာ ပတ်လိုက်ပြီး ပက်လက်ကုလားထိုင်မှာ ဝင်ထိုင်သည်။ ကျွန်တော့် သမီးနှစ်ယောက်ကတော့ စိတ်ဝင်စားဟန် မရှိ။ သူတို့ဘာသာ မင်းသား၊ မင်းသမီးတွေ နာမည်ဝှက်တမ်း ကစားနေကြသည်။
    ထားသည် ကျွန်တော်တို့ ငယ်ငယ်ကတည်းက စွဲလန်းနှစ်သက်ခဲ့ရသော နာမည်ကျော် အဆိုတော် ဖြစ်သည်။ သူ၏ “နက်ဖြန် သို့မဟုတ် ဘယ်သောအခါ” သီချင်းမှာ ဆိုဟန်ကအစ ခုထိ နားထဲမှာ စွဲနေတုန်း။ စတီရီယိုခေတ်မှာ လူဖြစ်လာကြသော ကလေးတွေကတော့ ထားကို စိမ်းနေကြပေလိမ့်မည်။ သို့တိုင်အောင် ထား၏ ရိုးသား ကြည်လင်သော အပြုံးနှင့် ကရုဏာသံတို့၏ ဆွဲဆောင်မှုကြောင့် ငါးတန်းကျောင်းသူ သမီးကြီးသည် ရုပ်သံဖန်သားပြင်ကို မော့ကြည့်ဖော်ရလာပြီ။
    သမီးအငယ်မှ လွဲ၍ ကျွန်တော်တို့ မိသားတစ်စုလုံး “မေတ္တာဟူသည်” သီချင်းထဲတွင် နစ်မျောသွားခဲ့ကြ၏။ သီချင်းဆုံးသွားသောအခါ သမီးကြီးက....
    “ကောင်းသားပဲ၊ အဲဒါ ဘယ်သူလဲဟင်၊ စာတန်းထိုးတုန်းက မကြည့်လိုက်ရလို့”
    ဟု မေးသည်။ ကျွန်တော့် ဇနီးက....
    “အဲဒါ အဆိုတော် ထား တဲ့၊ မေမေတို့ ငယ်ငယ်က သူ့သီချင်းတွေ အလွတ်ကျက်ခဲ့ကြရတာပေါ့”
    ကျွန်တော်က....
    “သူက ဇော်ဝင်းထွဋ်ရဲ့ အမေပေါ့”
    ထိုအခါ သမီးငယ်သည် ဆတ်ခနဲ မော့ကြည့်ပြီး....
    “ဟင်၊ ဟုတ်လား၊ ခုန သီချင်းဆိုသွားတာကို မကြည့်လိုက်ရတာ နာတာပဲ”
    ဟု ပြောသည်။ သူက ဇော်ဝင်းထွဋ်၏ ပရိသတ် ဖြစ်၏။ ကျွန်တော့်အမေက ဆက်ပြောသည်။
    “ထားရဲ့ အဖေက ဆရာရွှေတိုင်ညွန့်တဲ့၊ သိပ်နာမည်ကြီးတဲ့ သီချင်းရေးဆရာကြီးပေါ့၊ သမီးတို့ အဘိုး ငယ်ငယ်က ဆရာရွှေတိုင်ညွန့်အိမ်ကို မကြာမကြာသွားပြီး ဆရာ့ဆီက သီချင်းရေးနည်း သင်ခဲ့ဖူးတယ်ကွယ့်”
    ဟု ပြောပြီး ဆရာရွှေတိုင်ညွန့် ရေးစပ်ခဲ့သည့် ယောဆရာကြီး သီချင်းကို တစ်ပိုင်းတစ်စ ညည်းပြသည်။ ကျွန်တော့်သမီး အငယ်မကလည်း အားကျမခံ ဇော်ဝင်းထွဋ်သီချင်းကို ကောက်ကာငင်ကာ အော်ဆိုလိုက်သည်။
    “ငှက်ကလေးများတို့ရယ်၊ မနက်ခင်း မိုးလင်းတိုင်းကွယ်”
    ကျွန်တော် တစ်ခု သွားစဉ်းစားမိသည်။ ကျွန်တော့် အဖေနှင့် အမေသည် ဆရာရွှေတိုင်ညွန့်၏ ပရိသတ်များ ဖြစ်ကြ၏။ ကျွန်တော်တို့ လင်မယားက ထား၏ ပရိသတ်။ ကျွန်တော့် သမီးများက ဇော်ဝင်းထွဋ် ပရိသတ်။
    ဆရာရွှေတိုင်ညွန့်၏ နာမည်ကို သမီးဖြစ်သူ ထားက ဆက်လက် ထိန်းသိမ်းပေးခဲ့သည်။ ထား၏ နာမည်ကို သားဖြစ်သူ ဇော်ဝင်းထွဋ်က ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည်။
    လူတစ်ယောက်၏ နာမည်တစ်လုံးကို ကာယကံရှင် ကိုယ်တိုင်သာမက သူ၏ သား သမီး မြေး မြစ် တို့ကပါ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါကလားဟု တွေးမိလေ၏။

                    * * * * *

    ကျောင်းက ကဗျာရွတ်ဆိုပြိုင်ပွဲမှာ ကျွန်တော့် သမီးနှစ်ယောက်စလုံး ပထမရသည်။ ဆုပေးပွဲ အခမ်းအနားသို့ မိသားတစ်စုလုံး သွားခဲ့ကြသည်။ ကျွန်တော်တို့ လင်မယားမှာ သမီးများအတွက် ဂုဏ်ယူဝင့်ကြွားသော မျက်နှာများနှင့် ကျောင်းအတွင်း ဝင်ခဲ့ကြ၏။ သမီးတို့ ဆရာမများကို နှုတ်ဆက်ပြီးနောက် ဆရာမများက ကျွန်တော်တို့ကို ကျောင်းအုပ်ဆရာမကြီးနှင့် မိတ်ဆက်ပေးသည်။
    “ဆရာမကြီး ဒါ မသူမနဲ့ မယုယတို့ရဲ့ အဖေနဲ့ အမေလေ”
    ကျွန်တော်သည် တစ်နေ့သောအခါ စာရေးဆရာမတစ်ဦး၏ အဖေအဖြစ် နာမည်ကြီးကောင်း ကြီးလာပေလိမ့်မည်။


မင်းလူ
---------------
(ကလျာ မဂ္ဂဇင်း၊
နိုဝင်ဘာ၊ ၁၉၉၄)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...