Thursday, July 19, 2012

ဗဟိုချုပ်ကိုင်မှု စနစ်မှာ Sanction မရှိတော့တဲ့ ကာလ ဘာတွေဖြစ်လာနိုင်သလဲ????


by Duwa Kachin on Wednesday, July 18, 2012 at 3:17pm ·

နိုင်ငံရေး သုတေသီ များ သုတေသန လုပ်ထားသော စာတမ်းများအရ ဥပဒေ စိုးမိုးရေး နှင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး၏ အထိရောက်ဆုံး နိုင်ငံရေး လမ်းစဉ်မှာ ဗဟိုချုပ်ကိုင်မှု စနစ် လျှော့ချရေး (Decentralization) ပင်ဖြစ်သည်။ ဆိုတာပါပဲ။

ဗဟိုချုပ်ကိုင်မှု စနစ် ဆိုသည်မှာ ၂၀၀၈ အခြေခံဥပဒေလို အထက်မှ အောက်ကို အာဏာပိုင်အဆင့်ဆင့် ခန့်ထားနိုင်သော စနစ်ဖြစ်သည်။ ဥပမာ ဆိုရသော်၊ တိုင်းနှင့် ပြည်နယ် ၀န်ကြီးချုပ်များ နှင့် ၀န်ကြီးများကို သမ္မတက တိုက်ရိုက် သူ့စိတ်ကြိုက်လူ ကို ရွေးချယ်ပိုင်ခွင့် ပြုထားခြင်း ပင်ဖြစ်သည်။


ဗဟိုချုပ်ကိုင်မှု စနစ် ကို လျှော့ချသော နည်း စနစ် သာဓကမှာ အောက်ခြေ (မြို့နယ်မှူးအဆင့်) မှ အစ ဒေသခံ ပြည်သူများ တိုက်ရိုက် ရွေးချယ်ခန့်ထားပြီး အထက်ကို အဆင့်ဆင့် ရွေးချယ် တင်မြောက်ခြင်း ဖြစ်သည်။ ဒီထက်ပိုအဆင့်မြင့်တာကတော့ ဖယ်ဒရယ်မူဖြစ်သည်။ ပြည်နယ် နှင့် တိုင်းအလိုက် ကိုယ်ပိုင်ဥပဒေ ပြဋ္ဌာန်းခွင့်ဖြစ်သည်။

အထက် (ဗဟို) မှ အောက် အဆင့်ဆင့် အာဏာပိုင်များကို ခန့်ထားသော စနစ် (Top-down system) တွင် ဖြစ်တတ်သော အလေ့အထများမှာ၊ ဒေသခံ ပြည်သူများနှင့် နေ့စဉ်နေ့တိုင်း ထိတွေ့နေရမည့် အာဏာပိုင်အဖွဲ့အစည်းများသည် သူတို့အုပ်ချုပ်နေသော ဒေသခံ ပြည်သူများကို ကိုယ်စားမပြုတော့ပဲ၊ အထက်လူကြီးများကိုသာ ကိုယ်စားပြုရတော့သည်။ ထိုအခါ အထက်မှ ညွန်ကြားချက်ကလွှဲပြီး၊ သူအုပ်ချုပ်နေသော ဒေသခံ (နယ်ခံ) ပြည်သူများ အရေး ဂရုစိုက်စရာ မလိုတော့ပါ။ အစီရင်ခံစာ ကောင်းကောင်းရေးနိုင်ရင် သော်၎င်း၊ အထက်လူကြီးများကို ကပ်ဖါးထားရင်သော်၎င်း၊ သူ့အတွက် စားဝတ်နေရေး ဖိုလုံ နေပြီ ဖြစ်သည်။

ဒီလို အခြေအနေမှာ ဥပဒေ စိုးမိုးရေး အစစ်အမှန် မရနိုင်တော့ပါ။ အကျင့်ပျက်ခြစားမှု သံသရာ တ၀ဲလည်လည် ဖြစ်နေမှာသာ ဖြစ်သည်။

ဥပဒေ စိုးမိုးရေး မရှိသေးတဲ့အချိန်မှာ... Sanction လုံးဝ ရုတ်သိမ်းလိုက်ပြီ ဆိုပါစို့....

ဂုဏ်သိက္ခာ အင်မတန်ထိန်းတဲ့ လုပ်ငန်းရှင်ကြီးများနှင့် အနောက်နိုင်ငံသားတွေက Sanction မရှိလဲ အစိုးရရဲ့ စီမံခန့်ခွဲမှု မမှန်ကန်ရင် လာပြီး ရင်းနှီးမြုပ်နှံမှာ မဟုတ်ပါ...

အများဆုံးရောက်လာမှာက အာရှတလွှားက တရုတ်လုပ်ငန်းရှင် အပေါစားတွေဖြစ်သည်။ သူတို့က အနောက်နိုင်ငံကို ရောင်းလို့စွန်မဲ့ ပစ္စည်းမှန်တမျှ မြန်မာနိုင်ငံမှာ လာလုပ်မည်။ အလုပ်ရတဲ့လူတွေလဲ ရမှာတော့ သေခြာသည်

သို့သော်...

အစိုးရပိုင်းမှာ အကျင့်ပျက်ခြစားနိုင်တဲ့ စနစ်က ရှိနေတော့ အဲဒီ သိက္ခာထိန်းစရာ မလိုတဲ့ အပေါစား သူဌေးတွေက အစိုးရ ၀န်ထမ်းတွေကို ပျက်စီးအောင်လုပ်တော့မှာ ဖြစ်သည်။

အပြိုင်အဆိုင် ဖြစ်လာတာနှင့် အမျှ သူ့ထက်သာ အောင် သက်ဆိုင်တဲ့ ၀န်ထမ်းအကြီးအကဲတွေကို ကန်တော့မယ်... သူတို့က အဆင့်ဆင့်ကိုယ့်နေရာ တည်မြဲဖို့ အထက်လူကြီးတွေကို ထပ် ကန်တော့မယ်... အပေါ်ဆုံးက ၀န်ကြီးတွေကို ထပ်ကန်တော့မယ်... အဲဒီဝန်ကြီးတွေကလဲ သူတို့ကို နေရာပေးထားတဲ့ ဆရာကြီးအဆင့်ဆင့်ကိုထပ် ကန်တော့မယ် ဆိုရင်တော့ ထိပ်ဆုံးက အုပ်စုတွေ မဆင်းချင်တော့ပါ။

အခုရှိနေတဲ့သမ္မတက အဲလိုပုဂ္ဂိုလ်မဟုတ်ဘူးထား..နောက်လူကို ဘယ်သူအာမခံမလဲ?... ထိပ်ဆုံးက လူကြီးတွေ သဘောကောင်းတယ် ဆိုအုံးတော့.. အောက်က စားပျော်နေတဲ့ တပည့်တွေက အမျိုးမျိုး မြောက်ပင့်ပေးပြီး သူတို့ ဆရာကြီးများ မဆင်းရလေအောင် ကြံဖန်ပေးတော့မည်.... ဒီတော့ ထပ်ခံလိုက်အုံး...

ဒါကြောင့် အောက်ခြေက အဆင့်ဆင့် ရွေးကောက်ပြီးတက်လာတဲ့ အာဏာပိုင်စနစ် (Decentralization) လိုအပ်တယ် လို့ပြောရတာပါ.... အခုရွေးကောက်ထားတဲ့ အမတ်အားလုံးက သူတို့ရဲ့ မဲဆန္ဒနယ်မှာ ဒေသခံ အာဏာပိုင်တွေ မဟုတ်ပါ။

ဗဟိုချုပ်ကိုင်မှု စနစ်မှာ အထိအနာဆုံး ဖြစ်ရမှာက စက်မှုဇုံ မြေနေရာသိမ်းမှု၊ ဗဟိုအစိုးရ ၀န်ကြီးတွေရဲ့ ပါမစ်နှင့် နိုင်ငံခြား စိုက်ပျိုးရေး ကုမ္ပဏီကြီးတွေ အတွက် စိုက်ပျိုးမြေဧက သိန်းနဲ့ချီတဲ့ လယ်ယာမြေ အတင်းအဓမ္ဓ သိမ်းပွဲများ ဖြစ်လာမည်။ ဒေသခံ ပြည်သူများရဲ့ ကျန်းမာရေး၊ လူမှုရေးနှင့် ဆန့်ကျင်သော လုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ နေရာတကာ ပေါ်ပေါက်လာမည်။ အဲဒီ ကုမ္ပဏီကြီးတွေကလဲ လူသူမပေါက်၊ လမ်းမကောင်းတဲ့ မြေနေရာတွေ ကြိုက်မှာ မဟုတ်လေတော့၊ လူသွားလူလာများတဲ့ မြို့ဝန်းကျင်ဒေသများမှ သူများလုပ်နေရင်း တန်းလန်း လက်ငုတ် မြေကျက်တွေကို လိုချင်လာမည်။ သက်ဆိုင်ရာ ဌာနတွေက မြေလွတ်မြေရိုင်း ဆိုပြီး သိမ်းပြီးပြန်ရောင်းမည်။ ဒေသခံအာဏာပိုင်များကလဲ ဘာမှ ပြောပိုင်ခွင့်မရှိ။ ပိုဆိုးတာက၊ အောက်ခြေက တက်လာတဲ့ ဌာနေ အာဏာပိုင် စနစ်မဟုတ်တဲ့ အတွက် အထက်လူကြီးအဆင့်ဆင့်ရဲ့ အထက် အမိန့် နဲ့ ပိုက်ဆံ ကလွှဲလို့ ဂရုစိုက်စရာ မလိုတဲ့ ဒေသခံ အာဏာပိုင် များရဲ့ ပြောင်ပြောင်တင်းတင်း ဆက်ဆံခြင်းကို ခံရမယ်။ ဒီတော့ ဒေသခံ ပြည်သူများ ကိုယ့်မွေးရပ်မြေမှာ မြေပိုင်၊ ယာပိုင်ဘ၀ ကနေ စက်ရုံဝန်ထမ်းဘ၀ (၀ါ) ပေးသမျှယူရတဲ့ မ၀ရေစာ လုပ်ခ နဲ့ တစ်သက်လုံး ကျွန်ဘ၀ ရောက်ရမဲ့ ကိန်းဖြစ်လေသည်။

ဒီတော့ ဖြစ်ပျက်ခဲ့တဲ့ စနစ်ထက် အဆ ပေါင်းများစွာ ထပ် ပြီး ခံရအုံးမဲ့ အတိတ်နမိတ်ပါ။

အောက်ခြေက အဆင့်ဆင့် ရွေးကောက်တင်မြောက်တဲ့ အာဏာပိုင်စနစ် (Bottom-Up system) မှာ တော့ ဒေသခံ ပြည်သူများ၏ သဘောထားသာလျှင် အဓိက ဖြစ်လာသည်။ ပိုက်ဆံဘယ်လောက်ချမ်းသာ သည် ဖြစ်စေ။ အစိုးရ အထက်ဝန်ကြီးမကလို့ သမ္မတ ဆီက ပါမစ်ကိုင်ပြီး ရောက်လာတဲ့ နိုင်ငံတကာ ပေါက် ကော်ပိုရေးရှင်းကြီးတွေ ဖြစ်နေပါစေ၊ သူတို့လုပ်ငန်းသည် ဒေသခံ (နယ်ခံ) ပြည်သူများကို စိတ်အနှောက်အယှက် ဖြစ်စရာ လုပ်ငန်း ဆိုလျှင် အချိန်မရွေး ဖြုတ်သိမ်းရလေပြီ။ (ထိုင်းနိုင်ငံ Rayong ဒေသမှာ ဒေသခံများ ဆန္ဒပြမှုကြောင့် စက်မှုဇုံများ ဖြုတ်သိမ်းခဲ့ရဖူးသည်)။ မြေနေရာများကိုလဲ အတင်းအဓမ္ဓ သိမ်း၍ မရတော့ပေ။ နယ်ခံပြည်သူများ ရွေးကောက်တင်မြောက်ထားသော အာဏာပိုင်များမှာလဲ ဒေသခံ ပြည်သူများကို ကိုယ်စားပြုသောကြောင့် လိုက်လျှော ညီထွေမှု ရှိနေရန် လိုလာပြီဖြစ်သည်။ ထိုအခါ၊ ကိုယ်ကျိုးစီပွါး အတွက် ထင်တိုင်းကျဲလို့ မရတော့ပါ။ အဲဒါတွေပင် အကျင့်ပျက်ခြစားခြင်းကို တိုက်ဖျက်ခြင်း နည်းဗျူဟာ ဖြစ်သည်။ အကျင့်ပျက်ခြစားမှု လုံးဝ မရှိမှာတော့မဟုတ်၊ နည်းသည်ထက် နည်းသွားမည်မှာ အမှန်ဖြစ်သည်။ ပြည်သူများ၏ စောင့်ကြည့်ခြင်းခွန်အားသည်၊ အစိုးရကောင်း ဖြစ်လာအောင် တွန်းပို့သော အဓိက အပြန်အလှန်ထိန်းညှိနိုင်သော (Check & Balance) စနစ်၏ အကျိုးတက်ရောက်မှု ဖြစ်သည်။

ခိုင်မာသော ပြည်သူ့အစိုးရ (ဗဟိုချုပ်ကိုင်မှု စနစ်လျှော့ချသောအစိုးရ) အစစ်အမှန် မပေါ်သေးခင် ဒီလိုအချိန်မှာ Sanction အားလုံး ပွင့်သွားခြင်းသည်၊ မမျော်လင့်သော နောက်ထပ်အိမ်မျက်ဆိုးများ ထပ်ရောက်လာ နိုင်စရာရှိသည်။ အင်မတန် စိုးရိမ်စရာ ကောင်းပါသည်။ သာဓကအားဖြင့် Cambodia နိုင်ငံ၏ နိုင်ငံရေး သမိုင်းကိုလေ့လာနိုင်သည်။ မြန်မာနိုင်ငံလိုပဲ၊ ဗဟိုချုပ်ကိုမှုစနစ်လျှော့ချခြင်း မရှိသေးခင် အနောက်နိုင်ငံများက ကွန်မြူနစ် စနစ်မှ အမြန်ဆုံး ကယ်တင်သော အနေဖြစ် စီးပွါးရေး အမြန်ဦးမော့ လာနိုင်ရန် ၀ိုင်းဝန်းကူညီခဲ့သည်။ အနောက်နိုင်ငံများမှ ငွေရှင်ကြေးရှင်များ ကို ဖိတ်ခေါ်ခဲ့သည်။ နောက်တော့ အဲဒီ  သူတို့ မျော်လင့်တဲ့ သိက္ခာရှိ ကော်ပိုရေးရှင်းကြီးတွေက မလာပဲ၊  အာရှကျားအုပ်စုတွေက အ ပေါစား၊ လောဘသား ငွေရှင်၊ ကြေးရှင်များနှင့် အာဏာပိုင်များ ပေါင်းစားသွားပြီး အခုလို ဒီမိုကရေစီ အာဏာရှင် စနစ် နှင့် စခန်းသွားနေရသည်မှာ ကမ္ဘာမှာ ၀န်ကြီးချုပ် သက်တမ်း အရှည်ကြာဆုံး ဘွဲ့ကိုခံယူထားသော ၀န်ကြီးချုပ်ကြီး Hun Sen အစိုးရ ကိုမွေးထုတ်လိုက်သည်သာ ဆယ်စုနှစ် သုံးခုပင် ရောက်လာတော့မည်။ Sanction မရှိလဲ Cambodia ပြည်သူတွေ အခုထိ ငမွဲစာရင်းမှ မကျွတ်နိုင်သေးပေ။

ဒါကြောင့် မြန်မာပြည်သည်လဲ အဖက်ဖက်မှ စဉ်းစား ချင့်ချိန်လျှက်၊ လက်ရှိအာဏာပိုင်များ၊ ၀န်ကြီးများ၏ စားပေါက်ထွင် နည်းဗျူဟာများကို နားမယောင်ပဲ၊ လုပ်သင့်လုပ်ထိုက်သော နိုင်ငံရေး အပြောင်းအလဲများ အရင်လုပ်နိုင်ရန် ၀ိုင်းဝန်း အကြံပေးသင့်လေသည်။

ဝေဖန်နိုင်ပါသည်။
အားလုံးကို လေးစားလျှက်
Duwa Kachin

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...