Friday, July 27, 2012

၁၉၀၈ ခုနှစ် မတရားသင်းဥပဒေဆိုင်ရာ ရှင်းလင်းချက်တွေဟာ တရားမျှတမှုရှိရဲ့လား။ အောင်ထူး (ဗဟို တရားရုံးရှေ့ နေ)


by Aung Htoo on Tuesday, July 17, 2012 at 9:49pm 

ရှေ့ နေကြီးတဦးလဲဖြစ်၊ စစ်အစိုးရတည်ထောင်ထားတဲ့ လွှတ်တော်ရဲ့ကိုယ်စားလှယ် တဦးလဲဖြစ်တဲ့ ဦးသိန်းညွန့် က ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေကို ဘာကြောင့် ဖျက်သိမ်းသင့်ကြောင်း ဇူလိုင်လ ၁၇ ရက်နေ့ ညက ဘီဘီစီကနေ အချက်သုံးချက်နဲ့ ရှင်းပြသွားပါတယ်။ ဥပဒေသမားတဦးက ထပြီးရှင်းပြ လိုက်တယ် ဆိုတော့ စစ်အာဏာရှင်စနစ် ရဲ့ ဆယ်စုနှစ်ငါးစုကျော် အုပ်ချုပ်မှုအောက်မှာ ဥပဒေ သုံးသပ်ချက်တွေနဲ့ ဝေးကွာအောင် လုပ်ထားခံခဲ့ရတဲ့ လူထု အနေ နဲ့ ဟုတ်နိုးနိုးနဲ့ ငိုင်သွားနိုင်ပါတယ်။ တချက်ခြင်းစီကို သုံးသပ်ပြပါမယ်။

(၁) ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေဟာ ကိုလိုနီခေတ် တုံးက မြန်မာ့အမျိုးသားလွတ်မြောက်မှုကို ဖြိုခွဲဘို့  အသင်းအဖွဲ့ တွေ မလုပ်နိုင် အောင် ပြဌာန်းခဲ့တဲ့ ဥပဒေ ဖြစ်ပါသတဲ့။

လွဲလိုက်လေ ဦးသိန်းညွန့်ရယ်လို့ ပြောရမလိုပါဘဲ။ အဲသည် မတရားအသင်းဥပဒေ တည်ရှိနေစဉ်မှာဘဲ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ ထင်ရှားခဲ့တဲ့ ၀ိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ တို့ ဗမာ အစည်းအရုံးအပါအ၀င် အသင်းအဖွဲ့ ပေါင်းများ စွာနဲ့ ကျောင်းသားသမဂ္ဂတွေ ဖွဲ့ စည်းခွင့် လှုပ်ရှားခွင့်ရခဲ့တာပါ။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းခဲ့တဲ့အချိန်အထိလည်း အဲသည် ဥပဒေအောက် မှာဘဲ အသင်းအဖွဲ့ ပေါင်းမြောက်များစွာ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့်ရခဲ့တာပါ။ ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေရဲ့ပင်ကိုယ် သဘော က ပြသနာ မရှိပါဘူး။ စစ်အစိုးရ အဆက်ဆက်တက်လာပြီးတဲ့ နောက် အဲသည်ဥပဒေကို မတရားအသုံးချခဲ့တာက ပြသနာဖြစ်ပါတယ်။ ဥပဒေ ပြသနာ မဟုတ်။ ဥပဒေ စိုးမိုးရေး ပြသနာ လို့ ပြောရမှာ ဖြစ်တယ်။

(၂) အသင်းအဖွဲ့ များဆိုင်ရာ ဥပဒေရှိနေပြီ။ မတရားအသင်း ဥပဒေ မလိုတော့ဘူးတဲ့။

ဥပဒေသမားတဦးဖြစ်တဲ့ ဦးသိန်းညွန့်အနေနဲ့ စစ်အစိုးရပြဌာန်းထားတဲ့ မတရားဥပဒေဘက်က ရပ်တာတော့ မသင့် တော်ဘူး လို့ ပွင့်ပွင့် လင်းလင်း ပြောပါရစေ။ ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေနဲ့ ၁၉၈၈ ခုနှစ် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ နှစ်ခုတို့ရဲ့ အနှစ်သာရတွေကို နိုင်းယှဉ်ကြည့်ပါ။ ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေ ပုဒ်မ ၁၅ (၂)(က) မှာ အောက်ပါအတိုင်းပြဌာန်းထားပါတယ်။

မတရားအသင်းဆိုသည်မှာ အကြမ်းဖက်မှုများနှင့် ခြိမ်းခြောက်မှုများကို ကျူးလွန်ရန်ကူညီအားပေးသော အဖွဲ့အစည်း သို့ တည်းမဟုတ် ထိုကဲ့သို့ ပြုမူမှုများကို ကျူးလွန်လေ့ရှိသော အဖွဲ့ဝင်များ ပါဝင်သော အသင်းဖြစ်သည်။

လူ့အဖွဲ့ အစည်းတခုလုံး လူထုတရပ်လုံးရဲ့ ငြိမ်းချမ်းမှု (မတရားအသင်းဥပဒေ ပုဒ်မ ၁၆ အရ အင်္ဂလိပ်ဘာသာ နဲ့ Public Peace ) ကို အကြမ်းဘက်မှုနဲ့ ခြိမ်းခြောက်တဲ့ အယ်လ်ကိုင်းဒါးလို  အဖွဲ့အစည်းတွေ ပေါ်လာရင် သည်လို ဥပဒေ ရှိမှသာ အရေးယူလို့ ရမှာဖြစ်တယ်။

အထက်ပါ ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေ ပါ ပြဌာန်းချက်နဲ့ အောက်ပါ ၁၉၈၈ ခုနှစ် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ (၅) ပုဒ်မခွဲ (ဂ)ကို ကြည့်ပါ။
“နိုင်ငံတော် အုပ်ချုပ်ရေး ယန္တယားရှိ ပြည်သူ့တပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့၊ နိုင်ငံတော် အုပ်ချုပ်ရေး ယန္တယား လည် ပတ်မှုကို ထိခိုက်စေ၇န် သို့ မဟုတ် ရပ်တန့် သွားစေရန် အားထုတ်သော၊ လှုံ့ ဆော်သော၊ တိုက်တွန်းသော၊ အားပေး သော၊ ကူညီသော ပြုလုပ်သော အသင်းအဖွဲ့ကို ဖွဲ့စည်းခြင်း မပြုလုပ်ရန်၊ ဖွဲ့စည်းထားပြီးဖြစ်လျှင်လည်း လှုပ်ရှားခြင်း မပြုလုပ်ရန် ဆက်လက်တည်ရှိခွင့် မရှိစေ၇န် တားမြစ်သည်။”

တခွန်းထဲနဲ့ ချုပ်ပြီး ပြောရရင် အစိုးရကို ဆန့်ကျင်တဲ့ အသင်းဟာ အဲသည် ဥပဒေနဲ့ ညိသွားပြီ။ ဦးသိန်းညွန့် က စစ် အစိုးရသက်ဆိုးရှည်စေ မယ့် ဥပဒေမျိုးကိုတော့ ထောက်ခံပြီး လူထုကြီးတရပ်လုံး ငြိမ်းချမ်းဘို့ အတွက် အကြမ်း ဘက် အဖွဲ့ အစည်းတွေကို အရေးယူလို့ ရတဲ့ ၁၉၀၈ ခုနှစ် မတရားအသင်း ဥပဒေကိုတော့ ဘာကြောင့် ကန့်ကွက်နေသလဲ။

(၃)  ၁၉၀၈ ခုနှစ် မတရားအသင်း ဥပဒေဟာ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုကို အဟန့် အတားဖြစ်စေပါသတဲ့။

ဒီ အချက်မှာတော့ ဦးသိန်းညွန့် ဟာ ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်အစိုးရသစ်က ဥပဒေ ချိုးဖေါက်နေတာကို သိပါရက်နဲ့ ထုတ်မပြောတဲ့အပြင် ပြောင် ပြောင်တင်းတင်း ၀င်ကာလိုက်တာဖြစ်တယ်။ ဗိုလ်ချုပ်နေ၀င်းခေတ်က စလို့  န၀တ နအဖ အလယ် အခု လက်ရှိ အစိုးရအထိ စစ်အစိုးရ အဆက်ဆက်ဟာ ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေကို ချိုးဖေါက်လာ တာကြာပြီ။ သူတို့က မတရားအသင်းကြေငြာထားတဲ့ အသင်းအဖွဲ့တွေကို တွေ့ မယ် ဆက်ဆန်မယ် စကားပြောမယ်။ သူတို့ ခိုင်းတာ လုပ်မယ့် အဖွဲ့  တွေဆိုရင် ငွေကြေး၊ ရုပ်ဝတ္တုပစ္စည်း၊ လုပ်ပိုင်ခွင့် တွေ အားလုံးပေးမယ်။ အာဏာပိုင် တွေကသည်လို ဆက်သွယ်ဆောင်ရွက်တာတွေကိုတော့ ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေ နဲ့ အရေးမယူဘူး။

န၀တ ခေတ်မှာ ဆိုရင် ၁၉၈၉ ခုနှစ်ကစလို့ အဲသည် ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်ပြီး အပစ်အခတ် ရပ်စဲ ရေးတွေ လုပ်လာတာ ကြာပြီ။ အပစ်အခတ်ရပ်စဲေ၇းလုပ်ထားတဲ့ အသင်းတွေကိုတော့ ဘယ်တော့မှ တရားဝင် အသင်း ဖြစ်အောင် လုပ်မပေးဘူး။ လူထုကနေ အဲသည် အသင်း အဖွဲ့တွေကို ထမင်းထုပ်ကလေးပေးမယ်၊ လမ်းပြ တာလေး လုပ်မယ် ဆိုရင် ထောင်ဒဏ် သုံးနှစ်၊ ငါးနှစ် စသဖြင့် ချတယ်။ အဲသည် ဥပဒေနဲ့ ထောင်ချခံထားရလို့  အခုထက်ထိ ထောင်က မထွက်နိုင်သေးတဲ့ လူထုတွေ ရှိသေးတယ်လို့ ကြားရတယ်။

ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်နေပါပြီဆိုပြီး အခု ဦးအောင်မင်း က ဟိုအဖွဲ့နဲ့တွေ့၊ ဆွေးနွေး၊ သည်အဖွဲ့ ကို ကူညီ စတာတွေ လုပ်နေတာ ဟာ ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေ ကို ချိုးဖေါက်နေတာဘဲ။ ဒါကို စစ်အာဏာပိုင်တွေ အုပ်ချုပ်ရေး အာဏာပိုင်တွေကိုယ်တိုင် သိတယ်။ သိသိကြီးနဲ့ လုပ်နေကြတယ်။ ဥပဒေစိုးမိုးရေးက ဘယ်မှာလဲ။  သူတို့ လုပ်ခြင်တာ ဆက်လုပ်နိုင်ရေးမှာ ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေ က အဟန့်အတားဖြစ်လာပြီ ဆိုတာ သတိ ပြုမိလာကြတယ်။ တရားဝင်တွေ့ ခွင့် ဆွေးနွေးခွင့်ရအောင်လဲ တဖက်ကအဖွဲ့အစည်းတွေကို တရားဝင်အဖွဲ့ တွေ ဖြစ် လာအောင် လုပ်မပေးဘူး။

ဥပဒေ သမားကြီးဖြစ်တဲ့ ဦးသိန်းညွန့်ဒါကို ကောင်းကောင်းသိတယ်။ သိရင် ဥပဒေသမား ပီသစွာ “ဦးအောင်မင်း နဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူ
aတွဟာ ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေ ကို ချိုးဖေါက်နေပြီ” ရယ်လို့ သတ္တိရှိရှိ ဘာဖြစ်လို့ မပြောတာလဲ။ ဥပဒေ ချိုးဖေါက်သူတွေ ကိုတော့ အရေးယူဘို့ မကြိုးစားဘဲနဲ့ လူ့အဖွဲ့ အစည်းအတွက် အယ်လ်ကိုင်းဒါးလို အကြမ်း ဘက် အဖွဲ့အစည်းတွေ အန္တရယ်က ကာကွယ် ပေးမယ့် ဥပဒေမျိုးကို တော့ ဖျက်သိမ်းဘို့ ဘာကြောင့် ဥပဒေ စတန့် ထွင်တာလဲ။

ဦးသိန်းညွန့်အနေနဲ့ တကယ်ဘဲ မတရားတဲ့ ဥပဒေတွေ ရုပ်သိမ်းဘို့ စတင်ကြိုးစားပြခြင်တယ် ဆိုရင်တော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၅၄ မှာပါတဲ့ “နိုင်ငံတော်လုံခြုံရေး”  ဆိုတဲ့ စကားလုံး၇ယ်၊ အပြစ်မရှိတဲ့ နိုင်ငံသား တွေကို အုပ်ချုပ်ေ၇းအာဏာပိုင်တွေက သံသယ ရှိရုံနဲ့  တရားရုံးတင်စရာမလိုဘဲ ထောင်ထဲမှာ ငါးနှစ်အထိ ချုပ်ထား နိုင်တဲ့ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးသူများ ၏ အန္တရယ်မှ ကာကွယ်သည့် ဥပဒေရယ်တို့ ကို လုံးဝ ပျက်သွားအောင် ကြိုးစားပြလိုက်စမ်းပါ လို့ မေတ္တာရပ်ခံလိုက်ပါတယ်။ 

ဇူလိင်လ (၁၈) ၂၀၁၂ ခုနှစ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...