Thursday, May 23, 2013

“လုပ်သင့်သည်လော မလုပ်သင့်သည်လော………”

James Mint's photo.
Photo: “လုပ်သင့်သည်လော မလုပ်သင့်သည်လော………”

အခုတလော ဖေ့ဘွတ်တွင် အတွေ့ရများသည်မှာ IP Address ကို လိုက်လိုက်ရင် ဘယ်သူဆိုတာ တန်းသိမှာ၊ ဘယ်မှာနေတယ်ဆိုတာ ပြေးမလွတ်ဘူး အစရှိသဖြင့် မြင်ရ ကြားနေရပေသည်….. အထူးသဖြင့် မြန်မာနိုင်ငံလို အဖက်ဖက်က ယို့ယွင်းနေခြင်းအား ပြန်လည်ပြန်ဆင်ရန် မြောက်များစွာ ရှိနေချိန်တွင် အရေးပါသည်ကို မလုပ်၊ အရေးမပါသည်ကို ရှေ့တန်းတင်၍ ဆိတ်ဖမ်းပွဲ လုပ်နေခြင်းမှ အသံများကား ပို၍ညံနေပေတော့သည်….. ဆိတ်ဖွား၏ IP Address ကို သိပီ၊ ဆိတ်ဖွားဘယ်ကဆိုတာ ငြင်းမရတော့ဘူး အစရှိသဖြင့် ကြားနေရသဖြင့် အတော်လေး ရီချင်မိပေသည်…..

IP Address ဆိုသည်မှာ ကွန်ပျူတာများ နက်ဝါ့ချိပ်ဆက်ရာတွင် အသုံးပြုရသည့် အခြားသော ကွန်ပျူတာများနှင့် တူညီမှုမရှိသည့် လိပ်စာတစ်မျိုးဖြစ်သည် ဆိုသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် လှေနံဓါးထစ်နေပုံရသည်…… IP Address ဆိုသည်မှာ ကွန်ပျူတာများ နက်ဝါ့ ချိပ်ဆက်ရာတွင် အသုံးပြုရခြင်း၊ အခြားကွန်ပျူတာတွင် တပ်ဆင် အသုံးပြုသည့် လိပ်စာနှင့် မတူညီရခြင်းမှာ မှန်ပါသည်….. IP Address တွင် Public Address နှင့် Private Address ရှိပါသည်….. လက်ရှိ အိမ်များ၊ ကုမ္ပဏီများ၊ အစိုးရ ရုံးများ၊ ဝန်ကြီးဌာနများသည် ရုံးတွင်း Private IP Address များကို အသုံးပြုကြပီး၊ ၎င်းတို့မှ အင်တာနက်ကို အသုံးပြုလျင် Gateway ဟု ခေါ်သည့် NAT Router များမှတစ်ဆင့် ISP မှ ချမှတ်ပေးထားသည့် Private IP Address များကို အသုံးပြုကာ အဆင့်ဆင့်သော Router များကို ဖြတ်သန်းပြီးသည့်သကာလ၊ နောက်ဆုံးအဆင့်မှ National Gateway မှတစ်ဆင့် သို့မဟုတ်၊ သတ်မှတ်ထားသော Proxy Server များမှ တစ်ဆင့် အင်တာနက်ကို ထွက်သွားခြင်း ဖြစ်ပါသည်…….

အဆိုပါ National Gateway, Proxy Server များတွင်တော့ Public IP ဟုခေါ်သည့် အင်တာနက်နှင့် တိုက်ရိုက်ချိပ်ဆက်သည့် IP Address ကို အသုံးပြုပေသည်….. ဥပမာအားဖြင့် တစ်နိုင်ငံလုံး အသုံးပြုသည့် အင်တာနက်သည် MPT မှ ပရောက်ဇီ ဆာဗာမှ ထွက်သွားပါ၍ ဖေ့ဘွတ်ဆာဗာသို့ သွားသည်ဆိုပါက ဖေ့ဘွတ်အနေဖြင့် တွေ့မြင်မည့် IP Address မှာ MPT ဆာဗာ၏ Public IP Address သာဖြစ်နေပေလိမ့်မည်…… အချို့ကမူ မိမိတို့ အသုံးပြုနေသည့် 192.168.*.* or 170 or 10 အစရှိသည်နှင့် စသည့် IP Address များကို အင်တာနက်မှ မြင်သည်ဟု ထင်ကောင်း ထင်ကြပေမည်….. 

မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် Router အမျိုးအစားများမှာ NAT Router များဖြစ်ခြင်းကြောင့် NAT ဆိုသည့် သဘောတရားအတိုင်း အတွင်းမှ IP Address အားအပြင်မှ မမြင်စေရန် Translate လုပ်သွားသည့်အတွက် Internal တွင် အသုံးပြုသည့် Private IP Address များအား အင်တာနက်မှ မြင်ရမည် မဟုတ်ချေ……. Public IP Address များအား သက်ဆိုင်ရာ နိုင်ငံအလိုက် ဝယ်ယူထားသည့်အပေါ် မူတည်၍ မည်သည့် Public IP Address (Range) သည် ဘယ်နိုင်ငံမှ ဖြစ်သည် ဆိုသည်ကိုမူ အကျမ်းမျဉ်း သိနိုင်ပေသည်….. သို့ဖြစ်သည့်အတွက်ကြောင်း ယခင် စစ်အစိုးရလက်ထက် မြန်မာနိုင်ငံမှ Google Play ဆိုဒ်မှ Application များ ဒေါင်းလုပ်ဆွဲခွင့်မရခဲ့ခြင်း၊ အချို့ဝက်ဘ်ဆိုဒ်များမှ မြန်မာနိုင်ငံမှ ကြည့်လျင် ဘန်းထားခြင်းများ ကြုံခဲ့ရပေလိမ့်မည်……

မိမိလက်ရှိ အင်တာနက်ထွက်နေသည့် IP Address အားသိချင်လျင် http://whatismyipaddress.com/ အစရှိသည့် ဝက်ဘ်ဆိုဒ်များအား ခေါ်ကြည့်လျင် ချက်ခြင်း သိနိုင်မည် ဖြစ်ပေသည်…… မြန်မာနိုင်ငံကဲ့သို့ Public IP အား ပြင်ပကုမ္ပဏီ (အချို့မှအပ) မဆိုထားနှင့်  အစိုးရ ဝန်ကြီးဌာနများနှင့် Sub ISP များပင် သုံးခွင့်မရှိသည့်အတွက် IP Address သိတိုင်း နေရပ်လိပ်စာကို သိသည်ဆိုနေခြင်းမှာ မည်မျှ လွဲမှားနေသည် ဆိုသည်ကို သိရှိနိုင်ပေမည်….. ဤနေရာတွင် တစ်ချိန်က စစ်အစိုးရလက်ထက် အင်တာနက် ပိတ်ဆို့ထားခြင်းကြောင့် ကျော်ခွသုံးခြင်းအား ကျွမ်းကျင်နေသည့် ဆရာသမားများ မပါဝင်သေးချေ……

စစ်အစိုးရလက်ထက် မြန်မာနိုင်ငံရှိ IT သမား အများစုနှင့် အင်တာနက် သုံးစွဲသူ ၉၀ ရာနှုန်းအထက်သည် Your-Freedom ဆော့ဝဲနှင့် အကျွမ်းတဝင်ရှိကြပေသည်…. အဘယ့်ကြောင့်မူ ပိတ်ဆို့ခြင်းအား ကျော်လွှားရန် Proxy Bypass Software များမှာ အခရာကျသောကြောင့်တည်း….. အဆိုပါ Proxy Bypass Software ဖြင့်အင်တာနက် တင်းကြပ်သည့် နိုင်ငံများမှ တရားဝင်ဖွင့်ထားသည့် လမ်းကြောင်းပေးတွင် Tunnel သုံး၍ အခြားနိုင်ငံများရှိ ၎င်းတို့၏ Proxy Server များမှတစ်ဆင့် အင်တာနက်အား ချိပ်ဆက် အသုံးပြုခြင်းကြောင့် Proxy Bypass Software အား အသုံးပြုထားလျင်လည်း အင်တာနက်အသုံးပြုသူအား ခြေရာခံရန် ခဲယဉ်းလှပေသည်……

ပုံမှန် ISP မှ ပေးသည့် အင်တာနက်အား အသုံးပြု၍ Cyber Crime ပြုလုပ်သူသည် ရုံးတစ်ရုံး၏ နက်ဝါ့အား အသုံးပြု၍ ပုဂ္ဂိုလ်ရေး စော်ကားသည် ဆိုပါက အဆိုပါ အသုံးပြုသူကို ခြေရာခံရန် အတော်ခက်ခဲလှပေသည်….. ထိုကဲ့သို့ စစ်ဆေးရန် အင်တာနက်နှင့် ပြည်တွင်းနက်ဝါ့ကြား ပထမဆုံး ခံတပ်ဖြစ်သည့် Proxy Server ပေါ်ရှိ သန်းပေါင်းများစွာသော Logs များထဲမှ ခြေရာခံချင်သူ၏ Internet Activity နှင့်ကိုက်ညီသည့် Logs များအား ရှာဖွေရပေလိမ့်မယ်….. ထိုမှတစ်ဆင့် ရရှိလာသည့် Private IP Address အား မည်သည့်ဆိုဒ်မှ ထွက်ရှိသည်ကို ပြန်လည်စိစစ်ရပေဦးမယ်…. အဆိုပါဆိုဒ်မှနေ၍ နောက်ထပ် Private IP Address ထပ်မံထွက်လာခဲ့သော အဆင့်ဆင့် ပြန်လည် ဆန်းစစ်ရပေမည်….. Dynamic IP သုံးထားပါက DHCP Logs များအား ပြန်လည် တူးဆွရပေဦးမည်…… 

နောက်ဆုံး အဆိုပါ Cyber Crime ပြုလုပ်သူသူ အသုံးပြုနေသည့် ရုံး၏ Router IP Address ကို ခြေရာခံမိသည့်တိုင် မည်သူ၊ မည်ဝါဆိုသည်ကို သိရှိနိုင်ရန် အဆိုပါ Router ရှိ Logs များအား ပြန်လည်တိုက်ဆိုင် စစ်ဆေးရန် လိုအပ်ပေသည်….. ချက်ခြင်း အရေးယူနိုင်ခြင်း မရှိပါက Logs များ၏ သဘောတရားမှာ အချိန်တိုင်း Count တက်နေသည့်အတွက် သတ်မှတ်ထားသည့် Settings ပေါ်မူတည်၍ ရှေးကျသည်များအား Overwrite ဖြစ်သွားလျင် ရှာဖွေရန် ခက်ခဲပေဦးမည်….. ထို့အတူပင် Trace လိုက်သည့် အဆင့်တိုင်းတွင် သက်ဆိုင်ရာ Server များ၊ Router များအား ကြားဖြတ်ကြည့်ရှုခြင်းများ ပြုလုပ်ရန်လည်း များစွာ လိုပေသည်…..

ထိုအခါတွင် မိမိမျက်လုံးထဲတွင် မြင်လာသည်မှာ ဒေါက်တာဆိတ်ဖွားအား ခြေရာခံရန် မြန်မာ့ဆက်သွယ်ရေးမှလည်း ကူညီပေးခဲ့သည် ဆိုသော ဆိတ်ဖမ်းအဖွဲ့ဝင်တစ်ဦး၏ စကားပင် ဖြစ်ပေသည်…. အဆိုပါ စကားအား မိမိကြားမိစဉ်က လွန်စွာပင် အံ့သြတုန်လှုပ်မိပေသည်….. အဘယ့်ကြောင့်မူ ဆိတ်ဖွားအားဖမ်းရန် အဆိုပါ နက်ဝါ့များအား စစ်ဆေးသွားရမည် ဖြစ်သောကြောင့်ပင်တည်း….. ထိုကဲ့သို့သော နက်ဝါ့များအား ဝင်ရောက်စစ်ဆေးသည် ဆိုသည်ကပင် “အများပြည်သူ၏ Privacy အား ချိုးဖောက်ခြင်း” ပင် ဖြစ်နေပေသည်….. သို့ဖြစ်သည့်အတွက် ဒေါက်တာဆိတ်ဖွား မည်မျှ ကြီးမားသည့် ရာဇဝတ်မှုကြီးကျူးလွန်သနည်းဟု မေးစရာ ရှိလာပေသည်……

ဆိတ်ဖွားသည် လွှတ်တော်ကို ဝေဖန်ခဲ့ပေသည်….. သူဝေဖန်သည့်အတိုင်း မှန်သည် မမှန်သည်ကို လူအများလည်း သိရှိကြပေသည်….. လွှတ်တော်ရှိ လူကြီးမင်းများအနေဖြင့် မိမိတို့ လုပ်ကိုင်နေသည်များသည် တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိသည်၊ မရှိသည့်အပေါ် ပြည်သူများ သဘောထား မည်သို့ထားသည်ကို စစ်တမ်း ကောက်ကြည့်သင့်ပေသည်…. ရရှိလာသည့် ရလာဘ်အား အရှိအတိုင်းလက်ခံ၍ မိမိတို့၏ အနေအထားအား ပြန်လည် ဆန်းစစ်သင့်ပေသည်….. အမှားရှိနေ၍ အမှားထောက်ပြလျင် အမှန်ကို ပြင်ယူရမည်မှာ ဓမ္မတာပင်တည်း….. ယခုမူ မဝေဖန်နှင့် ဝေဖန်သူ အရေးယူပစ်မည် ဆိုသည်မှာ မြန်မာနိုင်ငံကဲ့သို့ ဒီမိုကရေစီ ခရီးကြမ်းအား လျှောက်လှမ်းမည့် နုနုနယ်နယ် လူမမာအား စစ်အစိုးရလက်ထက်ကကဲ့သို့ ဖိ၍ခြိမ်းခြောက်ခြင်းနှင့် တူလှပေသည်……

မကြားသေးခင်က လွှတ်တော်နှစ်ပါတ်လည်တွင် လွှတ်တော် ဥက္ကဌကြီးမှ ကျေးဇူးတင်စကား ဆိုခဲ့ရာတွင် လုံခြည်ဝတ်ရတာ အချိုးမကျခြင်းအား ထောက်ပြသောကြောင့် လုံခြည် အဆင်ပြေပြေ ဝတ်လာနိုင်သဖြင့် အဆိုပါ ပုဂ္ဂိုလ်များအား ကျေးဇူးတင်ရှိကြောင်း၊ လွှတ်တော်တက်လာသည့် နှစ်များတွင် ကိုယ်အလေးချိန် သိသိသာသာ တိုးလာသည့်အတွက် အစားအသောက် စီမံ၍ ကြွေးမွေးဧည့်ခံသော ACE နှင့် ကုမ္ပဏီအား ကျေးဇူးတင်ရှိကြောင်း အစရှိသဖြင့် သိလိုက်ရချိန်တွင် ပါးစပ်အဟောင်းသား ဖြစ်မိပေသည်….. လွှတ်တော် ဥက္ကဌကြီး၏ သူတစ်ထူး ကျေးဇူးသိတတ်ခြင်းအားလည်း မှတ်တမ်းတင်မိပေသည်…….

သို့ရာတွင် လွှတ်တော်ဥက္ကဌကြီး သတိမမူသဖြင့် မမြင်ခဲ့သော ဂူအားလည်း ထောက်ပြချင်ပါသေးသည်…. ထိုအရာကား ပြည်သူဆိုသော ကျေးဇူးတင်ထိုက်သူများပင်တည်း….. ယနေ့ မြန်မာနိုင်ငံကဲ့သို့ တရားဥပဒေ ကောင်းမွန်စွာ မဖြန့်ကျက်နိုင်သေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အဖက်ဖက်တွင် အားနည်းနေချိန်၊ ခိုင်မာသည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေ လိုအပ်နေချိန်၊ ပြည်တွင်း စီပွားရေး လုပ်ငန်းများအား အကာအကွယ်ပေးရန် လိုအပ်နေချိန်၊ ပြည်တွင်း အလုပ်သမား၊ လယ်သမားများ ဘဝအာမခံချက်အတွက် လိုအပ်နေချိန်၊ ခိုင်မာသည့် တရားရေးမဏ္ဍိုင် ဖြစ်ပေါ်စေရန်အား လွှတ်တော်မှ အားထုတ်ခြင်းဖြင့် ပြည်သူလူထုတည်းဟုသော ကျေးဇူးတင်ထိုက်သူများအား ကျေးဇူးဆပ်ခြင်း ဖြစ်ပါလိမ့်မည်ဟုသာ ဆိုချင်ပါသည်…… ယခုမူ အဆိုပါ အရေးကြီးသည်များ ပြစ်ပယ်၍ ဆိတ်ဖမ်းနေခြင်းမှာ အတော့ပင် မဖြစ်သင့် မဖြစ်ထိုက်ဟုသာ ဆိုချင်မိပေသည်…..

ထို့အတူပင် ဆိတ်ဖမ်းခြင်းဖြင့် ပြည်သူလူထု၏ အဓိက သုံးစွဲနေသည့် အင်တာနက်မှ Logs များ Records များအား မွှေနှောက်ရှာဖွေခြင်းသည် ဒီမိုကရေစီခေတ်တွင် မည်သူ၏ ခွင့်ပြုချက်နှင့် ပြုလုပ်သနည်းဟုသော နိုင်ငံသား တစ်ယောက်အနေဖြင့် မေးသည့် မေးခွန်းအပေါ်တွင်လည်း အဖြေကို တိတိကျကျ သိလိုပေသည်…. 

အချုပ်အားဖြင့်ဆိုသော IP Address သိတိုင်း မည်သူမည်ဝါ မည်သည့်နေရာမှ ဟု တစ်ထစ်ချ ပြောဆိုရန်မှာ နံကြားထောက် ပြောဆိုသကဲ့သို့ မလွယ်ကူခြင်း၊ ထိုကဲ့သို့ ပြောဆိုနိုင်ရန် အများနှင့် သက်ဆိုင်သည့် အချက်အလက်များမှ ဖောက်ထုတ် စိစစ်ရခြင်းများကြောင့် ဒီမိုကရေစီဟု ကြွေးကျော်နေသည့် ခေတ်တွင် လွန်စွာမှပင် မလျော်ညီသည့် လုပ်ရပ်ဖြစ်ကြောင်းကိုမူ နိုင်ငံသားတစ်ယောက်အနေဖြင့် အသိပေးချင်မိပေတော့သည်…….

  1 comment:

  1. လွှတ်တော်က ပညာရိကြီးများ ဒီဆောင်းပါးကို အခါတစ်သိန်းလောက် ဖတ်ဖို့ကောင်းတယ်။ အဲဒီဆိတ်ဖမ်းပွဲမှာ အင်အယ်ဒီက အမတ်ကလည်း ၀င်ပြီး အာလိုက်သေးတယ်။ အလုပ်သဘောမို့ ၀င်ပါပေးရတာမျိုးကို နားလည်ပေးလို့ရတယ်။ ဒါပေမယ့် အဲဒီလို မဟုတ်ဘူး။ ဒီနေမှာ အဲဒီ အမတ်ရဲ့စိတ်နေစိတ်ထား ခံယူချက်နဲ့ ဆိတ်လစိ အရည်အချင်းတွေ ပေါ်လာတာပဲ။ ဒီမိုကရေစီသက်တမ်းက နုသေးလို့ပါဆိုတာကို နားလည်ပေးလို့ရတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရကို နားမလည်နိုင်တာကတော့ ဘယ်လိုမှ နားလည်ပေးလို့ မရဘူး။

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...