Monday, July 9, 2012

ပုဏ္ဏက ကျားမြီးဆွဲကောင်းခြင်း - ဘိုဘိုလန်းစင်


by Ye Myint Thu on Wednesday, May 16, 2012 at 2:12am 

“… ကျုံးဘေးမှာ လမ်းလျှောက်နေတုန်း နန်းတော်ထဲက ယာဉ်တန်းထွက်လာပီး ဗိုလ်ချုပ်နေဝင်းက ကားပေါ်ကနေ လက်ပြသွားတယ်။ ကိုလှကို နောက်ကျောက မြင်တာတောင် မှတ်မိပုံထောက်တော့ ဟိုတခါ မေမြို့အိမ်တော်မှာ ခေါ်တွေ့တုန်းကပြောဖူးတဲ့ သားကိစ္စကိုလဲ မမေ့လောက်ဘူးထင်ပါရဲ့။…”

လူထုဒေါ်အမာ၏ ကိုယ်ရေးမှတ်တမ်းတစောင်မှ (၁၉၇၂ခန့်)
ဗိုလ်ချုပ်ကြီး အဂ္ဂမဟာသီရိသုဓမ္မနေဝင်း၏ မှတ်ဥာဏ်နှင့် စပ်လျဉ်း၍ မိတ်ဆွေများလဲ ကြားဖူးပီး ဖြစ်ပါမည်။ လူတယောက်ကို ပြန်တွေ့တိုင်း သူကမှတ်မိနှုတ်ဆက်တတ်သောဝသီကြောင့် “မင်း ဒီမှာပဲလား..” အမေးခံရသူကို သူ့ “အနားပြာ”များက အလိုက်သိလွန်ပီး ဖြုတ်ပစ်လိုက်၍ ဒုက္ခရောက်ရသည့်အကြောင်း “နေဝင်းပုံပြင်”များမှာ လက်ရှိ မြန်မာ့နိုင်ငံရေးမိုးလေဝသနှင့် နှိုင်းစာကြည့်လျှင်ပင် ဖြစ်တန်ရာသော အကြောင်းရပ်များဟု ယူဆသင့်ပေ၏။
ထိုသို့နှုတ်ဆက်ခံရသူများအထဲ စာရေးဆရာ ရန်ကုန်တက္ကသိုလ်ဥပဒေကထိက မောင်ကိုယုက
“ ခင်ဗျားတောင် ဒီလိုနေရာရောက်သေးတာပဲ၊ ကျုပ်လဲရောက်မှာပေါ့ဗျ” ဟု အငေါ်ပြန်တူးမိ၍ အလုပ်ပြုတ်သွားသည်ဆိုသော ပုံပြင်ကို တွေးမိတိုင်း နေရာတလွဲမှာ လူတလွဲတွေနှင့် ဖြစ်ပျက်နေသော မြန်မာလောကကြီးကို မြင်လာမိတော့သည်။
ဟုတ်ကဲ့။ လွဲတာတွေ များလွန်းတော့လဲ အစောင်းကိုမှ အတည့်မှတ်ချင်စရာပင်။ နိုင်ငံရေးယဉ်ကျေးမှုက နှစ် ၅၀လောက်လွဲလာသည့်အခါ ပြည်သူ့ဝန်ထမ်းတွေ နိုင်ငံရေးမလုပ်ရဟု တင်းကျပ်စွာ သတ်မှတ်ထားသော ရွှေပြည်ကြီးဖြစ် ဥပဒေတော်ကြီးတွင်ပင် ဝန်ထမ်းတစုကို ထူးထူးရှယ် အခွင့်အရေးများပေး၍ ပြည်စိုးပြည်ပိုင်နှင်းထားသည်ကိုကြည့်လေ။ သူ့အရပ်နှင့် သူ့ဇာတ်ပိုင်လို့ ဤမျှ လက်ရဲနေခြင်း မဟုတ်ပါလား။ တကယ်တမ်းတော့လဲ နိုင်ငံရေးသမားတွေ အာဏာမက်ကွဲပြဲနေလို့ ဝင်ထိန်းပေးနေရပါသည်ဆိုသော ဗျာဒိတ်ခံကိုယ်တော်ကြီးများ အာဏာငန်းဖမ်းပီး တောတွင်းဥပဒေနှင့် လက်ဦးသူက ဖြုတ်ထုတ်ရှင်းလိုက်ကြသည်မှာ သူတို့“အဖေကြီး”ပါ ဝိပါက်တော် မကြွင်းခဲ့ပါတကား။ လက်နက်နှင့်မင်းလုပ်သည့် ပဒေသရာဇ်နိုင်ငံရေးအစဉ်အလာကြီးကတော့ အရှိန်တညီးညီးနှင့် မွန်းတည့်နေဆဲပင်။
မွေးနေ့များ အချစ်အမုန်းနှင့် အလှည့်လေးများ
နံပါတ်ဝမ်းကြီးခေါ် ဗိုလ်ချုပ်ကြီးနေဝင်းကို ၁၉၁၁ မေ ၁၄ မွေးသည်ဟု အစဉ်အလာအားဖြင့် လက်ခံလာကြပါသည်။ ၁၉၉၅ ရန်ကုန်တက္ကသိုလ် စိန်ရတုပွဲအကန်တော့ခံ ကျောင်းသားဟောင်းများ စာအုပ်တွင်လဲ ရက်တမျိုးတွေ့ဖူးပါသည်။ ၁၉၁၀ ဇူလိုင် ၆ ဆိုသည်ကတော့ သူ့ဇနီးဟောင်း ဒေါ်နီနီမြင့်ဌာနက ပြုစုသည့် ရဲဘော်သုံးကျိပ်စာအုပ်အလိုအရပင်။ သေခါနီး တရားထိုင်ချိန်မှတော့ အမှန်တိုင်းပြောမည် မှတ်ပါသည်။ မွေးနေ့များသကဲ့သို့ ဗိုလ်ချုပ်ကြီးတွင် ဇနီးလဲပေါသည့်အပြင် သတ်သတ်မှတ်မှတ်ယူသည့်အရေအတွက်ပင် ဘယ်နှယောက်မှန်း သေချာမသိကြပါ။ ထိုနည်းနှင်နှင် စစ်ဗိုလ်ကြီးတန်မဲ့ ဉာဏ်နီဉာဏ်နက်ကလဲ အင်မတန်များပါသည်။ ဂဠန်စောကို လုပ်ကြံသည့်ကိစ္စ၊ ဘကြီးဘဘေ၏ နိုင်ငံတော်သစ္စာဖောက်မှုသက်သေပြအသံဖမ်းစက်တို့လို “ဇာတိပြ” လက်ရာမျိုးမှသည် ၁၉၆၂ အာဏာသိမ်းပွဲ၊ ပြည်သူပိုင်သိမ်းခြင်း၊ ၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ ၁၉၆၈ ပြည်တွင်းညီညွတ်ရေးအကြံပေးအဖွဲ့နှင့် ၁၉၇၄ ဆိုရှယ်လစ်သမ္မတနိုင်ငံတော်သစ်၊ နောက်ဆုံး ၈၈ အရေးအခင်းကို လက်တလုံးကြားပြန်အာဏာသိမ်းပွဲစသည့် အံ့ချီးမကုန် ကလိမ်ချုံများမှာ လက်မြောက်လှသည်။ လက်ရှိ ဒီမိုကလိမ်ဆင်ရွေးကောက်ပွဲမှာ ယုံချင်ယောင်ဆောင်သည့် နိုင်ငံရေးလူနပ်တသိုက်ကိုသာ အမဲတုံးပစ်ဖမ်းနိုင်သည်။ ဗိုလ်ချုပ်ကြီး၏ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးကြီးမှာကား တချို့ လက်ဝဲနိုင်ငံရေးသမားကြီးများနှင့် နိုင်ငံရေးသန်သူ ပညာတတ်များကို နှစ်အနည်းငယ်ခန့် ဖမ်းစားခဲ့နိုင်သည်သာမက စီးပွားရေးနှောင့်နှေးတာ မှောင်ခိုဝိသမတွေကြောင့်ဟု ၁၉၈၇ ငွေစက္ကူတွေ သိမ်းချိန်ထိ ယုံနေခဲ့သည့် ပြည်သူများပင် ရှိခဲ့သည် မဟုတ်ပါလော။ “ဆိုရှယ်လစ်အနံ့ပေးလိုက်ရင် လိုက်သွားတာပဲ”ဟု ဦးသိန်းဖေမြင့်ကို သူ့ဇနီးက မှတ်ချက်ပေးသည်ကိုပဲ မှတ်မိနေပါသည်။ မဆလပါတီဝင်မဟုတ်ပေသိ ထိုခေတ်ပညာရေး ယဉ်ကျေးမှုလှုပ်ရှားမှုများတွင် ဆိုရှယ်လစ်စိတ် တိုင်းပြည်စိတ်နှင့် ကျွန်ုပ်ဘိုးဘွားများကဲ့သို့ အလေးစားခံ ပညာတတ်အသိုင်းအဝိုင်းက ကူညီအားပေးမှု ရှိခဲ့ပေသေးသည်။ ယခုကဲ့သို့ ဆိတ်ခလောက်သတင်းသမား ပညာရှင်တသိုက် မည်မျှနာမည်ပျက်ခံကျားကန်ပေးငြား ထန်းပလတ်စုတ်က နတ်ရုပ်မဖြစ်သည့်အပေါက်မျိုးမဟုတ်ပေ။ အာကာဘောင်က ကိုကိုမောင် အသက်သွင်းသည့် အညမညဆိုရှယ်လစ်ရေသူမမှာ လာလတ္တံ့ လေဒီဘွိုင်းဒီမိုကရေစီထက်တော့ ကြည့်ပျော်သေးသည် ဆိုက မမှားပေ။

သို့သော် ဆဲဗင်းဂျူလိုင်၊ ဦးသန့်၊ ၈၈ စသည့် အရေးအခင်းများတွင် လက်လွတ်စပယ် စစ်အင်အားသုံးခဲ့ခြင်း၊ သောင်းကျန်းမှုစစ်ဆင်ရေးများအတွင်း ဖြတ်လေးဖြတ်စသည့် မလေးဗီယက်နမ်စစ်များမှ သယ်လာသည့် ချေပုန်းရေးပေါ်လစီများကြောင့် စစ်တပ်အနေနှင့် ခုချိန်ထိ အာဏာသိုက်စောင့်ဘဝက မကျွတ်ဝံ့ဖြစ်နေရပေသည်။ ဗိုလ်ချုပ်ကြီးအား မင်းဆိုးမင်းညစ်အဖြစ် မော်ကွန်းတင်ခံရခြင်းမှာ ဤသို့ စစ်တပ်အားကိုး
ဖိနှိပ်သတ်ဖြတ်မှုများ ခြစားမှုများကြောင့် လူထုနှင့် အခွင့်ထူးခံများကြား အမုန်းမီးပင်လယ်ကို အတိုင်းမသိကျယ်ပြောစေခြင်း၊ လက်ဝဲကျွံဆိုရှယ်လစ်ပေါ်လစီများနှင့် တိုင်းပြည်ကို ချွတ်ခြုံကျစေရုံသာမက သူ့ပုဂ္ဂလိကစည်းစိမ်ခံမှုကလဲ တိုင်းပြည်၏ အကြည်ညိုမဲ့စေခြင်းတို့ကြောင့်ပင်။ သို့ကြောင့် နာဆာ၊ တီးတိုးစသည့် သူအတုယူရာ ဆိုရှယ်လစ်ဗိုလ်ချုပ်ကြီး အာဏာရှင်ကြီးတချို့ ကဲ့သို့ တိုင်းပြည်ဖခင်ဘဝမရောက်ဘဲ ပထွေးဆိုးဘဝနှင့် ဘဝဆုံးခဲ့ရသည်။ ပိုဆိုးသည်က သမီးကို မုဒိန်းကောင်နှင့် အဓမ္မမင်္ဂလာပြုစေခဲ့ခြင်းတည်း။

ကျွန်သဘောက်တို့ရမည့် နေဝင်းစပေ့စ်

မြန်မာပြည်တွင် နေဝင်းအမွေဟု ထင်ထင်ရှားရှားပြစမ်းပါဆိုလာလျှင် ပဒေသရာဇ်အသုံးတော်ခံစစ်နိုင်ငံကြီးနှင့် ရဟန်းရှင်လူပညာရှင်တို့ မကျေလည်စရာ မြန်မာစာသတ်ပုံစာအုပ်စိမ်းစိမ်းများကိုသာ ဆွဲထုတ်ပြလိုသည်။ စစ်တပ်မျိုထားသောနိုင်ငံကို အရပ်ရောင်ထွက်အောင် လွှတ်တော် ရွေးကောက်ပွဲ ပါတီစုံအဆောင်အယောင်နှင့် မည်သို့ဆင်စေကာမူ ပွဲစားရှင်လောင်းမှာ နူနာမကင်း၍ ရှင်ဖြစ်မည့်ပုံမပေါ်ချေ။ နေပြည်တော်ခံကတုပ်မှ အချိန်မရွေးထွက်လာမည့် ဇွမ်ဘီတပ်ကြီးကို အဘယ်ပါချီပါချဲ့နိုင်ငံရေးသမားက နားရွက်လှုပ်ဝံ့ပါအံ့နည်း။ စင်စစ် ၁၉၅၈ အိမ်စောင့်ခေတ်ကထဲက မြန်မာပြည်အဝှမ်း နိုင်ငံရေးခါးပိုက်ဆောင်တပ်များကို ရှင်းလင်းပီး အာဏာကိုစုစည်းထားသည့် စစ်တပ်သည် တိုင်းပြည်တွင် သြဇာအကြီးဆုံးနိုင်ငံရေးအင်အားစုဖြစ်ခဲ့ပီးလေပီ။

သတ်ပုံကိစ္စတွင်လဲ မြန်မာစာကော်မီရှင်ကို လက်ကိုင်ဒုတ်လုပ်ကာ ဟံသာဝတီဦးဘရင်၊ ဒဂုန်ဦးစန်းငွေ၊ ဦးဆန်းထွန်းစသည့် ဘောင်းတော်ညိတ်မြန်မာပညာရှိတသိုက်နှင့် တတွေ တစ်တွေ ထင်ရာလုပ်သွားခြင်းကို
ဆရာဇဝနကဲ့သို့ “အဟမ်း အဟမ်း သတ်ပုံကျမ်းကြီး” ဟု ချောင်းဟန့်ဝံ့သူ မည်သူမှ မရှိတော့ဘဲ မကျေမချမ်းနှင့် လက်ခံခဲ့ရသည်။ မှတ်မိသေးသည်၊ ကျွနုပ်ဖွားအေက “လဲတွေအကုန်လုံး လည်းနဲ့ပေါင်းရတော့မယ်တဲ့ကွ” ဟု ညသတ်ရှေ့ ကပေါက်အသံပီပီကြီးနှင့် မြည်တွန်နေခြင်းကိုပင်။ စိတ်ဆိုးလဲဆိုးလောက်စရာ၊ ဥက္ကဋ္ဌကြီး မန္တလေးမေမြို့ ရောက်လျှင် မြန်မာစာကထိကဟောင်း ဆရာမောင်မောင်တင်ကလေးနှင့်အတူ သူတို့စုံတွဲကို ခေါ်,ခေါ်တွေ့ကာ သတ်ပုံကိစ္စမေးမြန်းတိုင်ပင်ပီးမှ ထင်ရာလုပ်ခဲ့သည်ကိုး။ ရန်ကုန်က ဆရာဇေယျ၊ ဇော်ဂျီ၊မင်းသုဝဏ်တို့ကိုလဲ မင်းလိုသူ့အလိုမလိုက်၍ ချောင်ထိုးထားခဲ့သည်။ ပိုဆိုးသည်က ရှေးစာအုပ်များကို လက်ရှိမူနှင့် လျှောက်ပြင်၍ ဖောက်ပြန်ပျက်စီးရခြင်း။ စင်စစ်မတော့ ပညာရှိအဆက်ဆက်ငြင်းမပီးနိုင်သည့် ကိစ္စကြီးကို စစ်ပုံစံတစံထဲဖြစ်အောင် ရိုက်သွင်းသည့်အတွက် စာပေရေးထုံးတွင် ဒွိဟပွားစရာတွေပိုလို့များလာခဲ့ရခြင်းပင်။ စစ်အစိုးရစက်ရိပ်အပြင်က မီဒီယာတွေကပါ ဤသတ်ပုံတိုင်းလိုက်ပီး တတစ် လဲလည်း ပဲဘဲ ဦးအုံးတွေကို လျှောက်ပြင်လာသည့်အခါ ရှေးကထုတ်သည့် သတ်ပုံဟောင်းများကို ရှာဖွေတိုက်ဆိုင်ကြည့်ကြပါအုံးဟုသာ ဟစ်ချင်တော့သည်။
ထိုထက် ဗိုလ်ချုပ်ကြီးသည် ယဉ်ကျေးမှု ရှေးရိုးစွဲဖြစ်သည်၊ နိုင်ငံခြားမုန်းတီးရေးနှင့် တိုင်းပြည်ကို တံခါးပိတ်ခဲ့သည်၊ မြန်မာပြည်ကို ကိုလိုနီအမွေမှလွတ်ပီး စီးပွားရေးတကယ်တမ်းလွတ်လပ်အောင် ဆောင်ကြဉ်းခဲ့သည်ဆိုသော မိုက်ကယ်အောင်သွင်၏ စာမျိုးကို ဖတ်ရလျှင် နဝရတ်ဟိုတယ်ရေကန်ဘောင်မှ သမီးတော်ဘုရားမွေးနေ့တွင် ပုဆိုးထမီများနှင့် တွဲဖက်ကနေသည့် မဆလ၏ သားအိုသမီးအိုများ ဗီဒီယိုခွေကိုသာ သတိရမိသည်။ ကြည့်လိုက်ရသူတဦးက ဒါကြည့်ပီးတော့ တတိုင်းပြည်လုံးကို ပိတ်ဆို့ထားချိန်မှာ သူတို့အသိုင်းအဝိုင်းထဲမတော့ အပြင်လမ်းကြောင်းတွေက မပြတ်ပွင့်နေတုန်းဘဲဆိုတာ ပိုသိသာတယ်ဟု ကောက်ချက်ချသည်ကိုသာ ကြားနေဆဲပင်။ ဟုတ်၏၊ ကိန်းဘရစ်ခ်ျထုတ် မိုက်ကယ်ချာနီ၏ ခေတ်သစ်မြန်မာပြည်သမိုင်းတွင် မဆလခေတ်က အခွင့်ထူးခံရေပေါ်ဆီလူတန်းစားသည် ဆက်၍လဲ (စီးပွားရေး နိုင်ငံခြားနှင့်ကူးလူးဆက်ဆံရေးအခွင့်ထူးများ ဆက်လက်ခံစားပီး) ဒီမိုကရေစီကူးပြောင်းရေးတွင် ကဖျက်ယဖျက်လုပ်နေဆဲဆိုသည့်အချက်မှာ ၂၀၁၀တွင် ပြည်တွင်းပြည်ပ တတိယအုပ်စုဆိုသူများ၏ ခွင်များကိုကြည့်ရင်း ရုပ်လုံးက ပို၍ပေါ်လာသည်။ အင်္ဂလိပ်ခေတ်၊ ဖဆပလခေတ်ကဲ့သို့ လက်သာရာယိမ်းသည့် မဆလကလဲ နီးစပ်ရာ စစ်အသိုင်းအဝိုင်းကိုသာ ပြည်ပပညာတော်သင်လွှတ်ပီး လူမွေးခဲ့သည်မဟုတ်ပါလား။ ယခု အန်ဂျီအိုသံ စပေ့စ်သံ ဟစ်နေသူများတွင်လဲ ထိုအနွယ်အဆက်ပညာရှင်၊ ဓနရှင်များက ကြီးစိုးနေသည်ကို တတိယလိုင်းစာစောင်များ၊ ပြည်ပကွန်ဖရင့် ဆွေးနွေးပွဲတက် ပြည်တွင်းကိုယ်စားလှယ်စာရင်းများကိုကြည့်လိုက်လျှင် တန်းသိလိမ့်မည် (မျက်နှာကြီးဆွေတော်စဉ်တော့ သိရမည်)။ လက်ရှိစစ်အစိုးရကိုလဲ နိုင်ငံခြားကြောက်စိတ်ရှိသည်၊ ရှေးရိုးစွဲဟု မသိနိုးနားပြောသံများကြားတိုင်း “မင်းပရိယာယ် ငတင့်တယ် နားဝယ်မလည်ရှာ”ဆိုသည့် ကဝိလက္ခဏသံပေါက်ကိုပဲ ထပ်ခါထပ်ခါ ရွတ်ပြချင်မိသည်။ မဆလစီးပွားရေးအဆောက်အအုံမှာလဲ စင်စစ် ဂျပန်နှင့် မြန်မာ့မိတ်ဆွေများထောက်ပံ့မှုကို မှီခိုနေရသည့် ကုန်ကြမ်းဈေးကွက်ကိုလိုနီသာသာပဲ ရှိပါသည်။
သြော် ခုတော့ ဗိုလ်ချုပ်ကြီးလဲ လွန်လေပီ။ ပုဏ္ဏကလက်သစ် ပဒေသရာဇ်ခေတ်ကို ရိုက်ချိုးမည့် ခေတ်ပြောင်းတော်လှန်ရေးကား ရုပ်လုံးမပီသေးသလို နေပြည်တော်ပေါ်တွင် နေဝန်းက ရှိန်ပြင်းဆဲ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...