Sunday, July 8, 2012

အမှားနဲ့မကင်းတဲ့ လောကကြီး


by သစ္စာနီ on Saturday, July 7, 2012 at 11:42pm 

(၁) အမှားနဲ့မကင်းတဲ့ လောကကြီး
ဒီနေ့ မဂ္ဂဇင်း၊ ဂျာနယ်တွေဟာ အချိန်လုပြီး အပြိုင်အဆိုင်လုပ်ကြရတော့ အမှားအယွင်း စာကျစာနဆိုတာတွေက တွေ့မြင်ရလွန်းလို့ ရိုးနေတဲ့ အခြေအနေတောင် ဆိုက်ရောက်နေပါပြီ။ (ဒီအထဲမှာ စရဏကတော့ အပြစ်အကင်းဆုံးလို့တောင် ဆိုနိုင်ပါတယ်) အဓိကအချက်ကတော့ မဂ္ဂဇင်းတချို့မှာ စာပြင်ဆရာမရှိတာဘဲ။ ရှိရင်လည်း မကျွမ်းကျင်ကြတာပါပဲ။ အမှားအယွင်းတွေအကြောင်း ရေးဖော်အတော်များများက ထုတ်ဖော်ရေးပြီးပြီမို့ သက်သေသာဓကပြမနေတော့ပါဘူး။ ပြောချင်တာတွေကတော့ ‘အမှားနဲ့မကင်းတဲ့ လောကကြီး’ ဆိုတဲ့ အကြောင်းပါ။


ပင်ဂွင်းစာအုပ်တိုက်ဆိုတာ စာချစ်သူတိုင်း သိကြတဲ့ကျွန်တော်တို့ အင်မတန်လေးစားတဲ့ စာအုပ်တိုက်ကြီးပါ။ အဲဒီအထင်ကရ စာအုပ်တိုက်ကြီးလည်း မှားတာပါပဲတဲ့။ တလောက သူတို့ထုတ်တဲ့ ဟင်းချက်နည်းစာအုပ်မှာ ‘Salt and freshly ground black people’ဆိုတဲ့စာတမ်း ပါသွားတယ်။ တကယ်ဖြစ်ရမှာက ‘black peper’ ပါ။ ချက်ဖို့ပေါ့။ (peper ဆိုတာ ပန်းငရုတ်ကိုလည်း ခေါ်ပါတယ်) ဒါပေမယ့် black အရ စော်ကားသလိုလည်း ဖြစ်နေပါတယ်။ အဲဒီလိုရိုက်မိတာက အုပ်ရေ (၇၀၀၀) တဲ့။ ဝယ်ထားတဲ့လူတွေကို အမှန် ရိုက်ထားတဲ့ စာအုပ်တွေနဲ့ ပြန်လဲပေးမယ်လို့ ကြော်ငြာထားပါတယ်။ ဒါကြောင့် ကျွန်တော့်ဆီက လူတွေ အမှားတွေ့ရင်လည်း ခွင့်လွှတ်ဖို့ လေပြေထိုးချင်တာပါပဲ။


(၂) ဥသျှစ်သီး အစီရင်ခံစာတချို့
ကမ္ဘာပေါ်မှာ အကြားရဆုံးစကားနဲ့ အရိုးဆုံးစကားကတော့ ‘ပူတယ်’ဆိုတာပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။ နိမိတ်ပြတာလား မသိဘူး။ ကောင်းတာကိုတော့ (Hot) တယ်လို့ ဘန်းစကားထွင်သုံးပြီးကတည်းက တစ်နေ့တခြား ပိုပူလာတယ် ထင်မိကြောင်းပါ။ ပူနွေးနေတဲ့ ကမ္ဘာဆိုတာ ဒီနေ့ကမ္ဘာကြီးရဲ့ သရုပ်သကန်အမှန်ကို ထင်ဟပ်ပြတဲ့စကားပေါ့။ အဲဒါနဲ့ပတ်သက်ပြီး မြေငလျင်လှုပ်တာ၊ တောမီးလောင်တာ၊ ရေကြီးတာ၊ မုန်တိုင်းတိုက်တာ စတဲ့ သဘာဝဘေးအန္တရာယ်တွေကလည်း အဆက်မပြတ် ဖြစ်ပေါ်နေတော့ လူတွေထိတ်လန့်ချောက်ချား အိပ်မက်ဆိုးတွေမက်နေကြတာ အပြစ်ဆိုစရာမရှိပါဘူး။ ဒါပေမယ့် ဆင်ဆင်ခြင်ခြင် တွေးတောပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်တတ်ကြဖို့တော့ လိုတယ်။ တော်တော်ကြာ ဥသျှစ်သီးကြွေကျတာ မိုးပြိုတယ်ထင်တဲ့ ယုန်သူငယ်ဘဝမျိုး ရောက်ကုန်မှာစိုးလို့ ပြောရတာပါ။

က ခန့်မှန်းထုတ်ပြန်လိုက်တဲ့ နောက် ၂၅ နှစ်အတွင်း ဟိမဝန္တာက ရေခဲမြစ်တွေ အရည်ပျော် ပျောက်ဆုံးကုန်လိမ့်မယ်ဆိုတဲ့ အချက်ဟာ လိမ်လည်ပြောဆိုတာဖြစ်ကြောင်း သူတို့ကိုယ်တိုင်ပဲ ဝန်ခံစကားပြောခဲ့ရပါတယ်။ (ဧရာဝတီမြစ်အပါအဝင် အာရှနိုင်ငံ အတော်များများက မြစ်တွေဟာ ဟိမဝန္တာတောင်တန်းပေါ်က ရေခဲမြစ်တွေအပေါ် အခြေခံနေရပါတယ်) အဲဒီခန့်မှန်းချက်ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀  ဆိုရမယ့် ၁၉၉၀ က ဒေလီမှာ ထုတ်တဲ့ New Scientist
မဂ္ဂဇင်းက သတင်းတစ်ပုဒ်ကို အခြေခံထုတ်ပြန်တာလို့ ပြောပါတယ်။ အဲဒီသတင်းရေးတဲ့ လူသိပ်မသိတဲ့ သိပ္ပံပညာရှင် Syed Hasnain ကို တယ်လီဖုန်းနဲ့မေးမြန်းပြီး ထုတ်ပြန်ခဲ့တာတဲ့။ အဲဒီသိပ္ပံပညာရှင်က အဲဒါတွေက သူ့ရဲ့ ခန့်မှန်းချက်တွေပါလို့  ဝန်ခံခဲ့တယ်။ ကောင်းရော။ အဲဒီ သတင်းဖတ်ရစဉ်က ကျွန်တော်တောင် အတော်ထိတ်လန့်သွားတယ်။ ဧရာဝတီမြစ်ကြီး ခန်းခြောက်သွားလို့ ရေချိုမရတော့ရင် ဘာသွားသောက်မလဲ တွေးပူမိတာပေါ့။ မိတ်ဆွေတချို့က ပြောပါတယ်။ ပူမနေနဲ့။ ကျွန်တော်တို့နိုင်ငံမှာက ရေသန့်ကုမ္ပဏီတွေ အင်မတန်ပေါတယ်။ ရေသန့်ဘူးတွေပဲ ဝယ်သောက်ကြတာပေါ့တဲ့။ ကဲ… ဘယ်လိုလဲ။


(၃) အာကာကို လွှာပုံမပြုတော့ဘူး

“အာကာကို လွှာပုံပြုပါလို့
မေရုကိုတဲ့ စုတ်တံချီ”

ဆိုတဲ့ ကဗျာစာချိုးလေးဟာ ကျွန်တော်တို့ငယ်ငယ်က အင်မတန် ခေတ်စားပါတယ်။ သမုဒ္ဒရာရေကို မင်ဖျော်ရေးရရင်တောင် ရင်ထဲက ချစ်တဲ့အကြောင်းတွေက ဆုံးနိုင်မယ်မထင်ဘူးဆိုတဲ့ အတိဿယဝုတ္တိကလည်း တော်တော် အလင်္ကာမြောက်ပါတယ်။ ရည်းစားစာရေးတိုင်း မပါမဖြစ်တဲ့ စာကလေးပေါ့။ ကြုံတုန်းကြွားရရင်တော့ စာရေးဆရာဖြစ်မယ့် ကျွန်တော်ဟာ တောက်မယ့်မီးခဲ တရဲရဲဆိုသလို ကျောင်းသားဘဝကတည်းက အပေါင်းအသင်းတွေအလယ်မှာ ရည်းစားစာအရေးကောင်းလို့ မျက်နှာပွင့်ခဲ့သူ ဖြစ်ပါတယ်။ အလကားတော့ မရဘူး။ တစ်စောင်ရေးရင် လက်ဖက်ရည်နဲ့မုန့် အဝစားရပါတယ်။ (မိမိဘာသာတော့ တစ်စောင်မှအလုပ်မဖြစ်ခဲ့ဖူးကြောင်း ဝန်ခံအပ်ပါသည်)

အခုတော့ ခေတ်ပြောင်းသွားပါပြီ။ အိုင်တီခေတ်၊ အွန်လိုင်းဖူးစာခေတ်။ အခုတော့ အမျိုးသားတွေက အာကာကို လွှာပုံမပြုကြတော့ပါဘူး။ ကိစ္စရှိရင် အီးမေးလ်ပို့တယ်။ မိုဘိုင်းဖုန်းနဲ့ SMS ပို့တယ်။ ဆိုးတာက ဗာလင်တိုင်းလို နေ့မျိုးမှာတောင် Facebook ပေါ်မှာ နှုတ်ခွန်းဆက်စာ ဝင်ရေးသွားတာပဲ။ မိန်းကလေးတွေက စာကလေးတစ်ကြောင်း၊ နှစ်ကြောင်းပါတဲ့ ပို့စကတ်ကလေးလောက်တော့ မျှော်လင့်နေတတ်ပါတယ်။ ဗြိတိန်မှာ အလုပ်မရှိအလုပ်ရှာတဲ့ သူတွေက စစ်တမ်းကောက်ကြည့်တဲ့အခါ အမျိုးသမီး ၇၈ ရာခိုင်နှုန်းက သူတို့ချစ်သူတွေက ခေတ်ဟောင်းကလို စာတွေ၊ ကဗျာတွေရေးတာကို လိုလားတောင့်တကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် ခေတ်ကြီးကို နောက်ပြန်ဆုတ်ဖို့ဆိုတာက ခက်လှချေရဲ့ ပြောရတော့မယ်။

ရန်ကုန်မြို့ရဲ့ လမ်းကြိုလမ်းကြားတွေမှာတောင် ရှောင်မလွှဲနိုင်တဲ့ အင်တာနက်ကဖေးတွေမှာ ဆယ်ကျော်သက် အများစုနဲ့ ပြည့်နေတာ တွေ့ရမှာပေါ့။ သူတို့ ချက်တင်ဝင်နေကြတာပါ။ အခု Facebook ဆိုတဲ့ လူမှုဆက်ဆံရေး ဝက်ဘ်ဆိုက်ကို အသုံးများလာကြတယ်။ ဒါပေမယ့် တကယ်ပဲ မိတ်ဆွေတွေက အဲဒီလို ထောင်သောင်းချီပြီး လိုအပ်ရဲ့လား။ အဲဒီအထဲမှာရော မိတ်ဆွေစစ်၊ မိတ်ဆွေမှန်ဘယ်လောက်ပါနိုင်မလဲဆိုတဲ့အချက်တွေက စဉ်းစားစရာဖြစ်နေပါတယ်။ လူလိမ်လူကောက်တွေရဲ့ ထောင်ချောက်ထဲ မကျရောက်ဖို့ လိုပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ်က မနုဿဗေဒပညာရှင် ပါမောက္ခ ‘ရော်ဘင်ဒန်ဗာ’
ရဲ့ အလိုအရဆိုရင်တော့ ‘လူ့ဦးနှောက်က အကန့်အသတ် ရှိတယ်။ အဓိပ္ပါယ်ရှိတဲ့ လူမှုဆက်ဆံရေးမျိုးထားနိုင်မယ့် မိတ်ဆွေဆိုတာ လူတစ်ယောက်အတွက် ၁၅၀ ဟာ အများဆုံးပါပဲ’လို့ ထုတ်ဖော်ပြောခဲ့တယ်။ အဲဒါကို‘ဒန်ဗာကိန်းဂဏန်း’
လို့ ဆိုကြတယ်။ အင်တာနက်ထဲမှာ ချက်တင်ဝင်ရင်း ပေါင်းသင်းဆက်ဆံရေး ကျယ်ပြန့်လာတယ်လို့ ဝင့်ကြွားနေတဲ့ လူငယ်တချို့အတွက်တော့ သတိပြုစရာအချက်ပဲ ထင်ပါတယ်ခင်ဗျား။


စရဏ၊ ဇူလိုင်၊ ၂၀၁၀
ခေတ် (အက်ဆေးနှင့် ဆောင်းပါးများ) 


credit: lucky82 (www.mmcybermedia.com)


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...