Thursday, July 5, 2012

ကျောင်းသားသမဂ္ဂအဆောက်အအုံ ဖောက်ခွဲဖျက်ဆီးမှုသမိုင်း (၇)


by Lu Cifer on Thursday, July 5, 2012 at 9:00am 


ဇူလိုင်လ (၇) ရက် ကျောင်းသားအရေးတော်ပုံကော်မတီက ကျောင်းသားခေါင်းဆောင်တွေ၊ဖမ်းဆီးထားရာက ပြန်လွှတ် လာတဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ ရှောင်တိမ်းပုန်းအောင်းနေတာက ပြန်ထွက်လာတဲ့ ကျောင်းသားခေါင်းဆောင် တွေအားလုံးဟာ တက္ကသိုလ်နယ်မြေမှာ လွတ်လွတ်လပ်လပ် ပြန်ဆုံခွင့်ရကြပါတယ်။
တကသဝင်းထဲမှာပဲ ထရံကာ ဓနိမိုး အဆောက်အဦလေးတခုဆောက်လုပ်ပြီး ယာယီ တကသ အဆောက်အဦအဖြစ် အသုံးပြုကြပါတယ်။ ကျောင်းသားလှုပ် ရှားမှုတွေကိုလည်း ဆက်လက်ဦးဆောင်ကြပါတယ်။
နေ့စဉ်လို ယာယီတကသအဆောက်အဦလေးမှာ ကျောင်းသား ခေါင်းဆောင်တွေဟာ တွေ့ဆုံကြ၊ အစည်းအဝေးလုပ်ကြနဲ့ တကသ၊ ဗကသ၊ ရကသ ကျောင်းသားသမဂ္ဂကြီး (၃) ခုရဲ့ လုပ်ငန်းတွေဟာလည်း ပုံမှန်လည်ပတ်နေပါတယ်။

၁၉၆၃ ခု နိုဝင်ဘာလဆန်း (၁၄)ရက်နေ့မှာလည်း တကသယာယီအဆောက်အဦလေးမှာ ခါတိုင်းလို ကျောင်းသားခေါင်း ဆောင်တွေ တွေ့ဆုံကြ၊ ကျောင်းသားလှုပ်ရှားမှုလုပ်ငန်းတွေ ဆောင်ရွက်ကြတဲ့အပြင် အဲဒီအချိန်က တောတွင်းလက်နက် ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးကောင်စီအစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနေတဲ့အချိန်ဖြစ်တဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကိုပါ ပြောဆိုကြပါတယ်။

ညနေစောင်းလာတော့ ကျောင်းသားခေါင်းဆောင်တွေဟာ တဦးကိုတဦး နှုတ်ဆက်လူစုခွဲပြီး မိမိတို့နေထိုင်ရာ အိမ်အသီး သီးကို ပြန်သွားကြပါတယ်။ ဒါပေမယ့် အဲဒီနေ့ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံကြတာဟာ တသက်တာအတွက် နောက်ဆုံးတွေ့ဆုံပွဲဆိုတာကိုတော့ ဘယ်သူမှမထင်မှတ်ခဲ့ကြပါဘူး။
အဲဒီနေ့ညဘက်မှာ ရေဒီယိုကနေပြီး တော်လှန်ရေးကောင်စီအစိုးရက ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖျက်သိမ်း ကြောင်း ကြေညာလိုက်ပါတယ်။ အဲဒီနေ့ညမှာပဲ ကျောင်းသားခေါင်းဆောင်တွေ ပြည်တွင်းငြိမ်းချမ်းရေးအောင်မြင်ရေး အတွက် ထောက်ခံဆန္ဒပြပွဲတွေကို ဦးဆောင်တဲ့ နိုင်ငံရေးသမားတွေ၊ ငြိမ်းချမ်းရေးသမားတွေရဲ့အိမ်တွေကို ဝိုင်းဝန်းရှာ ဖွေပြီး လိုက်လံဖမ်းဆီးပါတယ်။ ကျောင်းသားခေါင်းဆောင်အများစုဟာ ဖမ်းဆီးမခံရဘဲ လွတ်မြောက်သွားကြပါတယ်။ အဲဒီကျောင်းသားခေါင်းဆောင်တွေအထဲက အများစုဟာလည်း အနယ်နယ်အရပ်ရပ်မှာ အကြောင်းအမျိုးမျိုးနဲ့ ကွယ်လွန် သွားကြပါတယ်။

နောက်နေ့မှာတော့ တကသအဆောက်အဦဝင်းအတွင်းက “ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော် ပုံကော်မတီ” က ဦးဆောင်စိုက်ထူထားတဲ့ “ဇူလိုင် (၇) ရက်ကျောင်းသားအာဇာနည်များ အထိမ်းအမှတ်ကျောက်တိုင်” နဲ့ ကျနော်တို့တ တွေ ဖမ်းဆီးထားရာက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီး ပြန်လည်ဆောက်လုပ်ထားတဲ့ “တကသ ယာယီအ ဆောက်အဦ” ဟာလည်း ဖျက်ဆီးဖြိုချခံလိုက်ရပါတယ်။

သတင်းစာတွေထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖျက်သိမ်းလိုက်တဲ့သတင်းဟာ ထိပ်တန်းသတင်းဖြစ်နေတော့ “တကသ ယာယီအဆောက်အဦ” ထပ်မံဖျက်ဆီးဖြိုချခံရတဲ့သတင်းဟာ တိမ်မြုပ်သွားပါတယ်။
အခုဖော်ပြခဲ့တာက ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက် ကျောင်းသားအရေးအခင်း ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ကျောင်း သားသမဂ္ဂများဘက်က ပြင်ဆင်ပုံ၊ တော်လှန်ရေးကောင်စီဘက်က ပြင်ဆင်ပုံ၊ ကျောင်းသားထုဆန္ဒပြပွဲကြီး ကျင်းပပုံ၊ အရေးအခင်းဖြစ်ပွားပုံနဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေကို “တကသယာယီအဆောက်အဦ” ဒုတိယအကြိမ် ဖြိုဖျက်ခံရတာ အထိ နှိုင်းယှဉ်သိရှိနိုင်အောင် ရေးသားတင်ပြထားတာ ဖြစ်ပါတယ်။

ကျနော် ဒီနေရာမှာ “ဇူလိုင်လ (၇) ရက်နေ့ ကျောင်းသားအရေးအခင်း” ဖြစ်ပွားရတဲ့အပေါ်မှာ ပြန်လည် စဉ်းစားသုံးသပ် ကြည့်မိပါတယ်။
ပထမအချက်က ဦးနေဝင်းက တင်းကြပ်ခိုင်းလိုက်တဲ့ အဆောင်စည်းကမ်းတွေပါ။ တက္ကသိုလ်ကျောင်းသား ကျောင်းသူ တွေဟာ ကျနော်အထက်က တင်ပြခဲ့သလို အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နဲ့ စာပေသင်ကြားနေကြပါတယ်။ အဲဒီလို အခြေအနေမှာ ရုတ်တရက်အဆောင်စည်းကမ်းတွေကို အလွန်အမင်းတင်းကြပ်လိုက်တာဟာ တကယ်လို မလိုဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ ကျနော့်အမြင်ကတော့ မလိုဘူးလို့ဘဲ မြင်ပါတယ်။

ဒီနေရာမှာ ဦးနေဝင်းဟာ ကျောင်းသားတွေကို ဦးချိုးထားချင်လို့ ချချင်လို့ တွယ်ချင်လို့ (ချချင်တဲ့ တွယ်ချင်တဲ့ အကြောင်း ကို နောက်ပိုင်းမှာ ဆွေးနွေးထားပါတယ်) တပ်မတော်ရဲ့ လုပ်နည်းလုပ်ဟန်တခုဖြစ်တဲ့ Search fire လုပ်ထာများလား ဆိုတာ စဉ်းစားမိပါတယ်။
Search fire ဆိုတာက ရန်သူကိုလည်း တိုက်ချင်တယ်။ ရန်သူရဲ့နေရာကိုလည်း အတိအကျမသိတဲ့အခါမှာ မိုးပေါ် ထောင်ပြီး သေနတ်သံပေးလိုက်ပါတယ်။ ရန်သူက သူ့ကိုမြင်လို့ ပစ်တယ်ထင်ပြီး ပြန်ပစ်ရင် အဲဒီသေနတ် ပြန်ပစ်တဲ့နေ ရာကို အလုံးအရင်းနဲ့ ချေမှုန်းပစ်တာကို ခေါ်တာပါ။ လွယ်လွယ်ကူကူနဲ့ တနည်းပြောရရင် ကျောင်းသားတွေကို ချချင်လို့ နားရွက်ကိုပဲ တံတွေးလာဆွတ်တာများလို့ စဉ်းစားမိပါတယ်။

လူမိုက်စကားနဲ့ပြောရင်တော့ ချချင်လို့ ရန်စပေးတယ်ပေါ့။
တကယ်လို့သာ အဆောင်စည်းကမ်းတွေကို ယခုလို အလျင်စလို တင်းကြပ်ခြင်းမပြုခဲ့ရင် “ဇူလိုင်လ (၇) ရက် ကျောင်း သားအရေးအခင်း” ဆိုတာ ဖြစ်ပေါ်လာစရာမရှိပါဘူး။

ဒုတိယအချက်အနေနဲ့တင်ပြရရင် တကသအမှုဆောင်အဖွဲ့ဟာ တက္ကသိုလ်ကျောင်းသားထုက လျှို့ဝှက်မဲပေးစနစ်နဲ့ အ များစုဆန္ဒအရ မဲပေးရွေးချယ်တင်မြှောက်ထားတဲ့အဖွဲ့ဖြစ်တဲ့အတွက် ကျောင်းသားထုရဲ့ အခွင့်အရေး ဆုံးရှုံးလာရင် မလို အပ်ဘဲ တင်းကြပ်လွန်းတဲ့စည်းကမ်းတွေ ထုတ်ပြန်လာရင် ကျောင်းသားထုဆန္ဒအတိုင်း ဆန့်ကျင်ကန့်ကွက်ရမည့် တာ ဝန်ရှိပါတယ်။ တာဝန်ရှိတဲ့အတိုင်းလည်း ကျောင်းသားထုဆန္ဒပြပွဲကြီးကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ တချို့ ဆန္ဒပြပွဲ တွေလို ဘတ်(စ)ကားတွေငှားပြီး ရန်ကုန်မြို့တမြို့လုံးကို လှည့်လှည်ဆန္ဒပြခဲ့ရင် သေနတ်တပြင်ပြင် လုပ်နေတဲ့ သူတို့ ဂွင်ထဲကို ဝင်သွားသလိုဖြစ်ပြီး လှည်းတန်းထိပ်မှာပဲ သူတို့ရှေ့တန်း စစ်ဆင်ရေးဌာနချုပ်နဲ့ ထိပ်တိုက်ထိုးပြီး ကျောင်းသား တွေ ဒါထက်ပိုပြီး အတုံးအရုန်းသေဆုံးနိုင်ပါတယ်။

ကျောင်းသားခေါင်းဆောင်တွေဘက်က အဲဒီလိုထိပ်တိုက်တိုးတာကို ရှောင်ရှားခဲ့ပါတယ်။ တက္ကသိုလ်နယ်မြေပြင်ပကို လုံးဝမထွက်ဘူး၊ တက္ကသိုလ်ဝင်းထဲမှာပဲ အထက်က ဖော်ပြခဲ့သလို အချိန်အတိုဆုံးနဲ့ စည်းကမ်းအရှိဆုံး အေးအေးဆေး ဆေး ဆန္ဒပြသွားပါတယ်။ အဲဒီလို အေးအေးဆေးဆေးဆန္ဒပြတာကို ကျောင်းသားတွေ ဆူပူတယ်လို့ ပြောလို့မရပါဘူး။ (ကျနော်အထက်မှာ ကျောင်းသားဆန္ဒပြတာနဲ့ ဆူပူတာကို ခွဲခြားတင်ပြပြီးပါပြီ) ကျောင်းသားတွေ ဆူဆူပူပူဖြစ်ကုန်ကြ တာက ဆင်ခြင်တုံတရားကင်းမဲ့စွာ တကသအဆောက်အဦကို ရုတ်တရက် ဝိုင်းဝန်းစီးနင်းတဲ့အချိန်မှာသာ ကျောင်းသား တွေ ဆူဆူပူပူဖြစ်ကုန်ကြတာပါ။

တကယ်လို့ သူတို့သာ တကသအဆောက်အဦကို ဝိုင်းဝန်းမစီးနင်းဘူးဆိုရင် “ဇူလိုင်လ (၇) ရက် ကျောင်းသားအရေး အခင်း” ဆိုတာ ဖြစ်ပေါ်လာစရာမရှိပါဘူး။
နောက်တချက်က ယခင်ဖြစ်ပေါ်ခဲ့တဲ့ ကျောင်းသားသေနတ်ပစ်မှုတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ယခင် ကျောင်းသား သေနတ် ပစ်မှုတွေမှာ စနစ်တကျ ကြိုတင်စီစဉ်ထားတဲ့ လက္ခဏာတွေ မတွေ့ရပါဘူး။ အရေးပေါ်လာမှ တရားသူကြီးနဲ့ ရဲတပ်ဖွဲ့ကို လွှတ်လိုက်ပုံရပါတယ်။ ယခုတော်လှန်ရေးကောင်စီ ပြင်ဆင်ထားပုံက သတ္တဝါနဲ့ လက်နက်နဲ့တောင် မမျှပါဘူး။ နောက် တန်းစစ်ဆင်ရေးဌာနချုပ်၊ ရှေ့တန်းစစ်ဆင်ရေးဌာနချုပ်တွေနဲ့ တကယ့် ရန်သူစစ်စခန်းကြီးကို ဝင်တိုက်မဲ့အတိုင်းပါပဲ။

စဉ်းစားကြည့်တော့ နှံပြီစုတ်ကို အမြှောက်နဲ့ ချိန်ထားသလိုပါပဲ။
နောက်တော့ ချိန်ရုံတင်မဟုတ်ဘူး။ ကတယ်အမြှောက်နဲ့ပစ်လိုက်တာပါ။

တကယ်တကသအဆောက်အဦကို စီးနင်းဝင်ရောက်ချိန်မှာလည်း သူတို့သုံးနေကြ ဖော်မြူလာကြီးကိုပဲ အသုံးပြုသွား တာကို တွေ့ရပါတယ်။ သူတို့ဖော်မြူလာက “ရန်သူစခန်းကို လျှပ်တပြက် ထိုးစစ်ဆင်ဝိုင်းဝန်းတိုက်ခိုက်မယ်၊ အတားအ ဆီးရှိနေရင် သတ်ဖြတ်သုတ်သင်ပစ်မယ်၊ နောက်တော့ စခန်းကိုသိမ်းမယ်၊ စခန်းသိမ်းပြီးရင် အဲဒီစခန်းကို ဖျက်ဆီးပစ်
မယ်” ယခုတကသအဆောက်အဦကို ထိုးစစ်ဆင်တဲ့ ပုံစံကလည်း အဲဒီဖော်မြူလာထဲကအတိုင်းပဲ လုပ်ဆောင်သွားပါ တယ်။

တကသအဆောက်အဦကို လျှပ်တပြက်ဝိုင်းတယ်၊ တကသအဆောက်အဦနဲ့ ကျောင်းသားခေါင်းဆောင်တွေကို အကာ အကွယ်ပေးနေတဲ့ တက္ကသိုလ်ကျောင်းသားတွေကို သတ်တယ်၊နောက်တကသအဆောက်အဦကြီးတခုလုံးကို သိမ်းပိုက် တယ်၊ နောက်မိုင်းခွဲဖျက်စီးပစ်တယ်။ သိမ်းပိုက်လိုက်တဲ့ အဆောက်အဦဟာ ဝါးနဲ့ဆောက်ထားတဲ့ ယာယီအဆောက် အဦလား၊ အခိုင်အမာတည်ဆောက်ထားတဲ့ သမိုင်းဝင်အဆောက်အဦလားဆိုတာကို ခွဲခြားနိုင်တဲ့ စဉ်းစားဆင်ခြင်ဉာဏ် မရှိကြဘူး။ တတန်းတစားထဲထားပြီး တပုံစံထဲ ပြုလုပ်ကြပါတယ်။

အဲဒီမှာ ဖောင်တိန်ပင် ကိုသာကိုင်တဲ့ တက္ကသိုလ်ကျောင်းသားတွေကို ဦးနေဝင်းဟာ ရန်သူစခန်းကြီးတခုကို တိုက်ခိုက် သိမ်းပိုက်သလို ဘာကြောင့်တိုက်ခိုက်သတ်ဖြတ်သလဲဆိုတဲ့ မေးခွန်းကိုမေးစရာ ဖြစ်လာပါတယ်။

ကျနော့်အနေနဲ့ အချက် (၂) ချက်ကို တွေ့ရပါတယ်။ ပထမအချက်ကတော့ “ကျောင်းတော်က ရန်စလို့” ပြောရင်ပြောလို့ ရပါတယ်။
၁၉၅၈ ခုနှစ်၊ စက်တင်ဘာလထဲမှာ ဗိုလ်မှူးချုပ် (၃) ယောက် ဖောက်ဝက်ဂွန်ကားလေးနဲ့ ဝန်ကြီးချုပ် ဦးနု အိမ်ဝင်းထဲကို ဝင်သွားတာကို သတင်းထောက်တွေက တွေ့လိုက်ရပါတယ်။ အဲဒီ သတင်းဟာ နောက်နေ့ ကြေးမုံသတင်းစား (အဲဒီအ ချိန်က ကြေးမုံသတင်းစာဟာ ပုဂ္ဂလိကပိုင်သတင်းစာဖြစ်ပါတယ်) မျက်နှာဖုံးမှာ ဖောက်ဝက်ဂွန်ကားလေးဓါတ်ပုံနဲ့တကွ ကားလေး ဝန်ကြီးချုပ်အိမ်ဝင်းထဲ ဘယ်အချိန်ဝင်သွားတယ်၊ ဘယ်အချိန်မှာ ပြန်ထွက်လာတယ်။ ကားထဲမှာ ပါသွားတဲ့ ဗိုလ်မှူးချုပ်တွေက ဘယ်သူတွေဆိုတာကို ဝေဝေဆာဆာ ရေးသားဖော်ပြထားပါတယ်။ အဲဒီသတင်းဟာ သတင်းလော ကအတွင်းမှာရော၊ နိုင်ငံရေးအသိုက်အဝန်းမှာရော စိတ်ဝင်စားစရာသတင်းဖြစ်နေပါတယ်။

သာမန်အားဖြင့် ဗိုလ်မှူးချုပ်တွေဟာ ဝန်ကြီးချုပ်အိမ်ကို ဝင်ထွက်စရာအကြောင်းမရှိဘူး။ ယခင်ကလည်း ဝင်ထွက်တဲ့အ လေ့အထ မရှိခဲ့ပါဘူး။ ဝန်ကြီးချုပ်နဲ့ ဗိုလ်မှူးချုပ်ဆိုတာကလည်း အဲဒီအချိန်တုန်းက အဆင့်အတန်း အလွန်ကွာနေပါ တယ်။ ဝန်ကြီးချုပ်အောက်က ကာကွယ်ရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးအောက်ကမှ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်၊ ကာကွယ်ရေးဦးစီးချုပ်အောက်ကမှ ဗိုလ်ချုပ်တွေ အဆင့်ဆင့်ရှိပါတယ်။ ဒါကြောင့် အဲဒီ ဗိုလ်မှူးချုပ်ဆိုတဲ့ ပုဂ္ဂိုလ် တွေနဲ့ ဝန်ကြီးချုပ်ဟာ အဆင့်အတန်းချင်း အများကြီးကွာခြားနေပါတယ်။ ဒါကြောင့်မို့ အဲဒီဗိုလ်မှူးချုပ်တွေ၊ ဝန်ကြီးချုပ် အိမ်ထဲကို ဝင်သွားတာကို သတင်းထောက်တွေက စိတ်ဝင်စားနေပြီး အနံ့ခံကြတာ ဖြစ်ပါတယ်။ အမှန်က အဲဒီ ဗိုလ်မှူး ချုပ်တွေဟာ ဝန်ကြီးချုပ်ဦးနုဆီက နိုင်ငံတော်အာဏာကို ဗိုလ်ချုပ်ကြီးနေဝင်းကို လွှဲပြောင်းပေးဖို့အတွက် အနုကြမ်းသွား စီးကြတာပါ။ ဝန်ကြီးချုပ်ဦးနုက စစ်တပ်ကအာဏာသိမ်းတယ်ဆိုတာ မြန်မာ့သမိုင်းမှာ အမဲစက်ကြီးတခုဖြစ်သွားမှာမို့လို့ လွှတ်တော်ခေါ်ပြီးမှ လွှတ်တော်မှာ တရားဝင်အာဏာလွှဲပေးပါ့မယ်လို့ ကတိပေးလိုက်ပါတယ်။

အဲဒီကတိအတိုင်း နောက်နေ့တွေမှာ “အရေးကြီးတဲ့ စာနှစ်စောင်” ဆိုတာ သတင်းစာထဲမှာ ပါလာပါတယ်။ ပထမစာက ဝန်ကြီးချုပ်ဦးနုက ဦးနေဝင်းဆီကို ရေးတဲ့စာပါ၊ တိုင်းပြည်အခြေအနေအရပ်ရပ်ကြောင့် ဦးနေဝင်းအနေနဲ့ ဝန်ကြီးချုပ် ခေတ္တလုပ်ပေးပါဆိုတဲ့ မေတ္တာရပ်ခံစာပါ။ ဒုတိယစာကတော့ ဦးနေဝင်းဆီက ဦးနုဆီကို ရေးတဲ့ပြန်စာပါ။ ဦးနုရဲ့ မေတ္တာ ရပ်ခံချက်ကြောင့် တပ်မတော်တာဝန်တွေ များပြားနေတဲ့ကြားထဲက အားနာပါးနာနဲ့ ဝန်ကြီးချုပ်လုပ်ပေးပါ့မယ်လို့ ရေး ထားတာပါ။
နောက်လွှတ်တော်ခေါ်ပြီး လွှတ်တော်ထဲမှာ ဝန်ကြီးချုပ်ဦးနုက ဝန်ကြီးချုပ်တာဝန်ကို ဦးနေဝင်းကို လွှဲပေးပါတယ်။ အဲဒီ လိုနဲ့ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့မှာ “ဦးနေဝင်း အိမ်စောင့်အစိုးရ” ဆိုတာ ပေါ်လာပါတယ်။

ဦးနေဝင်း ဟာ ဦးနုဆီက အာဏာကို အနုကြမ်းစီးပြီး ယူတယ်ဆိုတာကို သတင်းလောကရော နိုင်ငံရေးအသိုက်အဝန်းကပါ သိနေ ပါတယ်။ ဒါပေမယ့် ဘယ်သူကမှ အဖြစ်မှန်ကို ဖော်ထုတ်ခြင်း မပြုကြပါဘူး။ အဲဒီအချိန်မှာ တကသ၊ ဗကသနဲ့ ရကသ ကျောင်းသားသမဂ္ဂကြီး သုံးခုပူးပေါင်းပြီး “ဦးနေဝင်းဟာ ဦးနုဆီက အာဏာသိမ်းယူတယ်” ဆိုတာကို ဖော်ထုတ်လိုက်ပြီး ဦးနေဝင်းအာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျောင်းသားထုဆန္ဒပြပွဲကြီးတခု ပြုလုပ်ပြီး ရန်ကုန်မြို့ကြီးတမြို့ လုံးကို (အဲဒီအချိန်က သာကေတ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာမြို့တွေ မရှိသေးပါဘူး) အနှံ့ ဘတ်(စ)ကားတွေနဲ့ လှည့်လည်ဆန္ဒပြပြီး ပြည်သူတွေအားလုံးကိုသိရှိအောင် ပြုလုပ်ပါတယ်။

ဦးနေဝင်းလည်း ကျောင်းသားတွေကို အမျက်ဒေါသထွက်ပြီး ကျောင်းသားခေါင်းဆောင်တချို့ကို ဖမ်းဆီးပြီး ကိုကိုကျွန်း ကို ပို့ပါတယ်။ ကျောင်းသားခေါင်းဆောင်တချို့ဟာလည်း ဦးနေဝင်း အိမ်စောင့်အစိုးရသက်တမ်းတလျှောက်လုံး ပုန်း ရှောင်နေရပါတယ်။
၁၉၅၈ ခုနှစ်က ဦးနေဝင်း အာဏာသိမ်းလို့ အာဏာလွှဲပြောင်းပေးလိုက်ရတယ်ဆိုတာကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး တော်ပုံတုန်းက ဦးနု ကိုယ်တိုင်ဝန်ခံသွားပါတယ်။
ဒါကြောင့်မို့ “ကျောင်းတော်က ရန်စ” လို့ ရေးတာပါ။

ဒုတိယအချက်ကတော့ ပိုအဓိကကျပြီး ပိုအရေးကြီးပါတယ်။
တော်လှန်ရေးကောင်စီအစိုးရတက်လာတဲ့အချိန်က မတ်လ (၂) ရက်နေ့ဆိုတော့ စာမေးပွဲတွေ စစ်နေတဲ့ အချိန်ဖြစ်ပါ တယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာတမြို့လုံး စစ်တပ်တွေ ဖြန့်ချထားပြီး စစ်တပ်က အခုလို အာဏာသိမ်းတာက ပထမ အ ကြိမ်ဖြစ်နေပါတယ်။ ၁၉၅၈ ခုနှစ် အာဏာသိမ်းတုန်းကလို မဟုတ်ပါဘူး၊ အဲဒီတုန်းကတော့ လွှတ်တော်ထဲမှာ ဟန်မပျက် အာဏာလွှဲပြောင်းယူခဲ့တာပါ။
အဲဒီအချိန် ပတ်ဝန်းကျင်မှာ တောင်အမေရိကန်နိုင်ငံတွေ၊အာဖရိကနိုင်ငံတွေမှာ စစ်တပ်က အာဏာသိမ်းတဲ့သတင်းတွေ သတင်းစာမှာ မကြာခဏတွေ့နေရပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးရင် အတိုက်အခံခေါင်းဆောင်တွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ လူငယ်ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး သတ်ပစ်တာကိုလည်း သတင်းစာတွေထဲမှာ ဖတ်ရပါတယ်။

ဒါကြောင့်မို့ မတ်လ (၂) ရက်နေ့ နံနက်ပိုင်းမှာ “စစ်တပ်က အာဏာသိမ်း” တယ်ဆိုတဲ့ သတင်းကြေညာချက် ဗမာ့အသံ က ကြေညာလိုက်တာနဲ့ အတိုက်အခံနိုင်ငံရေးသမားတွေနဲ့ ကျောင်းသားခေါင်းဆောင်တွေအားလုံးလို တိမ်းရှောင်ပုန်း အောင်းပြီး အခြေအနေကို အကဲခတ်နေကြပါတယ်။ (၂) လလောက်ကြာပြီး အခြေအနေ တည်ငြိမ်သွားပြီးတော့မှ အား လုံးပုန်းအောင်းနေရာက ပြန်ထွက်လာကြပါတယ်။ ဒါကြောင့် တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး (၂) လ (၃) လအ တွင်းမှာ ကန့်ကွက်ခြင်း ဆန္ဒပြခြင်း မရှိခဲ့ကြပါဘူး။

အခုတော့ ဇွန်လမှာ တက္ကသိုလ်တွေက ပြန်ဖွင့်ပြီ။ တက္ကသိုလ်အဆောင်အသီးသီးကိုလည်း အနယ်နယ်အရပ်ရပ်က တက္ကသိုလ်ကျောင်းသားတွေ တဖွဲဖွဲရောက်လာကြပြီး ကျောင်းသားတွေ စုမိပြီးရင် စစ်တပ်က အာဏာသိမ်းတာကို ကန့် ကွက်တဲ့ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာနိုင်တယ်။ ၁၉၅၈ ခုနှစ် စစ်တပ်က အာဏာသိမ်းတုန်းက ကျောင်းသားတွေကပဲ စတင် ဆန္ဒပြခဲ့တဲ့ အတွေ့အကြုံတွေက ရှိထားတယ်။

အဲဒါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ တက္ကသိုလ်အဆောင်စည်းကမ်းတွေကို တင်းတင်းကြပ်ကြပ် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီလို ထုတ်ပြန်လိုက်တဲ့ အဆောင်စည်းကမ်းတွေကို တက္ကသိုလ်ကျောင်းသားတွေက ခေါင်းငုံ့ခံမနေကြဘဲ ဆန့်ကျင် ကန့်ကွက်တဲ့ ကျောင်းသားထုဆန္ဒပြပွဲကြီးတခုကို ကျင်းပရန် စီစဉ်နေကြတယ် ဆိုတာကို သတင်းရပါတယ်။ တော်လှန် ရေးကောင်စီအနေနဲ့ နောက်ထပ်စိုးရိမ်စရာ ဖြစ်လာပါတယ်။

အဆောင်စည်းကမ်းကန့်ကွက်ပွဲတွေကတဆင့် စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေအထိ တဖြည်းဖြည်းအရှိန်မြင့်လာနိုင်တယ်။ ကျောင်းသားဆန္ဒပြ ပွဲတွေကတဆင့် အလုပ်သမားဆန္ဒပြပွဲတွေ၊ လယ်သမားဆန္ဒပြပွဲတွေပါ ဆက်လက်ပေါ်ပေါက်လာနိုင်တယ်။ ကျောင်း သား၊ အလုပ်သမား၊ လယ်သမား လက်တွဲမိသွားရင်တော့ ဒုတိယ ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးတခု ဖြစ်ပေါ်လာနိုင် တယ်။


အဲဒီလို ဖြစ်လာရင်တော့ သူတို့အာဏာသိမ်းပြီးရယူထားတဲ့ အာဏာအတွက် စိုးရိမ်စရာဖြစ်လာတယ်။ တော်လှန်ရေး ကောင်စီအနေနဲ့ အဲဒီလိုတော့ ဘယ်လိုနည်းနဲ့မှ အဖြစ်မခံနိုင်ဘူး။ တက္ကသိုလ်ကျောင်းသားတွေကို စံပြအနေနဲ့ ဦးချိုးပြရ မယ်။ ပြည်သူတရပ်လုံးက ဖူးဖူးမှုတ်ထားပြီး ချစ်ခင်မြတ်နိုးကြတဲ့ တက္ကသိုလ်ကျောင်းသားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပြပြီး ငြိမ်နေအောင် ထိန်းထားနိုင်မှ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ပြည်သူတွေ အားလုံးငြိမ်နေမယ်လို့ သဘောထားပုံရတယ်။

ဒါကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့တင်းကြပ်တဲ့ အဆောင်စည်းကမ်းတွေကို ဆန့် ကျင်ကန့်ကွက်တဲ့ ကျောင်းသားထုဆန္ဒပြပွဲကြီးကို ဖြိုခွင်းဘို့အတွက် တကယ်ရန်သူစစ်စခန်းကြီးတခုကို ထိုးစစ်ဆင်တဲ့
စစ်ဆင်ရေးကြီးတခုလို စစ်ဆင်ရေးစီမံကိန်းတွေဆွဲ နောက်တန်းစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဖွဲ့စည်း၊ ရှေ့တန်းစစ်ဌာ နချုပ် တည်ထောင်၊ ရှေ့တန်းစစ်ဆင်ရေးမှူး ခန့်အပ်တာဝန်ပေး စသည်ဖြင့်ပြုလုပ်ကြတာ ဖြစ်ပါတယ်။

ဒါတွေကို အားလုံးခြုံငုံပြီး သုံးသပ်ရင် တကသအဆောက်အဦကို ဖောက်ခွဲပျက်ဆီးတာနဲ့ ပတ်သက်ပြီး တရားခံကို ရှာ ဖွေတဲ့အခါမှာ တကသအဆောက်အဦဖောက်ခွဲဖျက်ဆီးတာတခုထဲကိုပဲ ခွဲထုတ်ယူပြီး တရားခံရှာလို့ မရနိုင်ပါဘူး။
တကသအဆောက်အဦမိုင်းခွဲဖျက်ဆီးပစ်တာဟာ တော်လှန်ရေးကောင်စီက စနစ်တကျစီမံချက်ဆွဲပြီး ပြုလုပ်ထားတဲ့ တကသ စစ်ဆင်ရေးကြီးရဲ့ တစိတ်တပိုင်းသာ ဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးကြီးတခုလုံးကို တွဲမြင် ပြီးစစ်ဆင်ရေးကြီး တခုလုံးရဲ့ တရားခံကိုရှာရပါမယ်။

အေးချမ်းသာယာနေတဲ့ တက္ကသိုလ်နယ်မြေထဲကို ရန်သူစစ်စခန်းကြီးလို ထိုးစစ်ဆင်ပြီးတက္ကသိုလ် ကျောင်းသားအများ အပြားကို ရက်ရက်စက်စက်သေနတ်နဲ့ ပစ်သတ်မှု၊ တကသအဆောက်အဦကို မိုင်းခွဲဖြိုချဖျက်ဆီးမှု၊ ရန်ကုန်တက္ကသိုလ် နဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့လူမှုပတ်ဝန်းကျင် (Social environment) ကြီးတခုလုံးကို အစိတ်စိတ်အမွှာမွှာ ကြေမွပျက်စီးသွားအောင် ဖျက်ဆီးမှု၊ အဲဒီပြစ်မှုတွေ အားလုံးရဲ့ တရားခံဟာ တကသစစ်ဆင်ရေးကြီးကို စီမံကိန်းချပြီး ရေးဆွဲအကောင်အထည်ဖော်ခဲ့တဲ့ တော်လှန်ရေးကောင်စီတခုလုံး ဖြစ်ပါတယ်။

ဒါပေမယ့် ဦးနေဝင်းကတော့ တော်လှန်ရေးကောင်စီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့အတွက် တော်လှန်ရေးကောင်စီလုပ်သမျှကို တာဝန် ယူရမည့် ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ နံပါတ်(၁) တရားခံဟာ ဦးနေဝင်းဖြစ်ပါတယ်။ တော်လှန်ရေးကောင်စီမှာ ဒုဥက္ကဋ္ဌဆိုတဲ့ ရာထူးမရှိပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ကြီးဟာ တပ်မတော်ရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်ပါတယ်။ တပ်မတော်မှာ ဦးနေဝင်းပြီးရင် ဒုတိယတာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဦးအောင်ကြီးဟာလည်း တကသ အဆောက်အဦ မိုင်းခွဲဖျက်ဆီးမှု အပါအဝင် တကသထိုးစစ်ကြီးမှာ ဒုတိယတရားခံ ဖြစ်ပါတယ်။

ဗမာ့အသံမှာ ရုံးခန်းဖွင့်ပြီးနောက်တန်းစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှာ တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးကြီး ကျော်စိုး၊ ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်မှူးကြီးသန်းစိန်(ပခုက္ကူ)၊ ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးကြီးတန်ယုဆိုင် အပါအဝင် တော်လှန်ရေးကောင်စီ ဝင် အားလုံးဟာ တကသ စစ်ဆင်ရေးကြီးရဲ့ စစ်ရေးစီမံချက်ရေးဆွဲရာမှာ အတူပါဝင် သဘောတူခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့အတွက်အားလုံးဟာ တတိယတရားခံတွေ ဖြစ်ကြပါတယ်။

ကမာရွတ်ရဲစခန်းမှာ ရှေ့တန်းစစ်ဆင်ရေးဌာနချုပ်ဖွင့်လှစ်ပြီး တက္ကသိုလ်နယ်မြေထိုးစစ်ကြီးကို အနီးကပ် လမ်းညွှန်နေ တဲ့ ဒုဗိုလ်မှူးကြီးစိန်လွင် (၈.၈.၈၈ နေ့က သမ္မတအဖြစ်နဲ့ ပြည်သူတွေကို သေနတ်နဲ့ ပစ်မိန့်ပေးသူ) ဟာလည်း တရား ခံစာရင်းမှာ မထည့်ဘဲချန်ထားလို့မရတဲ့ ပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။

ဦးနေဝင်းနဲ့ ဦးအောင်ကြီးတို့ တယောက်ကိုတယောက် အပြန်ပြန်အလှန်လှန် လက်ညှိုးထိုးပြီး စွပ်စွဲနေကြတာဟာ ပြန် စဉ်းစားကြည့်လိုက်တော့ အလွန်ရယ်စရာကောင်းနေပါတယ်။ ကလေးတွေ ကစားကြရင်း အရုပ်ကလေးတခု ပျက်စီး သွားတဲ့အခါမှာ “တားတားလုပ်တာ မဟုတ်ဘူး၊ တူလုပ်တာ၊ တူလုပ်တာ” ဆိုပြီး လက်ညှိုးထိုးတရားခံ လွဲချတာမျိုးနဲ့ တူပါတယ်။
အင်မတန်ကြီးမားတဲ့ “သမိုင်းအမဲကွက်ကြီး” တခုကို ဖန်တီးပြုလုပ်ခဲ့ကြသူတွေအနေနဲ့ အဲဒီလို လွယ်လွယ်ကူကူ လက် ညှိုးလေးထိုးပြီး “ငါမပါဘူး သူလုပ်တာ” ဆိုရုံနဲ့ သမိုင်းတရားခံတွေ စာရင်းထဲက လွယ်လွယ်ကူကူ ပျောက်ကွယ်မသွား နိုင်ပါဘူး။

အခုအချိန်မှာ အဲဒီတုန်းက အာဏာမာန်တက်ပြီး စစ်သွေးတွေ ကြွနေကြတဲ့ တော်လှန်ရေးကောင်စီဝင် ပုဂ္ဂိုလ်ကြီးတွေ အနေနဲ့လည်း ကျနော်မှတ်မိသလောက် ဦးအောင်ကြီးနဲ့ ဦးစောမြင့် (နောက်တန်းစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အဖွဲ့ဝင်) တို့နှစ်ယောက်ပဲ ကျန်နေတာတွေ့ရတယ်။ အားလုံးကွယ်လွန်ကုန်ကြပါပြီ။
“ဇူလိုင်လ (၇) ရက် ကျောင်းသားအရေးအခင်း” ဖြစ်ပွားချိန်က တော်လှန်ရေးကောင်စီဝင် ပုဂ္ဂိုလ်ကြီးတွေထက် အသက် အရွယ်အများကြီး ငယ်ရွယ်ကြတဲ့ကျောင်းသားခေါင်းဆောင်တွေဆိုရင်လည်း သိပ်မကျန်ကျတော့ပါဘူး။ အားလုံးနီးပါး ကွယ်လွန်ကုန်ကြပါပြီ။

အသက်ရှင်ကျန်နေသူတွေအနေနဲ့ ကျနော်အပါအဝင် ဦးလှရွှေ၊ ဦးတင်အောင် (အန်ကယ်ကြီး ဦးတင်အောင်)၊ ဦးအောင် ကြည်(ချောက်)၊ ဦးတင်အောင်မြင့် (နန့်ယမ်းကျောင်း)၊ ဒေါ်မြင့်မြင့် (ကျောင်းအုပ်ဆရာမကြီး (ငြိမ်း) အထက (၁) ကမာ ရွတ်)၊ ဦးလှသွင် (လမ်းမတော် ရွှေတောင်တန်း)၊ ဦးမြင့်ဖေ (နတ်မောက်)၊ ဦးရဲမြင့် (မင်းဘူး)၊ ဦးသာဘန်း (ရခိုင်အမျိုး သားခေါင်းဆောင်)၊ ဒေါ်ခင်စုလှိုင် (ကတိက (ငြိမ်း) သတ္တဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်)၊ ဦးချစ်စိန် (ပုသိမ်)၊ ဦးစိုးတင့် (ယခုတောင်ငူတွင် နေသည်) တို့လောက်ပဲ စဉ်းစားလို့ ရပါတော့တယ်။ လက်ချိုးရေတွက်လို့ရနိုင်လောက်တဲ့ အရေအ တွက်ပဲ ကျန်ပါတော့တယ်။

အခုလို “ကျောင်းသားသမဂ္ဂအဆောက်အအုံဖောက်ခွဲဖျက်ဆီးမှု တရားခံ” ရှာတာကလည်း ပြုလုပ်ခဲ့ ကြသူတွေကို ပြု လုပ်ခံခဲ့ရသူတယောက်အနေနဲ့ အာဃာတထားပြီး စွပ်စွဲပြောဆိုနေတာ မဟုတ်ပါဘူး။ သမိုင်းမှတ်တမ်းအတွက် တရားခံ ကို ဖော်ထုတ်နေတာသာဖြစ်ပါတယ်။

ဦးမြတ်ခိုင်ရေးတဲ့ဆော်းပါးအဖွင့်ပုဒ်မှာ “သူ့ဘက်ကရေးတော့ သူ့သမိုင်း၊ ကိုယ့်ဘက်ကရေးတော့ ကိုယ့်သမိုင်း” လို့ ဖွင့် ဆိုထားပါတယ်။
အခုလည်း ကျောင်းသားရေးတော့ (ကျောင်းသားအတွေးနဲ့ ပြန်ရေးတော့) ကျောင်းသားသမိုင်းလို့ ခေါ်ရင် မမှားနိုင်ဘူး ထင်ပါတယ်။ တကယ်တော့ ကျနော်တို့မျိုးဆက်ရဲ့ ကျောင်းသားသမိုင်းလို့ခေါ်ရင် ပိုမှန်ပါမယ်။

ဘိုးသိမ်း

၁၉၆၂ ခုနှစ် ဇူလိုင်လ (၇) ရက် ကျောင်းသားအရေးအခင်း နှစ် (၅ဝ) မြောက် ရွှေရတုအထိမ်းအမှတ်ဆောင်းပါး

နေ့သစ်
July 2, 2012
http://www.naytthit.net/?p=28543

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...