ဗိုလ်ချုပ် ဘာကိုတိုက်ခဲ့သနည်း
by ယဉ်ကျေးသော လူ့အဖွဲ့အစည်း တစ်ရပ်ဆီသို့ on Tuesday, July 10, 2012 at 5:30pm ·
ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့လွတ်လပ်ရေးကို အရတိုက်ယူခဲ့သော သူရဲကောင်း အာဇာနည်ဖြစ်သည်ဟု နှောင်းလူတို့က အဓွန့် ရှည်စွာ ရာဇ၀င်၌ စာတင်ကြပေလိမ့်မည်။
သို့သော် ကျွန်တော် တခု စဉ်းစာမိသည်။ဗိုလ်ချုပ်ဘာကိုတိုက်ခဲ့သနည်း။
လွတ်လပ်ရေးအတွက် တိုက်ခဲ့သည်ကား မှန်၏၊
သို့သော်စစ်စစ်ပေါက်ပေါက် ရှာဖွေကြည့်ပါဦး။
လွတ်လပ်ရေးအတွက် သူဘာကိုတိုက်ခဲ့သလဲ။ဤအချက်သည် စဉ်းစား၍ ကောင်းသော အချက်ဖြစ်သည်။
ထို့ကြောင့် ကျွန်တော်စဉ်းစား၍ ကြည့်သည်။ စာရှုသူမိတ်ဆွေ---၊ မိတ်ဆွေ၌ အချိန်ပိုရှိလျှင် ကျွန်တော်နှင့်အတူ လိုက်၍ စဉ်းစားကြည့်ပါလား။
မိတ်ဆွေ စဉ်းစားခန်း ၀င်တော့မည်။ သို့သော် ထိုကိစ္စနှင့် စပ်လျဉ်း၍ မိတ်ဆွေ စဉ်းစားခန်း မ၀င်သေးမီ မိတ်ဆွေက ပဏာမ အစမ်းသဘောနှင့် တောင်တောင် အီအီ ငေးမောနေမိမည်ကို ကျွန်တော်မြင်ယောင် ပါသည်။အကယ်၍ ဗိုလ်ချုပ်တိုက်ခဲ့သော လွတ်လပ်ရေးစစ်ကြီးသည် အချည်းအနှီး ဖြစ်ခဲ့သည်ဆိုပါတော့။မိတ်ဆွေ တွေးပေလိမ့်မည်။ အကယ်၍သာလွတ်လပ်ရေး တိုက်ပွဲကြီးသာ မအောင်မြင်ဘဲရှိခဲ့ ပါလျှင် ယနေ့ အဖို့၌ လွတ်လပ်ရေးသည် ဘယ်သူ့ကြောင့်ပဲ ရခဲ့သလိုလို ဆောင့်ကြွားကြွားနှင့် အသားယူနေကြသော ၊ဗိုလ်ချုပ်၏ တိုက်ပွဲမှာ အသားယူနေကြသော အမြတ်ထုတ်နေကြသူတို့သည် အဘယ်ပုံ နေကြလိမ့်မည်နည်း။“သူတို့ သည်လိုပဲ အမြီးကုပ်ကြမှာပါပဲ”ဟု မိတ်ဆွေ တွေးမိကောင်း တွေးမိပေလိမ့်မည်။
သို့သော်တခုရှိသည်။ ဗိုလ်ချုပ်ဘာကိုတိုက်ခဲ့သည် ဟူသော အချက်ကိုနားလည်လျှင် ဆောင့်ကြွားကြွား လုပ်စရာမလို။ အမြီးကုပ်နေရန်လည်း အခွင့်ရှိ တော့မည် မဟုတ်ပေ။ အမှန်မှာ လွတ်လပ်ရေးရပြီးသည့် ခေတ်တွင် ဗိုလ်ချုပ်၏ စိန်နားကပ် အရောင်ကြောင့် ကျွန်ုပ်တို့မှာ ပါးပြောင်၍ လက်နေသည်။ထို့ကြောင့်ဗိုလ်ချုပ်၏ တေဆေး ကောင်းလွန်း၍ ၀မ်းသက်သည်မဟုတ်ဘဲ ၊ကျွန်ုပ်တို့ ကျယ်ခြင်းကြောင့် ၀မ်းလားသည်ဟု အယရှိနေခြင်း ဖြစ်၏။ ထို့ကြောင့်လည်း ဗိုလ်ချုပ်ဘာကို တိုက်ခဲ့၍ ၊ကျွန်ုပ်တို့ အဖို့ ဘာအမြတ် ကျန်ရစ်သည်ကို ကျွန်ုပ်တို့ မတွေးမိကြ။ကျွန်ုပ်တို့အတွက် အမြတ်ဟူသည်မှာ လိုင်စင်ကျ မကျ၊ရာထူးရ မရ၊ လူထုအပေါ် ဗိုလ်ကျနိုင် မကျနိုင် အရာရှိအပေါ် သြဇာပေးနိုင် မပေးနိုင်၊ အခွင့် အရေး ပိုရ မရ၊ စသော ချောက်ချိ၊ချောက်ချက် လုပ်ငန်းများအပေါ် အမှီပြုကာ တွက်ချက်၍ ရနိုင်သမျှသာ ဖြစ်ပေသည်။
မိတ်ဆွေ--ကျွန်တ်ာနှင့်အတူ လိုက်၍ စဉ်းစားကြည့်စမ်းပါ။မိတ်ဆွေ၊ကျွန်ုပ်တို့ ဗိုလ်ချုပ်ထားခဲ့သော အရင်းမှ အမြတ်ကိုပင် ကျကျ နန မထုတ်တတ်သေးပါတကား။ဗိုလ်ဘ၀ ကားချပ်များကို တခုစီလှန်လှော၍ ကြည့်ကြစမ်းပါဦး။ဗိုလ်ချုပ်သည် မှတ်ညဏ်ကောင်းသည်မှန်၏။ စိတ်ရင်းကောင်းသည် မှန်၏၊ အမျိုးကိုချစ်သည် မှန်၏။ သို့သော် ဗိုလ်ချုပ်သည်နုစဉ်အခါက လူပျင်း ကလေး တယောက် ဖြစ်ခဲ့၏။ဗိုလ်ချုပ်သည် ဆံပင်ညှပ်ဖို့ ပျင်း၊အတန်းစာကျက်ဖို့ ပျင်း၏၊ အများတကာနှင့်ပေါင်းသင်း ဆက်ဆံဖို့ ပျင်း၏၊ ကုန်ကုန်ပြောရသော်ထမင်းစားဖို့ပင် ခပ်ပျင်းပျင်း ဖြစ်သည်။ ငါ့ဝမ်းပူဆာ မနေသာ၍သာ စားလိုက်ရသည်၊ ထမင်းမစားဘဲ နေ၍ရလျှင် ပျင်းသောကြောင့်စားမိလိမ့်မည် မဟုတ်။
အကြာင်းကိုမယုံလျှင် ဗိုလ်ချုပ်အတ္ထုပ္ပတိတို့ကိုတွင် ဗိုလ်ချုပ် ဖြစ်သလိုနေတတ် ထိုင်တတ်ပုံကိုကြည့်၍ အကဲခတ်လေ။ဗိုလ်ချုပ်နှင့်နီးစပ်သူတို့သည် ဗိုလ်ချုပ်၏ ညာဉ်ကို သိကြပေသည်။ အကယ်၍ ဗိုလ်ချုပ်သည် လောကီစည်းစိမ် တိုးပွါးမှုကို ဆောင်ရွက်ရန်ပျင်းသူတစ်ယောက် ဖြစ်ခဲ့သည်။ငယ်စဉ်ကပင် ဥာဏ်ထုံသူဖြစ်ခဲ့ပါမူ၊လူပျင်းဘ၀သည် လူဖျင်းဘ၀သို့ သက်လျှောရဖို့သာရှိသည်။သို့သော်ဗိုလ်ချုပ်၏ သန္ဓေစိတ်ဓါတ်ကား အပျင်းဘ၀မှ လွတ်မြောက်ရေးကို ရှေ့ ရှုသော စိတ်ဓာတ်ဖြစ်၏၊ထိုစိတ်ဓါတ်ကြောင့် မလှုပ်မရှက် အေးစက်စက်နေတတ်သူသည် စစ်ပညာကို အပူတပြင်း သင်ကြားခံယူခဲ့သည်၊
လွတ်လပ်ရေး တိုက်ပွဲဆင်ပုံ ဆင်နည်းတို့ကို ဖိနှိပ်ခံရခြင်းဒဏ်၊ ပါးရိုက်ခံ ရခြင်း ဒဏ်တို့ဖြင့် လဲလှယ်ယူခဲ့သည်။
ဗိုလ်ချုပ်၏ တော်လှန်ရေးစိတ်ဓါတ်သည် အပျင်းဘ၀ကိုတော်လှန်၍ ၀ိရိယာအဓိက အဖြစ်သို့ ရောက်အောင်ကြံ ဆောင်ခဲ့သည်။ဗိုလ်သည် မိမိ၏ လူပျင်းစိတ်ဓါတ်ကို တိုက်ခိုက်ခဲ့သည်။ဗိုလ်ချုပ်သည် သူ၏ကိုယ်ကို တိုင်းပြည်အတွက် ပူဇော်ထားသူဖြစ်ရကား သူ၏လူပျင်း စိတ်ဓါတ်ကို တိုက်ခိုက်ရင်းမှ တိုင်းပြည်၏ အပျင်းစိတ်ဓါတ်ကိုပါ တိုက်ခိုက်ခဲ့၏။သို့သော် ကျွန်ုပ်တို့သည် ယနေ့အထိ လူပျင်းဟုအခေါ်ခံရမည် ကိုမကြိုက်သော်လည်း ၀ိရိယ ကောင်းစွာ မရှိသေး။
ဗိုလ်ချုပ်သည် ဇွတ်သမား ဖြစ်၏၊ ဇွတ်သမားများသည် မိမိအမြင်ကိုသာ အမြင်ဟု မှတ်ယူ တတ်သည်။ တဖက်သတ်ဖြစ်သည်။ တစောက်ကမ်းသဘောသာသာမျှ ဖြစ်၏။ ခပ်ရိုင်းရိုင်းစကားသုံးလျှင်၊တစောက်ကမ်း သဘောသာသာမှဖြစ်၏၊ များသောအားဖြင့် ကျွန်ုပ်တို့ မိုးမမြင်လေမမြင် ဖြစ်လာသည့်အခါ တဇွတ်ထိုး လုပ်တတ်ကြသည်။ရှေ့နောက် ၀ဲယာထက် အောက်ကို ပြန်မကြည့်လို၊ “ငါပြောတာဟုတ်တယ်၊ ငါလုပ်တာ မှန်တယ်” ဟူသော တဖက်သတ်တွေးတောချက်ဖြင့် ဆင်ကန်းတောတိုး လုပ်လေ့ရှိ၏၊ မိတ်ဆွေ စဉ်းစားရမှာ ပျင်းလာပြီလား။မပျင်းပါနှင့်ဦး၊ မိတ်ဆွေတို့ ၊ကျွန်တော်တို့ ငယ်စဉ်က ဗိုလ်ချုပ်လိုပဲ မဟုတ်လား၊။သို့သော်ဗိုလ်ချုပ်သည် ကြီးမားသော နိုင်ငံတော်၏ တာဝန်ကို ထမ်းရွက်သန္နိဌာန် ချမှတ်လိုက်သည့်နေ့ကစ ၊သူ့အမြင်နှင့်ကိုယ့်အမြင်ညှိနှိုင်းသော ဆင်ခြင်တုံ တရားတို့ကို အမြဲတစေ ပင်လက်ကိုင်ထားနိုင်ခဲ့သည်။ဗိုလ်ချုပ်သည် အဆင်မခြင်ထင်ရာ စွတ်လုပ်သော အမူ အကျင့်တို့ကို တော်လှန်တိုက်ခိုက်ခဲ့သည်။သို့သော် မိတ်ဆွေနှင့် ကျွန်တော်တို့မှာ အမြတ်ထဲက အရှုံးပေါ် နေပြန်ပြီ။
`“လွတ်လပ်တဲ့အခါ၊ ဖြစ်ချင်ရာ ဖြစ်ကရော့၊ လွတ်လွတ်လပ်လပ် ထင်ရာ မြင်ရာ ဇွတ်တိုး လုပ်ကြတာပေါ့။”ဤသို့ ကျွန်ုပ်တို့ ယူဆနေဆဲပင် ဖြစ်သည် မဟုတ်ပါလား။ထို့ကြောင့်လည်း သောင်းကျန်းမှု အထွေထွေတို့သည် ဝေေ၀ဆာဆာ ရှိနေသည်မဟုတ် လော။စိတ်၏သောင်းကျန်းမှု--ကိုယ်၏သောင်းကျန်းမှု --နှုတ်၏ သောင်းကျန်းမှု အထွေထွေတို့ကား မဆုံးနိုင်သည့် ၈မုန်းခိုင်ကြီးလို--။ဗိုလ်ချုပ်သည် နုစဉ်က မှားခဲ့၏၊ “ကျုပ်တို့ တတွေ မှားတာတွေ ရှိခဲ့တယ်၊ မှားရင်လဲ စေတနာနဲ့ မှားတာပဲဗျာ့” ဟု တဖွဖွ ၀န်ခံခဲ့၏။ သို့ဖြစ်ငြားလည်း အမှားတော်ပုံ အရပ်ရပ်တို့ကို တော်လှန်တိုက်ခိုက်၍ ၊အမှန်ရောက်အောင် ကြံဆခဲ့၏။ ပြောဆိုခဲ့၏၊ လုပ်ဆောင်ခဲ့၏၊ ထို့ကြောင့် လွတ်လပ်ရေး ပဏာမတိုက်ပွဲတို့၌ ခြေချော်လက်ချော် အမှားများရှိခဲ့စေကာမူ၊“လွတ်လပ်ရေးကို တနှစ်အတွင်း ရစေ့မယ်” ဟူသောကြုံး ၀ါးချက် အတိုင်း တိတိကျကျ အောင်မြင်အောင်လုပ်ဆောင် နိုင်ခဲ့၏။ကျွန်တော်စဉ်းစားမိသည်၊ ယနေ့ ကျွန်ုပ်တို့သည် အမှန်ကိုပင်လျှင်အမှား၊ မှားအယွင်းယွင်း လုပ်နေကြ သလော။ မိတ်ဆွေကောစဉ်းစားမိပါစ။ မှန်သည်ကိုစဉ်းစားရသည်မှာ များစွာ မကောင်းလှ၊ ထို့ကြောင့် အမှန်အကြောင်း မိတ်ဆွေမစဉ်းစားလိုလျှင် မစဉ်းစားပါ နှင့်တော့။
ဗိုလ်ချုပ်သည် စည်းကမ်းကလနား ဟူသည်ကို နားမလည်။ သူ့ပုဆိုးဟူသည်မှာ သူဝတ်ဖို့၊ငါ့ပုဆိုးဟူသည်မှာ ငါဝတ်ဖို့ဟူသော အခြေခံစည်းကမ်းချက် မျှပင် မရိုသေ။ ပစ္စည်းပစ္စယတို့ကို သူနေရာနှင့်သူ မထားတတ်။ စကားကိုသူ့နေရာနှင့်သူ ပြောချင်မှ ပြောသူ့ယုံကြည်ချက်ကို နေရာ မရွေး ပြောတတ်သည်။မခံချင်လျှင် လဲ၍သေပေရော့။ သူပြောချင်ရာပြော၊ သူလုပ်ချင်ရာ လုပ်မည်။တတ်သည်။ သို့သော်တနိုင်ငံ လုံး၏ ကံကြမ္မာ ကိုဖန်တီးရမည့် လုပ်ငန်းသဘောသို့ ရောက်လာသောအခါ ဗိုလ်ချုပ်သည် သူတပါးတို့နှင့်လုံးဝမတူ။ စည်းကမ်းအလွန်ကြီးလာသည်။
ထို့ကြောင့် သူသည်သူ၏ အမျိုးအဆွေနှင့် အပေါင်းအဖော်တို့အား သူနှင့်ရင်းနှီးသည်ကို အကြောင်းပြု၍ မချီးမြှင့်။ လုပ်ရည်ကိုင်ရည်ကိုအကြောင်း ပြု၍သာ ချီးမြှင့်သည်။လုပ်ရည်ကိုင်ရည်မရှိ၍ နှိမ့်ချသင့်သူတို့ကို သူ၏ အဆွေအမျိုး အပေါင်းအဖော် ဖြစ်ခြင်းကြောင့် ချမ်းသာမပေး။ ကာကွယ်မပေး။ နှိမ့်ချသင့်သူကို နှိမ့်ချပေသည်။
စည်းမဲ့ ကမ်းမဲ့ အဖြစ်ကို ဗိုလ်ချုပ်သည် တိုက်ထုတ်ခဲ့သည်။
သို့သော် မိတ်ဆွေ ၊ခင်ဗျားတို့ ၊ကျွန်တော်တို့ ချစ်မြတ်နိုးသော နိုင်ငံတွင် စည်းကမ်းဟူသည်မှာ အဘယ်နည်း။ကျွန်ုပ်တို့သည် လူသွားလူလာ လမ်းဘေး၌ အိမ်ရာတည်ထောင်၍ နေကြသည် မဟုတ်လော။လမ်းမကြီးပေါ်၌ မည်သူမဆို စည်းမဲ့ကမ်းမဲ့၊မစင်စွန့် နိုင်ကြသည် မဟုတ်လော။ကျွန်ုပ်တို့ သာမက၊ကျွန်ုပ်တို့သာမက ကျွန်ုပ်တို့၏ ဧည့်ဝတ်ကျေပြွန်မှုအပေါ် မှီခိုနေကြသည့် နိုင်ငံကြီးသားတို့ပင်လျှင် ၊စည်းမဲ့ကမ်းမဲ့ ကိုယ့်ဘို့သာလျှင် ကိုယ်အမြတ်ထုတ်နေကြသည် မဟုတ်လော။ကိုင်း--စာရှုသူ မိတ်ဆွေ။စဉ်းစားလို့ ရပါပြီလား။စဉ်းစားရမှာ ပျင်းသေးလျှင် တအောင့်လောက်နားလိုက်ပါဦး။ စာရေးသူအဖို့မှာတော့ ရှေ့ ဆက်ရေးရ မှာ ပျင်း၍ -ပျင်း၍လာချေပြီ။ သို့သော်“ဒီသောက်ကျင့်တွေ ဖျောက်ရမယ်” ဟူသော ဗိုလ်ချုပ်၏ စစ်ကြေငြာခဲ့သော အသံသည် ကျွန်တော့်နားထဲတွင် ၀င်နေပါသည်။ဗိုလ်ချုပ် ဘာကို တိုက်ခဲ့သနည်း။
မောင်ထင်(ဗမာ့ နိုင်ငံရေး သုခမိန် --မှ)
0 comments:
Post a Comment