Sunday, July 1, 2012

နှဲ့နှဲ့ပြီးတော့ နှုတ်


by Wai Maw on Sunday, July 1, 2012 at 8:29pm 


လွှတ်တော်နိုင်ငံရေးအခင်းအကျင်းထဲကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်လာကတည်း က မြန်မာ့နိုင်ငံရေး စီးကြောင်းဟာ ယခင်ကလို အပြောင်းအလဲမရှိ တဘက်သတ် ငြိမ်ငြိမ်သက်သက်လေး စီးဆင်းမနေတော့ဘဲ ဝဲဂယက်လေးတွေထလိုက်၊ ဝဲကတော့ကြီးတွေဖြစ်လိုက်၊ မြစ်ကမ်းနှစ်ဘက်ကို ရေလှိုင်း တွေ ဘောင်ဘင်ခတ် လာလိုက်နဲ့ သက်ဝင်လှုပ်ရှားလာတာ အားရစရာပါပဲ။

ကြားဖြတ်ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရပြီး လွှတ်တော်ထဲရောက်ခါနီးဆဲဆဲအချိန်မှာ ပထမဆုံး တံခါးခေါက် အချက်ပေးလိုက်တာက ကျမ်းကျိန်စကားရပ်စာသားကိစ္စ။ ပြည်သူ့ဆန္ဒတွေကို လစ်လျူရှုရေးဆွဲ အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ခြင်းခံထားရတဲ့ ပြည်သူ့ ကိုယ်စားလှယ် အစစ်အမှန်တွေက ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာ ဘယ်လိုမှ သဘာဝမကျ လက်တွေ့ ကျင့်သုံးဖို့မဖြစ်နိုင်တဲ့ အချက်ဖြစ်နေတယ်။ လွှတ်တော်အဝင်တံခါးဝမှာ အရင်ဆုံးတွေ့တဲ့ ခလုတ်ကန်သင်းကို ဗွေဆော်ဦး မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။
နောက်တခါ ဗမာ(Burma) နဲ့ မြန်မာ(Myanmar) အခေါ်အဝေါ်ကိစ္စ။ ဒါကလည်း ၁၉၈၉ ခုနှစ်မှာ အာဏာသိမ်း နဝတစစ်အစိုးရက သူ့သဘောနဲ့သူ ပြောင်းလဲလိုက်တာ။ အဲဒီတုန်းကတည်းက ဆူဆူညံညံ ပြဿနာတွေ ပေါ်ခဲ့ပါသေးတယ်။ တိုင်းသူပြည်သားအားလုံးနဲ့ဆိုင်တဲ့ နိုင်ငံအမည်ကိုတောင် ဘယ်သူနဲ့မှ မတိုင်ပင်ဘဲ  ‘ဗ’ အက္ခရာနေရာမှာ ‘မ’ အက္ခရာအစားထိုးလိုက်တယ်ဆိုတော့ နောင်မှာ နိုင်ငံသားအများစု အထွဋ်အမြတ်ထား သက်ဝင်ယုံကြည် ကိုးကွယ်နေတဲ့ ဘာသာတရားကြီးတခုရဲ့ အမည်ကိုရော အဲလိုပြောင်းအုံးမလားဆိုပြီး ဥပမာပေး သုံးနှုန်းလိုက်မိလို့ နာမည်တခုနဲ့ အစွပ်စွဲခံလိုက်ရသူတဦးတောင် ရှိခဲ့သေးတာ။
တချို့ကလည်း ဆိုကြပါတယ်။ နိုင်ငံအမည်ပြောင်းလဲသတ်မှတ်လိုက်ခြင်းဟာ အဲဒီအချိန်က စင်ပြိုင်လိုလိုဖြစ် နေတဲ့ ကျောင်းသားအဖွဲ့နှစ်ခု ( ဗကသ နဲ့ မကသ ) ကို သွေးခွဲလိုတဲ့သဘောပါတယ် လို့ပြောကြတယ်။ ထားလိုက်ပါတော့လေ။ ဒါက သက်ဆိုင်သူတွေသာ အသိဆုံးဖြစ်မှာမို့ မဆွေးနွေးလိုပါ။
မြန်မာ၊ ဗမာ အခေါ်အဝေါ်က မြန်မာလိုမှာ ပြဿနာ သိပ်မတက်ပေမဲ့ အင်္ဂလိပ်လို သုံးနှုန်းတဲ့အခါ တော်တော် ဂွကျတာပဲ။ အဲဒီတုန်းက အမိန့်ထုတ်ပြန်ချက်မှာကိုက... စကားရပ်များ ပြောင်းလဲသတ်မှတ်သည့် ဥပဒေအမှတ် ၁၅/၈၉ အင်္ဂလိပ် ဘာသာဖြင့် ပြဌာန်းခဲ့သည့် တည်ဆဲဥပဒေများပါ “Union of Burma” ဆိုသည့် စကားရပ်အစား “Union of Myanmar” ဆိုသည့် စကားရပ်ကိုလည်းကောင်း၊ “Burma” သို့မဟုတ် “Burman” သို့မဟုတ် “Burmese” ဆိုသည့် စကားရပ်အစား “Myanmar” ဆိုသည့် စကားရပ်ကို လည်းကောင်း ထည့်သွင်းရမည်.... ဆိုတော့---
ကျနော်တို့တတွေ နိုင်ငံနဲ့ လူမျိုးအမည် ခွဲခြားရေးသားတဲ့နေရာမှာ အခက်အခဲကြုံရပြီး ဒီနေ့တိုင် မရှင်းမလင်း ယောင်ဝါးဝါး ဖြစ်နေရသေးတဲ့ အချက်ပါပဲ။ အရင်တုန်းက တိုင်းပြည်အမည်ကို အင်္ဂလိပ်လိုရေးရင် Burma ၊ တိုင်းရင်းသားလူမျိုးအနေနဲ့ကျတော့ ကချင်၊ ချင်း၊ ကရင်၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း သီချင်းစာသားအတိုင်း Burman (သို့) Myanmar လို့ ရေးနိုင်ကြပါတယ်။ ဒီနေရာမှာ Burmese ဆိုတဲ့ အသုံးအနှုန်းကို မြင်လိုက်တာနဲ့ ကိုယ့်နိုင်ငံသားတွေရော နိုင်ငံတကာက လူတွေပါ မြန်မာနိုင်ငံသားကို ဆိုလိုတယ်လို့ ရှင်းရှင်းကြီး သိကြပါ တယ်။
မြန်မာ၊ ဗမာ အခေါ်ဝေါ်နဲ့ပတ်သက်ပြီး ဘာသာဗေဒဆရာ ဦးသာနိုးနဲ့ မေးမြန်းခန်းတခုမှာ “ဗမာ” ဆိုတာ “ဗရမာ” ကဆင်းသက်လာပြီး နိုင်ငံတဝန်းလုံးမှာနေထိုင်တဲ့ လူတွေကိုရည်ညွှန်းတယ်။ “မြန်မာ” က “မရမာ” အသုံးကဆင်းသက်လာပြီး မြန်မာ စကားပြောတဲ့ တိုင်းရင်းသားလူမျိုးကို ဆိုလိုတယ်လို့ ရှေးဟောင်း တရုတ်-မြန်မာဆက်ဆံရေးသမိုင်း အထောက်အထားနဲ့ ရှင်းပြသွားတာလည်း ကြားဖူးလိုက်တယ်ခင်ဗျ။
ခုတော့ တိုင်းပြည်အမည်ရေးလည်း Myanmar၊၊ နိုင်ငံသားအနေနဲ့ရေးလည်း Myanmar၊ ကိုယ့်ပြည်တွင်းက တိုင်းရင်းသားလူမျိုးတွေအကြားမှာ သုံးလည်း Myanmar ဖြစ်နေပြီ။ ကြာရင် Myanmar ရဲ့အဓိပ္ပါယ်ဟာ ပါလေရာပဲခူးဆား လို့ သတ်မှတ်ကြတော့မှာပဲ။ ဒါကို မြင်ပြင်းကပ်လို့ ဖြစ်မယ်။ တချို့ဘာသာဗေဒဆရာတွေက မြန်မာနိုင်ငံသားကို ရည်ညွှန်းရေးတဲ့အခါ Myanmese လို့ သုံးနှုန်းရေးသားတာကို ကြိုကြားကြိုကြား ဖတ်နေ ရတယ်။ မှတ်ကရော...။
တိုက်ဆိုင်လို့ မဆလခေတ်က မဂ္ဂဇင်းတအုပ်ထဲမှာ ဖတ်ရတဲ့ “စုံပတတ်သီး” ဆောင်းပါးလေးကို သွားသတိရမိတယ်။ ရေးလိုက်တဲ့ ဆောင်းပါးရှင်က ဟင်္သာတမြို့သား။ နာမည်တော့ မေ့သွားပြီ။ ခေါမခေတ် အေသင်မြို့သား တွေးခေါ်တွေးခေါ်ပညာရှင်ကြီး Socretes ကို ဘာသာပြန်အကျော်အမော်ကြီးများ နဲ့  လမ်းစဉ်ပါတီလူကြီးမင်းများ တယောက်တမျိုး လက်စွမ်းပြ ပြန်ဆိုလိုက်ကြတာ ( ဆိုကရေးတီး၊ ဆွတ်ခါရတ်တိ၊ ဆူးခရက်၊ ဆော့ကရဲယားတဲ... စုံနေတာပဲ)။ အဲဒါကို ဆောင်းပါးရှင်က အမြင်ကပ်လွန်းတော့ သူလည်း အခွင့်ရှိရင် အမည်ပေးချင်ပါတယ် တဲ့ “ စုံပတတ်သီး” ဆိုပြီးတော့။ ( Socretes ရဲ့ အမည်ကို ဘာသာပြန် အသံထွက်ကွဲလွဲတာက ဟာသအဖြစ်ထက် မပိုပါ)။
ပြောချင်တာက ဗျာ...။ တိုင်းပြည်အုပ်ချုပ်တဲ့ ခေါင်းဆောင်တွေဖြစ်ပြီး ဒီလောက်လေးမှ ကွဲကွဲပြားပြား မစဉ်းစားတတ်ကြတော့ ဘူးလား။ ဒါမှမဟုတ် တမင်ကိုဘဲ ရှုပ်နေအောင် လုပ်ထားတာလား မသိ။
ကျနော့်အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်နှစ်ခုလုံးကို ထောက်ခံတယ်။ ဒါတွေဟာ သဘာဝ မကျတဲ့ ဖြစ်စဉ် လုပ်ထုံးလုပ်နည်းတွေ၊ ပြည်သူလူထုအကျိုးစီးပွားနဲ့ မကိုက်ညီတဲ့ အချက်တွေကို လူသိရှင်ကြား ဖြစ်အောင် ထုတ်ဖော်ပြောဆိုထောက်ပြနေတာသာ ဖြစ်တယ်။
ဒီလိုထောက်ပြပြောဆိုလိုက်လို့ ချက်ချင်းလက်ငင်း အရေးယူပြင်ဆင်ဆောင်ရွက်နိုင်မလား။ ဒီလိုတော့လည်း မဟုတ်သေးဘူး။ ဒါတွေဟာ ဖယ်ရှားသုတ်သင်ရမယ့် ပြင်ဆင်ရေးဆွဲရမယ့် အချက်များစွာထဲက တချို့သော အချက်အလက်တွေပါပဲ။ ဒီမိုကရေစီနည်းမကျတဲ့ အချက်တွေကို ပြင်ဆင်ရာမှာ ဒီမိုကရေစီနည်းကျကျ အများဆန္ဒနဲ့သာပြင်ဆင်ရမှာမို့ ချက်ချင်းလက်ငင်း မဖြစ်နိုင်သေးပါဘူး။ ဒါမှလည်း ဒီမိုကရေစီအလေ့အကျင့် အထုံစွဲသွားမှာပါ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နိုင်ဖို့ အဖွဲ့အစည်းအားနဲ့ လူထုထောက်ခံပံ့ပိုးမှု အားတွေ ရယူရအုံးမှာပါ။ သို့သော်လည်း ထင်သာ မြင်သာရှိအောင် ယခုကတည်းက အခွင့် ကြုံရင်ကြုံသလို ထောက်ပြပြောဆိုနေရမှာ ဖြစ်ပါတယ်။
အစဉ်အလာကြီးပြီး နိုင်ငံရေးသြဇာတက္ကိမအားကောင်းတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဂုဏ်ဒြပ်နဲ့လျော်ညီတဲ့ တာဝန်ကို ထမ်းဆောင်နေတာပါ။ ဒေါ်စုရဲ့ မှန်ကန်ရဲရင့်တဲ့ထောက်ပြဝေဖန်ချက်တွေဟာ မြန်မာပြည်ရဲ့ အနာဂတ် ပြုပြင်ရေးလမ်းကြောင်းကို မီးမောင်းထိုးပြနေပါတယ်။ သူက Burma လို့ ထုတ်ဖော်သုံးနှုန်း လိုက်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်က သတိပေးချက်ထုတ်ပြန်ထားတဲ့အပေါ်မှာ ဘယ်လိုတုန့်ပြန် ဖြေရှင်းရမလဲဆိုတာ ဒေါ်စုမှာ အဖြေရှိပြီးသား ဖြစ်ပါလိမ့်မယ်။ ယခင်အကြိမ်ကလိုပဲ ပါးပါးနပ်နပ်နဲ့ ပြေလည်မှု ရအောင် ပြောဆို ညှိနှိုင်း အဖြေရှာသွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
မြေကြီးထဲမှာ နက်နက်ရှိုင်းရှိုင်းနစ်ဝင်နေတဲ့ ငုတ်တခုကို ချွတ်ယူတဲ့အခါ ဘယ်လောက်အားကောင်းကောင်း တချက်တည်းအားကုန် ဆွဲနှုတ်လို့ မလွယ်ပါဘူး။ ဟိုဘက်တွန်းနှဲ့လိုက် ဒီဘက်တွန်းနှဲ့လိုက်နဲ့ တဖြည်းဖြည်း ကုတ်အား(စေးကပ်အား) လျော့ပါးလာချိန်မှာမှ တအားကုန် ဆွဲနှုတ်ပစ်ရတာ။
မြန်မာ့နိုင်ငံရေးမှာ နှုတ်ယူဖယ်ရှား ပစ်ရမယ့် ဆူးငြှောင့်ခလုတ်တွေ များစွာရှိပါတယ်။ ဘယ်ငုတ်ကို ဘယ်အချိန်မှာ ဘယ်လိုကုတ်အားနဲ့ ဆွဲယူ နှုတ်သိမ်းပစ်ရမယ်ဆိုတာ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အရည်အသွေးနဲ့ တွေးခေါ်မြော်မြင်နိုင်မှု စွမ်းရည်အပေါ်မှာ များစွာမူတည်နေလိမ့်မယ်လို့ တွေးတောမျှော်လင့် မိပါတယ်။
လေးစားစွာဖြင့်...

ဝေမော်
၇ ဂျူလိုင်  ၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...