Tuesday, July 24, 2012

အပျင်းပြေ ဘာသာစကား ဗဟုသုတလေးများ

ဘာသာစကားဘယ်နှစ်မျိုးရှိ
ကမ္ဘာတစ်လွှားမှာ ဘာသာစကားအမျိုးပေါင်း 7000 ခန့်လက်ရှိပြောဆိုသုံးစွဲနေတယ်လို့ခန့်မှန်းကြပါတယ်။ အဲဒီဘာသာစကားတွေရဲ့ 90 % လောက်ကိုလူဦးရေ တစ်သိန်းအောက်ရှိတဲ့လူမျိုးတွေသုံးစွဲကြပါတယ်။ လူဦးရေတစ်သန်းနဲ့အထက် ပြောဆိုသုံးစွဲတဲ့ ဘာသာစကား အမျိုးအစားတွေက ၁၅၀ ကနေ ၂၀၀ လောက်ရှိပါတယ်တဲ့။ ကဲ ကျွန်တော်တို့ရဲ့ကမ္ဘာကြီးဟာ အရောင်အသွေးစုံ၊ ရနံ့စုံတဲ့ ပန်းဥယျာဉ်ကြီးတစ်ခုနဲ့မတူပေဘူးလား။ ပန်းဥယျာဉ်ထဲမှာ အရောင်အဆင်းတစ်မျိုးတည်းရှိတဲ့ ပန်းတွေစိုက်ထားတာထက်စာရင် ဖြူ၊ ပြာ၊ နီ၊ ၀ါ ဗဟုသဘောက ပိုပြီးအဆင်းပသာဒလှပမှာအမှန်ပါပဲ။ ဒါပေမယ့်လည်း ကမ္ဘာကြီးက ရွာကြီးတစ်ရွာဖြစ်လာ၊ မတူတာတွေပေါင်းစုလို့တစ်သွင်တည်းညှိကြရာကနေ လူနည်းစုတွေရဲ့ဘာသာစကားတွေပျောက်ကွယ်လို့လာနေပါပြီ။ ယူနက်စကိုရဲ့အဆိုအရ ဘာသာစကားမျိုးပေါင်း ၂၅၀၀ ခန့်ဟာမျိုးတုန်းပျောက်ကွယ်တော့မယ့်အန္တရာယ်တွေနဲ့ရင်ဆိုင်နေရပါပြီတဲ့။

ဘာသာစကားတွေကိုအမျိုးတူရာတူ မိသားစုဝင်တွေလိုပဲ အုပ်စုတွေခွဲခြားထားပါတယ်။ ဥပမာအားဖြင့် အင်္ဂလိပ်စကားဟာ ဂျာမန်၊ ဒတ်ခ်ျ ဘာသာတွေနဲ့ဆွေမျိုးတော်ပါတယ်။ သူတို့ဟာ အင်ဒို-ယူရိုပီယံ ဘာသာစကားအုပ်စုကြီးထဲမှာပါလို့ပါပဲ။ အဲဒီအုပ်စုထဲမှာပဲ လက်တင်ဘာသာကဆင်းသက်လာတဲ့ ရိုမန်ဘာသာစကားတွေဖြစ်တဲ့ ပြင်သစ်၊ စပိန်၊ အီတလီ၊ ပေါ်တူဂီ စတဲ့ဘာသာစကားတွေလဲပါပါတယ်။ ကမ္ဘာ့ဘာသာစကားတွေထဲက ၂၂၀၀ ခန့်လောက်ဟာအာရှဒေသမှာရှိပြီးတော့ ဥရောပမှာတော့ အမျိုး ၂၅၀ လောက်ပဲရှိပါတယ်တဲ့။

ကမ္ဘာ့အသုံးအများဆုံးဘာသာစကားများ
ယူနက်စကိုရဲ့ကိန်းဂဏန်းများအရ မိခင်ဘာသာစကားအနေနဲ့ရော ဒုတိယဘာသာစကားအနေနဲ့ပါအတွင်ကျယ်ဆုံးအသုံးပြုနေတဲ့ဘာသာစကားတွေကတော့
  1. မန်ဒရင်တရုတ်
  2. အင်္ဂလိပ်
  3. စပိန်
  4. ဟင်ဒီ
  5. အာရဘီ
  6. ဘင်္ဂါလီ
  7. ရုရှား
  8. ပေါ်တူဂီ
  9. ဂျပန်
  10. ဂျာမန်
  11. ပြင်သစ် တို့ပဲဖြစ်ပါတယ်။
အောက်ပါဇယားကတော့ Ethnologue, 13th Edition, and other sources. အရ အသုံးအများဆုံးဘာသာစကားဆယ်မျိုးပါပဲ။

LanguageApprox. number
of speakers
 1. Chinese (Mandarin)1,075,000,000
 2. English514,000,000
 3. Hindustani1496,000,000
 4. Spanish425,000,000
 5. Russian275,000,000
 6. Arabic256,000,000
 7. Bengali215,000,000
 8. Portuguese194,000,000
 9. Malay-Indonesian176,000,000
10. French129,000,00


ဘယ်စကားကသင်ဖို့အခက်ဆုံးလဲ
ဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါမှာ လွယ်တယ်၊ ခက်တယ်ဆိုတာဟာ ကိုယ့်ရဲ့မိခင်ဘာသာစကားအပေါ်မှာအများကြီးမူတည်ပါတယ်။ ဘာသာစကားနှစ်ခုဟာ နီးကပ်စွာဆက်စပ်နေမယ်၊ ယဉ်ကျေးမှုခြင်းလည်းနီးစပ်တယ်၊ ဝေါဟာရ၊ အတွေးအခေါ်၊ အသံ၊ သဒ္ဒါ စသည်တို့မှာပါ နှီးနွယ်နေတယ်ဆိုရင် အပြန်အလှန်လေ့လာဖို့လွယ်ကူမှာပါပဲ။ ဒါကြောင့်လည်း ပြင်သစ်၊ စပိန်၊ အီတလီ တွေအတွက်  သူတို့ ဘာသာစကားအချင်းချင်းလေ့လာရတာဟာ တရုပ်၊ ဂျပန် ဘာသာလေ့လာရတာထက်ပိုလွယ်ကူမှာပါ။ အင်္ဂလိပ်လူမျိုးတွေအတွက် ဒတ်ခ်ျဘာသာကလေ့လာရတာအလွယ်ဆုံးပါတဲ့။ သူတို့အတွက်အခက်ဆုံးစကားတွေကတော့ အာရပ်၊ တရုတ်၊ ဂျပန်၊ ကိုရီးယားစကားတွေပါလို့ သုတေသနတစ်ခုက ဆိုပါတယ်။ ကမ္ဘာ့သင်ယူဖို့အခက်ဆုံးဘာသာစကားက စပိန်နိုင်ငံ အနောက်မြောက်နဲ့ပြင်သစ်နိုင်ငံအနောက်တောင် ဒေသမှာရှိတဲ့ Basque (ဘာ့စ်ခ်)ဒေသရဲ့ဘာသာစကားလို့ဆိုပါတယ်။ ၄င်းဘာသာစကားဟာ ဘယ်ဘာသာစကားတွေနဲ့မှဆက်စပ်မှုမရှိဘဲ ဝေါဟာရနဲ့စကားတည်ဆောက်ပုံတွေ အလွန်ရှုပ်ထွေးတယ်လို့သတ်မှတ်ခြင်းခံထားရပါတယ်။


အတွင်ကျယ်ဆုံးအရေးအသားစံနစ်
လက်တင်(ရိုမန်)အက္ခရာဟာကမ္ဘာပေါ်မှာအတွင်ကျယ်ဆုံးအရေးအသားစံနစ်တစ်ခုဖြစ်ပါတယ်။ ၄င်းရဲ့မူရင်းဇစ်မြစ်ကိုလိုက်လိုက်တော့ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၁၁၀၀ လောက်မှာ မြေထဲပင်လယ်ဒေသအရှေ့ဘက်ခြမ်း ဖနီးရှားဒေသ(Phoenicia)ကအစပြုလာပါတယ်တဲ့။ သူ့အက္ခရာကိုမှ ဂရိလူမျိုး၊ ထိုမှတဆင့် ရိုမန်တွေကလက်ဆင့်ကမ်းအသုံးပြုခဲ့ကြပါတယ်။ အောက်မှာ အက္ခရာအစဉ်လိုက်စီထားတဲ့ လက်ရှိအသုံးပြုနေဆဲ ကမ္ဘာ့အသုံးအများဆုံး အက္ခရာတွေ(အရေးစံနစ်)ဖော်ပြ လိုက်ပါတယ်။ Amharic, Arabic, Armenian, Bengali, Burmese, Chinese script, Cyrillic, Devanagari, Georgian, Greek, Hebrew, Japanese script, Khmer, Korean, Lao, Latin, Sinhala, Thai and Tibetan.

ဘာကြောင့်တခြားဘာသာစကားလေ့လာရမှာလဲ
ကမ္ဘာ့လူဦးရေရဲ့ ၇၅ % ဟာအင်္ဂလိပ်စကားတစ်လုံးမှမတတ်ဘူးလို့ဆိုပါတယ်။ ဒါဟာဖြစ်နိုင်ချေရှိပါတယ်။ လက်ရှိကျွန်တော်လုပ်နေတဲ့ ဟိုတယ်မှာ ထိုင်းလူမျိုးဝန်ထမ်း ၂၀၀ ကျော်မှာ အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တာထားလို့ ထမင်းစားရေသောက်ပြောတတ်သူပင် လက်ချိုးရေတွက်လို့ရပါတယ်။ ထိုင်းကုမ္ပဏီဖြစ်သည့်အလျောက် ဗမာဝန်ထမ်းရော၊ ဖိလစ်ပိုင်ဝန်ထမ်းတွေပါ ထိုင်ဘာသာစကားပြောတတ်ပါမှ လုပ်ငန်းခွင်တွင်အဆင်ပြေပါသည်။ တခြားဘာသာစကားတစ်ခုတတ်မြောက်ထားခြင်းဖြင့် ယဉ်ကျေးမှုအသစ်၊ မိတ်ဆွေသစ် အခွင့်အလမ်းအသစ်တွေတွေ့ကြုံခံစားနိုင်ပါလိမ့်မယ်။ သုတေသနပြုထားချက်အရ ပျမ်းမျှအားဖြင့် လုပ်ငန်းခွင်မှာ အပိုဘာသာစကားအသုံးပြုနိုင်သူတွေဟာဝင်ငွေ ၈% ပိုရရှိကြပါတယ်တဲ့။ ကျွန်တော်တို့မြန်မာလူငယ်တွေဟာ ကမ္ဘာသုံးဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်ဘာသာ စကားအပြင် ဒေသသုံးဘာသာစကားတစ်မျိုးပါအနည်းဆုံးတတ်မြောက်ထားသင့်ပါတယ်။
သိပ္ပံပညာရှင်တွေယုံကြည်ထားတာကတော့ ဘာသာစကားတစ်မျိုးလေ့လာခြင်းဟာ ဦးနှောက်စွမ်းရည်ကိုတိုးမြှင့်ပေးနိုင်ပါတယ်။ ဘာသာစကားတစ်မျိုးတည်းသာပြောသူနှင့် နှစ်မျိုးပြောတတ်သူတို့ကိုနှိင်းယှဉ်လေ့လာရာမှာ နှစ်မျိုးပြောခြင်းဟာ အသက်အရွယ်ကြောင့်ဦးနှောက်ယိုယွင်းမှုကိုလျော့နည်းနှေးကွေးအောင်ကူညီပေးနိုင်တယ်လို့သိရပါတယ်။ အနိမ့်ဆုံးအနေနဲ့ပြောနိုင်တာကတော့ နယ်လ်ဆင်မင်ဒဲလားကြီးရဲ့စကားကိုးကားရရင် “ခင်ဗျားလူတစ်ယောက်ကို သူနားလည်တဲ့စကားနဲ့ပြောလိုက်ရင်သူ့ခေါင်းထဲရောက်သွားပါမယ်။ ဒါပေမယ့် သူရဲ့မိခင်ဘာသာနဲ့ပြောလိုက်ရင်တော့ ဒီစကားဟာ သူ့ရဲ့နှလုံးသားထဲရောက်သွားမှာပါပဲ ”
ကျွန်တော်လည်းကျွန်တော့်စာတွေ စာဖတ်သူနှလုံးသားထဲရောက်စေချင်လို့ ဗမာစာနဲ့ပဲအလျှင်းသင့်သလိုရေးနေပါဦးမယ်။


ဇာနည်(MyWay!)
(28-01-12)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...