မြေပုံအမှားနဲ့ အိုလူသား….
by ရင် နင့် အောင် on Monday, July 9, 2012 at 6:39pm
အိမ်အပြန် အထုပ်လေးဆွဲ လမ်းဘေးအိုလေးက ညနေ
နေမ၀င်ပါဘူး အမှောင်ဟာ ငါ့အတွက် ဂီတ… ဆိုလိုက်စမ်းပါဦးကွဲ့ ငါဟာ ပုတိဖွား
တိမ်တွေ မည်းနေပြီ မိုးရွာမလား မိန်းမ .. ဟိုး.. ပြတင်းပေါက်က ကန့်လန့်ကာ မသိမသာချ
ညနေရီ မှောင်ပျိုးတဲ့ ရင်ဘတ်…
ဒီလမ်းကြားကနေ ညာဘက်ကို ချိုး
အသံဟာ အက်ကွဲပေမယ့် ချိုမြိန်တုန်း.. ပိုးဖလံတွေ မီးကို လိုက်ရှာနေသလို ဆိုး
ငါ့လမ်း ငါလျှောက်ခဲ့တာပဲ လောကမှာ ငါ့လမ်း မရှိတာများလား (အိုကွယ်) မသိ
အချစ်ရေ .. သရဖူတွေအမှတ်နဲ့ အရောက်မှာ ငါနမ်းရှိုက်ကြည့်တော့ ဖရုဿဝါစာစော်နံတယ်
ဒါဟာ ဘယ်လို ပရမတ္ထတရားလဲ နှလုံးသားတွေ နာကျဉ်တိုင်း ကဗျာတစ်ပုဒ်ရေးတယ်
ကဗျာတစ်ပုဒ်ဖြစ်တိုင်း ငါ့သံသရာက ပိုရှည်လာတယ် မိုင်းပေါင်း သုံးရာနဲ့ ခြောက်ဆယ်
ဒီဂရီအလွဲနဲ့ ပစ်လွှတ်ခဲ့ ဒုံးကျည် .. ခု ဒီလမ်းထဲမှာ ဆွေးမြေ့စွာ ပေါက်ကွဲ
ငါမယုံဘူး ငါမယုံဘူး ဘယ်တေလေကဗျာဆရာတွေက ငါ့ကိုဆွဲခေါ်နေကြသလဲ.. တဲ့
စိမ်းလိုက်စမ်းပါ ငါဆက်လျှောက်ချင်ပေမယ့် စည်းကမ်းကို ငါမဖောက်ချင်သေး မီးနီများနဲ့
မိန်းမရေ အိမ်အပြန်မှာ ခွေးလေးတစ်ကောင် လှမ်းလို့ဟောင်တယ်
ကိုယ့်အဆင့်နဲ့ ကိုယ်နေ .. ကိုယ့်အဆင့်နဲ့ ကိုယ်နေတဲ့
တိမ်တွေကလည်း ပိုမည်းလာ ကန့်လန့်ကာအနောက်က အရိပ်လေးတွေမှာ လိုက်ရှာ
ငါ့အဆင့်က ဘယ်မှာလဲကွယ်။ မဖြေကြဘူး။ ဖြစ်ချင်တာတွေလည်း မုန့်လုံးစက္ကူကပ်
ငါ့ကဗျာ သူ့ကဗျာတွေလည်း ဂျာအေး သူ့အမေရိုက်ခဲ့ကြ ငါတို့တွေ ရုပ်ချင်းမကွဲပြားတော့ဘူး
ဒီလမ်းအိုလေးပါပဲ နံဘေးမှာ သစ်ပင်အိုတွေက ခေါင်းတွေခါရမ်းနေကြ ငါအိမ်ပြန်ချင်ပါတယ်
ငါ့အရိပ် ငါ့တောင် မမြင်ရဘူးကွယ့် မိန်းမရဲ့ သံသရာဟာ ကွေးကွေးလေး လမ်ဘေးမှာအိပ်လို့ပေါ့။
ရင်နင့်အောင်
0 comments:
Post a Comment