Friday, July 13, 2012

သူ့ကို ကျွန်တော် ရှင်းမပြလိုက်ရဘူး


by Myo Tha Htet on Friday, July 13, 2012 at 9:39am 


သူက မုန်းတယ်ဆိုပြီး လှည့်ထွက်သွားတယ်၊ အကြိမ်ကြိမ် အမုန်းခံထားနှင့်ရသူမို့ ထူးပြီးတော့ မအံ့သြ... မျက်လုံးစိုရုံတော့ ၀မ်းနည်းသွားမိတယ်။ ချစ်ခင်မှုကို ကံကောင်းချိန်က တကြိမ် ကြုံခဲ့ရပေမယ့် မုန်းတီးမှုကတော့ လွယ်လည်းလွယ် မြန်လည်းမြန်တာမို့ ဒီသဘော သိနှင့်ထားပြီးသူ အနေနဲ့ ထူးပြီး တွေမနေတော့ပါဘူး၊ ကံလို့သာ ယုံလိုက်တယ်။


ကျွန်တော် ရှင်းမပြတော့ဘူး၊ မုန်းသူဟာ ရှင်းချက်တွေကိုလည်း စိတ်ဝင်စားမှာ မဟုတ်တော့ဘူးလေ...။ အမုန်းလွယ် အချစ်ခက် ဒီလောကဟာ ရယ်စရာတောင် ကောင်းသေးဗျာ၊ နာမည်ကျော် စာရေးဆရာမ ဂျူးရဲ့ စာတအုပ် ရှိတယ်လေ ``အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ`` ဆိုလား။ မကြေညာတဲ့ စစ်မှာ ကျွန်တော် ရှုံးနိမ့်ခဲ့မင့်ပဲ။

မအောင်မြင်ခင်မှာ အကြောက်၊ အလန့်၊ အမုန်းတွေကို သင်ယူခဲ့ရသလို အောင်မြင်ပြန်တော့လည်း အကြောက်၊ အလန့်နဲ့ အမုန်းတွေကို ရင်ဆိုင်ရတတ်တဲ့ အနုပညာရှင် တယောက်တော့လည်း ကျွန်တော် မဟုတ်ပါဘူး။ ကိုယ့် ရိက္ခာလေးနဲ့ ကိုယ်၊ ကိုယ့်ရေဗူးလေးနဲ့ ကိုယ် နွေကန္တာကို ဖြတ်ကျော်နေသူ တယောက်... အချစ်မရှိတော့လို့ မချစ်တတ်တော့တဲ့သူကို သူ့အနာဂတ်လမ်းမှာ ထစ်ငေါ့ မနေစေချင်ပါဘူး၊ ကိုယ့်ဘ၀နဲ့ ကိုယ်လို့ပဲ ယုံထားလိုက်တယ်။

တခုတော့ ရှိတယ်၊ ကျွန်တော် မလွမ်းတတ်ဘူး။ ပြတ်သားတတ်သူ မဟုတ်ပေမယ့် ယုံမှားတတ်သူတော့ မဟုတ်ပြန်ဘူး။ အချစ်နဲ့ အမုန်းကို ကောင်းစွာ ခွဲခြားတတ်သူ မဟုတ်ပေမယ့် ခံစားတတ်သူ တယောက် ဖြစ်တာမို့ အချဉ် အခါး၊ အကျင် အခက်ကိုတော့ ရင်မှာ သိခဲ့ပြီ။ ဖွယ်ဖွယ်ရာရာ မပြောတတ်ပေမယ့် သိနေခဲ့သူမို့ ဒီအမုန်းဟာ ဒီတကြိမ် အဆုံးသတ်ပါတော့လို့ပဲ မယုံမကြည်နဲ့ တောင်းဆုချည်...။

လူတွေမှာကလည်း ကိုယ့်အမှန်တရားတွေ ကိုယ်စီ ရှိတယ်မို့လား၊ သဘောကျရင်... နှစ်သက်ရင်... ကြိုက်ရင်... ချစ်မယ်။ အလိုမကျရင် ဒါမှမဟုတ်ရင် အပိုကွလို့ မြင်ရင် အချစ်မ၀င်ဘဲ နေနိုင်တာပဲလေ။ ဒီထက် တဆင့်တိုးလို့ ချစ်ခဲ့မိသူမို့ ရုန့်ရင်းကြမ်းတမ်းတဲ့ ဖရုသ၀ါစာ နတ်မကြိုက်တဲ့ စကားလည်း ပြောထွက်ချင် ထွက်မယ်၊ လူပီပီမို့ လူလိုပဲ ဒေါသတော့ တခါတခါ ထွက်နိုင်ကြသားပဲ...။ အမြဲရှုံးစေဖို့ အသည်းနှလုံးတွေ ကြွေလို့ အတင်းအဓမ္မ မုန်းထည့်လိုက်ရတာမျိုး မဖြစ်ကြဖို့ဘဲ လိုတယ် မဟုတ်လား။ အားလုံးဟာ ကိုယ့်သဘောနဲ့ ကိုယ်...။

သူ့ဆန်စား ရဲရတဲ့သူကိုမှ မုန်းတယ်၊ မုန်းတယ်၊ မုန်းတယ်ချည်း အခါခါ ပြောလာချိန်မှာ နာတဲ့ နှလုံးသားဟာ အကာမဲ့မို့ သူ့အရိပ်တွေ မိုးထားပေမယ့်လည်း ဝေ့၀င်လာတဲ့ ဒေါသတွေပါတဲ့ မောဟလေတွေက အေးစေတခါ လောင်စေတလှည့်နဲ့ မနားတမ်း တိုက်ခတ်ခဲ့ပြီမို့ သံသရာ ဒီစခန်းမှာ ဒီတလမ်းသာ ထွက်ပေါက်ရှိတယ်လို့ ဆိုချင်ဆို... နောက်ဆုတ်တော့ မပြေးဘူးဗျာ။ တသက်မှာ တခါပဲ ချစ်တတ်ခဲ့သူမို့...။

ဆဲတာက လွယ်ပါတယ်၊ ရဲဖို့သာ မလွယ်တာ မဟုတ်လားဗျာ။ ခံနိုင်တာ သတ္တိတဲ့ဗျ။ အလွယ်မုန်း... အလွယ်သုံး... အလွယ်ပေး... အလွယ်လေးတွေနဲ့... အလွယ်တွေ လွယ်တဲ့ခေတ်မှာ ကျွန်တော်က မလွယ်တဲ့ ရဲခြင်းကိုမှ နှစ်သက်သူ၊ ရဲရဲတောက် ရှုံးသူမို့ စိတ်ညစ်စရာတော့ အကောင်းသား... မျက်နှာမည်းပေမယ့် အတွင်းက ရဲအောင်လို့ ကြိုးစားနေပါတယ်... မုန်းသူရေ...။

အမုန်းတွေ အမြဲရခဲ့တယ်၊ အခုလည်း အမုန်းတွေ ချထားခဲ့တယ်။ နောင် အနာဂတ်မှာလည်း တခြား အမုန်းတွေ ရလာဦးမှာမို့ အမုန်းဆိုတာရယ် မကြားလိုပြန်တယ်လို့လည်း မဟုတ်ပါဘူး။ မမုန်းတတ်သူတွေကိုတော့ ဒီတသက် တွေ့ချင်ဖူးတာ အမှန်ပါဗျာ။ တုတ်ပြီးဓားပြီးထားသူတွေလို ကျွန်တော်က အမုန်းပြီးထားတဲ့သူလည်း မဟုတ်လေတာမို့  ဒီ အမုန်းဒဏ်တွေအောက် စိတ်မဖောက်ဘဲ နေနိုင်ဖို့ ကျွန်တော် အသက်တော့ ၀၀ရှုပါရစေဗျာ...၊

မုန်းချင်လည်း မုန်းလေ... ကျွန်တော် ရှင်းမပြတော့ဘူး...။

၂၀၁၂ ဇူလိုင် ၁၃၊ သောကြာ။ ညနေ ၅ နာရီခွဲ။
လန်ဒန်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...