“မိခင်၊ ဖခင်များနေ့” (စိမ်းခက်စိုး)
by Sein Khat Soe on Wednesday, July 25, 2012 at 4:43am ·
ကက်သလစ်ဘာသာဝင် ညီအကိုမောင်နှမတွေမှာ သူတို့ဘာသာရေးထုံးတမ်းစဉ်လာ ရက်မြတ်အခါ သမယတွေထဲက နှစ်စဉ် ဇူလိုင်လ မိုးရေစက်တွေကြားမှာ ပြုလုပ်လေ့ရှိကြတဲ့ ပွဲတော်လေးတစ်ခုကတော့ “မိခင်၊ ဖခင်များနေ့” သို့မဟုတ် မိဘများကို ပူဇော်ကန်တော့ ဂုဏ်တော်တွေချီမွန်းတဲ့ ပွဲနေ့လေးဆိုတာ လည်း ထူးခြားလေးနက်ပြီး အတုယူစရာကောင်း တဲ့ပွဲတော်လေးတစ်ခုပါ။
ယင်းနေ့လေးကို နှစ်စဉ် ဇူလိုင်လ ၂၆ရက်နေ့မှာ ကျင်းပလေ့ရှိပါတယ်။
အဲဒီလိုနေ့လေးရောက်ရင် အဝေးမှာရှိတဲ့၊ အဝေးရောက်နေပြီး ပြန်လာလို့ရတဲ့ သားသမီးတွေက မိဘတွေဆီပြန်လာပြီး အဲဒီပွဲလေးကို စုပေါင်းပြုလုပ်ကြသလို၊ တစ်ဦးတစ်ယောက်ချင်းစီကလည်း အဲဒီနေ့မှာ သက်ရှိထင်ရှားရှိသေးတဲ့ မိဘများ အပြင်၊ ကွယ်လွန်သွားကြပြီဖြစ်တဲ့ မိဘများကို ရည်စူးလို့ ဘုရားကျောင်းမှာ ဆုတောင်းမေတ္တာပို့သကြသလို၊ လက်ဆောင် ပစ္စည်းများနဲ့ မိဘများ၊ သက်ကြီးရွယ်အို လေးစားထိုက်သူများကို ပူဇော်ကန်တော့လေ့ရှိကြပါတယ်။
အများအားဖြင့် အခန်းနားအစီအစဉ်လေးတွေနဲ့ စနစ်တကျပြုလုပ်ပြီး ဒေသအလိုက်မတူတဲ့ လူမျိုးပေါ်မှာမူတည်ပြီး ဖျော် ဖြေ ရေးလေးတွေ၊ သီးချင်းအစီအစဉ်လေးတွေလည်း ထည့်သွင်းပြီး ကျင်းပကြပါတယ်။ အဲဒီအခန်းအနားအစီအစဉ် ထဲမှာ မိဘများဘက်ကလည်း မိဘတစ်ဦးက သားသမီးတွေကို ဆုချွေမေတ္တာစကားပါးပေးရသလို၊ သားသမီးများကိုယ် စား သား သမီးတစ်ဦးကလည်း မိဘများကို တောင်းပန်စကားပြောကြားရလေ့ရှိပါတယ်။ တချို့နေရာတွေမှာဆိုရင် မိဘတွေက သား သမီးတွေအတွက် ပြဇာတ်တိုလေးတွေ၊ ရယ်မောစရာအကလေးတွေ၊ လင်မယားဘ၀ဖြတ်သန်းခဲ့ရပုံလေးတွေကို ဖျော်ဖြေ ရေးဆန်ဆန် ပညာပေးအစီအစဉ်လေးတွေပါဝင် ထည့်သွင်းထားတတ်သလို သားသမီးတွေဘက်ကလည်း မိဘမေတ္တာဘွဲ့ သီချင်းတွေ၊ အကတွေ၊ ပြဇာတ်တွေနဲ့ သိုက်သိုက်မြိုက်မြိုက်ကျင်းပလေ့ရှိကြပါတယ်။
ကက်သလစ်ဘာသာဝင်တို့ အထွဋ်အမြတ်ထားလေးစားလိုက်နာရတဲ့ ပညတ်တော် ၁၀ ပါးထဲက ၄ ပါးမြောက်ဟာ“မိဘ များ အားရိုသေကြလော့” လို့ဆိုထားပါတယ်။ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေမှာတော့ မိဘများကို ဘုရားနဲ့ တဂိုဏ်း တည်း၊ တစ်တန်းတည်းထား လေးစားရိုသေရပါတယ်။ ဘာသာတရားတွေရဲ့ ဘုံအလှလေးတွေထဲက တစ်ခုပေါ့။ နောက် ကက်သလစ် ဘာသာဝင်တို့ရဲ့ ရိုသေလေးစားပူးဇော်တဲ့အထဲမှာ မယ်တော်မာရီလည်း အပါအ၀င်ပါ။ ကက်သလစ် ဘုရား ကျောင်းဝင်းတိုင်းမှာ မယ်တော်အတွက် ဂူဗိန်မာန်လေးတစ်ဆောင်ဆောက်ပြီးကို ပူဇော်ကိုးကွယ်ကြတာပါ။
မယ်တော်မာရီရဲ့ အမိနဲ့အဖဖြစ်တဲ့ ဂျော်ကင်းနဲ့ အမိ အာနား(သခင်ယေဇူးရဲ့ အဘိုးနဲ့အဘွား)ကိုလည်း ရည်စူးပူဇော်ဖို့ ဒီနေ့လေးကို ကျင်းပခြင်းဖြစ်တယ်လို့ သူငယ်ချင်းကရှင်းပြဖူးပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်း မှာတော့ အဲဒီလို မိဘများနေ့ပွဲမျိုးမရှိသေးပေမယ့် အမေများနေ့ဆိုတာကိုတော့ ၁၉၉၅ ခုနှစ်၊ ပြာသိုလပြည့်နေ့က မန္တလေးမှာ စ တင်ကျင်း ပလာခဲ့တာ ခုဆို ၁၇နှစ်နီးပါးရှိလာခဲ့ ပြီး ဦးဆောင်ဆော်အော်ခဲ့သူကတော့ နာရေးကူညီမှုအသင်းကြီးကို တည်ထောင်ခဲ့သူလည်းဖြစ် စာရေးဆရာ၊ ဒါရိုက်တာကြီးလည်းဖြစ်တဲ့ ဆရာကြီး အကယ်ဒမီဦးသုခဘဲဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ကျွန်တော်တာဝန်ယူထားတဲ့ စီမံကိန်းရွာလေးမှာ အဲဒီရက်မြတ် ပွဲနေ့လေးကို အဝေးအနီးက ပြန်လာကြတဲ့ သားသမီးတွေလည်း အားရက် ဖြစ်တဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဘုရားကျောင်းတက်အပြီးမှာ တစ်ခါတည်းဆက်ကျင်း ပဖြစ်ခဲ့ ပါတယ်။ ကျွန်တော့်ကိုလည်း ကျေးရွာရဲ့စီမံကိန်းတာဝန်ခံတစ်ဦးအနေနဲ့ သားသမီးများကိုယ်စား မိဘများကို စကား တစ်ခုခုပြောပေး ပါဆိုပြီးတောင်းဆိုလာတဲ့အတွက် မထင်မှတ်ဘဲ သက်ကြီးရွယ်အို မိဘများ၊ လူငယ်များအကြား အမှတ် တရ စကားလေး ပြောကြားခွင့်ရခဲ့ပါတယ်။
“ဒီလိုပွဲနေ့လေးတွေကျင်းပပေးတာ၊ အခွင့်သင့်တိုင်း တက်ခွင့်ရခဲ့တာကို ဗုဒ္ဓဘာသာဝင်သားသမီးတစ်ယောက်အနေနဲ့ရော၊ လူငယ်တစ်ဦးအနေနဲ့ပါ ကက်သလစ်ဘာသာသူငယ်ချင်းညီအကိုမောင်နှများကိုယ်စား အထူးဝမ်းသာ ဂုဏ်ယူပါတယ်” ဆိုတဲ့ စကားလေးအစချီပြီး ရှေ့မှာရှိနေ တဲ့ သက်ကြီးမိဘတွေကိုရော မြန်မာတပြည်လုံးမှာရှိနေတဲ့ မိဘတွေအားလုံးကို ဦးတည်လျောက်ထားတဲ့ စကားတချို့ ကျွန်တော် ပြောဖြစ်ခဲ့ပါတယ်။
“သားသမီးရဲ့ စကားတွေ၊ ခံစားမှုတွေ၊ ဆန္ဒတွေကို နားမထောင်တဲ့ မိဘတွေ ဆိုတာလည်း အာဏာရှင်နဲ့ ဘာမှမခြားပါ ဘူး။ ယဉ်ယဉ်ကျေးကျေးစကားနဲ့ သုံးရမယ်ဆိုရင် မေတ္တာအထားမှားနေကြတယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘယ် ဘာသာကို ကိုးကွယ်တဲ့ လူမှုအဖွဲ့အစည်းမှာဖြစ်ဖြစ် မိဘနဲ့သားသမီးကြားက ပြဿနာလေးတွေကတော့ အနည်းနဲ့ အများ ရှိနေခဲ့ရာကနေ ခုလို ခေတ်မှာတော့အမြင့်ဆုံးရောက်လာတဲ့အထိ ဖြစ်လာနေခဲ့ပါပြီ..။
အရင်က လူသားဖြစ်တည်မှုအခွင့်အရေးတွေ၊ သားသမီးဝတ်တွေ၊ မိဘ၀တ် တွေကို သက်ကြီးစကားသက်ငယ်ကြား နဲ့ ရေတံခွန်လိုသင်ကြားနာ ယူခဲ့ရတယ်။ ခုခေတ်သင်ကြားမှုဖြစ်စဉ်က ထက်အောက်ဘေးဘယ်ညာ စုန်ဆန် အပြန်အလှန် သင်ယူရတဲ့ ဖြစ်စဉ်မျိုးဖြစ်လာတဲ့အတွက် မိဘများ ဘက်ကလည်း မေတ္တာကို စုံရေသဘော၊ တဖက်ပိတ်စနစ်သဘော နဲ့မကျင့် သုံးဘဲ လိုက်လျောညီ ထွေ ပြောင်းလဲကျင့်သုံးပေးမယ် ဆိုရင် အေးချမ်းကြည်နူးဖွယ်ကောင်းတဲ့ မိသားစုဘ၀ တွေအများကြီးဖြစ်ပေါ် လာမယ်လို့ မြင်ပါတယ်။
နောက် အနာဂတ်မှာ ခေါင်းဆောင်လုပ်ကြမယ့် ကလေးငယ်တွေလည်း မိဘတွေကိုယ်တိုင်က အမွေပေးခဲ့တဲ့ လွတ်လပ် ပေါ့ပါးတဲ့ ယုံကြည်မှုတွေနဲ့ လွတ်လပ်ပေါ့ပါးတဲ့ အပြန်အလှန်သင်ယူမှုတွေ၊ နားလည်မှုတွေနဲ့ ကြီးပြင်း လာကြတော့ မှာဖြစ်လို့ အဲဒီလိုသာ မိဘများဘက်က ကျင့်သုံးပေးကြမယ်ဆိုရင် အနာဂတ် မြန်မာလူ့အသိုင်းအ၀ိုင်းဟာလည်း ဒိထက် ပိုမိုလှပလာမယ်လို့မြင်ပါတယ်။
မိဘတွေကိုင်ခွင့်ရထားတဲ့ (ဘုရားသခင်ပေးတော်မူထားတဲ့ အခွင့် ဟာ) မေတ္တာဆိုတဲ့ ဗီတိုအာဏာမဟုတ်ပါဘူး။ မေတ္တာ ဆိုတဲ့ တစ်ချက်လွှတ်လက်နက်မဟုတ်ပါဘူး။ မေတ္တာဆိုတဲ့ ရေစင်ပါ။ မေတ္တာဆိုတဲ့ မြေသြဇာပါ။ မိဘတွေ ကိုယ်တိုင် ရှင်သန်ပွင့်ထွားစေ ချင်တဲ့ ပန်းကလေးတွေ ကိုမေတ္တာမြေသြဇာနဲ့ မေတ္တာရေစင်နဲ့ လောင်းဖျန်းပျိုးထောင်မှသာ ပွင့်လန်း ဝေစည်လာမှာပါ လို့ တောင်းပန်ပြောကြားလိုပါတယ်။ ကျွန်တော်တို့ တွေဟာ အာဏာရှင်ကို ဘိုးဘွားစဉ်ဆက် မုန်းတီးခဲ့ကြတယ်။ လက်မခံခဲ့ကြဘူး။ အဲဒီတော့ မိဘများဘက် ကလည်း သားသမီးများရဲ့ အာ ဏာရှင်မဖြစ်ဖို့ သားသမီးများကိုယ်စား ဒီနေ့လေးမှာ မိဘများကိုတောင်း ဆိုလိုက်ပါတယ်။”
ရိုးသားတဲ့ ကျေးလက်ဒေသက မိဘများမို့ကျွန်တော်ပြောတာကို သိပ်နားလည်ပုံမပေါက်ပေမယ့် သားသမီးတွေကိုယ်စား မိဘများကို အဲဒီနေရာလေးကနေပြောကြားခွင့်ရတဲ့အတွက်တော့ ရင်ထဲမှာတော်တော်လေးဂုဏ်ယူကျေနပ်မိတယ်။ ကျွန် တော်တို့ဆီမှာက သားသမီးနဲ့မိဘဆိုရင် အထက်ကအောက်သို့သာ စုန်ဆင်းခွင့်ရနေကြသလိုဖြစ်တာမဟုတ်လား။ ဒါပေ မယ့် တကယ်တော့ ကျွန်တော့်ကိုပြောခိုင်းတာက မိဘများရဲ့ ဂုဏ်ကျေးဇူးကို ဗုဒ္ဓဘာသာလူငယ်တစ်ယောက်အနေနဲ့ ချီးမွမ်းခိုင်းတာတဲ့ ဆင်းလာတော့မှ သူငယ်ချင်းကတိုးတိုးလေးကပ်ပြောလေရဲ့………………
စိမ်းခက်စိုး
(ဗုဒ္ဓဟူးနေ့)ဇူလိုင်လ ၂၅၊ ၂၀၁၂
နေ့လည် - ၁၂း ၅၈ နာရီ
ကျွန်တော်ဒီစာလေးကို အွန်လိုင်းမှာ ကျွန်တော်နဲ့ခင်နေတဲ့ ခုတလော ကျွန်တော့်ကဗျာတွေ လာဖတ်၊ လာဆွေးနွေး မလုပ်နိုင်တော့ လောက်အောင် မြေးဦးလေးနဲ့ အလုပ်ရှုပ် သည်းသည်းလှုပ်နေသော ဘွားဘွားတစ်ဦးနဲ့ သားဦးကိုရင်ခွင်မှာပိုက်ပြီး လင်နောက်ကို ကောက်ကောက်ပါအောင်လိုက်သွားပြီး ဖေ့ဘွတ်မှာ ရုပ်ဆိုးဆိုးလင်နဲ့သားပုံကို တင်တင်နေသော အဝေးတနေရာ မြစ်ကြီးနားက သူငယ်ချင်းလင်မယားကို ဂုဏ်ပြုရည်စူးရေးသားပါတယ်..း) ။
0 comments:
Post a Comment