Monday, July 16, 2012

မိုးတွေ ရွာနေပြီ ဆိုမှဖြင့်


by Manor Hary on Monday, July 16, 2012 at 8:13pm ·

ဒီလ မဂ္ဂဇင်းတစ်ခုထဲမှာ ပါတဲ့ ဝတ္ထုတိုပါ။ ရေးထားတာက ၂၀၀၉  အကုန်ပိုင်းကတည်းက စရေးတာပါ။ ဆက်မရေးဖြစ်ပဲ ပြန်လာတယ်။ ဒီပြန်ရောက်တော့ မဂ္ဂဇင်းတစ်ခုက တောင်းတာနဲ့ အဆုံးသပ်ပြီး ပေးလိုက်တယ်။ တောင်းတုန်းကတော့ အင်တာဗျူးနဲ့အတူ တွဲထည့်မယ်ပေါ့။ နောက်ကျ အင်တာဗျူးပါတဲ့လမှာ ပါမလာဘူး။ ဘာလို့လဲ မေးတော့ သူတို့ နဂိုတည်းက အဲလို မပြောပါဘူးလှို ငြင်းတယ်။ ဒါပေမယ့် ပြီးပြီးချင်း အင်တာဗျူးအတွက်ရော၊ စာမူခရော ပေးတဲ့ လက်မှတ်ထိုး စာရွက်မှာ ၂၀၁၀ ဇွန်လအတွက်လို့ အတိအကျကြီး ပါပြီးသားပဲ .. ကျွန်မက အချိန်မရတဲ့ကြားက အင်တာဗျူးကို အချိန်မီ လုဖြေပေးတယ်။ စာမူကို ကြိုးစားပမ်းစား အဆုံးသပ်ပေးတယ်။ တကယ့်တကယ်ကျ အချိန်မီ လုပ်ပေးလိုက်ရတာနဲ့မတန်ပါဘူး။ အဲဒီအတွက် ကျွန်မလည်း စိတ်တိုတာနဲ့ မထည့်နဲ့တော့လို့  ပြောလိုက်မိပါတယ်။ အဲဒီအတွက် ကျွန်မဆီက စာမူတောင်းထားတဲ့သူ ဒုက္ခမရောက်အောင် ကျွန်မ အားလုံးတာဝန်ယူပေးမယ် လို့ ပြောခဲ့ပေမယ့် ဘာမှ လုပ်မပေးခဲ့ရပါဘူး။
အဲဒီအတွက် အဲဒီအယ်ဒီတာမလေးကို ကျွန်မ ရင်ထဲ ခုထိ အကြွေးတင်နေသလို ခံစားရတယ်။ တကယ်က သူတို့တိုက်ရဲ့  ဘာမှန်းမသိတဲ့ မူတွေကို သူမကျော်နိုင်တာ ဖြစ်ပါလိမ့်မယ်။ ခုလည်း မြင်ကွင်းက တောင်းတယ်။ ၃ ခါလောက်   တောင်းပြိး တစ်ခါမှ မပေးဖြစ်တဲ့အတွက် အားနာလို့ ပေးမယ်လို့  ပြောပြီး အဲဒီစာမူကိုပဲ ပြန်ပေးလိုက်ပါတယ်။ မေးလ်က ပို့ပေးရင် ပိုလွယ်တယ် ဆိုလို့ မေးလ်က ပို့ပေးပါတယ်။ မေးလ်ရကြောင်းတောင် မပြန်ပါဘူး။ ရမရ ထပ်မေးလည်း မပြန်ပါဘူး။ အဲဒါနဲ့  စာအုပ် ထွက်လာတယ်။ စာမူပါလာတယ်။ ကျေနပ်စရာ ကောင်းတာကတော့လင်းဝဏ္ဏရဲ့ သရုပ်ဖော်ပုံနဲ့  .. ကျေနပ်စရာ မကောင်းတာကတော့ ဒီနေ့ထိ (ကျွန်မတို့ သြဂုတ်လထုတ် မဂ္ဂဇင်း မနက်ဖြန်ဆို ထွက်တော့မယ်..) ဇူလိုင်လထုတ်ဖြစ်တဲ့ အဲဒီ မဂ္ဂဇင်းကို ခုထိ မရသေးတာ ပါပဲ။   ကျွန်မစာမူခလာထုတ်တာများ စောင့်နေလေရော့သလား မသိပါဘူးး)) လင်းဝဏ္ဏရဲ့  သရုပ်ဖော်ပုံကိုတော့ ကျွန်မ ဝယ်ထားတဲ့စာအုပ်ထဲက  အချိန်ရတဲ့နေ့  စကင်ဖတ်ပြီး ပြန်တွဲတင်ပေးပါ့မယ် ..


မိုးတွေရွာနေပြီဆိုမှဖြင့် ……………

လွန်ခဲ့တဲ့ ရက်တွေက ပုဂံ ပုပ္ဗါးဘက် ရောက်နေတုန်း ဖုန်းဝင်လာတယ်။ မြင်ကွင်းမဂ္ဂဇင်းကတဲ့။ ဝတ္ထုတို တစ်ပုဒ်လောက်လိုချင်တယ်လို့ ပြောပါတယ်။ မြင်ကွင်းနဲ့ ကျွန်မကလည်း ကံမစပ်ဘူး။ သူတောင်းလိုက်တိုင်း ကျွန်မက မပေးနိုင်ခဲ့ဘူး။ အဲဒါနဲ့ ပြန်ရောက်ရောက်ချင်း ဆိုသလိုပဲ ဝတ္ထုတို တစ်ပုဒ်တော့ဖြင့် ရေးလိုက်ဦးမှ ဆိုပြီး Laptop ကိုဖွင့်လိုက်မိတယ်။ word file ကို ဖွင့်လိုက်တယ်ဆိုရင်ပဲ အထိတ်တလန့် ဖြစ်သွားရပါတော့တယ်။ မင်းသား လုပ်မယ့်သူတွေတဲ့။ ကျွန်မနား အလုအယက် စုပြုံ ရောက်လာပါ တော့တယ်။
တောက်တဲ့ကတစ်ကောင်။
ကြောင်ကတစ်ကောင်။
“ ဟဲ့ဟဲ့ …….. ဘယ်လိုတွေဖြစ်ကြတာတုန်း”
 လို့ မေးမလို့ရှိသေး ….တောက်တဲ့ကတော့ တတောက်တောက်နဲ့ သူ့နာမည် သူအော်ရင်း သူသာလျင် အဓိက ဇာတ်ကောင် ဖြစ်သင့်တယ်ဆိုတဲ့အကြောင်းကို ကိုးခွန်းတိတိ ပြောပါတယ်။ သူ မနားတမ်း အော်သွားသံက ရင်ထိတ်စရာပါပဲ။ ဒါပေမယ့် ပုံစံကတော့ အထက်စည်းက ။ ( တောက်တဲ့ တစ်ကောင် ဘယ်လောက်လို့ လိုက်ဝယ်နေတဲ့သူတွေ သူ့အသံကြားသွားရင် ဒုက္ခလို့ ကျွန်မက မဆီမဆိုင် ပူလိုက်ပါသေးတယ်။ ) ဒါပေမယ့် ပုံစံက ဒေါင့်သိပ်မကျိုးတဲ့အတွက် ..
သွားစမ်းပါ ဟာ … နားညည်းလွန်းလို့ပါ .. ငါ့ဝတ္ထုထဲမှာ မသူတော်တွေ မပါဘူး”  
….လို့ စိတ်တိုတိုနဲ့ အော်ပစ်လိုက်တော့ ကျွန်မကို စောင်ပေစောင်ပေနဲ့ မကျေမနပ် ကြည့်ပြီး ထုတ်တန်းပေါ် ပြန်တက်သွားပါတယ်။ ဆဲတော့ ဆဲရေးမသွားဘူး။ သူ့ခမျာ ခုနကပဲ ကိုးခွန်း အော်ထားပြီးသားဆိုတော့ ထပ်ပြီးလည်း မအော်နိုင်တော့ဘူး မဟုတ်လား။ မအီမသာနဲ့ သူ့ကန့်သတ်ချက်နဲ့သူ ဒုက္ခရောက်သွားရှာတယ်။
တောက်တဲ့ ရန်က ရှင်းပေမယ့် ဇာတ်က မပြီးသေးပါဘူး။ ကိုရွှေကြောင် ကျန်ပါသေးတယ်။ သူက တောက်တဲ့ အော်နေတုန်းတည်းက လက်သည်းကို တဗျင်းဗျင်းကုတ်ပြီး အနားမှာ ဗေဒင်တွက်နေခဲ့တာ။ (အော်ပေ့စေဦး ဆိုတဲ့ မျက်နှာပေးနဲ့။) ကျွန်မက သူ့ကို အဓိက ဇာတ်ကောင် နေရာက ထားမထား ဗေဒင် တွက်နေခဲ့တာ။
 “ကျွတ်… ဒီဇာတ်က စိန်ခြူးကြာညောင် သီချင်းနဲ့ စမှာ မဟုတ်သလို ငကြောင်တွေလည်းမပါဘူး”
…. လို့ ပြောပစ်တော့ ဗေဒင် ကိန်းခန်းအရ ကတော့ သူ့ကို အဓိက ဇာတ်ကောင် နေရာက မထားတောင် ဒုတိယဇာတ်ကောင် အဖြစ်တော့ ထားရလိမ့်မယ်တဲ့။ ဒါမှ ကျွန်မစာတွေက ရှေ့လျှောက် အောင်မြင်မှာ ဆိုတာကလည်း ပါသေးတယ်။ ကျွန်မ သူမြင်သာအောင် သိသိသာသာကို စိတ်ပျက် လက်ပျက် ဖြစ်ပြလိုက်ပါတယ်။ သူကတော့ မမှုပါဘူး။ ရှေ့ဆက် တစ်ခွန်းပြောဖို့ အပြင်မှာ
“ ကဲကဲ .. သွားပါတော့ ကိုရွှေကြောင် မီးဖိုထဲက စားပွဲပေါ်မှာ ငါးကြော် တစ်ကောင်ရှိတယ် သွားစားချေ ”  
ဆိုတော့မှ မကြည်မလင်နဲ့ အနားက ထထွက်သွားတယ်။ အမြီးလေးများတောင် ခါလို့။ ပါးစပ်ကလည်း ပြောသွားသေးတယ်။
“ငါးကြော်မကြိုက် ကြောင်မိုက် ဖြစ်မှာ စိုးလို့သာပေါ့ကွာ” တဲ့။
ကိုရွှေကြောင်ထွက်သွားလို့ ကီးဘုတ်ပေါ် လက်တင်လိုက်တယ်ဆိုရင်ပဲ ဖျတ်ကနဲ ပြတင်းဝမှာ လာနားတဲ့ ဆက်ရက်တစ်ကောင်ကြောင့် လူက လန့်တောင်သွားတယ်။ လာပြန်ပြီ နောက်တစ်ကောင်။ ဒီတစ်ခါတော့ ကျွန်မပဲ စ ပြောပစ်လိုက်တယ်။
“ ဘယ်လိုများ ဖြစ်နေတာလဲ မသိဘူး။ ဟိုကြောင်က ခံတွင်းပျက်နေတာနော် ”…
ဆိုတော့ ကိုရွှေဆက်ရက်က ကွိကွိကွိကွိ နဲ့ ရယ်ပါတယ်။ ရယ်ပုံကိုက အပိုးမကျိုးတာ။
“ ငါ့အတောင်ပံက မကျိုးသေးပါဘူးကွ …”
….. လို့လည်း ပြန်ပြောသေးတယ်။ ဒီလောက်နဲ့ ရပ်သွားမယ်ထင်လား။ ဝေးပါသေး။ ဆက်ပြောသေးတယ်။ လက်ပံပင် ဆက်ရက်ကျ ဆိုတာ လူကြီးတွေ အလကား ထားခဲ့တဲ့ စကားဟုတ်ပုံ မပေါ်ဘူး။
“ ကဲကဲ .. စရေးတော့မယ် ဆိုရင် ငါလိုကောင်ကို ချိုး(ဂျိုး)ထင်တဲ့ ငတုံးတွေ မပါစေနဲ့။ တခြား အကြောင်းအရာ ရေးမယ်ဆိုရင်တော့ ငါ့ကို ဇာတ်ကောင် အဖြစ် ထားနိုင်တယ်။ မေတ္တာ စေတနာကြီးစွာနဲ့ ခွင့်ပြု ပေးမယ် ” တဲ့။
ပြောပုံက။ တော်တော်လာတဲ့ ဆက်ရက်ပဲ။ ကိုယ်ကစပြီး ဦးချိုးထားမယ် မှတ်တာ။ သူကချည်း တင်ပြောနေတော့တာမို့ Laptop ကို စိတ်တိုတိုနဲ့ ပိတ်ပစ်လိုက်တယ်။
“ တော်ပြီ .. ငါ ဘာမှ မရေးတော့ဘူး”
 လို့ ကျွန်မက အင်မတိ အင်မတန်စိတ်ပျက်တဲ့ လေသံနဲ့ ညည်းညူတော့
အေး…နောက် ရေးချင်မှ ငါ့ကို အရီး လာမတော်နဲ့”
 ဆိုပြီး တချိုးတည်းပျံထွက်သွားလေရဲ့။
ဟူး … မောင်မင်းကြီးသား ဘုန်းကြီးပါစေ သက်ရှည်ပါစေ ငှက်ခတ်သမားတွေရန်က ကင်းပါစေ လို့  စိတ်ပေါက်ပေါက်နဲ့ ဆုရှည်ရှည်လေး တောင်းပေးလိုက်တယ်။
ဟုတ်တယ်လေ။ ဒီလောက်နဲ့ ပြီးသွားတာ တော်သေးတယ်။ ဘယ်လိုတွေနဲ့ လာတွေ့နေမှန်း မသိဘူးလို့ တွေးပြီး Laptop ကို ပြန်ဖွင့်လိုက်တယ်။ အမယ် .. SCREEN ပေါ်မှာ အခန့်သား ရပ်စောင့်နေတဲ့ ပုရွက်ဆိတ် တစ်ကောင်။ မမြင်မှာစိုးလို့ ခေါက်တုံ့ခေါက်ပြန်တောင် လမ်းသလား ပြနေသေးတယ်။
အဲဒါက ဘာဖြစ်နေတာလဲ”
 လို့ ကျွန်မက ခပ်ဆတ်ဆတ်မေးတော့ ပုရွက်ဆိတ်က ..
“ ဇာတ်ကောင်လေ .. မင်းရေးမယ့် ဇာတ်မှာ အဓိက ဇာတ်ကောင်နေရာက အခမဲ့ နေပေးမယ့် ဇာတ်ကောင်”ဲ့။
အမလေး။ အကောင်အသေးဆုံးလေးက လေသံအကြီးဆုံး ဖြစ်နေပါပေါ့လား။ လေသံကလည်း မာပါ့။
“ ငါ သူခိုးတွေအကြောင်း စာမဖွဲ့ဘူး”
 လို့ စိတ်တိုတိုနဲ့ ပြောပစ်လိုက်တော့
(((ဘာ)))) တဲ့။
သူ့အော်သံက ကျွန်မထက်တောင်ကျယ်သေး။ အကောင်လေးက သေးလို့ပဲ တော်တော့တယ်။ သူက ပြောသေးတယ်။
“ မင်းဟာလေ စာရေးစားပြီး နည်းနည်းမှ အသိဥာဏ် မရှိဘူး။ ပုရွက်ဆိတ်ဆိုတာ ဝီရိယအကောင်းဆုံး ကောင်တွေ ။ မင်း မကြားဖူးဘူးလား ပုရွက်ဆိတ်နဲ့ နှံကောင် ဆိုတဲ့ ပုံပြင်။ ”
တကယ်က ဘာမသိစရာ အကြောင်းရှိလဲ။ ဒါ ငယ်ငယ်တည်းက သင်လာခဲ့တဲ့ ကျောင်းစာအုပ်ထဲက ပုံပြင်ပဲ။ “အဲဒါ ဘာမှသိပ်မတွေးတတ် မခေါ်တတ်သေးတဲ့ ကလေးတွေကို သင်တဲ့ စာအုပ်ထဲက အကြောင်းအရာတွေပါ။ ငါစိတ်မဝင်စားပါဘူး ..”
 လို့ ခပ်ဆတ်ဆတ်ပြန်ပြောပစ်လိုက်တော့ သူ နည်းနည်းအင့်သွားပုံရတယ်။ မအီမသာနဲ့။ ဒါပေမယ့် ဒီတိုင်းတော့ လက်လျှော့သွားတယ် မထင်ပါနဲ့။ ချက်ချင်းပဲ …
“ မင်း ကျော်စွာထက်ကိုသိလား ”  တဲ့။
လာလာချည်သေး။ သူပါးစပ်ဟလိုက်တာနဲ့ သူဘာပြောတော့မယ်ဆိုတာလည်း ကျွန်မက ခန့်မှန်းမိပြီးသား။ သိတာပေါ့ လို့ ကျွန်မကပြောတော့
သူရေးတဲ့ ဝတ္ထုတိုတွေ မင်း မဖတ်ဘူးလား .. အဲဒီထဲမှာ ပုရွက်ဆိတ်တွေ အကြောင်းရေးထားတဲ့ ဝတ္ထု တစ်ပုဒ်ပါတယ် တဲ့။
ကြီးကြီးကျယ်ကျယ် သူက ကျွန်မကို ကိုကျော်စွာထက်နဲ့ ကိုင်ပေါက်တာ။ ကျော်စွာထက် ဝတ္ထုတိုများ (၁)(၂)(၃) တို့ ပိုင်စိုးဝေရဲ့ ဗုဒ္ဓဟူးနေ့မှ မိုင်ငါးရာ တို့နဲ့ ကြီးလာတဲ့ သူတွေပဲ မသိရှိမလား။
“ သိတယ် .. ပုရွက်ဆိတ်၊ဆော့ခရတ္တိနှင့်ကျွန်တော် … တဲ့ ဝတ္ထုလည်းမဟုတ်ဘူး အက်ဆေး”
သူ့ကို ကြောပြီး ပြောလိုက်တဲ့အတွက် မကြည်ပါဘူး။ ဒါပေမယ့် ဝတ္ထုတိုများ(၂)ထဲ ထည့်ထားတယ်လေ လို့တော့ ရအောင်ပြောသေးတယ်။ ကိုကျော်စွာထက်ကိုတော့ အားနာပါရဲ့။ ဒင်းကိုတော့ အလျှော့ပေးလို့ မဖြစ်ပေဘူး။ သူတို့ပဲ အားနေ လူတွေရဲ့ အစားအစာတွေကို လာလာ ခိုးသယ်သွားကြတာ။ ပြောရင်ဖြင့် သူတို့ပဲ သိပ်ပြီး ဝီရိယကြီးတဲ့ သတ္တဝါတွေလိုလို။ ကျွန်မဖြင့် ငယ်ငယ်တည်းက နေရာအနှံ့မှာ ဆွေမျိုးစု ကြီးငယ်နဲ့ ကြီးစိုး မင်းမူနေတတ်တဲ့ ပုရွက်ဆိတ်တွေကို ဘယ်လိုကြည့်မရမှန်း မသိဘူး။ အဝတ်အစားခေါက်တွေထဲလည်း ဝင်လားဝင်ရဲ့။ စာအုပ်တွေကြားထဲလည်း အိမ်လာဖွဲ့လားဖွဲ့ရဲ့။ အခန့်များမသင့်လို့က ခေါင်းအုံးအောက်တောင် ဝင်သေးလို့ နားရွက်ထဲလည်း ရောက်လားရောက်ရဲ့။ တော်တော် စိတ်ပျက်စရာကောင်းတာပါ။
“ ဒါနဲ့ .. ကိုကျော်စွာထက်တောင် အဲဒီအတွေးတွေ မှားခဲ့ကြောင်း ပြန်ရေးထားတဲ့ ဝတ္ထုတို တစ်ပုဒ် ထပ်ရေးနေတယ် လို့ ကြားတယ် ပြီးရင် ငါတို့ မဂ္ဂဇင်းကို ပေးမှာ ”
 လို့ ခပ်တည်တည်နဲ့ ပြန်ပြောလိုက်တော့ ပုရွက်ဆိတ်ကောင် နည်းနည်းတော့ ငိုင်သွားတယ်။ ( ခွင့်လွှတ်ပါ ဆရာကျော်စွာထက် ..လို့ စိတ်ထဲကပဲ တောင်းပန်လိုက်ပါတယ်။ ပုရွတ်ဆိတ် တစ်ကောင်ကို အနိုင်ယူဖို့ ဒီလို လုပ်လိုက်ရတာ သိပ်တော့ မကောင်းလှပါဘူး။ လူသိက္ခာတောင် ကျသေးတယ်။ တတ်နိုင်ဘူးလေ။ သူက လေကျယ်လွန်းတာကိုး။ )  ဒါပေမယ့် ဒီလိုပြောလိုက်လို့ လက်လျှော့သွားမယ် ထင်ရင် မှားသွားပါလိမ့်မယ်။ သူက ခပ်တည်တည်နဲ့ ဆက်ပြောလာပါတယ်။  
“ ဒါလည်း မင်းပယောဂ ကင်းမယ်မထင်ပါဘူး”  တဲ့။
 တစ်ကိုယ်တည်း ရေရွတ်သလို အိုက်တင် တခွဲသားနဲ့ ပြောတာ။ အမှန်က လေကလေးနဲ့ တစ်ချက်တည်း မှုတ်ထုတ်လိုက်ရင် ရတာပဲ။ တော်ကြာ ကြီးနိုင်ငယ်ညှဉ်း ပုဒ်မကြီး တပ်ခံရမှာစိုးလို့ ငြိမ်နေရတယ်။
“ ငါ James Thurber လည်း မဟုတ်ဘူး။ ငါ့ဝတ္ထုထဲလည်း ဘယ်လို အဟိတ် တိရစ္ဆာန်မှလည်း မပါဘူး”
လို့ ပြောလိုက်မှ ပုရွက်ဆိတ်လည်း ဒေါသတကြီးနဲ့ SCREEN ပေါ်က ဆင်းသွားတော့တယ်။ သူ့ကို တိရစ္ဆာန် လို့ ပြောလို့ တဲ့။ ဒေါသတွေ ထွက်သွားတာ။ ခြေသံမကြားရတတ်တဲ့ သူခိုးကောင်တွေမို့သာ တော်တော့တယ်။ သူဆင်းသွားတဲ့ ခြေသံက တော်တော်ပြင်းတာ။ ခင်ဗျားကို ကြားစေချင်တယ်။
ဘာပဲပြောပြော တစ်တောတော့ ထပ်ရှင်းသွားပြီမို့ ဟူးးးကနဲ သက်ပြင်းရှည်ကို မှုတ်ထုတ် ပစ်လိုက်မိတယ်။ မဟုတ်သေးပါဘူး။ ဘယ်လိုများ ဖြစ်နေတယ် မသိဘူး။ ဒီနေ့ကျကာမှ ဒီလိုတွေ လာကြုံနေရတယ်လို့ လို့တွေးပြီး keyboard ပေါ် လက်ပြန်မတင်ခင် ဘေးဘီကို ထပ်ကြည့်လိုက်ရသေးတယ်။ တော်ကြာ မောင်ယောရဲ့ ရွှေကျီးညို တို့ ဆရာဇော့်ဆီက ကျား တို့ ရောက်လာမှာလည်း စိုးရသေးတယ်။ သူတို့သာဆို ဒီလို လွယ်လွယ်နဲ့ ဘယ်နှင်ထုတ်နိုင်မလဲ။ တစ်ခန်းတစ်ပိုဒ်တော့ဖြင့် သူတို့က နေရာလာယူတော့မှာ သေချာသလောက်ပဲ။  တော်သေးတယ်။ ဘာကောင်မှ မရှိဘူး။ ကဲ .. စတော့မယ်။
“ တိရိစ္ဆာန် တစ်ကောင်မှ မပါဘူးဆိုတော့ လူတော့ ပါကိုပါရမယ် မဟုတ်လား”
မြတ်စွာဘုရား ..။
ဒီတစ်ခါတော့ ခက်ရချေပြီ။ အခက်ကြီးဖြင့် ခက်ရချေတော့မည် ဟုသာ ငိုချင်း ချလိုက်ဖို့ ကောင်းသည်။ သူ့ကို မြင်တာနှင့် သူ ဘယ်သူဆိုတာ သိလိုက်တာက ပိုဆိုးသွားသည်။ သူ့နာမည် ရှေ့မှာ တနင်္ဂနွေနံ သတ္တဝါကြီး ကို ခန့်ခန့်ကြီး ထည့်ထားသူ။ မော်ဒန်ဝတ္ထုတို တစ်ပုဒ်ထဲမှာ စာရေးသူက မဟတ္တမ ဂန္ဒီနှင့် ဆားပြိုင်ချက်ခိုင်းထားသူ။ အကြံကုန် …. ဘာဆားချက် ဆိုလား။
“ လူပေမယ့် လူကောင်းပဲပါတယ် ”..
လို့ ကျွန်မ လေသံကို အတည်ငြိမ်ဆုံးနဲ့ အမာဆုံးထားပြီး ပြောလိုက်တော့ သူက ခပ်အေးအေးပါပဲ။ ကျွန်မကိုတောင် ပြန်မေးခွန်းထုတ်လိုက်သေးတယ်။
“လူကောင်းဆိုတာ ဘယ်လိုစံနဲ့ သတ်မှတ်တာလဲ ” ..တဲ့။
!@#$%^&*?’~+> ..
အဲဒါ စာအုပ်တွေထဲမှာ တွေ့နေကျ ဖရုဿဝါစာ စကားလုံးတွေနေရာမှာ အစားထိုးသုံးတဲ့ သင်္ကေတတွေ မဟုတ်ပါဘူး။ ဘယ်လိုပြန်ဖြေလိုက်ရမှန်းမသိလို့ စကားလုံးတွေ ပျက်သွားတာပါ။ ကျွန်မက ဘာမှ မဖြေတော့ သူက ကျွန်မကို ခပ်ပြုံးပြုံးပြောတယ်။
စိတ်ကူးမလွဲပါနဲ့” .. တဲ့။
 ဟင့်အင်း မလွဲပါဘူး။ သေချာပါတယ်။ သူလိုလူကို ကျွန်မ ဇာတ်ကောင် နေရာမှာမထားနိုင်ပါဘူး ။ ကျွန်မ စိတ်ထဲက စကားလုံးတွေကို မျက်နှာကနေ ဖတ်တတ်တဲ့ အရည်အချင်း ပါလာပုံ မရတဲ့ သူက ကျွန်မကို ဆက်ပြောပါတယ်။
“ခုတလော assassination နဲ့ ပတ်သက်တဲ့ ဇာတ်တွေ သိပ်ပေါက်နေတာ ။ ငါပါလို့က မင်းဇာတ် ကမ္ဘာတောင် ကျော်သွားဦးမယ် .. ဒီလိုဇာတ်နဲ့ အော်စကာပေါင်း မြောက်များစွာ …” ..
ကျွန်မ ဘာလုပ်လိုက်မိတယ် မသိဘူးး။ သိလိုက်တာက အဲဒီလူ မကျေမနပ်နဲ့ ကျွန်မရှေ့က ထွက်သွားတာပါပဲ။ ပြောသွားသေးတယ်။
“ ကျောင်းမှန်းကန်မှန်း မသိတဲ့ လူတွေ .. ငါလို သမိုင်းဝင် လူသားကို ..”  တဲ့။
သူ ဘာပြောပြော ကျွန်မ ချေပနေစရာ မလိုတော့ပါဘူး။ သူမှ မရှိတော့ပဲ။ တစ်တောတော့ ရှင်းသွားခဲ့ပြန်ပြီ။ ရေးမယ်လို့ စိတ်ကူးထားခဲ့တဲ့ ဇာတ်တောင် ဘယ်ပျောက်သွားမှန်းမသိဘူး။ ဒီနေ့ကျကာမှ အနှောက် အယှက်က တဆိတ်ကလေး များလွန်းနေသလားလို့။ ရက်ရာဇာမို့ လူကောင်းရော လူဆိုးရော ထွက်သလား မှတ်ရတယ်။
“ဘာပဲပြောပြော မကောင်းတာလုပ်တာချင်းအတူတူ ငါလိုလူကမှ သာသေးတယ် ”
အသံလာရာကို ကတုန်တရီ ကြည့်လိုက်မိတော့ … လားလား … မုတ်ဆိတ်ဖားဖားနဲ့ လူတစ်ယောက်။ သူ့ကိုတော့ မြင်တာနဲ့ ဘယ်သူမှန်းမသိနိုင်ပေမယ့် ဖြစ်နိုင်တာကို မှန်းကြည့်မိတယ်။ သေချာတာက သူဟာ Jesus Christ..။ မဟုတ်ဘူး။ ဒါဆို .. အမ် ကနဲ နေအောင် အတွေးထဲတင် နင်သွားရတယ်။ စဉ်းစားကြည့်လေ။ ဒီနေ့ နက္ခတ်အရကတော့ လူကောင်း သူကောင်းတွေ နဲ့ မတွေ့ရလောက်ဘူး။
“ယုဒလို လူမျိုးက ဒီလို စကားပြောရဲသေးသလား ”
..လို့ ကျွန်မက ဒေါသနဲ့ ရေရွတ်တော့ သူက ..
“သူများတွေလို နောက်ကျောကနေ ဓားနဲ့ ထိုးခဲ့တာ မဟုတ်ပဲ ရှေ့ကနေ တရိုတသေ နမ်းခဲ့တာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူတယ်” ..တဲ့။
ဘုရားသခင် ..။ ဘုရားသခင် ..။
ကျွန်မ ဘုရားတနေဆဲ သူက ဆက်ပြောတယ်။
“ရာဇဝင် အဆက်ဆက်မှာ ငါလိုလူကတော့ ရှားလိမ့်မယ်။ ဒေနာရိ အပြားသုံးဆယ်ကိုလည်း ငါ ကိုယ်ကျိုးအတွက် မသုံးခဲ့ဘူး။ ငါ့ကိုယ်ငါလည်း အဲဒီအတွက် အဆုံးစီရင်ပြခဲ့တယ်။ ခုထိတောင် လူတွေ ယုဒသစ်ပင် ဆိုပြီး ပြောကျန်ခဲ့သေးတာပဲ” .. တဲ့။
ပြစ်မှုတစ်ခုကို အကြီးမားဆုံး အဆုံးစွန်ထိ ကမ္ဘာကျော်အောင် သမိုင်းဝင်အောင် ကျူးလွန်ခဲ့ပြီးကာမှ အပြစ်ကြွေး ပြန်ပေးဆပ်လို့ ကျေကောင်းသတဲ့လား။ ကျွန်မ သူ့ကို မမေးပါဘူး။ မေးစရာလည်း လိုမယ် မထင်ပါဘူး။ ကျွန်မ သူ့ဆီက အဖြေလိုချင်တာမှ မဟုတ်ပဲ။
“သမိုင်းအဆက်ဆက်မှာ ငါလို သစ္စာဖောက် ပါရမီဖြည့်ဖက်ကတော့ ရှားလိမ့်မယ် ။ အရိုးသားဆုံး အညင်သာဆုံး နည်းနဲ့ သစ္စာဖောက်ခဲ့ပြီး ပြန်လည်း ပေးဆပ်ခဲ့တယ် ဒီလို အကောင်းဆုံး ဗီလိန် ဇာတ်ကောင်ဆိုတာ မင်းအတွက် ရှားမှာပါ ။ ခေတ်သစ် Judas Iscariot အဖြစ် ငါ ကမ္ဘာမြေကို တစ်ကြော့ပြန်လာချင်သေးတယ် ”
ဒီတစ်ကြိမ်မှာတော့ ကျွန်မ သည်းခံနိုင်မှုတွေ ကုန်ခမ်းသွားရပါပြီ။ စားပွဲပေါ်က laptop ကို ဝုန်းကနဲ နေအောင် ပိတ်ပစ်လိုက်ပြီး အော်လိုက်မိတယ်။
ထွက် … သွား … စမ်း … ပါ …
ကျွန်မရဲ့ အသံက သူ့ကို မတုန်လှုပ်စေနိုင်ပေမယ့် ထိရောက်မှုတော့ရှိပါတယ်။ ကျွန်မကို သနားစရာ သတ္တဝါ တစ်ကောင်လို ကြည့်ပြီး ပြောသွားသေးတယ်။
“ နင်ကတော့ ဒေနာရိအပြားသုံးဆယ်တောင် မထိုက်တဲ့ သူပဲ”  တဲ့။
သူထွက်သွားချိန်မှာ ကျွန်မ စားပွဲပေါ်ကို အရုပ်ကြိုးပြတ် မှောက်ချလိုက်မိတယ်။ အိုး .. ကျွန်မက Jesus Christ မှ မဟုတ်တာ။ မထိုက်တာဘာဆန်းလဲ။ အဲလိုပဲ ဖြေတွေးတွေးလိုက်ရပါတော့တယ် ။ တစ်ခါတစ်ခါတော့လည်း ဘဝက ဖော်မလင်နံ့ တစ်ထောင်းထောင်း .. ချုပ်ရာဗရပွ …  ပြင်ဆင်ချက် အနန္တနဲ့ နေချင်စရာလည်း မကောင်းလှပါဘူး။ ဒါနဲ့တောင် ဆက်လက်ရှင်သန်နေရသေးတယ်။ ဘာတတ်နိုင်လို့လဲ .. မမြင်ရတဲ့ စာမျက်နှာတွေကို ကြိုသိချင်လို့ မရသလို .. ပြင်ဆင်ခွင့်လည်း ရှိမှမရှိပဲ။ 
စိတ်ပျက်လက်ပျက်နဲ့ ဘယ်အချိန်ထိ ကျွန်မ မှောက်နေမိလဲမသိဘူး။ လက်ကလေးတစ်ဖက် ပုခုံးပေါ်ကျလာမှ ကျွန်မ အသိဝင်လာတယ်။
“ခဏလောက် ထပါဦးကွယ် .. အကူအညီတောင်းချင်လို့ပါ ” တဲ့။
ကျွန်မ မော့ကြည့်မိတော့ လူတစ်ယောက်နဲ့ ခရုတစ်ကောင်။ ဒီလိုမိန်းကလေးမျိုးကို ဒီတိုင်းမြင်လို့ကတော့ ဘယ်သူမှန်း ဘယ်သိနိုင်မှာတဲ့တုန်း။ ခုတော့ ခရုတစ်ကောင်နဲ့ ဆိုတော့ .. သေချာတာက သူဟာ .. မပုကြွယ်ပါပဲ။
“မပုကြွယ်”
ကျွန်မက တအံတသြ ရေရွတ်ပြီးကာမှ ဘာမှသိပ်အံ့သြစရာမရှိတာ သွားသတိရတယ်။ ဒီနေ့ တစ်နေ့လုံး ဘယ်လိုလူတွေနဲ့ တွေ့နေမှန်း မသိတဲ့ထဲမှာ မပုကြွယ်လို လူတစ်ယောက် ပါလာတာက နည်းနည်းတော့ စိတ်သက်သာဖွယ်ရာပါပဲ။ ကျွန်မက ဘာများလဲ ဆိုတဲ့ အကြည့်နဲ့ ကြည့်တော့  …
“ ရှင် .. တစ်ခုခုရေးမလို့ မဟုတ်လား .. အဲဒီ ခရုကောင်ကိုမှ နမူနာယူပြီး အောင်မြင်ခဲ့ရတယ်ဆိုတဲ့ ကျွန်မ ဘဝကြီးကို ပြင်ပေးစမ်းပါ  ” ..တဲ့။
သူမ စကားအဆုံးမှာ  လူကတော့ ကိုအော်ပီကျယ့် ကာတွန်းတွေထဲကလို “တိန်” ကနဲ အော်ပြီးသွားပြီ။ အသံတိတ်ပေါ့။ ကိုအော်ပီကျယ် ဆိုမှ သတိရတယ်။ သူ့ကာတွန်းတွေထဲမှာ မပုကြွယ်နဲ့ ပတ်သက်တဲ့ ကာတွန်း တစ်ခုပါတာပဲ။ ဟိုပြေးသည်ပြေးနဲ့ နောက်ဆုံး ပြန်လာပြီး ခရုကို လာရိုက်တဲ့ကာတွန်း။ ခုလည်း ရိုက်ချလိုက်ပါတော့လား ..လို့ တွေးလိုက်မိပေမယ့် မပြောဖြစ်လိုက်ဘူး ။ ဒါပေမယ့် ကိုယ်က အမှတ်မရှိ သနားစိတ်ကလေးနဲ့ ခရုဖက်က တွေးလိုက်သေးတယ်။ သူ့ခမျာ သူ့ဟာသူ နေတာ လူတွေကြောင့် ဒုက္ခရောက်ရှာတယ်လို့ …။
အတွေးတောင် မဆုံးလိုက်ဘူး ..။
“ငါလိုကောင်ကို နမူနာယူ အောင်မြင်ခွင့်ရတာများ ဂုဏ်ယူစမ်းပါ ”..
ဆိုတဲ့ ခရုဆီက စေးကပ်ကပ် ပြစ်ချွဲချွဲ အသံကြောင့် ကျွန်မတောင် နည်းနည်း တွန့်သွားတယ်။ အမယ် သူကလည်း ပုရွက်ဆိတ် ထက်တောင် လာသေးတာပါလား။
သွားစမ်းပါ။ ဘာမှသိပ်မတွေးခေါ်တတ်သေးတဲ့ ကလေးတွေကို သင်တဲ့ သင်ခန်းစာကို အဟုတ်ကြီး လုပ်မနေစမ်းပါနဲ့။ ခုခေတ်ကလေးတွေ ဘယ်သူမှ စိတ်မဝင်စား တော့ဘူး”
ကျွန်မက အဲလိုပြောတော့ ဒင်းက ပျင်းရိပျင်းတွဲနိုင်စွာ ရယ်တယ်။
“ကဲကဲ .. လုပ်စမ်းပါဦး စာရေးဆရာမရယ် ပုံပြင်ကို ဘယ်လိုများ ပြင်နိုင်မလဲ ကြည့်ကြရအောင် ဟောဟို ကာတွန်းဆရာတောင်မှ ဝေဖန်ခံလိုက်ရသေး။ သူ့ဟာသူ နေတဲ့ ခရုကို ကြီးနိုင်ငယ်ညှင်း လုပ်လို့ ဆိုပြီး .. ဒါ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးက မသိလို့ သိရင် တရားစွဲ ခံရဦးမယ် ”
သူ့စကားကြောင့် မပုကြွယ် ဆွေ့ဆွေ့ခုန်သွားတယ်။ အဲလိုပဲ ကြီးကြီးကျယ်ကျယ်တွေပြောပြီး ကျေးဇူးချည်းလှိမ့်ဆပ်ခိုင်းနေတာကြာပြီ တဲ့။အဲဒီခရု … တယ်လေ .. ငါ ..တွေဘာတွေလုပ်နေလို့ ကျွန်မပဲ မပုကြွယ်ကိုဆွဲလိုက်ရသေးတယ်။ ကျွန်မကတော့ ခပ်တည်တည်နဲ့ စောစောက ဒေါသ ထွက်ထားတာ ကျွန်မ မဟုတ်သလို ပညာရှိ အမျက် အပြင်မထွက် ဆိုတဲ့ မကြာခဏဖတ်နေ ကြားနေကျ ဆောင်ပုဒ်ကြီးကိုပဲ လိုက်နာသလိုလိုနဲ့ ပြန်ပြောလိုက်တယ်။
“ကြီးကြီးကျယ်ကျယ်တွေ လာပြောမနေပါနဲ့။ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနေတဲ့ ကောင်ကများ။ သူတို့ထိန်းသိမ်းနေတဲ့ထဲ နင်လို ခရုတွေမပါဘူး။ (တကယ်တော့ ကျွန်မလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာ သိပ်သိတာမဟုတ်ပါဘူး ကြားဖူးနားဝတွေလုပ်ရတာ သိပ်ယဉ်ပါးနေပြီမို့သာ..)  အထူးသဖြင့် နင့်လို စားမရ သောက်မရ ခရုတွေပေါ့။ ဒီပုံပြင်လောက်ကလေး ရှိခဲ့လို့သာ ဘဝက အနည်းနဲ့အများ နေသာခဲ့တယ် လို့မှတ်ပါ။ ”
ဒီတစ်ခါ ဆွေ့ဆွေ့ခုန်သွားရတာက ခရုပါ။ အစေးတွေနဲ့ စေးကပ်နေတာမို့ သူခုန်တာ မသိသာပေမယ့် သူဒေါသထွက်နေတာတော့ သေချာပါတယ်။ ဦးခေါင်းပေါ်က ဦးမင်တံ နှစ်ခုကတောင် ထောင်လို့။
“လူတွေ လူတွေ ဒုက္ခတွေ သိပ်များတာလည်း မပြောနဲ့ ကျေးဇူးမှ မသိတတ်တာ။ ကျေးဇူးရှင်ကို  ကျေးဇူး မဆပ်ချင်ပဲ ကျေးစွပ်ချင်တဲ့ လူနဲ့.. အဲလိုလူကို ကူညီချင်တဲ့သူနဲ့  တစ်နေ့တော့ ဒုက္ခ လှလှ တွေ့ဦးမယ် ။ ခုကျကာမှ ငါ့ကို ကာပြန်ပြီး ပုံပြင်ကို ပြင်မယ့်သူနဲ့  … … ”
သူ့ရဲ့ ဖရုသဝါစာတွေက မဆုံးလိုက်သလို၊ ကျွန်မဆီလည်း အကုန် မရောက်လိုက်နိုင်ရှာဘူး။ ခရုအိုကြီး တဖြစ်တောက်တောက် ရေရွတ်နေတုန်း ဗြုန်းဆို ဖားပြုတ်ကြီးတစ်ကောင် ရောက်လာပြီး ခရုကို မျိုချ ပစ်လိုက်လို့ပါပဲ။ (ကျွန်မဖြင့် ပုံပြင်ကို ပြင်ပေးပါ့မယ်လို့လည်း တစ်ခွန်းမှ မပြောလိုက်မိပါပဲနဲ့)
တစ်ရန်တော့ ရှင်းပြန်ပြီလို့ တွေးပြီးမှ သတိရလို့ ဖားပြုတ်ကို မျက်လုံးပြူးပြီး ပြန်ကြည့်မိတယ်။ ထင်တဲ့ အတိုင်းပါပဲ ။
“ပုံပြင်ထဲမှာတော့ မင်းသားက ဖားဖြစ်ရတာ ခုလက်တွေ့ဘဝမှာတော့ ဖားက မင်းသား ဖြစ်တော့မယ်”  တဲ့။
“ အလိုရှင် ….. ဘာကိစ္စနဲ့ ဖြစ်ရမှာတုန်း”
လို့ ကျွန်မက မေးတော့
မင်းတို့ နှစ်ယောက်လုံးကို ငါ ကယ်တင် လိုက်တာလေ” တဲ့။
ဖြစ်မှ ဖြစ်ရလေ။ ကျွန်မ မပုကြွယ်ကို လှမ်းအကြည့်မှာ မပုကြွယ်က သူ့ဘဝမှာ နောက်ထပ် အမှားတစ်ခု အဝင်မခံနိုင်ဘူး ဆိုတဲ့  မျက်နှာပေးနဲ့ ကျွန်မကိုတောင် နှုတ်မဆက်တော့ပဲ ခပ်သုတ်သုတ် ပြေးပါတော့တယ်။ စောစောက ကျွန်မကို အကူအညီတောင်းခဲ့တာ သူမဟုတ်သလို..။
ပြေးစရာမြေ မရှိသူပမာ ကျန်ခဲ့သူက ကျွန်မ။
ဘယ်တုန်းကမှ အိပ်ယာဝင်ပုံပြင်တွေကို အယုံအကြည် မရှိခဲ့ဖူးတဲ့ ကျွန်မက သူပြောတဲ့  ဖားဖြစ်သွားတဲ့  မင်းသားလေးပုံပြင်ကိုလည်း စိတ်မဝင်စားပါဘူး ။ ဒါပေမယ့်  သူ့ကိုတော့ ကျွန်မက ရွံလည်း ရွံ ကြောက်လည်း ကြောက်တယ်။  သူ့ခန္ဓာကိုယ်ပေါ်က အဆိပ်ရှိတယ် ဆိုတဲ့ ဘုထစ် တွေကိုရော .. မထင်ရင်မထင်သလို ကျင်ငယ်စွန့်ပစ်တတ်ကြီး ဖားပြုတ်ရဲ့ ကျင်ငယ်ရေက နူတတ်တယ် ဆိုတဲ့ ရှေးလူကြီးသူမတွေရဲ့  (ဟုတ်သော်ရှိ မဟုတ်သော်ရှိ) စကားအရရော ကျွန်မ သူ့ကို တကယ်ကြောက်ပါတယ်။
“ကဲကဲ စတော့။ ခလုတ်တိုက်တာလည်းမဟုတ်၊ တရုတ်ရိုက်တာလည်းမဟုတ် တဲ့ အမိုက်စားဖားပြုတ် လို့ ခေါင်းစဉ်တပ်လိုက် ”
မွေးကတည်းက အလိုအလျောက် ဖြစ်တည်နေခဲ့တာ ကြာပြီဖြစ်တဲ့  ခန္တီစ တရားတွေကြောင့်သာ သူ့ကို ထ မရိုက်ဖြစ်လိုက်တာပါ ။ ( ကြောက်တာလည်း ဖြစ်နိုင်တာပဲ။)
ပေါတောတောနဲ့ .. ဟု (အားမတန်မာန်ချဆိုသလို) ကျွန်မက ရေရွတ်တော့ .. အမယ် နဘေ ဆိုတာကဘာ ကာရန်ဆိုတာကဘာ hip hop တွေတောင် ဘယ်လို နဘေ ကာရန်တွေယူတာ စသဖြင့် အကျယ်တဝင့်တွေလုပ်နေသေးတာ အကြာကြီး ။ သူပြောတဲ့  နဘေလောက်ကတော့ ပျင်းသေးတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလို နဘေနဲ့ ဆဲလိုက်ရ မကောင်းရှိကုန်တော့မယ်။ (ဒါပေမယ့် အသားကျနေတဲ့ ဦးနှောက်က ခွင့်မပြုပါဘူး ..တော်တော်တော့ စိတ်ပျက်စရာ ကောင်းပါတယ်။  အရေးဟယ် အကြောင်းဟယ် ဆို ခေါင်းထဲ ရောက်နှင့်နေတဲ့ နီတိတွေ စည်းကမ်းတွေ ဥပဒေသတွေ ဆုံးမစကားတွေက ဘာကိုမှ ခွင့်မပြုတော့ ပါလား ..)
စိတ်ပျက်လက်ပျက်နဲ့ ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်တော့ ခေါက်တုံ့ခေါက်ပြန် လမ်းသလားနေတဲ့ မြွေတစ်ကောင်ကို တွေ့လိုက်ရတယ် ။ ကယ်တင်ရှင်တစ်ယောက် တွေ့လိုက်ရသလို ဝမ်းသာအားရ ဖြစ်မိပေမယ့် ဒင်းက ပြတင်းပေါက်နားတောင် သီမလာ ပါဘူး။ ခပ်ဝေးဝေးကပဲ ဟန်ရေးပြနေပါတယ်။ ကြည့်ရတာ သူလည်း ဖားပြုတ်တော့ မစားလောက်ဘူး ထင်ပါတယ်။ ရှေးလူကြီးတွေကဆို အိမ်ထဲ ဖားပြုတ်ဝင်ရင် ဝင်ပစေ သူတို့ရှိတာ မြွေမလာဘူး လို့တောင် ပြောခဲ့ကြတာပဲ။ ခက်တာက လတ်တလော ကိစ္စ ကျွန်မ ဘယ်လိုရှင်းရမှန်းမသိတာ။ Laptop ကို ဝုန်းကနဲ ပိတ်ပစ်ရအောင်ကလည်း ဒင်းက မကြောက်ပဲ laptop ပါ သေးပန်းသွားမှ ဘဝမှာ ရှိစုမဲ့စုလေး ပြုတ်သွားရဦးမယ်။
ဟော .. မိုးခြိမ်းသံ ..။ ဝုန်းကနဲ ပစ်ချလိုက်တဲ့ မိုးကြိုးသံက ချိုမြိန်လိုက်တာ။ ဘဝမှာ ဒီလောက် ချိုမြိန်တဲ့ မိုးခြိမ်းသံ တစ်ခါမှ မကြားဖူးသလိုပဲ။ ကိုရွှေဖားလည်း ကျွန်မကို ပြောနေတဲ့ စကားတွေ ဘယ်ရောက်သွားမှန်း မသိဘူး။ ချက်ချင်းဆိုသလို တကြွကြွ ဖြစ်ပြီး ဟောနေတဲ့ တရားကို ရပ်လို့ အုံ အုံ အုံ အုံ နဲ့ လုပ်ပါတော့တယ်။ ကျွန်မက မသိချင်ယောင်ဆောင်ပြီး မိုးတွေရွာတော့မယ် ထင်တယ် မိုးတောင်မည်းလာပြီ ဆိုတော့ သူ တကြွကြွ ဖြစ်နေပြီ။ ခပ်လှမ်းလှမ်းက ဖားသံ တချို့လည်း ကြားလိုက်ရတယ်။ ကျွန်မကို တည်စူးစူး တစ်ချက်ကြည့်ပြီး
“ပြောရဟောရ သင်ရ ကြားရတာတော့ ကောင်းပါရဲ့ ဒါပေမယ့် သွားရတော့မယ်။ နောက်မှ ပြန်လာခဲ့မယ်။ ခေါင်းစဉ်တော့ ပေးထားခဲ့တယ်နော်။ အဲဒါကို စဉ်းစားထား”
ဆိုပြီး တအုံအုံ တအွမ်အွမ်နဲ့ ထွက်သွားပါတော့တယ်။ ဝမ်းသာအားရနဲ့ တံခါး ပိတ်မယ် လုပ်တုန်း ထိတ်ကနဲ သတိရလို့ မြွေကို ကြည့်လိုက်မိတော့ သူလည်း ဖားသံတွေရှိရာ ပြေးပါပြီ။ အမြီးတောင် ပျပျလေးပဲ မြင်လိုက်ရတယ်။ ဝမ်းမြောက်စရာပါပဲ။
ကျွန်မ တံခါးပေါက်တွေ ရော ပြတင်းပေါက်တွေရော အကျအန ပိတ်ပစ်လိုက်တဲ့ အချိန်မှာပဲ မီးလည်း ပျက်သွားပါတော့တယ်။ ဇာတ်လမ်းကတော့ ပြတ်ပါတော့မယ်။ ဖွင့်လိုက်ပိတ်လိုက်နဲ့ လုပ်နေပြီး charging ကြိုးလည်း တပ်မထားမိတဲ့အတွက် laptop battery လည်း တော်တော်နည်းနေပါပြီ။ ဒါပေမယ့် လက်ကျန် battery နဲ့ပဲ  စောစောက ဖွင့်ထားတဲ့ word file မှာ စာတစ်ကြောင်း ရိုက်ချလိုက်တယ်။ font size 60 လောက်နဲ့။
မနော်ဟရီ စာရေးခြင်းအလုပ်မှ အနားယူလိုက်ခြင်း … 

ပြီးတာနဲ့ laptop ကိုပိတ်ပစ်လိုက်တယ်။ နောက်တစ်ပတ်လောက်ဆို ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာ အဲဒီသတင်း အပြိုင်းအရိုင်း ပါလာကြလိမ့်မယ်။ အကြောင်းအရင်းကို အလုအယက် အင်တာဗျူးမယ့်သူတွေလည်း ဝိုင်းဝိုင်း လည်လာလိမ့်မယ်။ ဘယ်လို အကြောင်းပြချက်တစ်ခုကိုပြရင်ဖြင့် လူအထင်ကြီး မလဲလို့ စဉ်းစား ထားလိုက်ရုံပါပဲ။ တစ်ခုပဲ .. တစ်ခုပဲ … ခုနက ဖားပြုတ်ပြောသွားတဲ့ ခေါင်းစဉ်နဲ့ ဘယ်လို စာတစ်ပုဒ်မှ ဘယ်နေရာမှာမှ၊ ဘယ်စာစောင်မှာမှ၊ ထွက်မလာဖို့ပါပဲ။ အဲဒါ  အရေးကြီးပါတယ်။ ဒါလေးတစ်ခုပါပဲ။ မဟုတ်ရင် ကျွန်မ ရေးတယ် ထင်ရင်ထင် မထင်ရင် ရှဲဒိုး ထင်နေကြပါလိမ့်မယ်။ ဒါလေး တစ်ခုတော့ အားလုံးကို ကူညီဖို့ တောင်းပန်ချင်ပါတယ်။ စာမူတောင်းထားတဲ့ မဂ္ဂဇင်းကိုတော့ ခုပဲ ဖုန်းဆက် တောင်းပန် လိုက်ရတော့မှာပေါ့။ ဖုန်းခွက်ကို ကောက်ကိုင်လိုက်တယ်ဆိုရင်ပဲ အဝေးကနေ သာယာနာပျော်ဖွယ် တစ်စက်လေးမှ မရှိတဲ့ ဖားအော်သံတွေ ကြားလိုက်ရတော့တယ်။ သူတို့ ဘယ်ချိန်ထိ အော်နေကြဦးမှာတဲ့လဲ..။ မိုးတွေရွာပြီ ဆိုမှဖြင့်…. ………… ……………….. ……။

မနော်ဟရီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...