မန်ကျည်းငုတ်တို (ဇေယျ - ရေးသည်။)
by Thida Soe on Thursday, July 26, 2012 at 8:32am ·
“ဟောတော့… ပြောရင်း ဆိုရင်း ညည်းတို့ဟာကြီး ပေါက်လာပြီ။”
“ဘယ်က ဘယ်သူ့ဟာကြီးလဲအေ့။”
“အို… ထွန်းသာကြီးလေ။ နားထောင်၊ ကဲ… ကြားရဲ့လား၊ သူများတကာ မယ်ဒလင်တီးတဲ့ခေတ်ကြီးမှာ ပလွေတိုကြီးနဲ့အေ့၊… ဆိုလိုက်တဲ့ သီချင်းကျတော့လဲ… မန်ကျည်းရဲ့ ငုတ်တို၊ ငုတ်တို၊ ရွက်နုပေါက်ခါမှ ချဉ်ရေသောက်ကြစို့ မခွေးရယ် မခွေးရယ် တဲ့။ သူ့သီချင်းနဲ့ သူဘဲ လိုက်တယ်။ လူပုံကြီးကိုက မန်ကျည်းငုတ်တိုကြီးလိုဘဲ၊ စိတ်ကူးကလဲယဉ်တယ်၊ သူများတကာ ဒန်ပေါက်တို့၊ ခေါက်ဆွဲတို့ စားဖို့စိတ်ကူးနေကြတာ၊ သူ့မှာ မန်ကျည်းချဉ်ရေသောက်နဲ့ ပြီးနေတယ်။ ခက်လဲ ခက်တဲ့ဟာကြီးအေ။ ဒါနဲ့များ မိအေးခင်က သူ့ရုပ်ရည်ကလေးနဲ့ ဒါကြီးကိုများ မှန်းနေတာ သဘောကျလှသအေ” စသည်ဖြင့် ရွာသူကြီး ဦးလူဝ၏ အိမ်ဘေး တင်းကုပ်ထဲမှ ယက်ကန်းစင်တွင် ၀ိုင်းဖွဲ့၍ စကားပြောနေကြသော မိန်းကလေးများ၏ စကားမှ မဆုံးသေးမီ ထွန်းသာကြီးသည် အိမ်ရှေ့သို့ ရောက်လာလေ၏။
အိမ်အပေါ်ထပ်တွင် ရွာသား သုံးလေးယောက်နှင့် လက်ဖက်ရည်ကြမ်းဝိုင်းဖွဲ့၍ စကားပြောနေသော သူကြီးဦလူဝက အပြင်သို့ နားစွင့်၍ ထောင်လိုက်ပြီးလျင် “ဟေ့ ထွန်းသာကြီး မဟုတ်လားကွ၊ ၀င်ခဲ့အုံးကွာ” ဟု ခေါ်လိုက်သဖြင့် ထွန်းသာကြီးလည်း ပလွေသံကို ရပ်လိုက်ကာ အပေါ်ထပ်သို့ တက်လာလေ၏။
ဝိုင်းထဲတွင် ထွန်းသာကြီး ထိုင်မိလျင် သူကြီးက “ထွန်းသာရဲ့ မင်း တယ်ခက်တဲ့ အကောင်ဘဲ၊ ဒီနေ့ နေ့လယ် ဦးကြောင်ဘား လာမယ်၊ တို့ရွာက လယ်သမားတွေ ဆက်ဆက်လာခဲ့ကြလို့ မင်းကို ငါ တမင်္ဂလာမှာတယ်။ ဦးကြောင်ဘား ရောက်လာလို့ ရွာသားစုံတော့ မင်းတယောက်မရှိဘူး၊ မနှစ်က လက်မှတ်ထိုးထားတဲ့ လူတွေစုံမှ ဒီနှစ်ပေးဖို့ ငွေအကြောင်းကို ဆွေးနွေးမှာကွ၊ မင်းတယောက် ပျက်ကွက်နေတော့ တော်တော်ကလေး ခက်သွားတာပေါ့ကွ၊ မင်းက ဘယ်သွားနေတာလဲ။”
“တောထဲ ထင်းခုတ်သွားရတာပေါ့ဗျ။”
“သွားရလှချည်လားကွ၊ မင်း တနွေလုံးလဲ ထင်းခုတ်ပြတ်တယ်မရှိဘူး၊ မင်းနွားကလေး နှစ်ကောင်အတွက် ဘယ်လောက်များ ခုတ်နေရသလဲ။”
“ကျုပ်တို့က လုံလောက်ပါပြီ၊ ဒေါ်မယ်ရှင်တို့အတွက် သွားရတာဗျ။”
“အောင်မာ… ဒီအမယ်ကြီးအတွက် မင်းက ပူနေရသလားကွ၊ သူ့တူ ငွေရတို့ အရှိသားဘဲ။”
“ဟာ… ငွေရက သူ့ကြီးတော်အတွက် နေနေသာသာ သူ့အိမ်အတွက်တောင် လောက်လောက်ငင ရှိအောင် ခုတ်ချင်တဲ့ အကောင်မဟုတ်ဘူးဗျ၊ လူပျင်း လူပေါ်ကြော့မှန်း ခင်ဗျားလဲ အသိသား။”
“သူ့တူ ငွေရကမှ ခုတ်မပေးယင်၊ တခြားလူက ဘာဖြစ်လို့ ၀င်ပူရမှာလဲကွ။”
“ဒီလိုလဲ ဘယ်ကောင်းမလဲဗျာ၊ အမယ်ကြီးမှာ လူမမယ် မြေးကလေးတယောက်ထဲနဲ့ တခြားကူမဲ့လူ ရှိတာမှ မဟုတ်ဘဲ။ တတ်နိုင်သလောက် ကူညီရတာပေါ့ဗျာ။”
“အေး… မင်းက ရွာထဲမှာ သူတော်ကောင်းကြီး လုပ်ပြီး သူများတကာကိစ္စ ဆောင်ရွက်နေတော့ ငွေရပေါက်နဲ့ လွဲသွားတာပေါ့ကွာ။”
“ဘယ်က ရမှာလဲဗျ။”
“ဘယ့် ရရမှာလဲကွ၊ အမတော်ကြေးပေါ့ကွ၊ ဦးကြောင်ဘားက သေချာလို့ လာပြောတာ။ ဒါကြောင့် သူကိုယ်တိုင်လာပြီးတော့ လျောက်လွှာတွေ တင်ဖို့ ပြောသွားတာ။”
“သြော်… လာပြန်ပြီလား၊ တနှစ်ကလဲ ဒီလိုဘဲ သေချာမယ်ဆိုလို့ ကျုပ်တို့တတွေ လျှောက်လွှာတစောင် ငွေနှစ်ကျပ်စီ ၀ိုင်းပြီးပေးလိုက်ကြရတယ်။ မနှစ်ကလဲ သေချာလှပါတယ်ဆိုလို့ ပေးလိုက်ကြရတယ်။ ပြောတော့ မိုးလားကဲလား၊ အရာရှိ အရာခံကြီးတွေကို သူပြောယင် ပြီးသလိုလို၊ မရယင် သူကဘဲ စိုက်ပေးတော့မလိုလို၊ အာမခံ စကားတွေ ပြောသွားပြီး၊ ဘာတပြားမှ မရလိုက်ကြဘူး မဟုတ်လား၊ ငွေနှစ်ကျပ်ဆိုတာ နည်းတာ မဟုတ်ဘူးဗျ၊ တောထဲဝင်ပြီး တနေကုန် သေချင်အောင်ခုတ်လို့ ထင်းတလှည်းစာရမှ ငွေနှစ်ကျပ်ကို ရတာဗျ။”
“တယ်… မင်းက ကြီးကြီးကျယ်ကျယ်၊ ဦးကြောင်ဘားက မင့်ငွေနှစ်ကျပ်ကို လိမ်ယူသွားတယ်အောက်မေ့လို့လား။ ဒီလောက်လူကြီးက အာမခံထားတာတောင် မင်းက မယုံသလိုလို။”
“ကျုပ်က လိမ်တယ်လို့ မပြောပါဘူး။ နို့ပေမဲ့ သူက ဘာလဲဗျ၊ တကယ့်တာဝန်ခံ မြို့အုပ်လဲ မဟုတ်၊ ၀န်ထောက်လဲမဟုတ်… လွန်ခဲ့တဲ့ငါးနှစ်လောက်က ဦးကြီးသော့နဲ့ ရန်ကုန်ကို ရောက်တုန်းက တွေ့ခဲ့ဘူးတယ်…။ တနေ့ညနေတော့ ရန်ကုန်မြို့ ရုပ်ရှင်ရုံတွေနား လူစည်ကားတဲ့ လမ်းကြီးတလမ်းကို လျှောက်သွားတယ်၊ လမ်းဘေး လူသွားပလက်ဖောင်းဆိုတာမှာ ဈေးသည်တွေ အမျိုးမျိုး ချရောင်းနေကြတယ်၊ တချို့လဲ ဗန်းကလေးတွေနဲ့၊ တချို့လဲ လမ်းပေါ်မှာ အ၀တ်ကလေးတွေနဲ့၊ တချို့လဲ လမ်းပေါ်မှာ အ၀တ်ကလေးတွေခင်းလို့ ၀ယ်ပါယူပါ လျှော့ဈေးနဲ့၊ ဆူနေတာဘဲ၊ တနေရာရောက်တော့ ရွှေရည်စိမ်လက်ကြယ်သီးတွေ ရောင်းနေတာကို တွေ့လို့ တစုံဘယ်လောက်လဲမေးတော့ တစုံတကျပ်ခွဲလို့ ပြောတယ်။ မင့်ဟာက ဈေးများလှချည့်ကလားကွာ၊ ဘယ်လို အမျိုးအစားလဲမေးတော့ ဂျာမန်လုပ် အစစ်၊ စာပါတယ်၊ ဖတ်ကြည့်ပါ၊ သုံးနှစ်အာမခံ၊ မမှန်ယင် ငွေပြန်ပေးမယ်။ တိုက်ကြီးတွေမှာ သုံးကျပ်က တပြားမှ မလျှော့ဘူး၊ သုံးနှစ်အာမခံ၊ ကြိုက်မှယူ၊ လေလံပစ္စည်းဖြစ်လို့ လျှော့ဈေးရတာလို့ ခပ်တည်တည်ပြောတယ်။ ကျုပ်က နဲနဲလျှော့အုံးကွာ ပြောတော့၊ ဒီမှာ မိတ်ဆွေ ကြိုက်မှယူ နဲနဲဘဲ ရှိတော့တယ်၊ သုံးနှစ် အာမခံ၊ မမှန်ယင် ပြန်ပေး၊ ချက်ခြင်း ငွေပြန်ရမယ်လို့ ပြောတယ်။ ဒါနဲ့ ကျုပ်က သဘောကျပြီး ငွေတကျပ်ခွဲ ပေးပြီး ၀ယ်လိုက်တယ်။ တည်းအိမ် ပြန်ရောက်လို့ အိမ်သားတွေ ပြကြည့်တော့၊ ညဈေးတန်းမှာ ရောင်းတဲ့ ပြားခြောက်ဆယ်တန် ဖြစ်နေတယ်။ ဒါဖြင့် မှားလာပြီ၊ သုံးနှစ်အာမခံ၊ မမှန်ပြန်ပေး ပြောလိုက်တယ်။ ဒီဈေးသည်ဆီ သွားဦးမှဘဲလို့ သွားရှာတော့ မတွေ့ဘူး၊ အနီးနားကလူတွေ မေးကြည့်တော့ ခင်ဗျားအကောင် သုံးနှစ် အာမခံဘို့ နေနေသာသာ မျူနီစီပယ် ပုလိမ်လိုက်လို့ ခြေရာပျောက် ပြေးပြီလို့ ပြောကြတယ်။ ဒီတော့မှ အေးလေ လမ်းပေါ်လျှောက်ပြီး သုံးနှစ်အာမခံ ဆိုတာကို ငါကလဲ ယုံမိပေသကိုး၊ ရှိစေတော့လို့ ထားလိုက်ရတယ်။ ခုလဲ…”
“ဟေ့… တော်တော် မင်းက ဦးကြောင်ဘားကို ရန်ကုန် လမ်းပေါ်က သုံးနှစ်အာမခံ ဈေးသည်လိုဟာမျိုးလို့ ဆိုချင်သလား။”
“ဒီလိုလည်း မဟုတ်ပါဘူး ခင်ဗျ၊ ကျွန်တော် ခံခဲ့ရဘူးတာကလေး သတိရလို့ပါ။”
“ဟယ်… တော်တော့ကွာ။ မင်းနဲ့ မဖြစ်ဘူး၊ သွား… သွား… မင်းစကားတွေဟာ ကြာတော့ ဒုက္ခရောက်ကုန်လိမ့်မယ်။ လူပါးဝလို့” ဟု ဆိုလိုက်သဖြင့် ထွန်းသာကြီးသည် နောက်ထပ် မပြောတော့ဘဲ သူကြီးအိမ်မှ ဆင်းလားခဲ့လေ၏
ထွန်းသာကြီး မရှိမှ သူကြီး ဦးလူဝက “ဒီအကောင်ကြီးဟာ နဝေတိမ်တောင်နဲ့ တယ်အပြောရ ခက်တဲ့ အကောင်ဘဲ၊ သူ့ကို ထည့်ပြီး မတွက်နဲ့တော့ကွာ၊ မင်းတို့ လူတိုက်သာ တကိုယ် ငွေနှစ်ကျပ်စီ စုပြီး စာရင်း ကောက်ထားကြပေတော့” ဟု အနီးရှိ လူများကို ပြောလေ၏။
ထွန်းသာကြီးသ်ည ထိုရွာ၌ လူချမ်းသာ မဟုတ်၊ မိဘက အမွေပေးခဲ့သော လယ်ကလေး ငါးဧက၊ လှည်းတစီး၊ နွားတရှဉ်းသာရှိ၏။ သို့သော် မိုးတွင်းလယ်လုပ်၊ ဆောင်းတွင်း စပါးတိုက်၊ နွေထင်းခုတ်၊ ရတတ်သမျှကို ရှာဖွေ၍ မျှမျှတတ သုံးစွဲစားသောက် နေထိုင်ခဲ့ရာ၊ ကြွေးမြီဆို၍ တပြားမှမရှိသဖြင့် ဆင်းရဲခြင်းမူကား မရှိချေ။ တပါးသူများမှာ လယ်ယာပစ္စည်း ပြည့်စုံခိုင်လုံကြသော်လည်း လယ်လုပ်ချိန်တန်လျင် ပူပင်ကြောင့်ကြ၍ တောင်ပြေးရ မြောက်ပြေးရ ဖြစ်ကြရာမှ၊ ထွန်းသာကြီးမှာမူကား ထိုသို့ မဟုတ်ချေ။ ယခုနှစ်လည်း ထွန်းသာကြီးမှာ ၀မ်းစာစပါး၊ မျိုးစပါးအပြည့်၊ ဆီ၊ ဆား၊ ငါးပိ၊ ငါးခြောက် အလုံအလောက်သာမက၊ တနွေလုံး ထင်းခုတ်၍ရသော ငွေထဲမှ လက်ကိုင်ငွေ ငါးဆယ်လောက်ရှိသေး၏။ ထွန်၊ ထယ်၊ ပေါက်ပြား၊ ထင်းဝါး အသင့်ရှိ၏။ တနွေလုံး ကောက်ရိုးနှင့် နှမ်းဖတ် အ၀ကျွေး စားကျက်ကောင်းကောင်း ချထားသော နွားကြီးနှစ်ကောင်မှာလည်း တမိုးတွင်းဒဏ် ကောင်းကောင်းခံနိုင်လောက်အောင် အားအင်ပြည့်ဖြိုးလျက်ရှိ၏။
သို့လျင် ထိုနှစ်မိုးစောစောကျ၍ တဖြိုင်ဖြိုင် တသည်းသည်း ရွာသွန်းလိုက်သောအခါ တပါးသူများမှာ တနွေလုံး ပျော်လိုက် ပါးလိုက် စားလိုက် သောက်လိုက်နှင့် အချိန်ကုန်ခဲ့ကြသဖြင့် လယ်ယာကိစ္စတွက် ဘာမျှ အရံသင့်မရှိ ဖြစ်ကြရာ ထွန်းသာကြီးမူကား အခန့်သင့်ပင် လယ်လုပ်ငန်းသို့ ၀င်နိုင်လေ၏။ ဦးကြောင်ဘားထံမှ ရမည်ဆိုသော ငွေကလည်း မပေါ်လာသဖြင့် ပြေးပြေးလွှားလွှား အိမ်ပေါင်၊ ယာပေါင်၊ လက်ဝတ်လက်စား ရွှေတိုရွှေစကလေးများကို ထုခွဲရောင်းချ၍ လုပ်ကြရသဖြင့် အချို့နောက်ကျ၊ အချို့လည်း လယ်ကွက်ကုန်အောင် မလုပ်နိုင် ရှိလေ၏။ ထွန်းသာကြီးနှင့် အနီးအစပ်ဖြစ်သော လယ်သမား တယောက်မူကား ၎င်းပိုင် ဆယ်ဧကရှိ လယ်တကွက်ကို သီးကောက်ခ ပေးချင်သလောက်သာ ပေးတော့ဆိုကာ အပ်လိုက်သဖြင့်၊ ထိုနှစ် ထွန်းသာကြီးမှာ ကိုယ်ပိုင် ငါးဧကအပြင် ဆယ်ဧကတိုး၍ လုပ်ရလေ၏။
ထိုသို့ ထွန်းသာကြီးသည် လယ်ဆယ်ဧကဆိုး၍ လုပ်ကြောင်းကို သိကြသောအခါ အချို့က ဒီအကောင်ကြီး ဒီလောက်လယ်ကို နိုင်မှာမဟုတ်ပါဘူးကွာ၊ ကြွေးတင်ပြီး ရှိတဲ့လယ်ကလေး ဆုံးတော့မှာဘဲဟု ပြောကြလေ၏။ ထွန်းသာကြီးအတွက် တော်တော် ၀န်လေးသည်မှန်၏။ လယ်စရိတ်အတွက် ရှိရင်းငွေကလေးနှင့် မလောက်၍ ကြွေးယူရ၏။ မိုးဦးကောင်းသလောက် မိုးလယ်ညံ့၍ စိုးရိမ်ဘွယ်အခင်း ပေါ်လာ၏။ အချို့စိတ်ပျက်လျက် လက်လျှော့ကြ၏။ ထွန်းသာကြီးသည် လက်လျှော့ခြင်းမရှိ၊ တပါးသူများ စိတ်ပျက်ညည်းညူ လက်မှိုင်ချနေစဉ် ထွန်းသာကြီးမူကား ပေါက်ပြားတလက်နှင့် လယ်တောတွင် နေ၏။ ရေများလျင် ချောင်းထဲသို့ ဖေါက်ချ၏။ ရေနည်းလျင် မိုးမလင်းမီက လယ်တောသို့ဆင်း၍ တနေကုန် တနေခန်း ခနွဲနှင့် ရေတင်၏။ ထိုနှစ် လယ်ဆယ်ဧကတိုး၍ ထွန်သဖြင့် ပိန်ကြုံသွားသော နွားကြီးများအတွက်လည်း နေ့စဉ်နှင့်အမျှ မြက်ထမ်း၍ ကျွေး၏။ ထိုသို့ ခါးတောင်းကျိုက် မဖြုတ် တကုတ်ကုတ် လုပ်ရသော ဒဏ်ကြောင့် ထွန်းသာကြီးမှာ တနေ့တခြား ပိန်ချုံးလာရာ ရွာသားများက “ဟေ့… ထွန်းသာကြီး၊ ဒီလိုသာ လုပ်နေယင်တော့ မင်းသေတော့မှာဘဲ၊ နားအုံးမှပေါ့ကွ” ဟု ပြောကြရာ “နားလို့ ဖြစ်သေးဘူးကွ၊ လယ်ထဲမှာ ရေနိုင်လာပြန်တော့လဲ မြက်က ထလာပြန်တယ်၊ ပေါင်းတွေကို နှိမ်ပေးအုံးမှ တော်မယ်။”
“ဒီလောက် အပင်ပန်းခံလို့ ဘယ်ဖြစ်မလဲကွ၊ မင်းလယ်က ဘယ်လောက်တိုးပြီး ထွက်မှာလဲ ပင်ပန်းရတာနဲ့ ကာမိမှာ မဟုတ်ပါဘူးကွ။”
“တိုးပြီး ထွက်တာမထွက်တာကတော့ ကံတရား ဆိုပါတော့ကွာ၊ လုပ်စရာရှိတာတော့ လုပ်ရမှာဘဲ” ဟူ၍ ပြန်ပြောပြီးလျင် လယ်တောသို့ ဆင်းမြဲ ဆင်းလေ၏။
ထိုနှစ် မမြှော်လင့်ဘဲ မိုးဦး ကောင်းခြင်း၊ မိုးလယ် မိုးနှောင်းညံ့ခြင်း၊ အရံသင့်မရှိကြ၍လယ်ဝင်နောက်ကျကြခြင်းများကြောင့် ထိုနယ်တခွင်တပြင်၌ အားလုံးပင် စပါးအထွက်နည်းလေသည်။ ယခင်က တဧကလျင် စပါး ၄၅ တင်း အထိ ထွက်ရာ၊ ထိုနှစ်တွင် နှစ်ဆယ် အစိတ်သာ ထွက်လေသည်။ တကွင်းလုံးညံ့သဖြင့် ထွန်းသာ၏ လယ်များလည်း အများနည်းတူ ညံ့လေ၏။ သို့သော် လုံ့လ၏ အကျိုးကား အချည်းအနှီးမဖြစ်၊ ခါတိုင်းကဲ့သို့ ၄၅ တင်း အပြည့် မထွက်သော်လည်း သူတပါးထက်ပို၍ တဧက ၃၅ တင်းအထိ ထွက်လေ၏။ လယ်တဆယ့်ငါးဧကမှ ထွက်သော စပါးအနက် မျိုးစပါး၊ ၀မ်းစာစပါး နုတ်ပြီး နောက် သီးကောက်ခ ပေး၊ အခွန်တော် ဆောင်၊ ကောက်စိုက်ခ ရိတ်ခပေး၊ ကြွေးဆပ်ပြီးနောက် လက်ထဲတွင် ငွေ ၈၀၀ ကျပ်ကျော် ကျန်ရှိလေ၏။
သူများတကာ ကြွေးတွေ ဗလပွေနှင့် ကျပ်တည်း ခဲယဉ်းလှသော ထိုနှစ်တွင် ထွန်းသာကြီးမှာ ခါတိုင်းနှစ်ထက်ပို၍ ချောင်လည်၏။ သို့လျင် လေးငါးနှစ် စောင့်ခဲ့ရသော အေးခင်အား လူကြီးစုံရာနှင့် တင့်တင့်တယ်တယ် တောင်းရမ်းပြီးလျင် တပါးသူများ ငါးဆယ်မျှပင် မတတ်နိုင်သော အချိန်တွင် ငါးရာကုန် မင်္ဂလာဆောင်လိုက်လေသည်။
ရွာသူရွာသားများက လက်ဖျားခါလျက် ဒီနှစ်တော့ တို့ရွာက မန်ကျည်းငုတ်တိုကြီး ရွက်နုပေါက်တဲ့နှစ်ဘဲဟု ပြောစမှတ်ကြီး တခု ပြုကြလေ၏။
(အတွဲ ၁၊ အမှတ် ၂။ ၁-၆-၆၂)
ရှေ့သို့ ( ၀တ္ထုတိုများ ) မူရင်း ပုံနှိပ်စာသားဓါတ်ပုံများကို ဖတ်ရှုလိုပါက -
http://www.facebook.com/media/set/?set=a.502795203070957.136271.100000214456450&type=3 တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
0 comments:
Post a Comment