ပတ္တမြားမိုးနှင့် ရေအိုးစင်
by သစ္စာနီ on Tuesday, July 10, 2012 at 7:13am ·
ဘုရားကို ဆင်းတုကွယ်မည်၊ တရားကို စာကွယ်မည် ဆိုရိုးစကား ရှိခဲ့ပါသည်။ ဘုရားဆင်းတုဆိုလျှင် မဟာပုရိသ လက္ခဏာတော်ကြီးများနှင့် အညီ ကြည်ညိုသပ္ပါယ်ဖွယ်ရာ အသွင်သာ ထုလုပ်ကိုးကွယ်သင့်ပါသည်။ ယခုအခါ ပုံသဏ္ဌာန် အမျိုးမျိုး၊ မူအမျိုးမျိုး၊ အမည်အမျိုးမျိုးဖြင့် ထုလုပ်ကိုးကွယ်နေကြသော ဆင်းတုတော်ပေါင်း သောင်းခြောက်ထောင်ကို နေရာအနှံ့ တွေ့မြင်နေရပါသည်။ ထိုထဲတွင် နန်းဘုရား၊ သိုက်ဘုရား ဆိုတာတွေလည်း ပါသည်။ ထိုသို့ ဆင်းတုတော်ကို အစီအရင်ဖြင့် ထုလုပ်ကိုးကွယ်ခြင်း ဓလေ့မှာ ဒက္ခိဏသာခါ ရုပ်ပွားတော်များက စခဲ့သည်ဟု ထင်ပါသည်။
ထူးထူးဆန်းဆန်း ရုပ်ပွားတော်များ ဟိုအိမ် ဒီအိမ် ဒေသစာရီ ကြွချီအပူဇော်ခံခြင်း အမှုမှာလည်း အတော်ပင် ခေတ်စားနေတာ တွေ့ရသည်။ လပေါင်းများစွာ နာမည်ကြိုပေးကာ မိမိ အလှည့်ရောက်အောင် စောင့်ရပါသည်။ ထိုအိမ်မှ ဤသစ်သား ဆင်းတုတော်က (မျက်လွှာချထားရာမှ) မျက်စိနှင့် ကြည့်တော်မူတယ်။ ရောင်ခြည်တော် လွှတ်တော်မူတယ်ဟု အုတ်အော်သောင်းတင်း ပြောဆိုကာ တိုးကြိတ်ပူဇော်ကြပါသည်။ ဓါတ်ပုံပညာဖြင့် ပြုပြင်ထားသော ဓါတ်ပုံများကို ရောင်းစားကြသည်။ (တချို့ ဗီဒီယိုဖြင့်ပင် ဖန်တီးပြသည်ဟု ဆိုပါသည်။) မျက်စပစ်နေသော (မျက်စိတစ်ဘက်မှိတ်၍ တစ်ဘက်ပွင့်နေသော) ဘုရားပုံတော်ကိုပင် ဖူးမြော်ရဖူးပါသည်။
ရိုးသားသော ဗုဒ္ဓ္ဓဘာသာဝင် အတော်များများမှာ ထူးထူးခြားခြား ဆန်းဆန်းကြယ်ကြယ်ဆိုမှာ ပို၍သဒ္ဒါပေါက်ကြပါသည်။ ထိုသဒ္ဒါကို အလွဲသုံးစားလုပ်ကာ ကိုယ်ကျိုးရှာလိုသူတွေက ဆန်းတယ်ထင်အောင် လုပ်ကြံတီထွင်ကြ၏။ သဗ္ဗညုတဉာဏ်တော်အရှင် ကျွန်တော်တို့၏ မြတ်စွာဘုရားသခင်ကို လမ်းဘေးမှ မျက်လှည့်ဆရာ အဆင့်သို့ လျောကျအောင် လုပ်ကြံကြခြင်းသာ ဖြစ်သည်။
(ထိုအပြစ်အတွက် သံသရာတွင် ခံကြရမည်ကို မကြောက်နိုင်အောင် လောဘလှည့်စားတာ ခံကြရသည်။)
ဘုရားရှင်ကို ကြည်ညိုမည်ဆိုလျှင် အရဟံအစ ဘဂဝါအဆုံး ဂုဏ်တော်တွေမှာ ကြည်ညိုဆုံးနိုင်စရာ မရှိပါ။ သစ္စာလေးပါး အမြိုက်တရားကို သိမြင်ဟောကြားတော်မူသော ကျေးဇူးတော်၊ သတ္တဝါအပေါင်းကို သံသရာ ဝဋ်ဆင်းရဲအပေါင်းမှ ကယ်တင်တော်မူသော ကျေးဇူးတော်၊ ထိုသို့ ကယ်တင်နိုင်ရန် သူတကာ စွန့်နိုင်ခဲသော စွန့်လွှတ်မှုများဖြင့် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ဆည်းခဲ့ရသော မဟာဝီရိယ၊ မဟာဂရုဏာတော်၊ ပဌာန်းဒေသနာ အပါအဝင် အဘိဓမ္မာ (၇) ကျမ်းကို ဟောတော်မူနိုင်သော မဟာဉာဏ်တော် အစရှိသဖြင့် အံ့ချီးကုန်နိုင်ဖွယ် အတုမဲ့ အနှိုင်းမဲ့ ဂုဏ်အင် အနန္တ ရှိပါလျှက် ထိုအပေါ်တွင် မကြည်ညိုဘဲ သစ်သားဆင်းတုတော် မျက်စိဖွင့်ပြ မှိတ်ပြတာလောက်ကိုပင် အထူးအဆန်း ကြည်ညိုစရာ ဖြစ်နေကြပုံမှာ တကယ်တမ်း တွေးကြည့်လိုက်လျှင် စိတ်ပျက်ဖွယ်သာ ဖြစ်သည်။ ပတ္တမြားမိုး ရွာနေပါလျက် အိမ်ပြင်ထွက်ကာ ကျောက်ခဲကို လုယက်ကောက်နေသူကို မြင်နေရသလို ရင်နာဖွယ်လည်း ကောင်းလှသည်။
ဘုရားရှင်ကို သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရာကို ညွှန်ပြနိုင်သူ ဆရာမြတ်တစ်ဆူ အဖြစ်သာ အားကိုးဆည်းကပ်သင့်ပါသည်။ ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ခြင်းဖြင့် မိမိတွင် ကပ်ညိနေသော လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ မာန၊ ဒိဌိ တို့ကို လျော့ပါးကင်းစင် စေသင့်ပါသည်။ ယခုတော့ ထိုအချက်ဖြင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ကာ လောကီအကျိုးစီးပွားအတွက် အစီအရင် အမျိုးမျိုးနှင့် ထုလုပ်ကိုးကွယ်နေကြသည်ကိုသာ တွေ့ရပါသည်။ ကိုယ့်အကျိုးအတွက် ဘုရားရှင် ကိုယ်တော်မြတ်ကြီးကိုပင် ခုတုံးလုပ်ရဲကြသည်။ လာဘ်လာဘ ပေါများစေနိုင်သော လာဘမုနိ အမည်တပ်ကြသည်။ ပြတ်သားရဲရင့်စွာ ပြောတတ်သော ဖြူးဆရာတော်က ဘုရားကို ကိုးကွယ်တာလား၊ အိမ်ခေါ် စီးပွားရှာခိုင်းတာလား ဟုဆိုပါသည်။ မီးကွင်းသည် ဆိုသော ဘုရားလည်း ရှိသေးသည်။ ဘုရားကို မီးကင်းစောင့်ခိုင်းတာနဲ့ အတူတူပဲ အပြစ်တင်ပါသည်။ ဘုရားကို ဆင်းတုကွယ် သည်ဆိုသော စကားကို သတိထားသင့်လှပါသည်။ သဒ္ဒါတွင် ပညာမပါလျှင် ကိုယ့်အတွက် သံသရာ အကျိုးမဲ့စေနိုင်ပါသည်။ ဤသည်တို့ကား ဘုရားကို ဆင်တုကွယ်ခြင်း ဖြစ်ပါသည်။
ဘုရားရှင်၏ ပထမဆုံး သာဝကများဖြစ်သည့် ပဉ္စဝဂ္ဂီ ငါးပါးတို့သည် ဘုရားရှင် ဟောကြားတော်မူသော ဓမ္မစကြာတရားကို တစ်ကြိမ်နာရုံဖြင့် အရိယာ ဘဝသို့ ဆိုက်ရောက်သွားကြပါသည်။ ယခုအခါ ကျွန်တော်တို့ နိုင်ငံ နေရာအနှံ့ ဓမ္မစကြာ ဝတ်အသင်းတွေ မှိုလိုပေါက်နေကာ ဓမ္မစကြာတရားကို အသံသာသာနှင့် ကျယ်ကျယ်လောင်လောင် စုဝေးအော်နေကြသော်လည်း ထိုသူတွေထဲမှ တစ်ယောက်မျှပင် တစ်မဂ်တစ်ဖိုလ် ရသွားသည်ဟု မကြားရသည်မှာ ဘာကြောင့်ပါနည်း။ တရားမှာ နှုတ်ခမ်းဖျားတွင် ဆုံး၍ နှလုံးထဲ မရောက်သောကြောင့် ဖြစ်ပါသည်။ (ကြက်တူရွေး နှုတ်တိုက် ရွတ်ဆိုနေကြခြင်းသာ ဖြစ်၍ တကယ်နှလုံးမသွင်းနိုင်ခြင်းကြောင့် ဖြစ်သည်။)
တရားပွဲတစ်ခုတွင် တရားနာ ပရိတ်သတ်အား ဆရာတော်တစ်ပါးက “တရားကို နားမှာ မဆုံးစေနဲ့” ဟု ဆုံးမဖူးပါသည်။
“တို့ဒကာ၊ ဒကာမတွေများ တရားကို ဆီငါးကျပ်သားလောက်များ တန်ဖိုးထားကြရဲ့လား၊ တရားပွဲက အပြန် ဆီငါးကျပ်သားလောက် ပေးလိုက်ရင် မဖိတ်မစင်အောင် သတိထားကိုင်ပြီး အိမ်အရောက် သယ်သွားကြမယ့် လူတွေချည်းပဲ၊ တရားကျတော့ အိမ်ပြန်ရင် ပါသွားကြပုံမရဘူး၊ တရားပွဲမှာပဲ ထားခဲ့ကြတယ်”
တရားဆိုသည်မှာ နားကြားရရုံ သက်သက်မဟုတ်၊ ထာဝရနှလုံးသွင်းကာ ကျင့်ကြံနေထိုင်ရမည့် ကိစ္စ ဖြစ်ကြောင်း သတိပေးခြင်းဖြစ်သည်။ ယခုတော့ ဘယ်ဘက်နားကဝင်၍ ညာဘက်နားကထွက်ကာ တရားမှာ နားတွင်သာ ဆုံးနေကြသည်။
ဘုရားရှင် ကိုယ်တော်မြတ်ကား သတ္တဝါတို့အတွက် တကယ့်ချမ်းသာရာ အစစ်ဖြစ်သော တရားတော်များကို ထုတ်ဖော် ဟောကြား ညွှန်ပြတော်မူပြီးဖြစ်သည်။ ရေဆာသောသူသည် ရေအိုးစင်အား ညွှန်ပြသော လက်ညှိုးကို ငေးစိုက်ကြည့်နေရုံဖြင့် ရေငတ်ပြေလိမ့်မည်မဟုတ်ချေ။ ရေအိုးစင်ရှိရာသို့ ကိုယ်တိုင်သွားကာ သောက်သုံးနိုင်ရန် ကြိုးစားကြရပါလိမ့်မည်။
(သန္တရသလွင်ပြင်-၂၊ အရောင်သစ်စာပေ၊ မတ် ၂၀၀၄)
0 comments:
Post a Comment