လူ့အဖွဲ့အစည်းနှင့် လူမှုတော်လှန်ရေး ( မြတ်သစ် )
by Ye Myint Thu on Monday, July 9, 2012 at 10:06am
လူမှုရေးတည်ငြိမ်မှုကင်းမဲ့ရခြင်း၏အကြောင်းတွေထဲမှာ ဆင်းရဲချမ်းသာကွာဟချက်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဤဖြစ်စဉ်သဘောတရားကိုတရုတ်ခေါင်းဆောင်တွေသတိပြုမိလာကြသည်။ချမ်းသာနှင့်ဆင်းရဲကိုလူတန်းစားတိုက်ပွဲဆင်နွဲခြင်းဖြင့်သာ အောင်မြင်ရာ၏ဟု ကွန်မြူနစ်ဝါဒက ယုံကြည်ထားသည်။ လူတန်းစားတိုက်ပွဲကို ကိုင်စွဲထားခဲ့သောတရုတ်နိုင်ငံသည် ယခုအခါတွင်မူ တော်လှန်ရေး၊လူမှုမတည်ငြိမ်မှုမဖြစ်ပေါ်စေရေးတို့ကိုရှောင်လွှဲရန်ကြိုးပမ်းလာနေကြသည်။
မော်၏ဆိုရှယ်လစ်စနစ်ကို တိန်ရှောင်ဖိန်၏ချမ်းသာ ရတာမင်္ဂလာဟူသောအယူဆဖြင့် အစားထိုး ခဲ့ပြီးနောက် တရုတ်နိုင်ငံသည် အကြီးကျယ်ပြောင်းလဲခဲ့သည်။ ချမ်းသာသူတွေများလာကြသည်။
ထိုချမ်းသြွာကယ်ဝသူတွေသည်အဆင့်မြင့်အရာရှိတွေ၊ အာဏာပိုင်တွေနှင့် လက်တွဲပြီးချမ်းသာမှုကို တိုးပွားစေခဲ့သည်။
လူလတ်တန်းစားတွေလည်းပို၍များပြားလာသည်။ ဤသို့ဖြင့် ချမ်းသာသည့် လူတန်းစားတို့၏ လူနေမှုဘဝပုံစံကလည်း သိသိသာသာကြီးဆိုသလို ကွဲပြားလာသည်။
ကျေးလက်နေပြည်သူများ၏ ဘဝကတော့ ဘာမှသိပ်မပြောင်းလဲ။
ကွန်မြူနစ်ပါတီ၊ အစိုးရနှင့်စစ်တပ်ဟူသော ထောက်သုံးချောင်းပေါ်တွင်ရပ်ခဲ့သော တရုတ်နိုင်ငံတွင် ပါတီနှင့်စစ်တပ်သည် ယခင်ကကဲ့သို့အုပ်ချုပ်ရေးတွင် ထင်ထင်ပေါ်ပေါ်မပါဝင်တော့။ အခန်းကဏ္ဍအတန်ငယ်မှေးမှိန်သွားသည်။ လုံးဝဥဿုံတော့ပျောက်ကွယ်မသွားသေး။ ပါဝါနှင့်ဥစ္စာဓနတို့ကို နိုင်ငံတော်အစိုးရအာဏာပိုင်များ၊ ပါတီအကြီးအကဲများနှင့် စစ်ဘက်အရာရှိကြီးများက ချုပ်ကိုင်ထားနေဆဲ အဖြစ်ကလည်းပျောက်ကွယ်မသွားသေး။ အာဏာပိုင်များနှင့် သူတို့မိသားစုဆွေမျိုးသားချင်းတွေသည် ဩဇာအာဏာကိုလည်းကောင်း၊ ဥစ္စာဓနတွေဖြစ်စေသည့်စီးပွားရေးကိုလည်းကောင်း ချုပ်ကိုင်ထားနေဆဲဖြစ်သည်။ ထိုဆွေမျိုးသားချင်းတွေကဆွစ်ဘဏ်များတွင်ငွေများအပ်နှံထားကြသည်။နိုင်ငံရပ်ခြားတွင်ရှိသောကျောင်းတွေမှာ စာသွားသင်စေသည်။ ပြီးတော့နိုင်ငံခြားသား အိမ်ခြံမြေ အကျိုးဆောင်တွေနှင့်ပေါင်းသင်းပြီး အိမ်ခြံမြေတွေဝယ်ကြသည်။ပြည်တွင်းမှာအိမ်ခြံမြေဈေးတွေ ကစားကြသည်။ထိုထက်ပို၍ဆိုးတာကတော့ထိပ်တန်းခေါင်းဆောင်အချို့က ပြည်တွင်းမှာဩဇာအာဏာ
ကြီးကြီးမားမားရထားချိန်တွင် သူတို့၏ ချစ်လှစွာသော ဇနီးမယားသားသမီးတွေက ပြည်ပနိုင်ငံခြားသွားရောက်လည်ပတ်၏။ဈေးဝယ်ထွက်ကြသည်။ ကျောင်းသွားတက်ကြသည်။ အဆိုးရွားဆုံး ကတော့ နိုင်ငံခြားမှာ မြေတွေဝယ်၊အိမ်တွေဆောက်ထားကြသည်။
ကျေးလက်နေတောင်သူ လယ်သမားတွေကတော့ စက်ရုံဆောက်ရန်လယ်တွေ သိမ်းခံကြရသည်။တိုက်တွေဆောက်ရန်ဆိုပြီး လုပ်ငန်းရှင်တွေကမြေတွေသိမ်းတာခံရသည်။တချို့ကျတော့လည်း လယ်ယာလုပ်ငန်းအဆင်မပြေ၍ မြို့တက်ပြီးကြုံရာကျပမ်း လုပ်ကိုင်နေကြရသည်။ ကျေးလက်ကို စွန့်ခွာလာကြသည်။လယ်သမားတွေ မြို့ကြီးတွေမှာ အဆမတန်များပြားလာသဖြင့် မြို့ပြမှာလည်း လူဦးရေပေါက်ကွဲမှု ဒဏ် ခံနေရသည်။ မြို့ပြလူတန်းစားတွေဘဝကလည်း သိပ်ပြီး ထူးလှသည်တော့ မဟုတ်။ သာမန်လူလတ်တန်းစားကတော့သာယာလှပသည့်အနာဂတ်တစ်ခုရောက်လာလိမ့်နှင့် မျှော်လင့်နေကြသည်။ ကွန်မြူနစ်စနစ်၏ပဒေသာပင်ခေတ်ကြီးမြေပေါ်က ပေါက်လိမ့်နိုးနှင့် ထင်ထားခဲ့သမျှသဲထဲရေသွန်ဖြစ်ပြီးနောက်လွတ်လပ်ပွင့်လင်းသောဒီမိုကရေစီစနစ်ပေါ်ပေါက်လာလိမ့်နိုး
မျှော်လင့်ချက်ကလည်းအရာမထင်နိုင်သေး။
ချမ်းသာကြွယ်ဝမှု၏ အသီးပွင့်ကိုခံစားနေရသည်ကငွေရှင်များ၊ အစိုးရ အရာရှိကြီးများနှင့် တိုင်းတစ်ပါးလုပ်ငန်းရှင်များသာဖြစ်နေသည်။ အကျင့်ပျက်ခြစားထားသော အရာရှိကြီးများက ပြည်ပတွင်သုံးစွဲထားသည့် ပမာဏမှာဒေါ်လာ ၁၂၀ ဘီလျံထိရှိသည်ဟု သတင်းရင်းမြစ်တစ်ရပ်က ဆိုထားသည်။
တရုတ်မီဒီယာများအနေဖြင့်အကျင့်ပျက်ခြစားမှုကိုယခင်ကထက် ပို၍လွတ်လပ်စွာဖော်ပြခွင့်ပြုပြီဟု ဆိုထားသည့်တိုင်အာဏာပိုင်များ၊ အထူးသဖြင့် ပါတီထိပ်တန်းခေါင်းဆောင်များနှင့် ဇနီးမယားများ၏ အကျင့်ပျက်ခြစားမှုကို ဖော်ပြခွင့်မရကြ။ မဖော်ပြကြရုံမျှမကသေးဖုံးဖိထားရသည်။
ချမ်းသာဆင်းရဲကွာဟချက် အထူးအခွင့်ရေးရရှိထားသည့်အာဏာပိုင်များနှင့် ၎င်း တို့၏မိသားစုများတို့သည် ကွန်မြူနစ်ဝါဒကို ပြက်ရယ်ပြုနေသလိုအရင်းရှင်စီးပွားရေးစနစ်အတွက်လည်း အန္တရာယ်ကိုစိန်ခေါ်နေသည့်
လက္ခဏာများဖြစ်နေသည်။ပစ္စည်းမဲ့ အာဏာရှင်စနစ်သည် အလုပ်သမား၊လယ်သမားများနှင့် ပညာတတ် လူတန်းစားများ၏ ဘဝသာယာရေးကို လုံးဝဥဿုံမဖန်တီးပေးနိုင်ခဲ့။ ထိုကဲ့သို့ပင် အရင်းရှင်စနစ်ကို လုပ်ဆောင်ရာတွင်လည်း လွတ်လပ်မှု၊ ပွင့်လင်းမှုနှင့်ယှဉ်ပြိုင်မှုကို အခြေခံခြင်းမပြုဘဲ အာဏာရှင်စနစ် လက်ကျန်အယူအဆ၊ ဆွေမျိုးသားချင်းကောင်းစားရေးအယူအဆ သို့မဟုတ် ပဒေသရာဇ်အယူဆတို့ဖြင့် အုပ်ချုပ်မှုပါဝါရယူပြီးချမ်းသာအောင် ပြုလုပ်နေခြင်းကြောင့်အခြေခံအလုပ်သမား၊ လယ်သမား၊ ပြည်သူများ၏ အကျိုးစီးပွားကို လုံးဝဖော်ဆောင်နိုင်မှုမပြုနိုင်သည့်အချက်ကို ပြည်သူများက နားလည် သဘောပေါက်နေပြီဖြစ်သည်။
ဒီမိုကရေစီကိုလိုလားနေသည့်ပြည်သူများ၊ ပြုပြင်ပြောင်းလဲရေးကို လိုလားသည့်အာဏာပိုင်အချို့နှင့် သဘောထားတင်းမာသူများဟုဆိုရမည့်ကွန်မြူနစ်ဝါဒနှင့် ပါတီအပေါ် ယုံကြည်ကိုးစားနေသူများ၊ မိမိနှင့် မိမိဆွေမျိုးသားချင်းများနှင့်ချမ်းသာရေးသာအဓိကဟု လက်ခံထားသည့်ပုဂ္ဂိုလ်များ၏ သဘောထား ကွဲလွဲမှုများ၊ ပဋိပက္ခများသည်မကြာမီကြုံတွေ့ရမည့်အနေအထားပင်ဖြစ်သည်။ ပြောင်းလဲမှုတစ်ရပ် ကတော့ ပြုရပေမည်။ မပြုခဲ့လျင်မူ . . .။
" ကျွန်ုပ်တို့အားလုံး ကိုယ့်ကိုယ်ကိုယ် ကြိုးပေး အဆုံးစီရင်ရမည်။
သို့မဟုတ် သီးခြားစီ ကြိုးပေးအဆုံးစီရင်ရလအံ့ " ... ဟူသည့်
ဘင်ဂျမင်ဖရန်ကလင်၏စကားကိုသာ အကောင်အထည်ဖော်ရကိန်းဆိုက်ပေတော့မည်။
မြ တ် သ စ်
Ref; Wealth and Power;It's a family affair
Economist
0 comments:
Post a Comment