“မရွဲ့မစောင်း အိုးထိန်းမောင်းသို့”
ကိုယ်တို့ မြန်မာနိုင်ငံကြီးရဲ့ သူများနဲ့မတူ တမူထူးခြားတဲ့
အံ့ဖွယ်သုတတွေထဲမှာဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆယ့်ငါးနှစ်တိုင်တိုင်
ရေးဆွဲခဲ့ရတယ် ဆိုတာလည်း ပါပါတယ်။ ဒါတောင် အခုမှ စရေးဖူးတာ မဟုတ်ဘူး။ ၁၉၄၇
တုန်းက ဗိုလ်ချုပ်အောင်ဆန်းတို့ စပြီး ဆွဲခဲ့တာကပါလီမန်ဒီမိုကရေစီ။ ၁၉၇၄
မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးနဲ့ အတည်ပြုခဲ့တာကတော့
ဆိုရှယ်လစ်ဒီမိုကရေစီ။ ဒေါက် တာမောင်မောင်ရဲ့ လက်ရာ လို့ဆိုတယ်။ ကိုယ်တွေက
ကလေးပဲရှိသေးပေမယ့်
ခေါင်းလောင်းဘောင်းဘီမချွတ်တဲ့ အောင်ကိုလတ်ကြီးက ချက်ချင်း တိုက်ပုံတွေဘာတွေ ကောက်ဝတ်ပြီး “မဲရုံ မဲရုံကိုလ တပြည်လုံးကျွတ်ဆန္ဒနဲ့” လို့ ဂီတာသံလေးပေးတော့စတိတ်ရှိုးပါမစ်တွေ ပြန်ရသွားတာ မှတ်မိတယ်။
ကျိုက္ကဆံကွင်းက ဂီတပဒေသာပွဲတွေမှာတောင် စတူရီယိုလူငယ်များတေး ဆိုပြီးနေရာပေးလာခဲ့တယ်။ ဒီဇာတ်လမ်းကို သူ့သား ဂျေးမီတို့ခေတ် ၂၀၀၈ မှာလည်း တစ်ခါ ပြန်ပြီးတသစ်ဆန်းခဲ့ပြန်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလပ်ကို ပယ်ဖျက်ချင်တဲ့အခါကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပဲ သေသေချာချာ ရေးဆွဲထားတာ မရှိလို့ တရားမ၀င်သလိုလို ဘာလိုလို၊
အဲဒါကြီး မရှိပဲနဲ့ ဘာနဲ့ဘယ်လိုအာဏာလွှဲပေးလို့ ရမှာလဲ ဆိုတဲ့ ဇာတ်ညွှန်းကို ပြောင်းရေးကြတယ် ထင်တယ်နော်။ ဘာပဲဖြစ်ဖြစ်အဲသဟာကြီးကလည်း ကိုယ်သာ နားမလည်ပါးမလည်မို့ ဘာမှန်းမသိတာ။ တကယ်တော့ နိုင်ငံတစ်နိုင်ငံအနေနဲ့အစိုးရအဖွဲ့တစ်ဖွဲ့ ဖွဲ့တော့မယ်ဆိုရင် မရှိမဖြစ် လိုအပ်တာကြောင့် ကြာချင်သလောက်ကြာ တတ်သိနားလည်တဲ့ ပညာရှင်တွေနဲ့ စံနစ်တကျရေးဆွဲခဲ့ရတာ မမှားပါဘူး။ ခက်တာက အဲသလောက် ကာလရှည်ကြာရေးဆွဲခဲ့ပြီးတာတောင်မှပဲ လက်တွေ့ကျင့်သုံးကြည့်တဲ့အခါ ထပ်မံ၍ ဖြည့်စွက် ပြုပြင်စရာတွေအများကြီး ရှိနေတယ်လို့ စကားသံတွေ ထွက်လာပါတယ်။
ဒီအထိကတော့ သဘောမတူနိုင်စရာအကြောင်း မရှိသေးပါဘူး။ လှေနံဓါးထစ်ထားမယ့်အစား ပွဲတွေ့အမှားတွေကို နောက်တစ်ကြိမ်ထပ်မမှားအောင်ပြင်ဆင်တယ်ဆိုတာ ဖြစ်သင့်ဖြစ်ထိုက်တာပဲ မဟုတ်လား။ ဒါပေမယ့် ဘွားတော်ကြီးကို သမ္မတတင်လို့ရအောင်ပြောင်းပေးရမှာပေါ့ ဆိုတဲ့ စကားမျိုးကတော့ စိတ်ထဲမှာ ရှိနေရင်တောင် မပြောသင့်တာ အမှန်ပါ။ သူများနိုင်ငံက လူတွေ ကြားရင် အင်မတန် ရှက်စရာကောင်းတာကိုး။ အခြေခံဥပဒေဆိုတာ နိုင်ငံတော်အတွက်ပြည်သူတွေ အတွက်ဆိုတာကလွဲရင် လူတစ်ဦးတစ်ယောက်အတွက် အံဝင်အောင် ပြောင်းလဲပြုပြင်ပေးရတဲ့အရာမျိုးမှ မဟုတ်တာပဲ။ အဲသလိုပဲပေါ့။ လူတစ်ဦးတစ်ယောက် ကို တားဆီးကန့်သတ်ထားနိုင်ဖို့အတွက်ဝိုင်းဝန်းပိတ်ဆို့နေရမယ့် အရာတစ်ခုလည်း မဟုတ်ပြန်ဘူး။ နိုင်ငံသားပြည်သူ တစ်ဦးချင်းတစ်ယောက်ချင်းစီအတွက် မျှတတူညီတဲ့ အခွင့်အရေးတွေကို ဖော်ဆောင်ပေးမယ့် အရာတစ်ခုသာ ဖြစ်သင့်ပါတယ်။ သည်စကားကိုသည်နေရာမှာတင် အထအနကောက်ပြီး တို့မေကြီးကို ပုန်ကန်ဆန့်ကျင်တဲ့အကောင်လို့ သတ်မှတ်တယ်ဆိုရင် တစ်ခုတော့ ရှင်းပြချင်ပါတယ်။ အခြေခံဥပဒေဆိုတဲ့ထဲမှာ တို့မေကြီးအကြောင်း တစ်ခွန်းမှမပါပါဘူး။ တခြား ဘယ်သူတစ်ဦးတစ်ယောက်ကိုမှလည်း ကိုယ်စားမပြုရပါဘူး။ မြန်မာနိုင်ငံသားအားလုံးအတွက်ကိုသာ စဉ်းစားရမှာဖြစ်ပြီး မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်တဲ့ တို့မေကြီးဟာလည်းအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးတွေကို အခြားသော နိုင်ငံသားများနဲ့ တန်းတူ ရရှိရမှာဖြစ်ပါတယ်။ လူကိုသပ်သပ် မူကိုသပ်သပ် မြင်နိုင်မှ ဆွေးနွေးနှီးနှောလို့ ကောင်းမယ့် အကြောင်းအရာပါ။
ပထမဦးဆုံးစဉ်းစားရမှာက ဘာတွေကအဆင်မပြေဘူးလဲ။ ဘာတွေက ပြသနာရှိသလဲပေါ့။ ဒါကတော့ ရှင်းပါတယ်။ လက်ရှိကျင့်သုံးနေတဲ့အခြေခံဥပဒေက ညောင်နှစ်ပင် အခြေခံဥပဒေပဲ။ တစ်နိုင်ငံလုံး သောင်းသောင်းဖြဖြ
ထောက်ခံထားပြီးသားမို့ဘာပြောစရာရှိရမှာလဲ။ အဓိက ပြောစရာအချက်ကလည်း အဲဒီမှာပဲ ရှိနေပါတယ်။ မဲအရေအတွက် ကိန်းဂဏန်းတွေဟာ စစ်မှန်တဲ့ ထောက်ခံမှု ပါမလာရင် သင်္ချာပုစ္ဆာတစ်ပုဒ်ကို လိုသလို အဖြေထုတ်တာထက် ဘာမှ တန်ဖိုးမပိုပါဘူး။ အပေါင်းအနှုတ်တတ်ရင် လူတိုင်း လုပ်တတ်တယ်။ ဒီစကားပြောခြင်းအားဖြင့် ဆန္ဒခံယူပွဲမှာမဲတွေလိမ်တယ် လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ထောက်ခံထားတဲ့ မြန်မာပြည်သူတွေအနေနဲ့ အဲဒီအခြေခံဥပဒေအကြောင်းကိုသေသေချာချာ သိတဲ့သူ ဘယ်နှစ်ယောက်များပါသလဲ လို့ တွေးကြည့်မိပါတယ်။ လူဦးရေ သန်းခြောက်ဆယ်မှာဘယ်နှစ်ရာခိုင်နှုန်းလောက် ရှိမလဲ။ ကိုယ်ကိုယ်တိုင်ကတော့ မသိတဲ့ ရာခိုင်နှုန်းထဲမှာ ပါပါတယ်။ တက်ကာစကဆို လွှတ်တော်သတင်းက ဘာလို့ နှစ်ခါထပ်ပြပါလိမ့်လို့ မှတ်တာ။ လွှတ်တော် ဘယ်နှစ်ရပ်ရှိမှန်းတောင် မသိဘူး။ မှားမှားမှန်မှန် ကျွဲဖတ်ရန် ဆို တောင်တောင်ဤဤတွေ
လျှောက်စဉ်းစားတောင်မနေပါဘူး။ ဒါပေမယ့် ဤပါးစောင်းတီး မြင်မကောင်းရှုမကောင်း ဖြစ်တော့မှ သူများ မမြင်ခင်ပြင်ရကောင်းနိုး စဉ်းစားမိတာပါ။
အရင်ဆုံး ကျေညက်အောင် နားလည်သင့်တဲ့သဘောတရားကတော့ ဆန္ဒမဲဆိုတာ ဘာကို ကိုယ်စားပြုသလဲဆိုတာပါ။ ဘာဖြစ်လို့ ဒီဟာကြီး ထပ်တလဲလဲတူးဆွနေရသလဲဆိုတော့အကြပ်အတည်းတွေ့နေတာ သူများတွေ မဟုတ်ပါဘူး။ ၂၅% နေရာယူထားတဲ့ ကိုယ်စားလှယ်တော်ကြီးတွေဖြစ်ပါတယ်။ သူတို့က ယူနီဖောင်းဝတ်ကြီးတွေနဲ့ စစ်ဘက်အရာရှိကြီးတွေ ဖြစ်နေတာကြောင့် တစ်ဦးချင်းတစ်ယောက်ချင်းကိုကိုယ်စားမပြုပဲ အဖွဲ့အစည်းကြီးတစ်ခုကို ကိုယ်စားပြုနေတာပေါ့။ ကျန်တဲ့ ၇၅% ကို ခဏဖယ်ထားလိုက်ပါဦး။ အဲသည် ၂၅% အတွင်းမှာကိုက ၁၀၀%တစိတ်တည်း တ၀မ်းတည်း တသဘောတည်း အမြဲ ရှိနေပါတယ် လို့ ပြောရင် ပြည်သူ့ဆန္ဒလို့ပြောဖို့ခက်သွားပြီ။ ခေါင်းဆောင်ရဲ့ ဆန္ဒဖြစ်မနေဘူးလား။ ဒီမိုကရေစီရဲ့ သဘောတရားဟာ အများဆန္ဒကိုဦးစားပေးရတာမို့ အမှန်တကယ် လူအများစုရဲ့ ဆန္ဒသဘောထား မဟုတ်ပဲ တစ်ဦးတစ်ယောက်ရဲ့ ဆန္ဒကိုလူအများစုက ကြိုက်ကြိုက် မကြိုက်ကြိုက် လိုက် အကောင်အထည်ဖော်နေရတယ်ဆိုရင် ဘယ်မှာလဲဒီမိုကရေစီရဲ့ အနှစ်သာရ။ ဒါပေမယ့်လည်း အဲဒီ ၂၅% ကို မဖြစ်မနေထည့်သွင်းရေးဆွဲထားရတဲ့ ဖွဲ့စည်းပုံကြီးကို မှားတယ်လို့တော့ ပြောလို့ မရပါဘူး။ ဘာဖြစ်လို့ဆိုတော့ခိုင်လုံတဲ့ အကြောင်းရှိတာကိုး။ အာဏာရ နဲ့ အတိုက်အခံကြားမှ အာဏာချိန်ခွင်လျှာကို ထိန်းညှိပေးဖို့လို့ ပြောကောင်းပြောမယ်။ ခုလောလောဆယ်မှာ အာဏာရပါတီကလည်း စစ်တပ်ကလူတွေချည့်ပါပဲဆိုပေမယ့်နောင်ကျတော့ အဲလိုနေမှာ မဟုတ်တော့ဘူးလေ။ (မျှော်လင့်နေတုန်းပဲ ဘိုမရယ်) ဒီမိုကရေစီသက်တမ်းက သိပ်နုနေတဲ့အခါ အစိုးရသစ်ကို အာဏာလွှဲပြောင်းပေးလိုက်ရင် လွှဲပေးခဲ့တဲ့သူက သူ့လည်ပင်းသူ ကြိုးကွင်းလာမစွပ်အောင် ကာကွယ်ထားတဲ့သဘောလည်း ဖြစ်ချင်ဖြစ်မှာပေါ့။အင်အားကြီးမားတဲ့ တပ်မဟာတစ်ခုက ဆုတ်ခွာတဲ့အခါ စံနစ်တကျ မဆုတ်ခွာနိုင်ခဲ့ရင် ကိုယ့်တပ်ကိုယ်ပြန်နင်းတတ်သတဲ့။ သူတို့ဟာသူတို့ ကိုယ့်တပ်ကိုယ်ပြန်နင်းလည်း နစ်နာစရာရှိတော့ ပြည်သူတွေကပဲ နစ်နာရတယ်ဆိုတာ ကျွန်တော်တို့ ဘိုးဘွားတွေ ကောင်းကောင်း မှတ်မိကြပါတယ်။ ဒါကြောင့်မို့လို့ နောင်ကို ဒီမိုကရေစီရဲ့ အနှစ်အရသာကို အပြည့်အ၀ ခံစားနိုင်ဖို့ဆိုရင်နိုင်ငံသားတစ်ဦးချင်းစီရဲ့ ဆန္ဒသဘောထား အစစ်အမှန်ကို အခုထက်ပိုပြီး အလေးထားသင့်တယ်လို့ ပြောရမှာပဲ။ ကိုယ်သာ သူတို့နေရာမှာဆိုရင်တော့ လူမပြည့်မှာစိုးလို့ ဆေးလိပ်ခုံဖျာဝေသလိုဝေထားပြီး သူများက ဖြူဆိုဖြူ မဲဆိုမဲရမယ့် အလုပ်ကြီးကို အလုပ်ပျက်အကိုင်ပျက် လိုက်မထိုင်ချင်ပါဘူး။
ဆန္ဒမဲတစ်မဲစီတစ်မဲစီဟာ နိုင်ငံသားတစ်ဦးချင်းစီကို ကိုယ်စားပြုတယ်ဆိုပေမယ့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီက ကိုယ်စားပြုတဲ့နိုင်ငံသားအရေအတွက်ကတော့ အတူတူ ဘယ်ဟုတ်ပါ့မလဲ။ ဒီနေရာကျတော့ ပြည်နယ် ပြည်မ ညီမျှဖို့ကလည်းလိုလာပြန်ပါတယ်။ တိုင်းရင်းသားတွေရဲ့ လူဦးရေနဲ့ ပြည်မကြီးက လူဦးရေချင်းက တူမှ မတူပဲကိုး။ ဥပမာ လူတစ်သိန်းကို ကိုယ်စားလှယ် တစ်ယောက်ထားရင် လွှတ်တော်ထဲ ရောက်တဲ့အခါ လူနည်းစုဖြစ်နေတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကဘာကိုမှ ဆုံးဖြတ်ခွင့် ရတော့မှာ မဟုတ်ဘူး။ တခါ ပထ၀ီအနေအထားအတိုင်း စဉ်းစားမယ်ဆိုပြန်ရင်လည်းပြည်မမှာ နိုင်ခြေမရှိတဲ့ ကိုယ်စားလှယ်လောင်းတွေက လူဦးရေနည်းနည်းနဲ့ ပြည်နယ်တွေမှာငွေအားလူအား အင်တိုက်အားတိုက်သုံးပြီး မဲဆွယ်သွားရင် တိုင်းရင်းသားတွေဘက်က ကိုယ်စားလှယ်တစ်နေရာ နစ်နာရပြန်တာပဲ။ သူများနိုင်ငံတွေမှာတော့ အဲဒီပြဿနာကို အထက်လွှတ်တော် အောက်လွှတ်တော်ကိုယ်စားလှယ် အရေအတွက် နဲ့ ပြန်ထိန်းပါသတဲ့။ ဒီအခါမှာ အထက် နဲ့ အောက် လွှတ်တော်နှစ်ရပ်ရဲ့အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို သပ်သပ်မှတ်မှတ် ခွဲဝေထားဖို့ လိုလာပြန်ပါရော။ အဲဒါတွေအရေးမကြီးပါဘူး။ လွှတ်တော်ထဲရောက်သွားရင် ကားတစ်စီးစီရမယ်။ လခဘယ်လောက်ရမယ်။ ဗီအိုင်ပီအခွင့်အရေးတွေ ရမယ် ဆိုတာလောက် တွေးထားမိရင် ငါးပါးမှောက်ရချည်ရဲ့။
အဲဒီရွေးချယ်တင်မြှောက်ထားတဲ့ကိုယ်စားလှယ်တော်ကြီးတွေနဲ့ အစိုးရအဖွဲ့ ဖွဲ့ရတဲ့အခါ ကိုယ်တွေလို သာမာန်လူတွေ မပြောနဲ့သူတို့အချင်းချင်းမှာကို နားလည်ရခက်လောက်အောင် ရှုတ်ထွေးနက်နဲလာပါတယ်။ အရင်ဆုံးကတော့ဘောင်းဘီတွေ ချွတ်ပြီး ပုဆိုးအစိမ်းကြီးတွေ ၀တ်ကြတယ်ဗျ။ တအောင့်နေတော့ ပုဆိုးအစိမ်းတွေချွတ်ပြီး ချိတ်လုံချည်တွေ ဆင်ရပြန်ရော။ ချိတ်လုံချည်တွေထဲမှာမှ ဘွဲ့ဝတ်ရုံကြီး ခြုံမယ့်သူ၊ရွှေစလွယ်ကြီး သိုင်းမယ့်သူ၊ သူတို့အချင်းချင်းတွေ ကြားထဲမှာ ရှိတဲ့ ပါဝါအထိန်းအညှိတွေကကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်သတဲ့။ ဘာဖြစ်လို့ဆိုတော့ အပေါ်ယံ အ၀တ်အစားကလေးတင်ပြောင်းဝတ်တာ မဟုတ်ပဲ ကျောထောက်နောက်ခံအဖွဲ့အစည်းတွေကို ဟိုကနေသည် ကူးရသန်းရတယ်ဆိုတာလွယ်မှတ်လို့။ ကိုယ်ပိုင်အရည်အချင်းနဲ့ ပါဝါတွေ ရှိမထားရင် ဖယောင်းတိုင် လေနဲ့မှုတ်သလိုဟုတ်ကနဲ ငြိမ်းသွားနိုင်တာကိုး။ စစ်တပ်က ရာထူးကြီးကိုစွန့်ပြီး အရပ်သားဝတ်စုံ ပြောင်းဝတ်ရတဲ့အခါကျန်ခဲ့တဲ့ စစ်တပ်အပေါ်မှာ ဆက်ပြီး သြဇာညောင်းဖို့ဆိုတာ မခက်ပါဘူး။ ဒါပေမယ့် ကိုယ့်နေရာဝင်လာတဲ့ နောက်လူကိုတော့ ကျော်ဖို့ မသင့်တော့ဘူးပေါ့။ နဂိုတုန်းက ကိုယ့်တိုင်းကိုယ်ဘုရင်တစ်ဆူလို အုပ်ချုပ်နေတဲ့ တိုင်းမှူးကြီးတွေဆိုရင်လည်း အခု ပြည်ထောင်စုအစိုးရဆိုတာကြီးလက်ထက်မှာ ကိုယ်က သူတို့ကို ကြိုရမှာလား။ သူတို့က ကိုယ်နဲ့လာတွေ့ရမှာလားဆို ဇဝေဇ၀ါနဲ့အောင့်သီးအောင့်သက်တွေ ဖြစ်ကုန်ရော။ အသစ်ဖွဲ့စည်းလိုက်တဲ့ စံနစ်ကြီးထဲမှာ အာဏာနဲ့ လုပ်ပိုင်ခွင့်ကိုဘယ်လိုခွဲဝေကြမလဲဆိုတာ ကိုယ်ချင်းကိုယ်ချင်းတွေတောင် ရှင်းရှင်းလင်းလင်း သဘော မပေါက်ကြပါဘူး။
ဌာနဆိုင်ရာအဖွဲ့အစည်းတွေပါပါလာတဲ့အခါအမယ်ဘုတ်ကဲ့ သူ့ချည်ခင် ဖြစ်လာပြန်ပါတယ်။ ဆေးရုံကို ဗီအိုင်ပီလာရင် ဘယ်သူ့ကို ဘယ်လိုဦးစားပေးရမယ်မှန်း မသိတော့ဘူး။ အကုန်လုံးကိုတော့ အဘချည့် လှိမ့်ခေါ်ရတာပဲ။ ဘယ်အဘက ဘယ်ဇလို့မသိတော့ဘူး။ မြွေခြောက်ကိုက်မယ့်အဘကိုသာ ပြေး မ ဖို့ ပြင်ရတော့တယ်။ နတ်ကတော့ ၃၇မင်းလုံးအကုန်ကြောက်ရတာချည့်ပဲ။ ကိုယ့်ရိုးရာ ဘယ်ဟာ မိဆိုင်ဖဆိုင် ဘယ်နတ်လည်းတော့ သိရတာပေါ့။ဒါပေမယ့် ကိုယ့်အပေါ် လက်တွေ့ မ နိုင်မယ့် နတ်ကိုမှ ပြေးပြေး မ ရတာ ထုံးစံလေ။ ဒါကြောင့် Power Sharing ဆိုတဲ့ကိစ္စဟာ ပေါ့သေးသေး သဘောထားရမယ့် ကိစ္စတော့ မဟုတ်ပါဘူး။ အဲသည်နေရာ ၀ါးတားတား ဖြစ်နေရင်ရွာလည်တာပဲ။ လူတိုင်းကတော့ ငါအကုန်ရတယ် ထင်ကြတာချည့်ပ။ ဘောင်ဒရီလေးတစ်ခု ရှိရင်တော့ မကောင်းပါလား။
အထူးသဖြင့်တော့ ပြည်နယ်အစိုးရတွေဆီမှာတိတိကျကျ ခွဲဝေထားတဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေ မရှိသေးတဲ့အတွက် အဆင်မပြေမှုတွေ အများကြီးဖြစ်ရပါတယ်။ ဥပမာအားဖြင့် တုတ်တွေ ဓါးတွေနဲ့ အုပ်စုလိုက်တက်လာတဲ့ ဘင်္ဂါလီတွေလက်ကနေ ပြည်ထောင်စုအစိုးရဆီက ပစ်မိန့်မရလို့ ကိုယ့်သေနတ်ကိုယ်ထမ်းပြေးရတဲ့ ရဲတွေအဖြစ်ကိုကြည့်ကြည့်၊ အိမ်တွေမီးရှို့တာဘူဒိုဇာနဲ့တိုက်ဖြိုတာကို ငုတ်တုတ်ကြီး ကြည့်နေရတယ် ဆိုတဲ့ အဖြစ်ကို ကြည့်ကြည့်၊ မီးလောင်ဗုံးတွေဘယ်သူ့မှာ တာဝန်ရှိမှန်း မသိတဲ့အဖြစ်ကိုကြည့်ကြည့်၊ ဗဟို နဲ့ ဒေသဆိုင်ရာအကြားမှာ အကြီးကြီးဟ နေတာ သိသာပါတယ်။ အစစအရာရာ ဗဟိုကချည့် ချုပ်ကိုင်ထားရင် အလုပ်မဖြစ်ပါဘူး။
ဒီ့ထက်ပိုပြီး သိသာထင်ရှားတဲ့လစ်ဟင်းမှုကတော့ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပြီး မပါပါအောင် ပင့်လိုက်ရတဲ့ တို့မေကြီးနဲ့ အာဏာ၊ လုပ်ပိုင်ခွင့်များ ခွဲဝေခြင်းပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲတဲ့အချိန်တုန်းကတစ်ချိန်မှာ အတိုက်အခံဖြစ်လာမယ့် ပါတီကို လက်ရှောင်ထားခဲ့ပါတယ်။ ရွေးကောက်ပွဲ စတဲ့အချိန်ထိတိုင်အောင်ပါဝင်လာမယ့်အရေးကို မခံစားနိုင် ရှိခဲ့တယ် လို့ စွပ်စွဲလာရင် ဘယ်လိုငြင်းမလဲ။ ဒါပေမယ့်ဒီမိုကရေစီဆိုတာ အတိုက်အခံမပါပဲ ကမ်းကခွာလို့ မရဘူးဆိုတာ တဖြေးဖြေး သဘောပေါက်လာပုံရပါတယ်။ချစ်ခြင်း၊ မုန်းခြင်း၊ ရန်သူ၊ မိတ်ဆွေ ဆိုတာ ပုဂ္ဂလိက ခံစားချက်တွေ ဖြစ်သွားပြီး တိုင်းပြည်အကျိုးနဲ့ယှဉ်လာရင် ထည့်သွင်းစဉ်းစားစရာကို မလိုတော့ပါဘူး။ သည်လိုနဲ့ အစီအစဉ်တကျ ဖယ်ထုတ်ထားတဲ့သူကိုစိတ်လိုလက်ရ ဆောင်ကျဉ်းပြီး လက်တွဲရပါတော့တယ်။ ပေးထားတဲ့နေရာကတော့ သူတို့ပြောသလို သာမန်လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ထက် ဘာမှ မပိုဘူးဆိုတဲ့ ရာထူးနဲ့ပါ။ ဒါပေမယ့် ရွက်ထားရတဲ့အိုးတွေကဘယ်နှစ်လုံးရှိသလဲ အားလုံး သိတော်မူကြတဲ့အတိုင်းပါပဲ။
သူများတွေ နိုင်ငံတော်ခရီးစဉ်နဲ့ကိုယ်ပိုင် နိုင်ငံခြားမြုတ်နှံမှုတွေ ထွက်စီစဉ်နေကြတဲ့အချိန်မှာ သူ့ခမျာမတော့ ကိုယ်ရေးကိုယ်တာခရီးစဉ်တွေနဲ့ တစ်နိုင်ငံလုံးကြွေးမြီတွေ လိုက်ဆပ်၊ အကူအညီတွေ ရအောင် တောင်း လိုက်လုပ်နေရပါတယ်။ ဒါးခုတ်ရာ လက်ဝင်လျှိုရတဲ့ တာဝန်တိုင်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပေးအပ်ထားတာ မပါသလောက်ပါပဲ။ကိုယ်ပိုင်အရည်အချင်းလည်းရှိ၊ နိုင်ငံတကာရော လူထုထောက်ခံမှုပါ ရပြီးသား ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ဘယ်သူတွေ ဘယ်လိုပဲ ဘေးထုတ်ထားထုတ်ထား၊ သူကတော့ ဘယ်တုန်းကမှ ဘေးရောက်နေတာမရှိခဲ့ပါဘူး။ ဒါပေမယ့် သူရောက်နေတဲ့နေရာဟာ ဘယ်လိုနေရာမျိုးလဲဆိုတာ အဲသည် ၂၀၀၈ ကြီးနဲ့ကိုင်တွယ်ပြီး ပြောလို့ဆိုလို့ တော်တော် ခက်ပါတယ်။ ဒီအတွက် ပြုပြင်ပြောင်းလဲစရာ တစုံတရာရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေသိ အဲဒီအပြောင်းအလဲက သူ့အတွက် မဟုတ်ပဲ မြန်မာနိုင်ငံသားအားလုံးအတွက်သာဖြစ်တယ် လို့ သဘောပေါက်ထားရမှာပါ။ ဘာထူးသလဲ။ အခေါ်အဝေါ်ပဲ ပြောင်းတာ အတူတူပဲဆိုရင်တော့ ဒီမိုကရေစီရဲ့ အနှစ်သာရကို သဘောမပေါက်သေးဘူးလို့ ပြောရမှာပဲ။ ကာယကံရှင်ကတော့သဘောပေါက်ထားပြီး ဖြစ်ပေမယ့် ကျန်တဲ့သူ တော်တော်များများ က အတူတူပဲ ထင်နေကြပါတယ်။ လိုရင်းပြန်ကောက်ရရင်တော့ဖွဲ့စည်းပုံဆိုတာ လူတစ်ဦးတစ်ယောက်အတွက် ပြောင်းလဲပေးရတာ မဟုတ်ဘူး။ နိုင်ငံသားအားလုံးအတွက်သာပြုပြင်ယူသင့်တာလို့ ဆီပွတ်ကျည်ပွေ့ ထပ်တလဲလဲ သတိပေးချင်တာပါပဲ။
အခုကနေစလို့ ၂၀၁၅ အထိကလေးပဲကာလကိုမကြည့်ပါနဲ့။ ၂၀၁၅ ရွေးကောက်ပွဲကလေး သက်သက်ကိုလည်း မကြည့်ပါနဲ့။ နောင်ကိုဆက်လှမ်းသွားမယ့်နှစ်တွေ နှစ်တွေကို မျှော်ကြည့်တတ်ဖို့တော့ လိုပါလိမ့်မယ်။ ဒီစာကိုရေးတဲ့အခါ ကြံ့ဖွံ့ဘက်ကလော်ဘီလုပ်ပြီးတော့လည်း မရေးဘူး။ အတိုက်အခံဘက်ကို ဇောင်းပေးဇမ်းတင်ပြီးတော့လည်း မရေးဘူး။ အချိန်ကြာလာတဲ့အခါ နေရာချင်းက ပြောင်းပြန်ဖြစ်ချင် ဖြစ်သွားတတ်တာပဲ။ နှစ်ခုစလုံး သည်အတိုင်း ဆက်ရှိနေမှာ လို့တောင် ကံသေကံမ ပြောမရဘူး။ ဘယ်အစိုးရပဲတက်တက်ခိုင်မာတိကျတဲ့ မူဝါဒကလေး သတ်သတ်မှတ်မှတ် ရှိခဲ့ရင် လူကစောင်းနေဦးတော့ မူကတည့်မတ်ပေးသွားနိုင်မယ်လို့ယူဆမိတဲ့အတွက်ပါပဲ။ မူကိုယ်၌က အရွဲ့အစောင်းကြီးနဲ့ဆို ဘယ်လောက်ကောင်းတဲ့သူပဲဖြစ်ဖြစ် အဲသည်ထဲရောက်သွားရင်
စောင်းငန်းစောင်းငန်းဖြစ်သွားတော့ လူကောင်းတစ်ယောက်လည်း ဆုံးရှုံးရသလိုလောကကြီးလည်း အကျိုးမရှိဘူးပေါ့။ အိုးရောစလောင်းပါ ရွဲ့မသွားရလေအောင် အိုးထိန်းစက်ကောင်းကောင်းလေးတစ်လုံးတော့ ဆင်ထားမှတော်မယ်ထင်ပါရဲ့ အမေတို့ အဘတို့ ခင်ဗျား။

0 comments:
Post a Comment