Wednesday, July 18, 2012

“လည်ပြန် ဆူးများ” (စိမ်းခက်စိုး)



by
 Sein Khat Soe on Wednesday, July 18, 2012 at 7:06am ·


ဒီနေ့ တစ်ညနေလုံးမိုးကလည်း သည်းသည်းမည်းမည်း၊ မနေနိုင်လွန်းလို့သွားဆေးခန်းသွားတော့ ဆေးခန်းထဲမှာ တစ် ကိုယ်လုံး စိုရွှဲနေတဲ့ကိုယ့်ကို ဘ၀တူလူနာတွေက သွားကိုက်မျက်နှာပေါ်က မျက်လုံးမွဲဖျော့ဖျော့လေးတွေနဲ့ ၀ိုင်းကြည့် နေ တယ်။ ကိုယ့်နံပါတ်က ၂၅၊ ရှေ့မှာပြီးသေးတာက ၃ ယောက်။ မိုးစိုစို သွားကိုက်ကိုက်နဲ့ ကိုယ်တစ်ယောက်တည်း……


ဟိုးလွန်ခဲ့တဲ့ ၇နှစ်ကျော်လောက်က ဆင်းရဲမှုတွေ ပဒေသပင်လိုသီးဝေနေတဲ့၊ ပါးစပ်ကြမ်းကြမ်းစပါယ်ယာတွေနဲ့ လိုင်းကား တွေပေါတဲ့ မြို့နယ်လေးတစ်ခုက သွားဆေးခန်းထဲမှာ သူသွားနှုတ်ဖို့ကျွန်တော်လိုက်သွားခဲ့ရဖူးတယ်။

ချစ်စခင်စဆိုတော့ သွားနှုတ်တဲ့အခန်းထဲအထိ သူကလက်ဆွဲခေါ်သွားတယ်။ အခန်းထဲမှာ စကားသိပ်များတဲ့ဆရာဝန်ကို ပါးစပ်လေးဟထားတဲ့ သူကဘာမှပြန်ဖြေနိုင်တော့ သူ့ကိုယ်စား ကိုယ်ကဖြေပေးတယ်။ နောက်တော့မှ ဆရာဝန်က သတိ ထားမိပြီး မင်းက သူနဲ့ဘာတော်လဲမေးလာတော့။ ပိန်လျော်လျော် ကိုယ့် ခန္ဓာကိုယ်လေးကိုရင်ကော့ပြီး သူ့ချစ်သူပါလို့ ဖြေ လိုက်တယ်။ ပါးစပ်လေးဟလျက်သား သူက မျက်ဝန်းလဲ့လဲ့တွေနဲ့လှန်းကြည့်ရင်း ထောက်ခံတယ်။
  
သူသွားနှုတ်မယ်ဆိုတော့ ဆရာဝန်က မင်းအပြင်ထွက်နေတဲ့ ကျွန်တော် သွားနှုတ်ကုတင်ပေါ်မှာ သူတစ်ယောက်တည်းဖြစ် နေမှာစိုးတာရယ်၊ သဘောကောင်းတဲ့ ဆရာဝန်အနှောင့်အယှက်မဖြစ်စေချင်တာရယ်ကြောင့် သူ့လက်ဖ၀ါးလေးကို ကိုင် ပေးထားတာကနေ နေရာပြောင်းပြီး ကျွန်တော်သူ့နားမှာရှိတယ်သိအောင် သူ့ခြေဖ၀ါးလေးကို ကိုင်ထားပေးရင်း သွားနှုတ် ခန်းထဲမှာနေပေးခဲ့တယ်။

သူက ကိုယ့်ပြောင်ချော်ချော်ပြောတာတွေကို သိပ်သဘောကျတယ်။ အမြဲတမ်း ရှုတည်တည်နေတတ်တဲ့ကိုယ့်ဆီက အဲလို ဟာသတွေနားထောင်ရယ်မောရတဲ့အခါ ရသနှစ်မျိုးရတယ်တဲ့ သူပြောတတ်တယ်။ ဆေးခန်းက ပြန်ထွက်လာတော့ မာလ ကာသီးစားမလားလို့ သူ့ကိုမေးတော့ ဂွမ်းတွေအများကြီးငုံထားလို့ ဆူဖောင်းဖောင်းမျက်ပါးမို့မို့နဲ့ မျက်နှာနဲ့ မျက် စောင်းထိုး တယ်။

ချစ်စခင်စဆိုတော့ သွားနုတ်လို့ ဘာမှမစားနိုင်တဲ့ချစ်သူကို ညတိုင်းဖုန်းပြောပြီး အားပေးတယ်။ သူကလည်း ဂရုစိုက်ခံချင် လို့ သွားကိုက်တာကို ကမ္ဘာကြီးမီးလောင်တာလောက် နွဲ့ညည်းတယ်။ ဒါပေမယ့် သူသွားနှုတ်လို့ နာကျင်နေရှာတဲ့ သုံးလေး ရက်ဟာ ချစ်ဦးသူ ကျွန်တော့်အတွက် သူ့ဆီက ပေးမှတ်တွေအများကြီးတက်ခဲ့တဲ့ ရက်တွေထဲက တချို့ပေါ့။
  
သွားမနှုတ်ခင် သုံးလေးရက်ကလည်း တစ်ဆိုင်ဆိုင်မှာထိုင်လို့ရှိရင် သူကမျက်နှာငယ်ငယ်လေးနဲ့ ကိုယ် တစ်ခုခု စားနေ တာကို အမြဲထိုင်ကြည့်နေခဲ့တယ်။ သူသွားကိုက်နေပေမယ့် ကိုယ်မစားမှာကိုလည်း သူစိတ်မကောင်းဘူး။ မစားဘူးပြော လည်းမရဘူး။ အတင်းစားခိုင်းတယ်။ အားရပါးရစားခိုင်းတတ်တယ်။ သိပ်ချစ်ဖို့ကောင်းတဲ့ အဖြစ်အပျက်လေးတွေပေါ့…။

မိုးစိုတိစိုစွတ် ဆေးခန်းလေးထဲမှာ ကိုယ်တစ်ပိုင်းလုံးစိုရွဲနေတဲ့ကိုယ်ဟာ စိတ်လိုလက်ရနဲ့ဘဲ လွန်ခဲ့တဲ့၇နှစ်ဆီက နေ့ဆွဲတွေ ဆီပြန်သွားနေတယ်။ ဘ၀ဆိုတာ ပျော်စရာနှမ်းနည်းနည်းဖြူးထားတဲ့ မှိုတက်လ္ဘက်တစ်ပွဲလိုဘဲ။ တစ်ခါတလေ အပေါ်ရံ အေးနေတဲ့ အာလူးပြုတ်ပူပူလို ဘဲ။ ကိုက်လိုက်မိရင်တော့ မျက်ရည်ပိုးပိုးပေါက်ပေါက် ဝေ့သီစေတော့တာဘဲ။

ကိုယ်သွားကိုက်တာကို အကြောင်းပြုပြီး သူသွားတွေရော ခုဆိုအဆင်ပြေရဲ့လားလို့ သွားတွေးမိတယ်။ တဆက်တည်း အဲဒီတုန်းက သူတကယ်နာကျင်နေခဲ့မှာဘဲဆိုပြီးလည်း သနားမိနေပြန်တယ်။ နောက်သူ သွားကိုက်ခြင်းလေး ဝေးပါစေလို့ လည်း စိတ်ထဲက ဆုတောင်းမိတယ်။ ကိုယ်နာကျင်စွာနဲ့ ကိုယ်ချင်းစာမိနေပါတယ် ချစ်သူ။

သွားကိုက်ခြင်းနဲ့ လွမ်းဆွတ် သတိယခြင်းဟာ တကယ်တော့ လောကငရဲပါ။ အဲဒါနှစ်ခုလုံး ကိုယ့်ဆီမှာ တပြိုင်နက်တည်း သီးပွင့်လာတော့ လူကအလွမ်းရယ်၊ ကိုက်ခဲခြင်းရယ်ကြောင့် ထုံသွားတယ်ထင်တယ်။ နာကျင်လွန်းလာတဲ့အခါ နာကျင်မှု ဟာ ချစ်စရာပြန်ဖြစ်လာတယ်။ ကိုယ် ကိုက်နေတဲ့ သွားကို ကျီစယ်လိုက်၊ လွမ်းဆွတ်နေတဲ့ စိတ်ကို စနောက်လိုက်နဲ့
တစ်ယောက် တည်း ငေါင်စီစီကြီးဆေးခန်းထဲမှာပေါ့…။

အင်း ကိုယ်လည်း အသက်ကြီးလေ အလွမ်းရင့်လေဖြစ်လို့၊ ဘယ်နေရာရောက်ရောက် ဘယ်လိုအတွေ့အကြုံနဲ့ဆုံဆုံ သူ့အ ကြောင်းတွေကို ခလုတ်ကန်းသင်းလို ကိုယ်ရင်ခုန်သံကို ပြန်ပြန်ချဉ်းနင်းဝင်ရောက်လာတတ်ပါလား။
  
ချစ်ခင်လေးစားစွာဖြင့်

စိမ်းခက်စိုး
(ဗုဒ္ဓဟူးနေ့)ဇူလိုင်လ ၁၈၊ ၂၀၁၂
ည - ၀၈း ၂၅ နာရီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...