အက်ဆေး၊ ကျွန်ုပ် နှင့် ဟာသ
by သစ္စာနီ on Tuesday, July 24, 2012 at 7:10am ·
ကျွန်ုပ်သည် အကယ်ဒမစ် ပညာရှင်တစ်ဦး မဟုတ်သဖြင့် ဖွင့်ဆို ရှင်းပြရန် မရည်ရွယ်ပါ။ ကမ္ဘာက လေးစား အသိအမှတ် ပြုရသူ တချို့၏ အက်ဆေးနှင့် ပတ်သတ်သော အဆိုအမိန့် တချို့ကိုသာ တင်ပြလိုပါသည်။ အဓိက အားဖြင့် ထက်အောင်၏ မြန်မာပြန် ရသစာတမ်း အမှာကို ကိုးကားပါသည်။အက်ဆေးသည် ကျွန်ုပ် နှစ်သက် သဘောကျသော စာပေပုံသဏ္ဌာန် တစ်ခုဖြစ်ပါသည်။ ပင်ကိုရေး အက်ဆေးများ၌ ကျွန်ုပ် တို့၏ မိတ်ဆွေကြီး ကိုကြည်နိုင်သည် ထင်ရှားသူ တစ်ဦးဖြစ်သည်။ ထက်အောင်၏ ဘာသာပြန် နိုင်ငံတကာ အက်ဆေးများမှာလည်း နှစ်သက် အတုယူဖွယ်များ ဖြစ်ပါသည်။ ကျွန်ုပ်က “စကားပြောအက်ဆေး” ဟု အမည်ပေးကာ ရေးသားခဲ့သော စာများမှာ တကယ်ပင် အက်ဆေးအသွင် မဆောင်လေသလား။ အက်ဆေးဟူသည်ကား အဘယ်နည်း။
လီယွန်နယ်ဂိုးက “ခေတ်သစ် ရသစာတမ်းများ” စာအုပ်နိဒါန်းတွင် ဤကဲ့သို့ ပြောခဲ့သည်ဟု ဆိုပါသည်။
“ဤစာအုပ်တွင် ပါဝင်သည့် ရသစာတမ်းများသည် စာဖတ်သူတို့အား သတင်းအချက်အလက် ပေးရန်မဟုတ်... ယင်းတို့၏ ရည်ရွယ်ချက်သည်လည်း အဓိကအားဖြင့် ပုံဝတ္ထုတစ်ခုကို ပြောပြရန် မဟုတ်... ယင်းတို့မှာ အက်ဆေးများသာဖြစ်သည်...”
(၁) ကျွန်ုပ်၏ အက်ဆေးများ၌လည်း သတင်းအချက်အလက်ပေးရန် နှင့် ပုံဝတ္ထုပေးရန် ရည်ရွယ်ချက်များ မပါဝင်ခဲ့ပါ။
ပယ်လီကန် Pelican အင်္ဂလိပ် အက်ဆေးများစာအုပ်ကို စီစဉ် တည်းဖြတ်သည့် ဒဗလျူ အီး ဝီလျံ ၏ ဖွင့်ဆိုချက်က ပိုမို ကျယ်ပြန့်ပါသည်။
“အင်္ဂလိပ်လို အက်ဆေးစာများသည် ပုံသဏ္ဌာန်နှင့် နည်းနာ အမျိုးမျိုး ရှိသည်။ ထို့ကြောင့် အက်ဆေးရေးနည်း ပုံသေနည်းကျ စည်းကမ်းဟူ၍ မရှိ...”
(2) ဤအချက်ကို ကျွန်ုပ် သဘောတူပါသည်။ အနုပညာ ပုံသဏ္ဌာန်တစ်ခုအား သိုးခြံလို သဘောထားကာ စည်းရိုးခတ်ခြင်းကို လက်မခံလိုပါ။
ဝီလျံ ဆက်ပြောသည်မှာ-
“အက်ဆေး၏ အဓိက ရည်ရွယ်ချက်မှာ ဝတ္ထုပြောသူ၏ ရည်ရွယ်ချက်နှင့်မတူ။ အက်ဆေးဆရာ၏ အဓိကအခန်းကဏ္ဍသည် လူမှုတွေးခေါ်ရှင် ဝေဖန်ရေးဆရာ နှင့် အနက်ဋီကာဖွင့်သူ၏ အခန်းကဏ္ဍသာ ဖြစ်သည်...”
(၃) ဤဖွင့်ဆိုချက်သည် ကျွန်ုပ်အား အတော်အတန် ဘဝင်မြင့်စေသည်။
အယ်ဒီဆင်စတီးလ် ကဲ့သို့သော စာရေးဆရာ အကျော်အမော်များက အက်ဆေးကို ပုံသစ်လောင်းပေးခဲ့သည်ဟု ဆိုပါသည်။
“ထိုအချိန်ကစ၍ အက်ဆေးသည် လူအများ စိတ်ဝင်စားသော အကြောင်းအရာတိုင်းကို ကိုင်တွယ်ရေးသားပေးခဲ့သည်။ ယခုခေတ်တွင်ကား သတင်းစာ၊ အပတ်စဉ်၊ လစဉ်နှင့် သုံးလတစ်ကြိမ် စာစောင်များ စသဖြင့် အမျိုးအမည် များပြားသလောက် အက်ဆေးပုံသဏ္ဌာန် ရေးဟန် အကြောင်းအရာ၊ ရည်ရွယ်ချက်တို့သည်လည်း များပြားလာခဲ့ကာ အက်ဆေး၏ ပုံသဏ္ဌာန်ကို အတိအကျ အနက်ဖွင့်ဆိုသည့် ကိစ္စမှာလည်း ကျယ်ဝန်းလာခဲ့သည်။”
လို့ သုံးသပ်ခဲ့ကြပါသည်။ မှန်ပါသည်။ ယခုအခါ ကမ္ဘာတွင် ဝတ္ထုတိုနှင့် အက်ဆေးအကြား ခြားနားချက်မှာ အင်မတန်ပါးလွှာကြောင်း တွေ့ရပါသည်။
ဤနေရာတွင် ကျွန်ုပ်၏ အက်ဆေးများကား ကမ္ဘာကျော် ဆရာ့ဆရာကြီးများ၏ အဆိုအမိန့်များနှင့် ဤကဲ့သို့ ကိုက်ညီသည်ဟု ထုချေလျှောက်လဲသည် မထင်မှတ်ကြစေလိုပါ။ အငြင်းပွားလိုသူတို့ ထောက်ဆ ဆုံးဖြတ်ရန် တင်ပြခြင်း မျှသာဖြစ်ပါသည်။
အက်ဆေးဆိုသည်မှာ အထက်ကဆိုခဲ့သလို လေးနက်သော လူမှုရေး ဝေဖန်စာဖြစ်လေရာ ခံ့ထည်တည်တံ့သော အရေးအသားဖြင့်သာ တန်ဆာဆင်လေ့ ရှိပါသည်။ ကျွန်ုပ်ကတော့ အာဝဇ္ဖန်းကို အားပြုက မထိတထိ ရယ်သွမ်းသွေးသော လေသံဖြင့် အမှန်တရားအား သကြားဖုံးကျွေးသောနည်းကိုသာ အသုံးပြုခဲ့ပါသည်။ ပုံမှန်အနေအထားထက် အက်ဆေးကို ပိုရွှင်စေမည် ထင်သောကြောင့် ဖြစ်ပါသည်။
ဤတွင် “မရယ်ရ” ဟူသော ပြဿနာနှင့် ပတ်သတ်လာရပါတော့သည်။ တချို့က ကျွန်ုပ်ကို ဟာသနှင့် မဆိုင်ဟု ထင်ကြပါသည်။ အမှန်တော့ ဟာသ ဆိုသည်မှာ လူတိုင်းနှင့် သက်ဆိုင်သော အရာသာ ဖြစ်ပါသည်။
“လောကတွင်ရှိသော သတ္တဝါများအနက် လူဟူသော သတ္တဝါတစ်မျိုးတွင်သာ ဟာသရှိပါသည်”
လူဆိုသော ဝေါဟာရ၏ အနက်ကို အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုလျှင် ထောင့်တစ်ထောင့်မှ-
“ရယ်မောတတ်သည့် သတ္တဝါကို လူဟုခေါ်သည်”
ဟုလည်း ဖွင့်ဆိုနိုင်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၆ ခုနှစ်ထုတ်၊ ဇဝန ဂျာနယ်တွင် ဟာသနှင့် ပတ်သတ်၍-
“ကျွန်တော် နားလည်သော ဟာသပညာကား လောကီလူ့ဘဝ၊ လူ့ဇာတ်ခုံတွင် ရှေ့နောက်မညီ အဆင်မပြေသော အချက်အလက်ကို ထုတ်ဖော်၍ ရှင်လူအပေါင်းတို့အား ရယ်မောစရာသဘော မြင်စေရမည်... ဤသို့ ဖြစ်စေရာတွင် စာရေးဆရာ၏ ဉာဏ်စွမ်းအလိုက် အသွင်အမျိုးမျိုး ဆောင်နိုင်လေသည်...”
သူက လေးနက်သော လူမှုဝေဖန်ရေးဆရာများ၏ စာများကိုသာ “ဟာသအစစ်” အဖြစ် လက်ခံလေ့ရှိသည်။ ဇဝန၏ ဦးလေးပြောမယ်နှင့် အပါပြောသော ပုံပြင်များ၊ ဗိုလ်သခင်ဆရာ၏ ကွက်စိပ်များမှာ ပထမတန်းစား အဆင့်မြင့် နိုင်ငံရေး သရော်စာ (Political statire) များဖြစ်လေသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည်လည်း သူ့ကိုယ်ပိုင်ဟန် လေးချိုးကြီးများကို အသုံးပြုကာ ကလိစာများ ရေးသားခဲ့ပါသည်။ စိန္တကျော်သူ ဦးသြက ရယ်စရာကောင်းသော အချက် (၁၀) ချက်ကို ယခုလို သတ်မှတ် ခဲ့ပါသည်။
(၁) စကားမှားခြင်း
(၂) ခစားသူ ဖြစ်ပါလျက် မာနတက်ခြင်း
(၃) ဆင်းရဲပါလျက် ကာမဂုဏ်၌ လုံ့လပြုခြင်း
(၄) ဥစ္စာပေါပါလျက် မပေးကမ်းခြင်း
(၅) သူတပါးကို မှီခိုနေခြင်း
(၆) သက်ရွယ်အိုပါလျက် တရားမဖက်ခြင်း
(၇) မင်းဖြစ်ပါလျက် အမတ်ဆိုးနှင့် တိုင်ပင်ခြင်း
(၈) အမျိုးမြတ်သည် ဆိုပါလျက် အတတ်မသင်နိုင်ခြင်း
(၉) ယောက်ျားဖြစ်ပါလျက် မယားကြောက်ရခြင်း
(၁၀) ဗေဒင်ပညာရှိဖြစ်လျက် အကျင့်ပျက်ခြင်း
ခေတ်ကာလ ပြောင်းလဲလာသည်နှင့်အမျှ မဆီလျော်သော အချက်များလည်း ရှိပါလိမ့်မည်။ ရှေးပညာရှိ တစ်ဦး၏ တစ်ခါက အယူအဆကိုသာ တင်ပြခြင်း ဖြစ်ပါသည်။ မြို့ပြင်ကြီးဆရာတော်၏ သင်္ဂြံင်္ုံလ်အဓိပ္ပါယ်ကောက်ကျမ်းတွင်-
“ရယ်ရွင်ခြင်းကို ဖြစ်စေတတ်သော စိတ်တို့သည် တစ်ဆယ့်သုံးခုရှိ၏။ သာမန် ပုထုဇဉ် ပုဂ္ဂိုလ်တို့ အဖို့မူ လောဘမူ သောမနသစိတ်လေးခု၊ မဟာကုသိုလ် သောမနသစိတ်လေးခု၊ ပေါင်းရှစ်မျိုးသော စတ်တို့ဖြင့်သာ ရယ်ရွှင်ခြင်းကို ဖြစ်စေသည်။”
ဟု ဆိုလေသည်။ အဘိဓမ္မာတရား အလိုအရ ဖြစ်ပါသည်။
ကျွန်ုပ်တို့ မြန်မာစာပေလောကတွင် နည်းပါးသည်ဟု ဆိုနိုင်သော်လည်း ဟာသစာရေးဆရာ အမျိုးမျိုး ပေါ်ထွန်းခဲ့သည်မှာ တစ်နည်းဂုဏ်ယူစရာဟု ထင်ပါသည်။ ဗန်းမော်ဆရာတော်၊ သီလရှင် မယ်ကင်း၊ ဦးပုည အစရှိသော ဂန္ထဝင်ခေတ် စာဆိုများကို ချန်လှပ်၍ ရေတွက်လျှင်ပင် ဒီးဒုတ်ဦးဘချို၊ ပီမိုးနင်း၊ ဦးညိုမြ၊ ဒေါ်ခင်မျိုးချစ် တို့က အစ ဇဝန၊ ဗိုလ်ဆရာသခင်၊ ကုသ တို့အလည် ကြပ်ကလေး၊ အီကြာကွေး နှင့် ကံချွန်တို့ အဆုံး (အမည်နာမ များစွာ ကျန်ခဲ့ပါသေးသည်။) ဟာသ စာရေးဆရာတို့သည် ဟာသစာပေ အမျိုးမျိုး အဖုံဖုံကို ထောင့်စုံအောင် ရေးသားခဲ့ကြသည်ကို တွေ့ရှိနိုင်ပါသည်။ မျက်စိဖွင့်ရုံ၊ နှုတ်ခမ်းတွန့်ရုံ ပြုံးရသော ဟာသစာမျိုးမှ မျက်ရည်ထွက်အောင် ရယ်ရသည့် ဟာသ စာမျိုးအထိ အတော်ပင် စုံလင်သည်ဟု ဆိုနိုင်လေသည်။
ကျွန်ုပ် ရေးချင်သော၊ ရေးနေသောစာမှာ (Dry Humor) ဟုခေါ်သော ဟာသမြောက် အမျိုးအစားဟု ဆိုရမည်ဖြစ်သည်။ ထိုစာမျိုးမှာ တမင်ရယ်မောစရာ ဖြစ်အောင် အကွက်ဆင် ပြက်လုံးထုတ်ရသည့် သဘောမဟုတ်။ အတည်အတံ့ ပြောနေရာမှ အကွက်ဆိုက်လျှင် ဖောက်၍ ဆိုင်းမဆင့် ဗုံမပါ အခြောက်တိုက် ပြက်လုံးထုတ်ရသည့် သဘောမျိုးဖြစ်သည်။ ထို့ကြောင့် စာဖတ်သုမှာ ရုတ်တရက် ကြောင်သွားပြီးမှ ရယ်စရာ ပြောနေတာပါလားဟု တွေးမိသွားကာ ထေ့ပြုံးရသော ဟာသအမျိုးအစား ဖြစ်ပါသည်ဟု ထင်မှတ်ပါသည်။ မြို့ပြင်ဆရာတော်ဘုရားကြီးက ရယ်ခြင်းအပါး ခြောက်ပါးရှိသည်ဟု ခွဲခြားထားပါသည်။
ယင်းတို့မှာ-
(၁) သိတ - မျက်စိမျက်နှာ ရွှင်ရုံရယ်ခြင်း
(၂) ဟသိတ - သွား၊ သွားဖုံးပေါ်ရုံမျှ ရယ်ခြင်း
(၃) ဝိဟသိတ - သာယာသော အသံဖြစ်ရုံမျှ ရယ်ခြင်း
(၄) ဥပဟသိတ - ပခုံး၊ လက်ရုံးလှုပ်အောင် ရယ်ခြင်း
(၅) အပဟသိတ - မျက်ရည်ယိုအောင် ရယ်ခြင်း
(၆) အတိဟသိတ - ရှေ့တိုးနောက်ငင် ကိုယ်လုံးလှုပ်အောင် ရယ်ခြင်း
အထက်ပါ ရယ်ခြင်းခြောက်မျိုးအနက် (၅) နှင့် (၆) ရယ်ပုံမှာ ယုတ်ညံ့သူ၏ ရယ်ပုံ၊ (၃) နှင့် (၄) ရယ်ပုံမှာ အလယ်အလတ်ဖြစ်သော သူ၏ ရယ်ပုံ၊ (၁) နှင့် (၂) ရယ်ပုံမှာ မြင့်မြတ်သော သူ၏ရယ်ပုံဟု ခွဲခြား ဖော်ပြထားပါသည်။ ထို့ကြောင့် မြင့်မြတ်သောသူ စာရင်းဝင် ဖြစ်လိုသူတိုင်း မျက်စိ မျက်နှာရွှင်ရုံ၊ သွား၊ သွားဖုံးပေါ်ရုံမျှသာ ရယ်ရအောင်သာရေးသော ကျွန်ုပ် အက်ဆေးများ ဖတ်ကြပါရန် နောက်ဆုံး တိုက်တွန်းလိုက်ရပေတော့သည်။
သစ္စာနီ (သြဂုတ် ၁၉၉၆)(ကျွန်ုပ်နှင့် တောသုံးတောင်၏ သစ်ရွက်များ၊ စက်တင်ဘာ ၂၀၀၀၊ ပ-ကြိမ်)
image source : muchanu.com
0 comments:
Post a Comment