Saturday, July 14, 2012

ကျွန်တော်နဲ့ ဒီမိုကရေစီဆိုတာကြီးတို့ မျက်နှာခြင်းဆိုင် တွေ့ကြုံကြပုံ


by Ko Htike on Saturday, July 14, 2012 at 10:20pm

ငယ်ငယ်က အဘိုးနဲ့ စစ်အတွင်းမှာ မသေဘဲ ကျန်ခဲ့ကြတဲ့ သူ့ မိတ်ဆွေ အဘိုးကြီးတွေရယ် ... ဘကြီးတွေ၊ ဦးလေးတွေနဲ့ သူတို့ အပေါင်းအသင်းတွေရယ် ပြောကြတာကို ခဏ ခဏ ကြားရတယ်။

သူတို့တွေ ပြောကြတဲ့ ... ဖဆပလ ခေတ်မှာ ... ဒီမိုကရေစီဆိုပြီး ဆန္ဒတွေ ပြလိုက်ကြတာ ... လူတွေဟာ ထစ်ခနဲ့ရှိ ဆန္ဒပြဖို့ပဲ စည်းကမ်း မရှိကြဘူးတဲ့။ အစိုးရက ဟိုဟာ လုပ်မယ်ဆိုလည်း ဆန္ဒပြ၊ ဒီဟာ လုပ်မယ်ဆိုလည်း သဘောမတူ ဆန္ဒပြနဲ့ ဒီမိုကရေစီခေတ်မှာ တိုင်းပြည်က ဘာမှ အလုပ်မဖြစ်ဘူးဆိုတာရယ် .....

ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး၊ ပြည်ထောင်စု ပြိုကွဲရေး ဖြစ်တယ်။ ဒါကို မဖြစ်ရအောင် တားမြစ်ရမှာလို့ ဆိုပြီး ဦးနေဝင်းက အာဏာသိမ်းတယ်ဆိုတာရယ် ....


စတဲ့ စကားလုံးတွေနဲ့ မဆလ ခေတ်ကာလအတွင်းမှာ ဒီမိုကရေစီ အားနည်းချက်တွေကို တစွန်းစတ အရပ်စကားတွေနဲ့ ဆွေးပြောနေကြတာ ကြားခဲ့ဖူးတယ်။ အားသာချက်ဘာလဲ၊ ဘယ်လိုကောင်းအောင် လုပ်ကြမလဲ၊ ဒီမိုကရေစီ စစ်စစ်ဆိုတာ ဘာလဲဆိုတာ ဘယ်သူမှ သိပုံ မရကြဘူး။

ကျွန်တော်ကတော့ မျက်လုံးအဝိုင်းသားနဲ့ နားထောင်နေရုံကလွဲပြီး ဒီမိုကရေစီဆိုတာ ဘာကြီးလဲပေါ့။ မြန်မာစကားလား၊ အင်္ဂလိပ်စကားလား၊ တိုင်းပြည်နာမည်လား၊ လမ်းနာမည်လား၊ ဘာဆို ဘာမှန်းကို မသိခဲ့တာ သေချာပါတယ်။ သိအောင် နားလည်အောင် ရှင်းပြနိုင်တဲ့ ဆွေမျိုး အသိုင်းအဝိုင်းမှာ ကြီးလာခဲ့သူ မဟုတ်တော့ ဒီလိုနဲ့ပဲ ... ဒီမိုကရေစီ ... ဆိုတာကို တခွန်း နှစ်ခွန်း ကြားဖူးတာပဲ ရှိခဲ့တယ်။

ဒါပေမယ့် သူတို့တွေဟာ ... တပြိုင်နက်ထဲမှာ လက်တွေ့ကာလမှာရှိတဲ့ .. မဆလရဲ့ ဆိုးဝါးတဲ့ အာဏာရှင်ဆန်ဆန် လုပ်ရပ်တွေကို ဆန့်ကျင် တွန်းလှန်နိုင်ဖို့ ဒီမိုကရေစီ ဆိုတာကြီးကိုလည်း အထင်တကြီး ရှိကြတယ်။ တစွန်းတစ ကြားရတဲ့ နိုင်ငံခြား သတင်းတွေထဲက အနောက်နိုင်ငံတွေမှာ ဒီမိုကရေစီ ထွန်းကားပြီး တိုင်းပြည်တွေဟာ တိုးတတ် ချမ်းသာနေကြမှုကိုလည်း လိုချင်ကြတယ်။ ကွန်မြူနစ်ဆိုတာကိုတော့ ရွံကြောက်ကြီး ဖြစ်နေကြတယ်။ ဒီလို အချက် အလက်တွေကိုလည်း သူတို့ စကားဝိုင်းတွေကနေ ခံစား သိရတယ်။

၁၉၈၈ မှာတော့ ဦးလေးအရွယ် ဘကြီးအရွယ် အစ်ကို အရွယ်တွေက .... "ဒီမိုကရေစီ" ... "ဒို့အရေး" ... စတဲ့ စကားလုံးတွေ လှိုင်လှိုင်သုံးပြီး ..အဲဒီအချိန်က နံပါတ်ဝမ်း လို့ ဆိုခဲ့တဲ့ ဦးနေဝင်းကို နေဝင်ချိန်အထိရောက်အောင် ပို့ခဲ့ကြတယ်။ ပို့ခ တန်ဖိုးကတော့ ကြီးလွန်းလှတယ်။ လူပေါင်း ထောင်ကျော်သေတယ်။ သောင်းချီပြီး ဘဝတွေ ပျက်တယ်။ တိုင်းပြည် အနှစ် ၂၀ ကျော် အမှောင်တိုက်ထဲ ကျရောက်ခဲ့ပြီး သူများတိုင်းပြည်နောက်မှာ အောက်ကျ နောက်ကျ ရောက်ခဲ့ရတယ်။

ဒါနဲ့ ဒီမိုကရေစီဆိုတာကို ကြားရတိုင်း ကြောက်စရာ ဖြစ်ရပ်တွေနဲ့ တွဲတွဲ သိလာရတော့ ... စိတ်ပညာရှင် အီဗန်ပါးလ်(ဗ)လော့(ဗ)(Ivan Pavlov) ရဲ့ တုံ့ပြန်မှု သီအိုရီလို ခွေးကို အစာကျွေးတိုင်း ခေါင်းလောင်းသံတီးပြီး ကျွေးတော့ ... အချိန်ကြာလာတာနဲ့ အမျှ ခေါင်းလောင်းသံကြားရတိုင်း အစာစားရမယ်ဆိုတဲ့ အသိဝင်လာတော့ .. နောက်ဆုံးမှာ ခွေးကို ဘာမှ မကျွေးလဲ ခေါင်းလောင်းတီးလိုက်တာနဲ့.. ခွေးက သရည် (သွားရည်) ကျကျလာတယ်။ အဲဒီလိုပဲ ဒီမိုကရေစီ ဆိုတိုင်း ကြောက်စရာတွေ ကပ်ကပ်ပါလာမလားဆိုတဲ့ သံသယကတော့ ရှိနေတော့ "ဒီမိုကရေစီ" လို့ ကြားတိုင်း ကြောက်စရာ ပုံရိပ်က ကပ်ပါလာနေသလို ခံစားမိလေမလား မသိဘူး။

အခြား ပြည်သူတွေတော့ မသိဘူး ကျွန်တော့် အသက် ၂၀ ကျော် ကာလတွေရဲ့ ကိုယ်ပိုင်ခံစားမှုမှာ စဉ်းစားမိလာတာကတော့ ဒီမိုကရေစီ ဆိုတိုင်း .... နိုင်ငံရေး အပြောင်းအလဲဆိုတိုင်း ကြောက်စရာ အငွေ့အသက်ကို ခံစားမိသလိုလို ဖြစ်လာနေသလို ဖြစ်နေမိတယ် .....။ အဓိကကတော့ ဘာဆိုဘာမှလည်း သေသေချာချာ မသိဘူးလေ။

ဒီလိုနဲ့ပဲ ... ကံကြမ္မာက စေစားရာ .. လန်ဒန်မြို့ကို အခွင့်ကြုံလို့ ရောက်လာခဲ့တော့လည်း .. ဒီမိုကရေစီဆိုတာ နားမလည်ခဲ့ပါဘူး။ ဒါပေမယ့် ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံရောက်နေတော့ ငါလည်း မညံ့ရအောင် .. နားလည်သလောက် လိုက်လေ့ရမယ်ဆိုပြီး လျှောက်ကြည့်မိတော့ ... နားလည်မိတဲ့ ဒီမိုကရေစီဆိုတာ ..

၁။ ပါလီမာန်မှာ လူကြီးတွေ စုပြီး စကားပြောကြ၊ ဒါကို တီဗွီကပြ
၂။ ပြည်သူတွေက ရွေးကောက်ပွဲမှာ ကိုယ်ထောက်ခံသူကို မဲတွေ ပေးကြ
၃။ speaker corner လို နေရာမှာ လူတွေက လွတ်လွတ်လပ်လပ် ပြောချင်ရာ ပြောကြ
၎။ လူတွေ ဧည့်စာရင်း မတိုင်ဘဲ ညအိပ် ညနေ သွားချင်ရာ သွားလို့ရ
၅။ ပြည်သူတွေ ချောင်ချောင်လည်လည် ရှိကြ
၆။ ဆန္ဒပြချင်ရင် လွတ်လွတ်လပ်လပ် ပြကြ ...

စတဲ့ အချက်တွေ တွေ့လာတော့ ... အာခီမီးဒီး က ယူရေကား (Eureka) လို့ အော်သလို "ဟုတ်ပြီကွ" .. "တွေ့ပြီကွ" လို့ ဆိုပြီး .. ဒီမိုကရေစီ ရှာပုံတော် တွေ့ရှိသလိုလို အော်ရမလို ဖြစ်လာတယ်။

ဒီလိုနဲ့ပဲ တိုးတတ်နေတဲ့ လန်ဒန်ဆိုတဲ့ မြို့ကြီးကို မြန်မာပြည်ထဲ ရွေ့သွားချင်စိတ် ပေါက်လာပြီး .. ရွေ့လို့ရမယ့် နည်းလမ်းတွေကို စဉ်းစားကြည့်တော့ ဒီမိုကရေစီဆိုတာကြီးကို မြန်မာပြည်ထဲ တင်သွင်းတာတွေ လုပ်ရမယ် ဆုံးဖြတ်မိလိုက်တယ်။

ဒါပေမယ့် အကြီးဆုံး အခက်အခဲကတော့ .. ကိုယ်တိုင်က ဒီမိုကရေစီ ဆိုတာ ဘာလဲလို့ သေချာ မသိသေးဘဲ အဲဒါကြီးကို တင်သွင်းဖို့က မဖြစ်နိုင်သလောက် ရှိနေတဲ့ အပြင် ... ဒါကြီးရဲ့ ကြောက်စရာ အငွေ့အသက်ကလည်း ရင်ထဲ ရှိနေတော့ .. ဘယ်လိုများ လုပ်ရပါ့ ပေါ့။..

................

ကျွန်တော်နဲ့ ဒီမိုကရေစီ ဆိုတာကြီးတို့ မျက်နှာခြင်းဆိုင် တွေ့ကြုံကြပုံ ... အပိုင်း (၂) ကို ဆက်ပြီး ရေးပါ့မယ်။

လေးစာစွာဖြင့်
ကိုထိုက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...