Monday, May 6, 2013

ပညာရေးကဏ္ဍပြုပြင်မည်ဆိုပါလျှင်- ဒါတွေလိုပါသည်။



ပညာသင်အထောက်အကူပစ္စည်းများ၊ သုတေသနလုပ်ရန် လိုအပ်သည့် အခင်းအကျင်းများ၊ ခေတ်မီ နည်းပညာ မရှိသည့် မြန်မာနိုင်ငံ၏ ပညာရေးလောကအတွက် အခုရက်ပိုင်း အားတက်ဖွယ်ရာ သတင်းကောင်းများ ကြားရသည်။
နိုင်ငံတကာက အကူအညီများ၊ နိုင်ငံတကာ တက္ကသိုလ်များ၏ အကူအညီဖြင့် တချိန်က အရှေ့တောင် အာရှ၏ ဂုဏ်ကျက်သရေဆောင် ရန်ကုန် တက္ကသိုလ်ကြီး စည်ကားသိုက်မြိုက်လာလိမ့်အုန်းမည်။

စနစ်၏သားကောင်ဖြစ်ခဲ့ရသော မြန်မာ့ပညာရေးသည် ဆယ်စုနှစ်ပေါင်း များစွာ စနစ်တကျ ဖျက်ဆီးခံခဲ့ရပြီးသည့်နောက် ပညာရေးခါးဆက်ပြတ်တောက်ခဲ့ရသည်။
ပညာရေးကို တန်ဖိုးထားတတ်သော မြန်မာမိဘတို့က နည်းမျိုးစုံနှင့် တပ်အားသ၍ သားသမီးများပညာရေး အားပေးခဲ့သော်လည်း ၆ လနှင့် တနှစ်စာအတန်းတင်ပေးခြင်းများကြောင့် အမည်ခံပညာရေးဖြစ်ခဲ့ရသလို ဘွဲ့တလုံးကို စာအလွတ်ကျက်ပြီး ဖြေနေရဆဲ တက္ကသိုလ်ကျောင်းသား များလည်း ဖြစ်နေသေးသည်။ ယခုအခါ နိုင်ငံတကာက လာရောက် သင်ကြားခွင့်၊ ကူညီခွင့်ပေးတော့မည်ကြားရသောကြောင့် အလွန်ဝမ်းမြောက်ရသည်။ မြန်မာနိုင်ငံ၏အနာဂတ်အတွက်လည်း အဆင့်မြင့်ပညာရပ် တတ်ကြွမ်းသူများနှင့် တိုးတက်လာမည်ဟု
မျှော်လင့်ချက် ထားမိပါသည်။ သို့သော် ခရီးက အတော့်ကို လှမ်းရပါအုန်းမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်မတို့ လိုအပ်သော ပညာရေးသည် စာအုပ်ထဲတွင်သာ စမ်းသပ်ခန်းတွင်သာ ရှိသည် မဟုတ်သောကြောင့် ဖြစ်သည်။

မေးခွန်းမေးရန်ထက် ပြောသည်ကို နားထောင်၍ အာဂုံဆောင်ခြင်းကသာ ပညာရေးအဖြစ် နှစ်ပေါင်းများစွာ နေရာယူခဲ့သည့် စာသင်ခန်းများ၊
ပြန်မပြောနှင့်ဟူသော ရိုးရာဓလေ့လွှမ်းမိုးနေသည့် အိမ်ရပ်ဝန်းကျင်များ၊ စည်းကမ်းလိုက်နာမှုကို အသားမကျသည့်၊ ခေတ်အဆက်ဆက် မသမာသောနည်းဖြင့် အောင်မြင်သူများက နေရာယူလွှမ်းမိုးခဲ့သည့် လူနေမှုစနစ်။ ခြေလှမ်းများစွာပင် လှမ်းရပါအုန်းမည်။

ကျောင်းပညာတတ်တိုင်း တိုးတက်သော တိုင်းပြည်ကြီး ဖြစ်မလာပါ။ ထိုကျောင်းပညာနှင့်အတူ ပြည်သူနီတိပညာ ပါလာဖို့ လိုအပ်ပါသည်။
ပြည်သူ့နီတိဆိုသော ဝေါဟာရသည် တချို့သော စာဖတ်သူများအတွက် နားစိမ်းနေနိုင်သည်။ တချို့အတွက်ကျတော့လည်း ရှေးစကားဟု ယူဆကြပေလိမ့်မည်။

ပြည်သူ့နီတိဟုဆိုဆို ဘာဆိုဆို ထိုအရာကား နိုင်ငံကြီးသားတဦးဖြစ်ရန်
လေ့ကျင့် သင်ကြားပေးသော အမူအကျင့်ဖြစ်သည်။ အမှိုက်ကို လမ်းပေါ်တွင် မပစ်ရန်၊ တံတွေးမထွေးရန်၊ လူအများသွားလာနေသော
နေရာတွင် သင့်တင့်လျောက်ပတ်သော ၀တ်စားဆင်ယင်မှု ပြုရန်၊ တခြားသူ အနှောက်မယှက်မဖြစ်ဖို့ ဆင်ခြင်ရန်တို့သည် ကျောင်းပညာနှင့်တော့ တိုက်ရိုက်မသက်ဆိုင်လှပါ။ သို့သော် တိုးတက်သောနိုင်ငံများတွင် ဤအချက်များကို ငယ်စဉ်ကျောင်းစနေစဉ်ကတည်းက စတင် သင်ကြားပေးသည်။

အမှိုက်ပစ်လျင် အရေးယူမည်ဖြစ်သော်လည်း အမှိုက်မပစ်သင့်ဟူသော အသိတရားဖြင့် အမှိုက်မပစ်ခြင်းကို အားပေးရမည်။ ထိုသို့သော အသိတရားမျိုးကို သင်ကြားရမည်။

နိုင်ငံတကာသို့ရောက်ရှိနေသော မြန်မာများရှိပါသည်။ ကလေးများကို
နိုင်ငံတကာပညာရေးတွင် ပါဝင်နေသည့် ပြည်သူ့နီတိက သင်ကြားပေး သဖြင့် ပြည်ပရောက် မြန်မာကလေးများ နိုင်ငံကြီးသားများ ဖြစ်လာမည်။ တာဝန်သိသူများများ ဖြစ်လာနိုင်ပါသည်။ သို့သော် အရွယ်ရောက်မှ
နိုင်ငံတကာရောက်လာကြသူ အများအပြား အောက်သက်မကျေခဲ့ကြပါ။

အတွေ့အကြုံတခုကို ပြောပြလိုပါသည်။ အများသုံးရုံးအိမ်သာတွင် ကမုဒ်ပေါ်ခင်းထိုင်ရန် ဖယောင်းစက္ကူများ ထားရှိပါသည်။ ကမုဒ်မှတဆင့် ရောဂါကူးစက်မှု ဟန့်တားနိုင်ရန် အသုံးပြုကြသည်။ လက်ဆေးပြီးလျင် လက်ကို အခြောက်ခံရန် လေမှုတ်စက်လည်း ထားပေးသည်။ စက်အောက်တွင် လက်ကို ခံထားရုံနှင့် လေပူထွက်ပြီး လက်ကို အခြောက်ခံနိုင်သည်။ ယခင်က လက်သုတ်ရန် စက္ကူထားသော်လည်း မလိုအပ်ဘဲ သစ်ပင်ဖြုန်းတီးရာရောက်သဖြင့် သဘာ၀၀န်းကျင်ကို ထိခိုက်မှု နည်းအောင် စီစဉ်ခြင်းဖြစ်သည်။ သို့သော် ထိုအိမ်သာတွင် လက်ကို လေပူဖြင့် အခြောက်မခံလိုဘူးဆိုကာ ကမုဒ်ပေါ်ထိုင်ရန် ထားပေးသော ဖယောင်းစက္ကူပါးပါးကို အဆုတ်လိုက်ဆွဲထုတ်ပြီး လက်သုတ်သော ရန်ကုန်တက္ကသိုလ်မှ ဆရာမဟောင်းတဦးကို တွေ့ရဖူးသည်။ သူ့ကို အများက တအံ့တသြ၀ိုင်းကြည့်သော်လည်း သူက သတိပင်ထားမိပုံမရ။
နောက်လူများကို ထည့်သွင်းစဉ်းစားခြင်းလည်း မပြု၊ သဘာ၀၀န်းကျင် ဘာမို့လဲဟူသော အတွေးမျိုး ထားဟန်တူသော ထိုပညာတတ်သည် အနားတွင် လူမရှိ၍ လုပ်ခြင်းမျိုးပင်မဟုတ်၊ အများရှေ့တွင် လုပ်ခြင်းကြောင့် အလုပ်သင့်မလုပ်ထိုက်ဟူသော အသိပင် မ၀င်ဟု ဆိုရမည်။
ကျောင်းသင်ပညာတတ်ထားသူက နီတိမသိခြင်းပင် ဖြစ်သည်။

ထိုသို့သောနီတိကို ကျွန်မတို့နိုင်ငံတွင် နှစ်အတော်များများ လစ်လျူရှုခဲ့သည်ဟု ထင်ပါသည်။ လမ်းတွင် ကျနေသော ငှက်ပျောခွံကို ဖယ်တတ်သူ ဘယ်နှစ်ဦး ရှိပါသနည်း။ ခေါင်းပြုတ်နေသော
ရေဘုံဘိုင်မှ ရေဒလဟောထွက်နေသည်ကို ဘယ်နှစ်ဦးက ပိတ်ဖို့ ကြိုးစားပါသနည်း။ လမ်းတွင် ကားတိုက်ခံရသူ လဲကျနေသူကို ထူသူ ကူသူ ဘယ်နှစ်ဦး ရှိပါသနည်း။ ဤအချက်တို့သည် နီတိများဖြစ်သည်။ လစ်ဟာနေသော ပညာရေးနည်းတူ အရေးကြီးလှသော အရာများ ဖြစ်သည်။
တိုးတက်သော လူနေမှုစနစ်တခုအတွက် များစွာအထောက်အကူပြုပေးမည့် အရာများလည်း ဖြစ်သည်။

နိုင်ငံတကာက ကလေးများကျောင်းကို သွားကြည့်လျှင် ကျွန်မတို့၏ ကလေးငယ်များသာမက ကျွန်မတို့ကိုယ်တိုင် သင်ယူစရာများစွာ ရှိနေသည်ကို တွေ့ရတတ်သည်။ ရိုးသားဖို့၊ ရဲရင့်ဖို့၊ တာဝန်သိဖို့ ဆိုသည့် အရည်အချင်းများကို သူတို့ကျောင်းမှာ သင်ကြားနည်းအမျိုးမျိုးတွင် ထည့်သွင်းထားသည်။ လုပ်အားပေး ကူညီသည့် အချိန်နာရီကို အမှတ်ပေး စာရင်းတွင် ထည့်သွင်းသည့်နည်းဖြင့် ကလေးများ လုပ်အားပေး ကူညီ တတ်အောင်၊ လူမှုဝန်းကျင်နှင့် ထိတွေ့ဆက်ဆံတတ်အောင် သင်သည်။

ကျောင်းက အမှိုက်များထဲမှ စားကျွင်းစားကျန်ကို ပလတ်စတိတ်ပုလင်း များနှင့် ခွဲထုတ်သည့် နေရာတွင် လုပ်အားပေးခဲ့သူ ကလေးတဦးသည်
နောင်တွင် ထိုအမှိုက်များကို ရောမပစ်လိုတော့ပါ။ တာဝန်သိသော စိတ်ဓာတ်ကိုပါ သင်ပေးလိုက်ပါသည်။ စည်းကမ်းလိုက်နာမှုကို သင်ပေးလိုက်ပါသည်။ ထိုသို့သော ပညာရေးများလည်း ကျွန်မတို့ နိုင်ငံတွင် လိုအပ်ပါသည်။

လေ့လာမိသလောက် နိုင်ငံတကာ စာသင်ကျောင်းများတွင် မူကြိုအဆင့်မှ စ၍ ကလေးများကို မိမိကိုယ်ကို အားကိုးတတ်ရန် သင်ပါသည်။ လဲကျလျှင်ထူမပေးပါ။ မိမိဖာသာ ထတတ်အောင် အားပေးပါသည်။ ငိုလျှင် မချော့ပါ။ မိမိအလိုမကျသောအရာကို ပြောတတ်အောင် မေးပါသည်။ မိမိရပိုင်ခွင့်ကို သိအောင်၊ မိမိ အခွင့်အရေးကို တောင်းတတ်အောင် သင်ပါသည်။ တာဝန်ကို ယူတတ်အောင်၊ စာနာတတ်အောင် သင်ပါသည်။ မိမိနှင့် မတူသော တခြားကလေးများကို ခွဲခြားမဆက်ဆံအောင် သင်ပါသည်။ စည်းကမ်းနည်းလမ်းတကျ လုပ်တတ်အောင်၊ ဥပဒေကို လိုက်နာတတ်အောင် သင်ပါသည်။

မြန်မာနိုင်ငံကို ၀င်ရောက်လာတော့မည့် အဆင့်မြင့် ပညာရပ်များနည်းတူ အဆိုပါ လစ်ဟာနေခဲ့သော အခြေခံလူ့တန်ဖိုးမြှင့်တင်ပေးသည့် နီတိပညာများလည်း မူလတန်းကျောင်းပညာရေးကစ၍ ပြန်လည်
ပြဌာန်းနိုင်လျှင် ကောင်းလေစွဟု မျှော်လင့်လိုက်ပါသည်။

ဆောင်းပါး-ခင်မေဇော် (Burma-Newselite)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...