Wednesday, July 18, 2012

အိုင္တီဆိုင္ရာ Civil Society မ်ားသို႔


ကျွန်တော်တို့ နိုင်ငံတွင် ယခုနောက်ပိုင်း Civil Society များ ကောင်းလာတာ တွေ့နေရသည်။ Civil Society များ အားကောင်းမှသာ နောက်ကြောင်း ပြန်မလှည့်နိုင်တဲ့ အနေအထားဆီကို အရောက် သွားနိုင်မှာ ဖြစ်သည်။ Civil Society များ၏ ထိန်းညှိမှုအားသည် အလွန် အင်မတန် အရေးပါလှသည်။ ယခု နောက်ပိုင်း တကယ့်ကို ထူးခြားသော မြင်ကွင်းများကို မြင်တွေ့လာရသည်။ အရင်က ဆန့်ကျင်ဖက် နေရာများတွင် ရှိနေခဲ့ သူများသည် ယခုအချိန်တွင် ဘေးချင်းကပ်ထိုင်ပြီး အကောင်းဆုံး ရလဒ် တစ်ခုအတွက် ဆွေးနွေး အဖြေရှာကြသည်။ ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်၏ Brain Storming ဆန်ဆန် ပွင့်ပွင့်လင်းလင်း ဆွေးနွေး အဖြေရှာကြသည့် ပွဲများကို တွေ့လာရသည်။
တကယ်တန်း ပြန်တွေးကြည့်မည် ဆိုလျှင် ထိုကဲ့သို့သော အလေ့အထများနှင့် အဆက်ပြတ် ကင်းကွာနေခဲ့သည်မှာ နှစ်မည်မျှကြာပြီမသိ။
ထိုကဲ့သို့သော ဆွေးနွေးပွဲများသည် ကျွန်တော်တို့ နိုင်ငံအတွက် ထို့နောက် Civil Society များ အားကောင်းမောင်းသန် ဖြစ်စေရန်အတွက် တကယ့်ကို အရေးပါသော အလေ့အကျင့် ကောင်းများ ဖြစ်သည်။ ဗူးပေါက်တာကို မလိုချင်၊ ရေပါတာပဲ လိုချင်တယ်ဆိုသည့် ခေတ်တွင် လုပ်သမျှ ဟုတ်ကဲ့ လိုက်၊ အဖွဲ့အစည်း မှန်သမျှ ထောက်ခံပါတယ်နှင့် အောင်မြင်စွာ ပြီးဆုံးနေခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ကျွန်တော်တို့ အပြောင်းအလဲကို အမှန်အကန် လိုချင်လျှင် ထိုကဲ့သို့သော Civil Society များနှင့် မျက်ချေမပြတ်ဖို့ လိုသလို ကိုယ်နဲ့ ပတ်သက် ဆက်နွယ်နေသော Civil Society များတွင်လဲ တက်တက်ကြွကြွ ပါဝင်ကြဖို့ လိုသည်။ နဂိုရှိရင်းစွဲ Civil Society များ အနေနှင့် အကန့်အသတ်များ အတားအဆီးများ ဒီကောင်ကတော့ ပူညံ့ ပူညံ့ လုပ်မယ့်ကောင် ငါ့စကားနားထောင်မယ့် ကောင်မဟုတ်၊ ငါနဲ့မတူ ရန်သူဟု သဘောထားများ စသည်တို့ကို ပယ်ဖျက်သင့်ပြီ ဖြစ်သည်။
တကယ်တန်းတော့ ကျွန်တော်တို့ နိုင်ငံတွင် Brain Storm ဆိုသည့် ယဉ်ကျေးမှုနှင့် အလွန်အလှမ်းဝေး နေပြီဟု ခံစားနေရသည်။ ပန်းတိုင်တစ်ခုအတွက် အုပ်စုဖွဲ့ပြီး အကြိတ်အနယ် ဆွေးနွေးကြတဲ့ ပုံစံတွေ၊ EQ မြင့်မြင့်နဲ့ ဆွေးနွေးကြပြီး နောက်ဆုံးမှာ လက်ဆွဲနှုတ်ဆက် လက်တွဲမပျက်ကြတဲ့ အနေအထားတွေ၊ သည်းခံသင့်သည်ကို သည်းခံပြီး ခေါင်းငုံ့ ခံမနေသင့်သည့် ကိစ္စများအတွက် ခေါင်းငုံ့မခံပဲ ညီညီ ညွှတ်ညွှတ် တောင်းဆိုတတ်သည့် အလေ့အထတွေ ကျွန်တော်တို့ မျိုးဆက်တွင် ရှိပါ၏လော။ ကျွန်တော်တို့ မျိုးဆက်တွင် မရှိသည်ထား နောက်မျိုးဆက်များတွင်လဲ ထိုကဲ့သို့ စိတ်ဓာတ်များ ထွန်းကား နေပါ၏လော။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီမိုကရေစီ ကျင့်စဉ်အတွက် အလွန်အရေးပါသည့် Civil Society များ အဆင့်မြှင်တင်မှုဆိုင်ရာ ကိစ္စများတွင် တက်တက်ကြွကြွ ဆောင်ရွက်ကြပါ၏လော။
အခြားကဏ္ဍများမှာ တကယ့်ကို အဆင့်မြင့်တဲ့ Civil Society များ ဖြစ်လာဖို့ ကြိုးစားနေကြတာ ကျွန်တော်တို့ ဖတ်နေရ ကြားနေရသည်။ ကျွန်တော် လေးစားမိသော ဦးကိုကိုကြီး၏ Civil Society ဆိုင်ရာ ကိစ္စများ ဆောင်ရွက်ပုံများကို တွေ့နေရသည်။ အခြား နောင်တော်ကြီးများသည်လဲ ထိုကဲ့သို့သော နည်းလမ်းများဖြင့် ဆောင်ရွက်နေကြသည်။ ကျွန်တော်တို့ နည်းပညာ နယ်ပယ်တွင် ထိုကဲ့သို့ အားလုံးကို ကိုယ်စားပြုနိုသည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများ ရှိပါ၏လော။
ကျွန်တော့ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောရလျှင် အားလုံးကို ကိုယ်စားပြုနိုင်သော အနေအထား လုံးဝ (လုံးဝ)​ မရှိဟုသာ ပြောရပါလိမ့်မည်။ တကယ်တန်း ကျွန်တော်တို့ ITဆိုင်ရာ အဖွဲ့အစည်းများ ရှိနေသည်ဟု မသိသည့် အိုင်တီသမားများ အများအပြား ရှိနေဦးမည်ဟု ကျွန်တော် ထင်ပါသည်။ Civil Society တစ်ခုတွင် ကျွန်တော့ အမြင်အားဖြင့် လုပ်ဆောင်ချက် နှစ်ခုရှိသည်ဟု မြင်ပါသည်။ လုပ်ဆောင်ချက် တစ်ခုသည် Advocacy အပိုင်းဖြစ်ပြီး နောက်တစ်ပိုင်းသည် Functional အပိုင်း ဖြစ်သည်။ Advocacy အပိုင်းတွင် အများ ကောင်းကျိုးအတွက် နည်းပညာ လောကဆိုလျှင် နည်းပညာ လောက ကောင်းကျိုးအတွက် တောင်းဆိုသင့်သည်များကို တောင်းဆိုရမည်ဖြစ်သည်။ နောက်တစ်ပိုင်း Functional Based အပိုင်းတွင် နည်းပညာဆိုင်ရာ အကူအညီ အထောက်အပံ့များ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ၊ Middle Class Businessများကို လက်တွဲခေါ်မှု စသည့် လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များကို လုပ်ဆောင်ရမည် ဖြစ်သည်။
တကယ်တန်းတွင် Advocacy ပိုင်းတွင် မည်သည့် ဦးဆောင်တောင်းဆိုမှုမှ မတွေ့ရသေး။ အိုင်တီကဏ္ဍတွင် ပေးရတာနှင့် တန်သည့် အင်တာနက် အမြန်နှုန်း၊​နိုင်ငံတကာနှင့်ယှဉ်လျှင် ဈေးနှုန်း ကြီးမြင့်နေမှု၊​ Intellectual Property ဆိုင်ရာ ကိစ္စ၊​ နည်းပညာဆိုင်ရာ တီထွင်ဖန်တီးသူများကို အကာအကွယ်ပေးဖို့ထက် ဖမ်းဆီးထောင်ချဖို့လောက်သာ အသုံးဝင်သည့် အိုင်တီဆိုင်ရာ ဥပဒေများ ပြုပြင်ရန် ကိစ္စ၊​ Copyright Law၊ Incubation Center များ ပေါ်ထွန်းလာရေး စသည်ဖြင့် တောင်းဆိုစရာ အများအပြားရှိပါလျှက် ဘာတစ်ခုမှ လောက်လောက်လားလား တောင်းဆိုတာ မတွေ့ရသေးပါ။ အခြား Functional ဆိုင်ရာ ကိစ္စများတွင်လဲ ထိရောက်သည့် လုပ်ကိုင်ဆောင်ရွက်မှု တစ်ခုမှ ထိထိရောက်ရောက် ရှိတာမတွေ့။ အားလုံး အရင် ခေတ်ကအတိုင်း သွားနေတုန်းရှိသေးသည်ဟု ထင်သည်။ အခြားအဖွဲ့အစည်းများတွင် (ဥပမာ – ရုပ်ရှင် အဖွဲ့အစည်း)  ရွေးကောက်တင်မြောက်မှုများ အပြောင်းအလဲများ ဖြစ်ပေါ်နေသော်လဲ ကျွန်တော်တို့ အိုင်တီ အဖွဲ့အစည်းများတွင် ထိုကဲ့သို့ အပြောင်းအလဲများ မတွေ့ရသေး။ အပြောင်းအလဲ၏ လမ်းစဟု ဆိုရမည့် အစည်းအဝေး တစ်ခုတွင် ရွေးကောက် တင်မြှောက်သင့်သည်ဆိုသည့် အဆိုကို ခါးခါးသီးသီး ပယ်ချတာ ဖတ်လိုက်ရသေးသည်။ တကယ်တန်း နည်းပညာ သမားများသာ ရှိသင့်သည့် ICT Park တွင် ကျွန်တော့ အထင် တစ်ဝက်ခန့်မှာ နည်းပညာ ကုမ္ပဏီများ မဟုတ်တော့ဟု ထင်သည်။ ထိုကိစ္စသည်လဲ ယခင်က လူမရှိ၍ ပေးခဲ့သည် ဆိုဦး ယခုချိန် လိုချင်သူများ ကုမ္ပဏီ ပေါက်စများအတွက် နေရာ တစ်နေရာပင် ရနိုင်ဖွယ် မရှိ။
Functional Based ပိုင်းတွင်လဲ အလွန်အင်မတန်မှကို အားနည်းလွန်းသည်ဟု ကျွန်တော် ထင်သည်။ တကယ်တန်း နည်းပညာ အခန်းကဏ္ဍတွင် ကျွန်တော်တို့ နိုင်ငံအတွက် Functional Based ဆိုင်ရာ လုပ်စရာများ အပုံအပင်ရှိနေပါသည်။ ယခု မြင်တွေ့ကြားသိနေရသည့် အနေအထားအရ လုပ်တယ်ဆိုရုံ လုပ်နေသည့် အနေအထား၊ မထိရောက်သည့် အနေအထား အဖြစ်သာ ပွင့်ပွင့်လင်းလင်း မြင်မိပါသည်။ Barcamp ကဲ့သို့သော Event များရှိသော်လဲ တကယ်တန်း အပင်ပန်းခံပြောသူများကို အသိအမှတ် မပြုသည့် အပြုအမူများ တွေ့နေရပါသည်။ နောက်ပိုင်းတွင် ပြောမည့်သူများက ပိုက်ဆံပေး၍ ပြောရမည်လားမသိ။ Developer Conference ကဲ့သို့ event တွင်တော့ ပြောသူများ အနည်းငယ် အသိအမှတ် ပြုခံသည်ဟု ဆိုနိုင်သော်လဲ တကယ်တန်း ထိရောက်မှု အတိုင်းအတာကို လူ ဘယ်နှစ်ယောက် လာသည်ဆိုသည့် အချက်နှင့်သာ တိုင်းတာနိုင်သည့် အခြေအနေမှာသာ ရှိနေသေးသည်။
ကျွန်တော် နည်းပညာပိုင်းဆိုင်ရာများကို သင်ပါသည်။ ဝါသနာအရ အဓိကထား သင်ခြင်းဖြစ်ပါသည်။ တပည့်များကို လေ့လာကြည့်လျှင် ဆွေးနွေးငြင်းခုံတတ်သည့် အလေ့အထများ အင်မတန် နည်းပါး နေသည်ဟု ခံစားရပါသည်။ စာသင်ခဲ့ရသည့် ဝန်းကျင်အရ အလွတ်ကျက်၊ လိုင်းတား၊ အောင်ရင် ပြီးရော ဖြေလာကြသည့် အနေအထား၊ ငါပြောတာကို နားထောင် ပြန်မပြောနဲ့ဆိုသည့် တစ်ဖက်ပိတ် အနေအထား စသည့် အနေအထားပေါင်းစုံကြောင့် ငြင်းကြပါဆိုလျှင် နှုတ်တွေ ဆွံ့အကုန်ကြသည်။ ဘယ်လောက်ပင် ဆွပေးဆွပေး အသက်ဝင်လာသည် ဆွေးနွေးပွဲ အနေအထားမျိုးရောက်ဖို့ အချိန် အတော်ယူရသည်။ ထို့ပြင် ထိုကဲ့သို့ဆွေးနွေး ငြင်းခုံးဖို့ရန် ငါတို့ အဆင့်မမှိဟူသော အတွေးမျိုးကလဲ ဝင်နေသေးသည်။ တကယ်တန်း ဆွေးနွေးသည့် အရှိန်ရလာသည့်အခါ ငါတွေကို ငါတို့လဲ စဉ်းစားလို့ ရတာပါလား၊​ ဒီလိုမျိုး ဆွေးနွေးလိုက်ရင် ဒီလိုမျိုး ရလဒ်တွေ ထွက်လာပါလားဟု သိမြင်ခံစားနိုင်ကြသည်။ ထိုကဲ့သို့သော အခြေအနေရလာသည် ဆိုသော်လဲ လူတိုင်းပါလာသည့် အခြေအနေမဟုတ်၊ အနည်းအကျဉ်းသား ပါလာသည့် သဘောတွေ့နေရသည်။ ထို့ကဲ့သို့သော အလေ့အထားများ ကျောင်းများတွင် အဘယ်ကြောင့် မသင်ပေးနိုင်ရသနည်း။ စိတ်ထဲတွင် အလွန် ကြိတ်မနိုင်ခဲမရ ဖြစ်ရသည်။ နည်းပညာသည် အလွန်လျှင်မြန်စွာ ပြောင်းလဲသည့် သဘောရှိပါသည်။ ပြောင်းလဲနေသလောက် တွေးတောကြံဆရသည့် သဘော၊ တီထွင်ဖန်တီးရသည့် သဘော၊ ပူးပေါင်း ဆောင်ရွက်ရသည့် သဘောရှိပါသည်။ ငယ်ရွယ်စဉ် အချိန်ကပင် သင်ပေးခဲ့ပါက အချိန်များစွာ တိုတောင်းသွားနိုင်ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် မီလီယံနာ၊ ဘီလီယံနာ ဖြစ်နိုင်သည့် သဘောရှိသည်။ တပည့်များကို ထိုကဲ့သို့ ပြောသောအခါ ရယ်ကြသည်။ တကယ်တန်း မဖြစ်နိုင်ဟု တွေးမိသောကြောင့် ဖြစ်နိုင်သည်။ တကယ်တန်း နည်းပညာ ကဏ္ဍတွင် ထိုကဲ့သို့ မဖြစ်နိုင်စရာ အကောင်းမရှိ Local လွှမ်းခြုံနိုင်လျှင် Local အလျောက် Global လွှမ်းခြုံနိုင်လျှင် Global အလျောက် အောင်မြင်နိုင်စွမ်းတွေ ရှိနေသည်။
ကျောင်းများ တက္ကသိုလ်များ အနေဖြင့် ထိုကဲ့သို့ မြေတောင်မြှောက်ပေးရန် တာဝန်ရှိသည် မှန်သော်လဲ နောက်ထပ် တာဝန် ယူနိုင်သော အဖွဲ့အစည်းသည် Civil Society များဖြစ်ကြပါသည်။ Civil Society များ၏ လက်တံတစ်ခု ဖြစ်သော Functional Based အနေဖြင့် မောင်းနှင် တွန်းတင်နိုင်သည်ဟု ကျွန်တော် ထင်သည်။ ထိုကဲ့သို functional based များလည်ပတ် လာစေရန် တောင်းဆိုနိုင်စွမ်းသည်လဲ Civil Society များတွင် ရှိနေပါသည်။
အခြားနယ်ပယ်များတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်နေပါသည်။ အခြားအပြောင်းအလဲများသည် သမိုင်းဘီး နောက်ပြန် မလည်စေရန် အားများဖြစ်နေပါသည်။ ကျွန်တော်တို့ အိုင်တီနယ်ပယ်တွင် ထိုကဲ့သို့သော Civil Society များ အပြောင်းအလဲ ထိထိရောက်ရောက် မပြုလုပ်ပါက အားလုံးကို လွှမ်းခြုံနိုင်သော သဘောမရှိပါက သမင်မွေးရင်း ကျားစားရင်း ဆိုသည့် အခြေအနေများ၊ Brain Drain ဆက်ဖြစ်နေမည့် အခြေအနေများ၊ အိုင်တီနယ်ပယ်တွင် နိုင်ငံခြားရင်းနှီးမြှတ်နှံမှုများ မလာမည့် အန္တရာယ်များ၊ တီထွင်ဖန်တီးမှု ဆိတ်သုန်းခြင်းများ ဆက်လက် ဖြစ်နေဦးမည် ဖြစ်သည်။ အိုင်တီ နယ်ပယ်တွင် သမိုင်းဘီ နောက်ပြန်လည်သွားမည့် အန္တရာယ်အတွက် သက်ရောက်မှု အားနည်းသော်လဲ လှည်းအိုကြီးကို လူအိုကြီးတွေမောင်း ဖုန်းတစ်ထောင်းထောင်းလမ်းမှာ လူတွေ အပြင်ကို ဂျောင်း၊ ဒီပုံစံ အဟောင်းက ဒီပုံစံ အဟောင်းအတိုင်း ဖြစ်နေပြီး ဘာမှ ထူးမလာသည့် အနေအထားနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ကျွန်တော်ကတော့ ထိုကဲ့သို့သော အဖြစ်မျိုး ဆက်အဖြစ် မခံနိုင်ပါ။ ပြောစရာရှိပြောမည်။ လုပ်စရာရှိလုပ်မည်ဟု ဆုံးဖြတ်ထားပါသည်။ အိုင်တီမှ လူကြီးမင်းများ သိပြီး ဖြစ်သည့် အချက်တစ်ခုကို ပြောရမည်ဆိုလျှင် ကျွန်တော်တို့ Information Super Highway သည် မည်မျှ အစွမ်းထက်သည်၊​ နိုင်ငံအတွက် မည်သည့်အတိုင်းအတာ တစ်ခုအထိ တိုးတက်အောင် ဆောင်ကျဉ်းနိုင်သည် စသည်တို့ကို သိကြပါလိမ့်မည်။ ကလေးကို ချူသံပါအောင် အော်မှ နို့တိုက်မည်ဆိုလျှင် မိဘကောင်းများ မဟုတ်ဟု သတ်မှတ်ရမည် ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...