တောင်ရိုးရွာကျောင်းလေးက ဆရာမဘ၀သို့ ပြန်လည်တမ်းတခြင်း (ပထမပိုင်း)
ကျွန်မတာဝန်ကျခဲ့တဲ့ရွာလေးနာမည်က
တောင်ရိုးအမည်နဲ့ဆောင်းပွက်ရွာ ပါတဲ့။ ကလောမြို့နယ်နဲ့ ပင်လောင်းမြို့နယ်
နယ်စပ်မှာရှိတဲ့ကလောမြို့နယ် နန်းတိုင်း ကျေးရွာ အုပ်စုထဲက ရွာကလေးပါ။
ကလော(အောင်ပန်း) ကနေပင်လောင်းသွားတဲ့ လမ်းပေါ်မှာ ရှိတဲ့ နန်းတိုင်းဆိုတဲ့
ရွာကနေ အတွင်းဘက်ကို ၃မိုင်ကျော် ၄ မိုင်လောက် သွားရပါတယ်။
လှည်းလမ်းပဲရှိတာပါ။ အိမ်ခြေ ၇၀လောက်ပဲ ရှိတဲ့ရွာလေးပါ။ အဲဒီရွာလေးက
ကျောင်းမှာ မူလတန်းကျောင်းအုပ်အဖြစ် တာဝန်ထမ်းဖို့ ၉.၆.၁၉၈၅ မှာ ရောက်သွားခဲ့တာပါ။
ကျွန်မ စာသင်ရတဲ့အခြေခံ ပညာ မူလတန်း ကျောင်းလေးက ဆောင်းပွက် (အလယ်ရွာ)မှာ ရှိတဲ့ ဘုန်းကြီးကျောင်းကဇရပ်ကို ကျောင်းအဖြစ် သတ်မှတ်ထား တာပါ။
ထင်းရှုးပျဉ်ကာ သွတ်မိုး၊ မြေကြီးကအမြင့် ၃ ပေလောက်မှာ ပျဉ်ခင်းထားတဲ့ အဆောက်အဦးလေးပါ။ အကာအရံ အကုန်မရှိပါဘူး။ နံရံ သုံးဘက်ပဲ ရှိတာပါ။ ဘုန်းကြီးကျောင်းက ဇရပ်ဖြစ်လို့ နံရံက မျက်နှာစာ ဖက်မှာ လုံးဝမရှိပါဘူး ။ အဲဒီထဲမှာပဲ သူငယ်တန်းကနေ စတုတ္ထတန်း အထိ အတန်းအကုန်စာသင်ပါတယ်။ Hall type ဖြစ်လို့ ဆရာ/ကျောင်းသား အားလုံး တစ်ယောက်နဲ့ တစ်ယောက် လှမ်းကြည့်ရင် မြင်နိုင်ပါတယ်။ အခုခေတ်စကားနဲ့ ဆိုရင်တော့ ပွင့်လင်းညင်သာ ရှိတာ ပေါ့နော်။
စာသင်ကျောင်းနဲကျွန်မ နေတဲ့ ဆောင်းပွက် (မြောက်ရွာ) ရွာစုကလေးက မိနစ် ၂၀ လောက် လမ်းလျောက်ရ ပါတယ်။ ကျောင်းဖွင့်ရက် မနက်ဆို ကျွန်မ နေတဲ့ရွာက ကျောင်းသား/သူ လေးတွေက ကျောင်းသွားဖို့ဆရာမကို လာကြိုကြတဲ့အခါ ကျွန်မက ထမင်းချိုင့် ရေဗူး စတာတွေ ထည့်ထားတဲ့ဆွဲခြင်းလေးကို ကလေးတွေနဲ့ ထည့်ပေး လိုက်ပါတယ် ။ ကျွန်မကတော့ သားလေး @Oakker Seithu ကို ကျောပိုးပြီး လမ်းလျောက်ရတာပေါ့။ မိုးတွင်းဆိုလမ်းကရွံ့တွေ ချောလွန်းလို့ ဖိနပ်စီးလို့ မရပါဘူး။ ကျွန်မရဲ့ဖိနပ်ကို ပလပ်စတစ် အိပ်ထဲထည့်ပြီး ကလေးတွေ ကြိုယူသွားတဲ့ ဆွဲခြင်းထဲကို ထည့်ပေးလိုက် ရပါတယ်။ ကျောင်းရောက်မှ ဘုန်းကြီးကျောင်းက ရေတွင်းမှာ ရွံ့တွေပေနေတဲ့ ခြေထောက်ကိုဆေးပြီး ဖိနပ်စီးရတာပါ။ ကလေးတွေကတော့ ဖိနပ်စီးနိုင်တဲ့သူ ရှိသလို မစီးနိုင်တဲ့သူလဲ ရှိပါတယ်။မိုးရွာရင်တော့ သူတို့က မိုးကာလို့ခေါ်တဲ့ ပလပ်စတစ် လေးထောင့်စကို ခေါင်းပါအုပ်လို့ စောင်ခြုံသလို ခြုံသွား ကြတာပါ။ ကျွန်မတို့ တပည့်တွေက မိုး နည်းနည်းစိုလို့ကတော့မဖျားတတ်ကြပါဘူး။
ကလေးတွေဝတ်ထားတဲ့ အင်္ကျီလေးတွေက ကြယ်သီးစုံတဲ့ အင်္ကျီရှားပါတယ်။ ဈေးချုပ် ရောင်းတမ်းတွေပဲဝယ်ဝတ်ကြတာ ဆိုတော့ ကြယ်သီးတွေက ပြုတ်လွယ်ပါတယ်။ ကလေးအများစုက အင်္ကျီရှေ့ကွဲ ဗိုက်ပေါ်လေးတွေနဲ့ တီရှပ် တိုနံ့နံ့လေးတွေနဲ့ပါ။ ဆောင်းတွင်းဆိုလဲ ဘယ်လောက် အေးအေး အနွေးထည်တစ်ထည် ၀တ်လိုက်ရင် သူတို့အတွက် လုံလောက်ပါပြီ။
ကလေးတွေကလဲရွာက ကလေးတွေဆိုတော့ မချမ်းသာ ကြပါဘူး။ ကျောင်းဝတ်စုံရယ်လို့လဲ ၀တ်ကြတာ မဟုတ်ပါဘူး။(ကျွန်မတို့ ဆရာမတွေတောင်မှ လုံချည်စိမ်းပဲ ၀တ်ကြတာ အင်္ကျီက ၀တ်ချင်တာ ၀တ်ပါပဲ)။လုံချည်စိမ်းတောင်မှ ရွာသား မဟုတ်တဲ့ လူစိမ်း လာရင် ဆရာမမှန်း သိအောင်လို့ပါ။ ကလေးတွေမှာ ရေးစရာ စာအုပ် ဆိုလဲ လုံလောက်အောင်မရှိကြပါဘူး။ ကျွန်မတို့ ဆရာမတွေကလဲ ငမွဲတွေဆိုတော့ ၀ယ်မပေးနိုင် ပါဘူး။ သူတို့ စာအုပ်ကုန်သွားလို့ဝယ်လဲ မ၀ယ်နိုင်သေး ( ၀ယ်စရာ ဆိုင်ကလဲ မရှိ၊ ငါးရက်တစ်ဈေး ဈေးနေ့ ရောက်မှ စာအုပ်ရောင်းတဲ့ ဈေးသည်ကလာမှာဆိုတော့) ရေးစရာ မရှိတော့ရင် ဆရာမတွေကသူတို့စာအုပ် ရှေ့ပိုင်းက ရေးပြီးသားတွေကို ခဲဖျက်နဲ့ ဖျက်ပေးကြရပါတယ်။ ခဲရာတွေကိုသာ ဖျက်လို့ ရတာ မှင်နီရာတွေကဖျက်မရပါဘူး။ ကလေးတွေကလဲ အဲလို ဖျက်ပြီးသားပေါ် ထပ်ပြန် ရေးရလို့လဲ စိတ်မပျက်ကြ ပါဘူး။
ဒါပေမယ့် ကျောင်းသား၅၀% လောက်ကတော့သူတို့အိမ်မှာ အလုပ်ရှိရင် ကျောင်းခဏ ခဏ ပျက်ကြတာပါပဲ။ သူတို့လေးတွေ ကျောင်းပျက်တာကြာလာပြီဆိုရင် ကျွန်မတို့ ဆရာမတွေမှာ သူတို့ရှိရာကို လိုက်ခေါ်ကြ ရပါတယ်။ တောရွာကကလေးတွေက မြို့ပေါ်က ကလေးတွေလို မဟုတ်ပါဘူး။ မိဘရဲ့ ဘ၀ အခြေအနေကို နားလည်ကြပါတယ်၊မိဘအလုပ်ကို စိတ်ပါလက်ပါနဲ့ လိုလိုချင်ချင်ကို ကူညီကြတာ တွေ့ရပါတယ်။ တစ်ဦးနဲ့တစ်ဦးလဲ သင့်မြတ်အောင် နေတတ်ကြ ပါတယ်။ ကျောင်းမှာ ကလေးတွေ ကိုယ်ထိ လက်ရောက် ရန်ဖြစ်လို့ဖြေရှင်းရတယ် ဆိုတာ မရှိပါဘူး။
ရေရှားတဲ့တောင်ပေါ်ရွာဖြစ်လို့ ကျွန်မတို့ အိမ်အတွက် သောက်ရေ သုံးရေကို ရွာက ရေစည်လှည်းနဲ့အလှည့်ကျ ခပ်ပို့ပေးပါတယ်။ အိမ်မှာ ရေကုန်ရင် ရွာလူကြီးကို သွားပြော ရတာပါ။ ရွာမှာပိုက်ဆံရှိတဲ့ အိမ်မှ ရေစည်လှည်း ရှိတာပါ။ ရွာလူကြီးက ရေစည် အလှည့်ကျတဲ့ အိမ်ကိုအကြောင်းကြား ပေးလိုက်ရင် နောက်နေ့ မနက်ကျွန်မ အိပ်ယာကတောင် မထသေးဘူး ရေလှည်းကအိမ်ရှေ့ ရောက်နေပြီ။ ရေတွေ စဥ့်အိုးထဲ ပြောင်းထည့်နေသံ ကြားမှ ကျွန်မမှာအိပ်ယာထဲက အပြေးအလွှား ထရတာပါ။ တကယ့်ကို ၀ီရိယ ကောင်းကြပါတယ်။ နွေဦး ရာသီထင်းခုတ်ချိန် ရောက်ရင်လဲ တစ်အိမ် ထင်းတစ်ထမ်းကျ ဆရာမ အိမ်က ထင်းစင်ဆီကိုလာပို့ကြတာပါပဲ။ တစ်နှစ်စာ လုံလောက်ပါတယ်။ ကျွန်မက ထင်းမီး ကောင်းကောင်း မမွှေးတတ် မီးမမှုတ်နိုင်မှန်းသိလို့ ကျွန်မအတွက် ထင်းဆို မီးတောက်ကောင်းတဲ့ ထင်းကောင်းကောင်း လေးတွေ ရွေးပို့ ပေးကြ ပါတယ်။ ကျောင်းက ဆရာမ ၃ယောက်ကိုတစ်ယောက် ရွာလေး တစ်ရွာစီက တာဝန်ယူ ကြတာပါ။ အဲလို တာဝန်ယူတာ ကလဲ သူတို့ သဘောကျတဲ့သူတို့ရွာနဲ့ အဆင်ပြေတဲ့ ဆရာဆိုမှ တာဝန်ယူ ပေးတာပါ။ သူတို့ရွာမှာ ကြာကြာမနေပဲ ပြန်ပြောင်းသွားမှာ စိုးရိမ်ကြလို့ပါ။
အ၀တ်လျှော်၊ရေချိုးဖို့ အတွက် ကတော့ ကျွန်မ နေတဲ့ ရွာကနေ အသွား တောင်ဆင်းခရီး နာရီဝက်၊ အပြန် တောင်တက်မို့ ၄၅ မိနစ် လောက် ခရီးရှိတဲ့ ရေထွက် အထိသွားရတာပါ။ ရေထွက်မှာ အ၀တ်လျှော်/လှန်း၊ ရေချိုးပြီးအ၀တ်တွေ ခြောက်မှ ရုတ်ပြီး ပလိုင်းထဲ ခေါက်ထည့် ပလိုင်းကို ခေါင်းမှာလွယ်လို့ တောင်အတက်ကြီး ပြန်တက် လာရတာပါ။ ရေချိုးပြီး ပြန်အလာ အိမ်ရောက်ရင်ချွေးတောင် စို့ချင် နေပါပြီ။ မိုးတွင်းဆိုရင် အဝေးကြီးသွားရမှာ ပျင်းတဲ့ကျွန်မကတော့သက်ကယ်မိုးက ကျတဲ့ ရေတွေ ခံထားပြီး အ၀တ်လျှော် ရေချိုး လုပ်တာပါပဲ။
ကျွန်မကတော့ကျောင်းပိတ်ရက်ဆို ရွာသူ/သားတွေနဲ့ အာလူး လိုက်တူး၊ မြေပဲ လိုက်နုတ်၊ တောင်ပေါ်တက် မှိုရှာ မျှစ်ချိုးနဲ့ လုံးဝကို စိတ်ညစ်ဖို့ သတိမရခဲ့ပါဘူး။ ပျော်စရာ တကယ် ကောင်း ပါတယ်။ ကျောင်းပိတ်ရက် ရွာနားကရေထွက်မှာ အ၀တ်လျှော်ဖို့ သွားရင်း တပည့်တွေ ရေမြောင်း ပိတ်ပြီး ငါးပက်နေတာ တွေ့ရင် ကျွန်မကတော့ ငါးဝင်ဖမ်းတာပဲ သိလား။ အဲဒီ အချိန်မှာတော့ သူတို့က ဆရာ ပြန်ဖြစ်သွား ပြန်ရော။ ငါးရံ့ဆို ဘယ်လို ဖမ်းရတယ်၊ ငါးသလဲထိုးဆို ဘယ်လို ဖမ်းရတယ် ဆိုတာတွေ အဲဒီအခါကျမှ ကျမသိရတာပါ။ ငါးကလဲ အများကြီး မရပါဘူး။ ရေထဲကငါးအရှင်ကို ဖမ်းရတာ သိပ်မလွယ်လှ ဘူးလေ။ ကျွန်မက ၀ါးတောထဲမှာ မျှစ်ချိုးရတာ ကိုလဲ သိပ်ပျော်တာပါ။ ကျောင်းပိတ်ရက် ဆိုတောင်ပေါ်တက် မျှစ်ချိုးပြီး ဈေးနေ့မှာ လူကြုံနဲ့ ကလောက မိဘတွေအိမ်ကို ပို့ပေးပါတယ်။ ကလောက အိမ်နီးနားချင်း တွေလဲ ဝေစားရအောင် ဆိုပြီး များများ ပို့ပေးတာပါ။ ခဏခဏ ပို့ပါများ လာတော့ မေမေ့ဆီက order လာပါတယ်။ နောက်ဈေး မျှစ်မပို့နဲ့တော့တဲ့….:P
ကျောင်းပိတ်ရက်တစ်ရက်မှာပျင်းလို့ ဘာလုပ်ရမှန်း မသိတာနဲ့ ကျွန်မတို့ ဆောင်းပွက် မြောက်ရွာက ရွာလူကြီးအိမ်ကို သွားလည်ရင်း ဘာစာအုပ် ဖတ်စရာရှိလဲလို့ မေးတော့ ဦးပဉ္စင်း လူထွက်ရွာလူကြီးက ပါတိမောက်ပဲ ရှိတယ် ဆရာမတဲ့။ ကျွန်မကလဲ ရတယ် ဖတ်စရာဆို ရပြီ ဆိုပြီး ငှားလာပြီးဖတ်ဖြစ်သွားပါတယ်။ စာအုပ်က အထူကြီးရယ် ထုကတစ်လက်မတောင် မကလောက် ပါဘူး။ သံဃာတော်တွေ လိုက်နာ ရမယ့် ၂၂၇ သွယ်သော သိက္ခာပုဒ်တွေ အပြင် သီလရှင်ဆရာလေးတွေ လိုက်နာရမယ့် စည်းကမ်းတွေပါ ပါတာပါ။ တစ်ချို့ စည်းကမ်းတွေက အံသြစရာပါ။ မထင်မှတ်ပဲ ဗဟုသုတတစ်မျိုး တိုးသွားတာ ပါပဲ။
ဆောင်းတွင်းစပါးပုတ်( စပါးရိတ်) တဲ့အချိန်ဆိုရင် ကျွန်မတို့ ဆရာမတွေ ညနေစာ ချက်စရာ မလိုပါဘူး။ စပါးပုတ်တဲ့အိမ် ( စပါးခင်းပိုင်ရှင်) ကစပါးပုတ်ကူတဲ့ သူတွေကို ထမင်းကျွေး တာပါ။ ကျွန်မတို့ ဆရာမတွေက အားနာလို့ ထမင်းလာ မစားရင်အိမ်ရှင်က မျက်နှာ မသာပါဘူး။ သူတို့ထမင်းကို လာစားမှ ကြိုက်တာပါ။ ဟင်းကတော့ သိပ်အကောင်းကြီး မဟုတ်ပါဘူး။ တောင်ရိုးလို ပဲထွန်လို့  ခေါ်တဲ့ ပဲခြမ်းဟင်းရည်ကိုဆေးခါးမှုန့် ခတ်ထားတဲ့ ဆေးခါးဟင်းရည်၊ ငါးဖယ်အောင်း ငါးပိကောင် ဒါမှမဟုတ် အင်းငါးပိကောင်ကိုကြော်ထားတဲ့ ငါးပိကောင်ကြော် နဲ့ ငြုပ်သီးခြောက် အတောင့်ကြော်၊ အများအားဖြင့် ဒီသုံးမျိုးပါပဲ။ တစ်ခါတစ်ရံ နည်းနည်း အဆင်ပြေတဲ့ အိမ်တွေကတော့ပဲလုံးဆေးခါးဟင်း အစား ၀က်သားနဲ့ကျောက်ဖရုံသီး ဟင်းရည် ချက်ကျွေး တတ်ကြ ပါတယ်။ (အဲဒါလဲ အလွန်ဆုံး ၂ အိမ်လောက်ကပဲ ကျွေးနိုင်ကြတာပါ)။
နောက်စပါးရိတ်တဲ့ လယ်တွေ ယာတွေက ရွာနဲ့ ဝေးတော့ အလုပ်လုပ်ရတဲ့ သူတွေလဲ တကယ်ကို ပင်ပန်းပါတယ်။ စပါးကို ရိတ်ပြီးတာနဲ့ စပါးနှံတွေကိုစပါးကွင်းနားမှာတင် ဖျာကြမ်းခင်း ဖျာအလယ်မှာ ကျောက်တုံးကြီးတွေ တင်ထားပြီး ကျောက်တုံးကြီးတွေပေါ် လက်တစ်ဆုတ်စာ စပါးနှံစည်းတွေကို ရိုက်ရိုက်ပြီး တစ်ခါထဲ စပါးစေ့တွေ ခြေ၊ွနောက်ညနေ ရောက်တော့ အိမ်အရောက် သယ်ပြန် လာကြပါတယ်။ စပါးခင်းတွေက ရွာကနေ တောင်တွေ ကျော်သွားရတဲ့နေရာတွေမှာ ရှိရင်၊ လှည်းလမ်းလဲ မပေါက်ရင် လူကိုယ်တိုင် ထမ်းသယ်ကြရ တာပါ။ကျွန်မဆိုအဲဒီတောင်ကြားက လယ်တွေဆီ ဝေးလွန်းလို့ တစ်ခါမှကို မရောက်ဖူးခဲ့ပါဘူး။
တကယ့်ကိုပင်ပန်းတဲ့အလုပ် ဆိုတော့ညနေ ထမင်းပွဲမှာ လူတိုင်းကို အရက်ပါ တိုက်တာပါ။ အလုပ်လုပ်ကူတဲ့သူ မှန်သမျှ ကျား၊မ ( ၁၂/ ၁၃နှစ် အရွယ်တွေပါ) အကုန် သောက်ကြတာ ပါပဲ။ သူတို့ကအရက်ကို မြို့မှာ သောက်ကြသလို အချိန်ဆွဲ သောက်တာမျိုး သောက်တာမဟုတ်ပါဘူး။ ရွာကချက်တဲ့ ဆန်အရက်ကို အရက်ပုံးထဲကနေ ခွက်ထဲ လောင်းထည့်၊တစ်ကြိုက်ထဲ မော့သောက်ပြီး ထမင်းတန်းစား ကြတာပါပဲ။ ဘာရမလဲ ကျွန်မတို့လဲအခါးရည်ခွက်ထဲ ထည့်ပြီး တွယ်ကြ တာပါပဲ။ ထမင်းစားပြီးရင်တော့ မူးနေတဲ့ အဖွားကြီးတွေက တောင်ရိုးသီချင်း ပအိုဝ့်သီချင်းတွေ ဆိုပြီးကကြ၊ကျွန်မတို့တွေ ကတော့ အရှိန်ကလေးနဲ့ ကိုယ်ရတဲ့ သီချင်းတွေဆို လိုက်ဆိုကြ၊တ၀ါးဝါးရယ်ကြနဲ့ တကယ့်ကို ပျော်စရာ ကောင်းတာ ပါပဲ။
တောရွာက ကျောင်းလေးတွေမှာ ဆရာမလုပ်ရတာ နေထိုင် စားသောက်ရတာ ပင်ပန်း ဆင်းရဲပေမယ့်နေတတ်ရင် စိတ်ဆင်းရဲစရာ ကတော့ မရှိသလောက်ပါ။
(ဖတ်စရာတွေ သိပ်များလာရင်ငြီးငွေ့သွားမှာစိုးလို့ အခုတော့ ဒီလောက်ပါပဲ … အရေးအသားနဲ့ သတ်ပုံမှားတာတွေ ပါရင်လဲခွင့်လွှတ်ပါနော…… ကျေးဇူးပါ။)

0 comments:
Post a Comment